ကျွန်တော်တို့လို ကုမ္ပဏီဝန်ထမ်းလစာလေးစုပြီး အားလပ်ရက် အပန်းဖြေရသူ အခြေခံလူလတ်တန်းစား တွေအတွက် ကိုယ်နိုင်တဲ့ ဈေးနှုန်းလေးအတွင်းကနေ ဇိမ်ခံလို့ကောင်းမဲ့ဟိုတယ် ရွေးရတာ ခေါင်းစားစရာပါပဲ။ ဈေးကြီးမှ ရနိုင်မဲ့ facilities မျိုးနဲ့ ဇိမ်ခံချင်ပေမဲ့ ပေးရမဲ့ဈေးကို နှမြောနေမိတတ်ကြတယ်မို့လား။
ဒီတစ်ခါ ကျွန်တော် တည်းခိုဖြစ်ခဲ့တဲ့ Ocean Paradise Resort မှာ တည်းကြည့်ဖို့ အကြံပြုချင်တယ်။
ဘာလို့လဲဆိုတော့…
(၁) ဈေးနှုန်းအားဖြင့် အဆင်ပြေတယ်
ဒါအရေးကြီးဆုံးပဲ။ အကောင်းစားဟိုတယ်ကြီးကို ဈေးသက်သာမှ ကျွန်တော်တို့အတွက် ကိုက်မယ်လေ။ Ocean Paradise Resort မှာက Superior အခန်းက ၆၅၀၀၀ ကျပ် ပဲ ရှိတယ်။ Suite အခန်းက ၈၄၀၀၀ ကျပ် နဲ့ Sky Suite အခန်းက ၁၂၆၀၀၀ ကျပ် အသီးသီးပဲ။ ရုတ်တရက် များသလိုပဲ။ ဒါပေမဲ့ Superior နဲ့ Suite အခန်းတွေက ၂ ယောက်တည်းမှာမို့ တစ်ဦးစာ ဆို ဘယ်လောက်မှ မရှိတော့ဘူး။ ကျွန်တော်က Sky Suite ကို သဘောကျတယ်။ အခန်းက ၂ ခန်း နဲ့ ၃ ယောက် အေးဆေး နေလို့ရသလို Pent House အိမ်ကြီးနဲ့ ကိုယ့်အိမ်ကိုယ်ရာလို ခံစားရတာမျိုးကို သဘောကျတာ။ ရေချိုးခန်း အိမ်သာလည်း လုနေစရာ မလိုဘူး။ သီးသန်း ၂ ခန်းစီ ပါတယ်။ သူငယ်ချင်း၊ မိသားစုတွေ စုဆုံဖို့ ဧည့်ခန်းကလည်း အကျယ်ကြီးရှိသေးတယ်။ ညဘက် ကြယ်ကြည့်ဖို့ အဆင်ပြေတဲ့ ခေါင်မိုးထပ်ကျယ်ကျယ်မှာ ပင်လယ်လှိုင်းသံတွေနားထောင်ရင်း ခံစားအိပ်စက်ရမှာမျိုးမို့ သဘောကျမိတယ်။
(၂) ကာရာအိုကေ ဆိုလို့ ရတယ်
ကိုယ့်ဟိုတယ်ထဲမှာတင် ပတ်လုပ်စရာတွေ များတယ်လေ။ သူငယ်ချင်းအုပ်စုလိုက်၊ မိသားစုလိုက်၊ ဆွေမျိုးအဖွဲ့လိုက် လုပ်စရာတစ်ခုအနေနဲ့ ကာရာအိုကေ ဆိုဖို့ အခန်းကျယ်ကျယ် ၃ ခန်း ရှိသေးတယ်။ တစ်နာရီမှ ၂၅၀၀၀ ကျပ် ပဲ။
(၃) ရေကူးမယ်
ကမ်းခြေလာပေမဲ့ ပင်လယ်ထဲ ရေချိုးရတာ မကြိုက်တဲ့အထဲမှာ ကျွန်တော်က ထိပ်ဆုံးက ပါတယ်။ ဒါပေမဲ့ ရေကူးကန်ထဲတော့ ရေစိမ်ချင်သေးတာ။ ကမ်းခြေဟိုတယ်တွေမှာ ရေကူးကန်ပါတာမျိုးပဲ ကြိုက်တယ်။ Ocean Paradise Resort ရဲ့ ရေကူးကန်က ကျယ်ပြီး လှလို့ ရေကူးရင်ကူး မကူးတောင် ကန်ဘေး ကော့တေးလ်ထိုင်သောက်ပြီး ရေကူးသူတွေရဲ့ အပျော်ကို ကူးစက်ခံစားရတာကိုက ဘဝရဲ့ အရသာတစ်ခုလို ဖြစ်နေတာ။
(၄) ဟိုတယ်စားသောက်ဆိုင်မှာ ပင်လယ်စာ စားမယ်
ဟိုတယ်တွေက စားသောက်ဆိုင်တွေမှာ ဟင်းစားရင် လက်ရာက တစ်ခုခုလိုနေတတ်သလို ခံစားရတယ်။ Ocean Paradise မှာ ထူးခြားတာက ဟိုတယ် မတည်းရင်တောင် စားသောက်ဆိုင်အနေနဲ့ လာစားဖို့ ဆိုင်ဝင်ပေါက်က သီးသန့်ဖွင့်ထားပေးတာမျိုးမို့ ဒီမှာ မတည်းကြပေမဲ့ သူ့လက်ရာကို သဘောကျလို့ လာစားကြတဲ့ ပြင်ပက ဧည့်သည်တွေ ရှိနေတတ်တာပဲ။ ပင်လယ်စာလက်ရာလေးတွေလည်း အဆင်ပြေတဲ့ဆိုင်ဖြစ်ပါတယ်။
(၅) ဝန်ထမ်းတွေ ရဲ့ မိသားစုလို နွေးထွေးတဲ့ဆက်ဆံရေး ရှိတယ်
မိသားစုလို ဆက်ဆံရေးလို့ဆိုရင် တချို့ကလန့်ကြတယ်။ ကျွန်တော်လည်း ကြုံဖူးတယ်။ မိသားစုလို ဆက်ဆံတာပါဆိုလို့ အမယ် ရောက်လည်းသွားရော ကိုယ့်ကို အိမ်မှာ အမေက အော်သလို၊ အဖေက အမိန့်ပေးသလို နွေးထွေးလိုက်တဲ့ ဆက်ဆံရေးမျိုးတွေလေ။ ခု ဒီမှာ ဆိုလိုချင်တဲ့ မိသားစုလို နွေးထွေးတဲ့ ဆက်ဆံရေးဆိုတာက ကိုယ့်မိတ်ဆွေရင်း၊ ဆွေမျိုးရင်း တစ်ယောက်ကို ဝန်ဆောင်မှုပေးရသလိုကို ကိုယ်ဘာကိုလိုချင်တာလည်း သူ့ဘက်က အကောင်းဆုံးလို့ထင်တဲ့ ပြင်ဆင်ဝန်ဆောင်မှုမျိုးကို ဆိုလိုတာပါ။ အရမ်းကြီး ဖက်လှဲတကင်း ရင်းနှီးဖော်ရွေနေတာမျိုးမဟုတ်ဘဲ၊ လေးစားသမှုနဲ့ ရင်းနှီးဝန်ဆောင်မှုပေးတာကို သဘောကျမိစေတယ်။
(၆) အသင်းအဖွဲ့တွေအတွက် Retreat Trip တွေဆို အဆင်ပြေတယ်
ဈေးနှုန်းအရရော၊ နေရာအကျယ်အဝန်းအရပါ ကုမ္ပဏီတွေ၊ အသင်းအဖွဲ့တွေ အနေနဲ့ နှစ်ပတ်လည် ခရီးစဉ်၊ အပျော်ခရီးစဉ်တွေ စီစဉ်မယ်ဆိုရင် အတော်သင့်လျော်တဲ့နေရာလို့ မြင်မိပါတယ်။
ကောင်းလှချေလားချည်းပဲတော့ မဟုတ်ဘူးပေါ့လေ။ ဘယ်အရာမဆို အတိုင်းအတာလေးတစ်ခုတော့ ရှိတာပေါ့။ ကျွန်တော် သဘောမကျတာလေးတွေလည်း ရှိပါတယ်။ ဆိုပါတော့ Ocean Paradise Resort က ကမ်းခြေဘက်အခြမ်းမှာ ဟိုတယ်ဆောက်ထားပေမဲ့ ထွက်လိုက်ရင် ကမ်းခြေတန်းရောက်တဲ့ ဟိုတယ်မျိုး မဟုတ်သေးဘူး။ သူ့အရှေ့မှာ ဟိုတယ်တစ်ခု ရှိနေတာလေး ရှိတယ်။ ဒါပေမဲ့ အထပ်မြင့်ဆောက်ထားတာမို့ အပေါ်စီးကနေ ပင်လယ်ကို မြင်ကွင်းရနိုင်ဖို့ ကြိုးစားထားတယ်။ တခါတလေ တရုတ်ခရီးသွားအဖွဲ့တွေ ရှိနိုင်တယ်။ ဒါလေးပဲ။ ကောင်းတဲ့အချက်တွေနဲ့ ယှဉ်တော့ အဲ့ဒါက အသေးအဖွဲလေး ဖြစ်သွားတယ်ပေါ့လေ။
Ocean Paradise Resort ကို Booking တင်မယ်ဆိုရင်တော့ -
Yangon Reservation Office (9:30AM to 6:00PM) - 09-5200591, 09-5200594, 09-762100100, 09-763100100, 09-7661000
Ngwe Saung Hotel (24hr) - 09-764100100, 09-951510100, 09-951510200 ကို ဆက်သွယ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ။ ဒီတစ်နှစ် ပွင့်လင်းရာသီတော့ ခရီးထွက်မယ်ဆို ငွေဆောင်ကို ရွေးချယ်ဖို့ ကျွန်တော်က အကြံပြုချင်တယ်။ အချိန်အတိုဆုံးရောက်နိုင်တဲ့ ကမ်းခြေလှလှဖြစ်သလို၊ လုပ်ဆောင်စရာ Activities လည်း များလို့ သဘောကျမိတာကြောင့်လို့ ဆိုချင်ပါတယ်။ ဈေးလည်း သက်သက်သာသာနဲ့ လည်ပတ်ရမှာမို့ ရွေးချယ်စဉ်းစားစေချင်မိတာပါဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Photo :: Min Hsann, Thiha Lu Lin
Camera :: SONY Alpha 7II with 16 - 35mm Lens & Samsung Galaxy Note10+
Photos are modified in Lightroom by Thiha Lu Lin
Comentários