ရှေးဟောင်းမြို့တော်လေး မြို့ညောင်ရွှေ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ရှေးဟောင်းမြို့တော်လေး မြို့ညောင်ရွှေ

ညောင်ရွှေမြို့ ဆို ခရီးသွားတွေ လည်ပတ်ကြည့်ဖို့ စိတ်ကူးနည်းကြတယ်။ အင်းလေး သွားဖို့အတွက် လှေဆိပ်မြို့အဖြစ်လောက်ပဲ စိတ်ဝင်စားကြတာများတယ်။ ဖောင်တော်ဦးဘုရား ညကျိမ်းရင်တော့ မြို့ကြီးမို့ ဘုရားပွဲတော်ကာလတစ်ခုမှာ စည်ကားလွန်းတယ်။ ဒီလောက်ထက် ပိုပြီး လည်စရာပတ်စရာအတွက် မစဉ်းစားမိတတ်ခဲ့ကြဘူး။ တကယ်တော့ ညောင်ရွှေမြို့ဟာ စိတ်ဝင်စားစရာကောင်းတဲ့ ရှမ်းနေပြည်တော်ဟောင်းလေး တစ်ခုပါ။ ခုတိုင်အောင် မြို့ဝန်းကျင်က အချို့နေရာတွေမှာ စေတီပုထိုးဟောင်းတွေ မြင်တွေ့နေရဆဲ။ ဒီမြို့လေးကို မြန်မာခရီးသွားအများစုထက် နိုင်ငံခြားခရီးသွား အထူးသဖြင့် ဘတ်ဂျက်နဲ့ခရီးသွားသူတွေ ပိုသဘောကျကြတယ်။ အင်းထဲကဟိုတယ်တွေထက် ဈေးသက်သာတတ်သလို စားသောက်စရာ ရွေးချယ်ဖို့ ပိုများတဲ့ ညောင်ရွှေမှာပဲ နေတတ်ကြတယ်လေ။


ရောင်ဝှေ မှသည် ညောင်ရွှေ

ညောင်ရွှေမြို့ က ပုဂံခေတ်ဦးကတည်းက ကောသမ္ဘီအမည်နဲ့ ရှိနေတယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော် အံ့အားသင့်မိသွားတယ်။ နောက်တော့ အဆင့်ဆင့်ပြောင်းလဲရင်း ၁၃၅၉ ခုနှစ်မှာ ညောင်ရွှေမြို့ဖြစ်လာတယ်။ ရှမ်းလိုဆို ရောင်ဝှေ လို့ ခေါ်တဲ့ ဒီမြို့လေးက တောင်နှစ်လုံးကြားမှာ ရှိတဲ့မြို့လို့ အဓိပ္ပါယ်ရတယ်လို့ မှတ်သားရပါတယ်။ ၁၃၅၉ ခုနှစ်မှာ စော်ဘွား ဆီဆိုင်ဖ ကနေ စတင်ပြီး စော်ဘွားဆက် ၃၃ ဆက် ထိ စိုးစံခဲ့ပါတယ်။ နောက်ဆုံးစော်ဘွားကတော့ စဝ်ရွှေသိုက် ဖြစ်တယ်လို့ ဆိုပါတယ်။


ခုတော့ ညောင်ရွှေဟာ ခေတ်မီမြို့ပြတစ်ခုဖြစ်နေသလို နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ်တဲ့နေရာလည်း ဖြစ်လို့ ကော်ဖီဆိုင်၊ ဘား၊ စားသောက်ဆိုင် နဲ့ ဟိုတယ်ကောင်းတွေ ပြည့်နေတဲ့မြို့ပြယဉ်ကျေးမှုထွန်းကားရာနေရာလည်း ဖြစ်နေပါပြီ။


ရာသီဥတု

တောင်ကြားက မြို့လည်း ဖြစ်နေတဲ့အတွက် ရာသီဥတုက နွေနဲ့မိုးမှာ ပူပြီး ဆောင်းတွင်းမှာတော့ အေးမြနေတတ်ပါတယ်။


ဘယ်လိုသွားမလဲ

ရန်ကုန် - တောင်ကြီး၊ မန္တလေး - တောင်ကြီး ကားတွေ စီးပြီး သွားနိုင်ပါတယ်။ ကားခကတော့ တစ်သောင်းရှစ်ထောင်ကျပ် ကနေ နှစ်သောင်းတစ်ထောင်ကျပ် ဝန်းကျင် ရှိတတ်ပါတယ်။ လေယာဉ်နဲ့ဆိုရင်တော့ ဟဲဟိုးကနေ သွားရပါတယ်။ လေယာဉ်ခက ရှစ်သောင်းကျပ် ကနေ တစ်သိန်းကျပ် ဝန်းကျင် ရှိတတ်ပါတယ်။ ဟဲဟိုးကနေ ညောင်ရွှေကို လာမယ်ဆိုရင် ကားလမ်းက နှစ်လမ်း ရှိတယ်။ ရွှေညောင်ဘက်က လာလို့ရသလို၊ ခေါင်တိုင်ဘက်ကလည်း လာလို့ရပါတယ်။ ရထားနဲ့ဆိုရင်တော့ ရွှေညောင်ကနေ လာရပါမယ်။


လည်ပတ်စရာ မြို့ညောင်ရွှေ မှာ

လည်ပတ်စရာနေရာလေးတွေ သိပ်များများစားစား မရှိပေမဲ့ တစ်ညအိပ် နှစ်ရက် ခရီးအတွက် တကယ်ကို အပန်းပြေပြီး လည်ပတ်လို့ အဆင်ပြေတဲ့ မြို့လေး ဖြစ်ပါတယ်။ တချို့လည်ပတ်စရာလေးတွေက နည်းနည်း လှမ်းပေမဲ့ လမ်းအနေအထား ကောင်းမွန်လို့ သွားလာရ မပင်ပန်းပါဘူး။ လည်ကြည့်ကြတာပေါ့နော်။


ဘဝသံသရာ ရထားလမ်း

ဒီ ရထားကူး တံတားဟာ သာစည် - ရွှေညောင်ကြား မိုင်တိုင် (၃၇၉/၇-၈) မှာရှိတဲ့ တံတားအမှတ် ၃၈၂ ဖြစ်ပါတယ်။ ဒီတံတားကို ၁၉၂၇ ခုနှစ်မှာ သံပေါင်အမျိုးအစားတံတားအနေနဲ့ တည်ဆောက်ခဲ့တာပါ။ ပေ ၂၀၀ ရှည်လျားပြီး ၆၂ ပေ မြင့်ပါတယ်။ အောက်မှာလည်း တံတားအမှတ် ၃၈၆ တစ်စင်း ရှိနေလို့ ရထားလမ်း နှစ်ထပ် ဖြစ်နေပြီး စိတ်ဝင်စားစရာ ကောင်းနေပါတယ်။ တချို့ကလည်း ဦးသုခ ရိုက်ကူးတဲ့ ဘဝသံသရာ ရုပ်ရှင်မှာ ပါဝင်ခဲ့လို့ ဘဝသံသရာ ရထားလမ်းလို့ ခေါ်ဆိုတယ်လို့ ဆိုကြသလို တချို့ကလည်း ရထားလမ်းက အောက်လမ်းကနေ အပေါ်လမ်းကို ခရုပတ်ပုံစံ အတက်အဆင်း အကွေ့အကောက် လုပ်ရတာမို့ လူ့ဘဝ နဲ့ နှိုင်းယှဉ်ပြီး ဘဝသံသရာ လို့ ခေါ်တွင်တယ် ပြောကြပါတယ်။ ဒီရထားလမ်းပိုင်းမှာ ဓါတ်ပုံအမှတ်တရ သွားရိုက်လေ့ရှိပြီး အိုင်ဒီယာဆန်းရင် ဆန်းသလို ပုံလှလှတွေ ရိုက်ကူးနိုင်ကြတာ သတိပြုမိပါတယ်။


ညောင်ရွှေဟော်နန်း

အရင်နှစ်နှစ်က ရောက်တုန်းကထက် ခုတစ်ခေါက်ရောက်တော့ စော်ဘွားတွေရဲ့ အဝတ်အစားထိန်းသိမ်းမှု နဲ့ ပြသမှု ပုံစံ ပြောင်းသွားတာ သတိပြုမိတယ်။ ပိုခေတ်မီလာတယ်။ ညောင်ရွှေက ပြတိုက်လမ်း ပေါ်မှာပဲ တည်ရှိပါတယ်။ မနက် ၁၀ နာရီ စဖွင့်ပြီး ညနေ ၄ နာရီမှာ ပိတ်ပါတယ်။ တနင်္လာ၊ အင်္ဂါ နဲ့ သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်တွေမှာတော့ ပြတိုက်ပိတ်ပါတယ်။ ဒါကို သတိပြုပြီး သွားရမှာပါ။ ပြတိုက်က ဝင်ကြေး ရှိတယ်။ ပြည်တွင်း - ၂၀၀ ကျပ် နဲ့ နိုင်ငံခြားသား - ၂၀၀၀ ကျပ် ဖြစ်ပါတယ်။ ပြတိုက်က သင့်တင့်စွာကြီးမားပြီး အတွင်းဝင်တဲ့အခါ ဖိနပ်ချွတ်ဝင်ရပါတယ်။ ကျောပိုးအိတ်တွေလည်း ယူဆောင်ခွင့်မရှိဘဲ Locker မှာ အပ်ရသလို၊ ဓါတ်ပုံလည်း ရိုက်ကူးခွင့်မပြုပါဘူး။


နှစ်ထပ်ဆောက်လုပ်ထားပြီးတော့ တိုင်လုံးပေါင်း ၂၁၆ လုံး အသုံးပြုထားပါတယ်။ အရှေ့-အနောက် ၂၀၁ ပေ နဲ့ တောင်-မြောက် ၁၉၄ ပေ ကျယ်ဝန်းတယ်။ ၁၉၁၃ ခုနှစ်က စော်ဘွားကြီး ဆာစောမောင် က ဆောက်လုပ်ခဲ့ပြီး ၁၉၂၃ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ နှစ်ပေါင်းတစ်ရာကျော်ပြီ လို့ တွက်ချက်နိုင်ပါတယ်ဗျာ။ လေ့လာစရာ အခန်းဆောင်တွေများပြားပြီး ကန်တော့ခံဆောင်၊ အပြင်ညီလာခံဆောင်၊ အတွင်းညီလာခံဆောင်၊ မယ်တော်ဆောင်၊ စော်ဘွားကြီးဆောင်၊ တောင်နန်းစံဆောင်၊ သားတော်ကြီးဆောင်၊ စားတော်ကဲဆောင်တို့ကို လေ့လာနိုင်မှာပါ။


ဟော်နန်းရဲ့ ဒီဇိုင်းက မန္တလေးနန်းတော် ပုံစံနဲ့ ရှေးခေတ်ရှမ်းစော်ဘွားတွေရဲ့ ဟော်နန်းတွေကို ပေါင်းစပ်ဆောက်လုပ်ထားတာမို့ ထူးခြားမှုရှိပါတယ်။


ရွှေရန်ပြေအတုမရှိ ရွှေကျောင်းတော်

ဒီကျောင်းတော်ကြီး ကတော့ မြို့အစွန်ဘက် နည်းနည်းရောက်တယ်လို့ ဆိုရမယ်။ မြောက်ဘက် ရွှေညောင်သွားတဲ့ လမ်းပေါ်မှာ ရှိနေပါတယ်။ ၁၈၈၉ ခုနှစ်မှာ ညောင်ရွှေစော်ဘွားစဝ်အုံ နဲ့ မဟာဒေဝီ တို့ ဆောက်လုပ်လှူဒါန်းခဲ့တာမို့ နှစ်ပေါင်း ၁၃၀ လောက်ရှိသွားပြီ ဖြစ်တဲ့ ဘုန်းကြီးကျောင်းပါ။ ဒီကျောင်းကို ဓါတ်ပုံဆရာတွေကတော့ ပိုသဘောကျကြတယ်။ ဓါတ်ပုံရိုက်ချင်စရာ နေရာလေး ဖြစ်ပြီး မြန်မာဆန်ဆန်လေး ဝတ်စားပြင်ဆင်သွားရင် ပိုပြီး လိုက်ဖက်မဲ့ နေရာလေး ဖြစ်ပါတယ်။


မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတကြီးဖြစ်တဲ့ ညောင်ရွှေစော်ဘွားကြီးနဲ့ မိသားစု ဂူဗိမ္ဗာန်များ

ညောင်ရွှေမြို့လယ်မှာတင် ထင်ရှားစွာ တွေ့မြင်ရတဲ့ အုတ်ဂူ ၄ လုံး ကို ပန်းခြံလေးအတွင်းမှာ ပြဿဒ်ဆောင်တွေနဲ့ သေချာလေး ထားပေးထားပါတယ်။ ဒီဂူဗိမ္ဗာန်တွေကတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတကြီးလည်း ဖြစ်ခဲ့သလို ညောင်ရွှေစော်ဘွားကြီးလည်း ဖြစ်တဲ့ စဝ်ရွှေသိုက်၊ (ဇနီး) မဟာဒေဝီ စဝ်နန်းရီ နဲ့ သားတော် စဝ်ဆေဟုံဖ (စဝ်မြီ) တို့ရဲ့ ဂူဗိမ္ဗာန်တွေနဲ့ မောက်မယ်စော်ဘွား စဝ်ခွန်လှိုင် ရဲ့ (ဇနီး) မဟာဒေဝီ ခင်ခင်ကြည် တို့ရဲ့ ဂူဗိမ္ဗာန်တွေပဲ ဖြစ်ပါတယ်။


မင်္ဂလာဈေး

ညောင်ရွှေက ဈေးကြီးပါ။ ဒေသထွက် အစားအစာ နဲ့ ပစ္စည်းတွေ၊ လက်မှုအနုပညာပစ္စည်းတွေ ရောင်းချပေးတတ်ပါတယ်။ အင်းထဲက ငါးနဲ့ ကျွန်းမျောတွေပေါ် စိုက်ပျိုးတဲ့ အသီးအနှံတွေလည်း တွေ့ရတတ်ပါတယ်။ ၅ ရက်တစ်ဈေး ဆိုတဲ့ ရှမ်းနယ်ဘက်က ဈေးနေ့နဲ့ ကြုံကြိုက်ရင်တော့ ပိုပြီးစည်ကားသက်ဝင်တာကို တွေ့ကြရမှာပါ။


ရတနာမာန်အောင် ဘုရား

မင်္ဂလာဈေးနားမှာပဲ ညောင်ရွှေမြို့ရဲ့ အဓိက ရှေးဟောင်းစေတီတစ်ဆူ ရှိနေပါတယ်။ ရတနာမာန်အောင်စေတီရဲ့ ဖွဲ့စည်းပုံက ထူးခြားပါတယ်။ မြင်နေကျစေတီပုံစံတွေနဲ့ ကွဲထွက်နေပါတယ်။ အတွင်းမှာလည်း ဘုရားကြီးက အတော်သပ္ပါယ်စွာ ဖူးမြင်နိုင်ဦးမှာပါ။ ဘုရားဝန်းအတွင်းမှာ ထူးခြားစွာ ဂူဗိမ္ဗာန်နှစ်ခု ကို တွေ့ရပါဦးမယ်။ ညောင်ရွှေစော်ဘွားတွေထဲက နောက်ဆုံးမျိုးဆက် ဆာ စဝ်မောင် နဲ့ (ဇနီး) မဟာဒေဝီ စဝ်နန်းယာ တို့ရဲ့ ဂူဗိမ္ဗာန်တွေပါ။ ဆာ စဝ်မောင်ဟာ မင်းတုန်းမင်းရဲ့ မွေးစားသားတစ်ဦးလို့လည်း ဆိုကြပါတယ်။ ၁၈၆၆ ခုနှစ်မှာ ညောင်ရွှေစော်ဘွား အဖြစ် ဆက်ခံခဲ့ပြီး ၁၉၂၆ ခုနှစ် အင်္ဂလိပ်အစိုးရလက်ထက်မှာ ကွယ်လွန်ခဲ့ပါတယ်။


မြို့ဦးစေတီ

မြောက်ဘက်ပိုင်းမှာပဲ မြို့ဦးစေတီဟာ သာသနာ့ဗိမာန်တော်ကြီးနဲ့ တွဲပြီး တည်ရှိပါတယ်။ ဝန်းခြံကျယ်ဝန်းပြီး နောက်ဘက်မှာ ကော်ဖီဆိုင်လှလှလေးတွေလည်း တွေ့ခဲ့ရတယ်။


ဝိုင်ခြံ

ညောင်ရွှေမှာဆို ဝိုင်ခြံအနီးအနား အပန်းဖြေလို့ကောင်းတာကတော့ Red Mountain ဝိုင်ခြံပေါ့လေ။ ဒီက နေဝင်ချိန်ကြည့်ရတာ အတော်လေးသဘောကျတယ်။ တောင်တွေ ကြားထဲ ဝင်သွားတဲ့နေကို ဝိုင်အဖြူ၊ အနီ တစ်ခုခု သောက်ရင်း ခံစားနိုင်တယ်။ ဒါမှမဟုတ်လည်း စပျစ်ခင်းထဲ ဆင်းပြီး ဓါတ်ပုံရိုက်လို့ရသေးတယ်။ ဝိုင်မြည်းချင်သူတွေအတွက် ဝိုင်အစုံကို ခွက်သေးသေးလေးတွေနဲ့ထည့်ပြီး ချိစ် နဲ့ စပျစ်သီးတွေ တည်ခင်းတာကို ဝယ်မြည်းကြည့်နိုင်တယ်။ ကြိုက်တဲ့အမျိုးအစားကို ဝယ်သွားနိုင်တယ်ပေါ့လေ။


အင်းလေးကန်

ညောင်ရွှေဟာ အင်းလေးကို သွားဖို့ လှေဆိပ်မြို့လေးပါ။ အင်းထဲကို စက်လှေငှားစီးပြီး လည်ပတ်နိုင်ပါတယ်။ စက်လှေခက တစ်နေ့လုံးအတွက် နှစ်သောင်း၊ နှစ်သောင်းခွဲ ဝန်းကျင် ပေးရတတ်ပါတယ်။ အင်းလေးမှာ လည်ပတ်မယ်ဆိုရင် -

  • ဖောင်တော်ဦးဘုရား

  • အလိုတော်ပေါက် (အလိုတော်ပြည့်) ဘုရား

  • ရွှေအင်းတိန်ရှေးဘုရားများ

  • အင်းပေါခုံရွာက ရက်ကန်းစင်များ

  • ဗမာကြောင်ရွာ (တခါတလေမှ ဖွင့်တတ်ပါတယ်။ အမြဲ မဖွင့်ပါဘူး။)

  • ကြောင်ခုန်ကျောင်း (ငါးဖယ်ချောင်းကျောင်း)

စတာတွေ လည်ပတ်နိုင်ပါတယ်။


ခေါင်တိုင်ရေပူစမ်း

ဟဲဟိုးကနေ ညောင်ရွှေကို လာတဲ့အခါ ခေါင်တိုင်ဘက်က လာခဲ့ရင် ဒီ ရေပူစမ်းမှာ ဝင်ရောက် အပန်းဖြေ အနားယူနိုင်ပါဦးမယ်။ ခေါင်တိုင်ရေပူစမ်းမှာ စားသောက်ဆိုင်လည်းရှိသလို၊ အများသုံးကန် နဲ့ သီးသန့်အခန်းငယ်များနဲ့ ရေပူစိမ်နိုင်ဖို့ ဝန်ဆောင်ပေးပါတယ်။ ဆာလဖာနဲ့ ဓါတ်မတည့်သူများတော့ သတိပြုဖို့ လိုအပ်ပါတယ်။


မိုင်းသောက်တံတား

မြို့တွင်းအပြင် ညောင်ရွှေကနေ ၇ မိုင်အဝေးလောက်မှာ ရှိတဲ့ မိုင်းသောက်ရွာကို သွားပြီး မိုင်းသောက်တံတားမှာ ဓါတ်ပုံရိုက်အပန်းဖြေနိုင်ပါသေးတယ်။ ညနေပိုင်း နေဝင်ချိန်နဲ့ဆို ဓါတ်ပုံပိုလှတတ်ပါတယ်။ မိုင်းသောက်တံတားဟာ ဦးပိန်တံတား အသေးစားလေးလို ချစ်စဖွယ် ရှည်ရှည်လျားလျား တည်ဆောက်ထားတာပါ။ မိုင်းသောက်ကနေမှတဆင့် စက်လှေငှားစီးပြီး အင်းထဲ လည်ပတ်နိုင်ပါသေးတယ်။


အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်မူလတန်းကျောင်း

မိုင်းသောက်သွားတဲ့လမ်းပေါ်မှာပဲ ရှိတဲ့ ရွှံ့နဲ့ဆောက်ထားတဲ့ မူလတန်းကျောင်းလေးက ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ ရွှံ့နဲ့ဆောက်ထားတဲ့ တမူထူးခြားတဲ့ ကျောင်းဆောင်အများအပြားကို တွေ့မြင်ရမှာပါ။ စာသင်သားတွေ အနှောင့်အယှက်ဖြစ်အောင် အတွင်းကိုတော့ ဝင်ခွင့်ရမှာ မဟုတ်ပေမဲ့ အပြင်ကနေ ဖြတ်သွားဖြတ်လာ ကြည့်ရှုနိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။


ညောင်ရွှေမှာ မြင်းစီးမယ်

မြင်းစီးရင်း ညောင်ရွှေဝန်းကျင်ရဲ့ အလှအပခံစားနိုင်ဖို့ကတော့ Inle Horse Club ရှိနေတယ်။ မြင်းစီးဓါတ်ပုံရိုက်ချင်သူတွေအတွက် အဆင်ပြေတဲ့ နေရာတစ်ခု ဖြစ်မှာပါ။


ညောင်ရွှေ ညဈေး

လွတ်လပ်ရေးကျောက်တိုင် ရှိရာ ကျောက်တိုင်ကွင်းထဲမှာ ညစဉ်တိုင်း ညဈေးကို ခင်းကျင်းပါတယ်။ ခရီးသွားပါးချိန်မှာတော့ သိပ်စည်ကားလေ့ မရှိပေမဲ့ ရာသီအချိန်မှာဆိုရင်တော့ အတော်လေး ဈေးရောင်းဈေးဝယ်တွေနဲ့ စည်ကားနေတတ်တဲ့နေရာလေးပါ။ အဖျော်ယမကာ၊ ဒေသအစားအစာ၊ အကင်စုံ၊ စားဖွယ်အစုံ၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေကို အားပါးတရ တွေ့ကြရပါမယ်။


ဘယ်မှာ စားသောက်ကြမလဲ

ညောင်ရွှေမြို့ ရဲ့ Night Life ကို ကျွန်တော်က တောင်ကြီးမြို့ထက် ပိုသဘောကျမိပါတယ်။ ကိုယ့်ရဲ့ ပုဂ္ဂလိကခံစားမှုပဲ ဆိုပါတော့။ တောင်ကြီးမြို့ထက် နည်းနည်း ဘိုဆန်တယ်လို့ ခံစားရတဲ့ ညောင်ရွှေမြို့ ရဲ့ Night Life က နိုင်ငံခြားသားတွေအကြိုက် ပုံစံရှိတဲ့ Bar နဲ့ Restaurant တွေ၊ ပြီးတော့ နေ့ပိုင်းမှာ ထိုင်လို့ကောင်းတဲ့ ကော်ဖီဆိုင် လှလှလေးတွေကြောင့် ညောင်ရွှေ ရဲ့ ပုံစံလေးကို ပိုသဘောကျမိတာလည်း ဖြစ်ပါတယ်။ အရင်က အင်းလေး သွားရင် အင်းထဲမှာ နေချင်တယ်။ ခုတော့ အဲ့လို မဟုတ်တော့ဘဲ ညောင်ရွှေမှာ နေပြီး ဟိုတောက်တောက် ဒီတောက်တောက် လျှောက်သွား လျှောက်စား ချင်လာတယ်။ ဒါကြောင့် ကျွန်တော့်လို နေ့ခင်းဘက် ကော်ဖီဆိုင်လေးထိုင်ပြီး ဓါတ်ပုံရိုက်ချင်သူတွေ။ ညခင်းဘက် ပေါ့ပေါ့ပါးပါး အနားယူစားသောက်ချင်သူတွေအကြိုက်တွေ့မဲ့ နေရာလေးတွေကို စားသောက်ဆိုင်တွေနဲ့အတူ စုစည်းဖော်ပြပေးလိုက်ရပါတယ်။


အိမ်လေးတွေနဲ့ ချစ်စရာ စားသောက်ဆိုင်လေးများ

ညောင်ရွှေမှာ ထူးထူးခြားခြား ဒေသထွက် သစ်ဝါးတွေကို သုံးပြီး ဖန်တီးထားတဲ့ ချစ်စရာ စားသောက်ဆိုင်လေးတွေ ရှိပါတယ်။ ဒီဆိုင်လေးတွေကိုလည်း သွားပြီး ဓါတ်ပုံလှလှ ဖန်တီး ရိုက်ကူးနိုင်ပါသေးတယ်။


လယ်တောအိမ်

ညောင်ရွှေမှာ ထူးထူးခြားခြား သစ်ဝါးလေးတွေ သုံးပြီး ဖန်တီးထားတဲ့ ချစ်စရာစားသောက်ဆိုင်တွေထဲက တစ်ခုပါ။ လယ်ထဲမှာ ဆောက်ထားတဲ့ ပုံစံလေးမို့ လယ်တောအိမ်ပေါ့။ သဘောအကျဆုံးက အိမ်သာပါ။ အိမ်သာ တံခါးပိတ်ချင်ရင် ကြိုးလေးဆွဲလိုက်တာနဲ့ ကူးတဲ့ တံတားလေးက အပေါ်မှ တက်သွားလို့ ဖြတ်လာလို့ မရတော့ပါဘူး။ ချစ်စရာလေး ဖြစ်နေပါတယ်။ နေဝင်ချိန်ကြည့်ရ ကောင်းပါတယ်။ ညနေ ၆ နာရီမှာတော့ ဆိုင်ပိတ်တတ်ပါတယ်။ အစားအသောက်ပိုင်းမှာတော့ ပြောပလောက်အောင် ကောင်းမနေပါဘူး။


သစ်ပင်အိမ်

Little Tree House စားသောက်ဆိုင်က မိုင်းသောက်သွားတဲ့ လမ်းပေါ်ကနေ အတွင်းကို နည်းနည်းဝင်ရတယ်။ ဟိုတယ်လေးနဲ့ တွဲဖွင့်ထားတာ။ သစ်ပင်ကြီးပေါ်မှာ အိမ်လေးဆောက်ထားတဲ့ ပုံစံနဲ့ သဘောကျစရာ ကောင်းတယ်။ အတွင်းနည်းနည်းကျတာ တစ်ခုပဲ။ ရှာရ ခက်သလို ဖြစ်နေလို့။


Coffee House

ဒီဆိုင်လေးက Little Tree House ဆိုင်အကျော်လေးမှာပဲ တည်ရှိပါတယ်။ ကော်ဖီနဲ့အတူ ဝိုင်တွေလည်း ရပါတယ်။ ဒီနေရာကနေ အင်းလေးကန်ကို မြင်ရတာလည်း ထူးခြားပါတယ်။ နေဝင်ချိန်ကြည့်ဖို့ လာတတ်ကြပါတယ်။


ချစ်စရာ ကော်ဖီဆိုင် နဲ့ ဘားဆိုင်လေးများ

ခုတစ်ခေါက် တွေ့လာတဲ့ ကော်ဖီဆိုင်တွေနဲ့ ဘားဆိုင်တွေ သိပ်သဘောကျမိတယ်။ အမှန်တော့ ညောင်ရွှေ မြို့ထဲ နဲ့ မြို့ဝန်းကျင်တွေမှာ ဘားနဲ့ ကော်ဖီဆိုင်လှလှလေးတွေ များလာတာ သတိထားမိတယ်။ နိုင်ငံခြားသားတွေကိုရော ပြည်တွင်းခရီးသွားတွေကိုရော ဆွဲဆောင်နိုင်တယ်လို့ ယူဆမိတယ်။ အထူးသဖြင့် အပြင်အဆင် လှလှလေးတွေကြောင့် ဓါတ်ပုံရိုက်ချင်စိတ်ကို ပိုတိုးသွားစေတယ်။


MOT Café

ဒီဆိုင်လေး ထူးထူးခြားခြားပါပဲ။ ပရဟိတစိတ်ရှိတဲ့ ကိုးရီးယားနိုင်ငံသားတွေ လာဖွင့်ထားတယ်လို့ ဆိုပါတယ်။ နေ့စဉ် ရနိုင်တဲ့ အစားအသောက်စာရင်းလေးရှိပြီး အများအားဖြင့် ဒီက ဒိန်ချဉ်ကို သဘောကျပြီး မှာယူတတ်ကြပါတယ်။ ဆိုင်ရဲ့အပြင်အဆင်လေးက အရောင်အားဖြင့်ရော အသုံးအဆောင်အားဖြင့်ပါ လူငယ်ကြိုက်ဖြစ်အောက် စီမံပေးထားလို့ စဖွင့်ကတည်းက နာမည်ရပါတယ်။ ဒီမှာ စားသောက်ပြီးရင် ကျသင့်ငွေကို အလှူခံပုံးလေးထဲ ထည့်ရတာလေး ကျွန်တော် ကြုံခဲ့ရတယ်။ ဒီနယ်တစ်ဝိုက်က ပညာရေးအထောက်အပံ့ လိုအပ်နေသူတွေအတွက် တစ်တပ်တအား ကူညီရာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ညောင်ရွှေ မှာ ဆိုပေမဲ့ နည်းနည်း လှမ်းပါတယ်။ မိုင်းသောက်ရွာဘက်ကို သွားတဲ့ လမ်းပေါ်မှာ တည်ရှိပါတယ်။ စက်ဘီးလေးတွေ၊ လေဒလတ်လေးတွေ၊ သုတ်ထားတဲ့ ဆေးရောင်လေးတွေက လူငယ်ဆန်ပြီး ချစ်စရာဖြစ်နေတယ်။ အတွင်းခန်းမှာလည်း ချစ်စရာကောင်းအောင် လုပ်ဆောင်ထားပါတယ်။ ရောက်သင့်တဲ့နေရာတစ်ခုပါ။


Café CCM

ရုံးကြီးလမ်း ပေါ်မှာ ရှိတဲ့ ဒီဆိုင်လေးက သေးသေးကျစ်ကျစ်လေးနဲ့ ချစ်စရာကောင်းအောင် ပြင်ဆင်ထားတယ်။ Take Away ကို ပိုပြီး အားပေးတဲ့အတွက် ထိုင်စရာခုံလည်း များများစားစားမထားဘူး။ ၁၀၀% မြန်မာကော်ဖီစစ်စစ် ကောင်းကောင်းလေးသောက်ချင်သူတွေ အကြိုက်တွေ့မဲ့ ဆိုင်လေးပါ။ ဓါတ်ပုံရိုက်ချင်စရာလေး ဖြစ်လို့ ကျွန်တော်က ပိုသဘောကျတယ်။ သုံးထားတဲ့ မီးရောင် နဲ့ အပြင်အဆင်လေးကလည်း ချစ်စရာပါ။ ကော်ဖီ ကို အဓိကထားပြီး ရောင်းတာမို့ တခြား စားစရာကြီးကြီးမားမားလည်း မရပါဘူး။ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက် မျိုးစုံ ရှိပါတယ်။ အခါးကြိုက်ရင်တော့ သူတို့ရဲ့ Signature Menu လေးတွေထဲက စမ်းသောက်ကြည့်နိုင်ပါတယ်။ Smoothies အမျိုးမျိုးနဲ့ အချိုပွဲမှာ Custard ကိုလည်း ရောင်းချပေးပါတယ်။ တနင်္ဂနွေနေ့တိုင်း ဆိုင်ပိတ်ပြီး၊ တနင်္လာနေ့ဆို မနက် (၁၀) နာရီမှ ဆိုင်ဖွင့်ပါတယ်။ ကျန်တဲ့နေ့တွေမှာတော့ မနက် ၉ နာရီ ဆိုင်ဖွင့်ပြီး ည ၇ နာရီမှာ ပိတ်ပါတယ်။ စနေနေ့မှာတော့ ညနေ ၄ နာရီဆို ပိတ်ပါတယ်။ ကဲ ဘယ်လောက် ရိုးရှင်းတဲ့ ဆိုင်လေးလဲ။


Mann Mann Café

နေ့ပိုင်းဆိုလည်း ကော်ဖီသောက်လို့ ကောင်းသလို၊ ညပိုင်းဆိုလည်း Bar ထိုင်လို့ကောင်းတဲ့ ဒီဆိုင်လေးက မြို့ဦးစေတီ နောက်ဘက်မှာ ရှိပါတယ်။ ဆိုင်လေးက ချစ်စရာကောင်းပြီး ခေါင်မိုးထပ်မှာ ထိုင်လို့ရတာကြောင့် ပွင့်လင်းရာသီဆို အတော် အဆင်ပြေလွတ်လပ်ပါတယ်။ ရိုးရာအစားသောက် ပုံစံသစ်လေးတွေ၊ ကော့တေးလ်အသစ်တွေကိုလည်း အမြဲဆန်းသစ် ဝန်ဆောင်ပေးတတ်ပါတယ်။ မနက်စာ ကနေ ညစာ အထိ အဆင်ပြေမဲ့ ဆိုင်လေးပါ။ ဒေသစာ၊ အနောက်တိုင်းစာ၊ အရှေ့တိုင်းစာ အတော်စုံလင်ပါတယ်။


Peter Tapas & Grill

ဒီဆိုင်လေးက ကျောက်တိုင်ကွင်းက ညဈေးထဲမှာ ဆိုင်သေးလေးတစ်ခု ရှိပြီး ခုတော့ ဖောင်တော်ဆိုက်လမ်း မှာ ဆိုင်ကြီးတစ်ခု ရှိနေပါပြီ။ အစားအသောက် ကောင်းတာလေး သတိပြုမိပါတယ်။ အကင်လေးတွေလည်း စားကောင်းသလို ကော့တေးလ်တွေလည်း ထူးထူးခြားခြား ရှိတာ သတိပြုမိပါတယ်။ သူ့ရဲ့ ကော့တေးလ်တွေ အတော်သဘောကျမိပါတယ်။ အစားအသောက်ပိုင်းမှာလည်း ဒေသစာလေးတွေကို နိုင်ငံခြားသားပါးစပ်နဲ့ ကိုက်အောင် စီမံထားသလို ဘီယာ၊ အရက်နဲ့ မြည်းဖို့ လိုက်ဖက်အောင်လည်း စီမံပေးထားတာ တွေ့ရပါတယ်။ အပေါ်မှာ လေညင်းခံနိုင်တဲ့ Rooftop လည်း ရှိသလို အောက်ဘက်မှာလည်း ထိုင်စရာနေရာကောင်းလေးတွေ ပြင်ဆင်ပေးထားပါတယ်။ သဘောကျမိတာက အပြင်အဆင်ပိုင်းပါ။


Inle Hut Indian Food House

ညောင်ရွှေမှာ အိန္ဒိယစာလေး စားမယ်ဆိုတိုင်း Eminem ပုံစံနဲ့ ပွင့်လင်းဖောရွေတဲ့ ကောင်လေး ဖွင့်ထားတဲ့ ဒီဆိုင်ကို သတိရမိတယ်။ အရသာ အတော်လေး စားကောင်းသလို သူ့ရဲ့ ဧည့်သည်တွေတိုင်းအပေါ် တူညီတဲ့ ဖောရွေပုံစံကြောင့် ဒီဆိုင်ကို နိုင်ငံခြားသားတွေ အကြိုက်တွေ့သလို ပြည်တွင်းခရီးသွားတွေလည်း အားပေးကြပါတယ်။ ညဘက်ဆို နိုင်ငံခြားသားတွေ ပြည့်နေတတ်ပြီး ခရီးသွားဧည့်သည်တွေရဲ့ ထုံးစံအတိုင်း ဂိမ်းလေးတွေဆော့၊ ဆေးလိပ်သောက်၊ ရှီရှားသောက်နဲ့ အတော်လေး ဝေစည်တဲ့ ဆိုင်လေးလို့ ဆိုရပါမယ်။ ကျွန်တော်ကတော့ အဲ့ဒီနေ့က နေ့လည်စာ စားဖို့ပဲ ရောက်ဖြစ်တော့ ညနေပိုင်း လူစည်တဲ့အချိန်ကို မကြုံခဲ့ရပါဘူး။ အိန္ဒိယအစားအစာကို မအီဘဲ၊ ပါးစပ်ထဲ ဟင်းခပ်အမွှေးအကြိုက်အနံ့တွေ စွဲကျန်မနေဘဲ စားရတာကောင်းလို့ အတော်သဘောကျမိသွားတဲ့ ဆိုင်လေးပါပဲ။ ကျောက်တိုင်အရှေ့လမ်းပေါ်မှာ တည်ရှိပါတယ်။


Inle Pancake Kingdom

Pancake ကောင်းကောင်းလေး စားလို့ရတဲ့ နေရာပါ။ အဲ့ဆိုင်က အစ်မတွေကိုလည်း ခုထိ အမှတ်ရနေတုန်းပဲ။ သူတို့ရဲ့ Pancake က အရမ်းကြီးပြီး များပါတယ်။ ကျွန်တော်ကလည်း အရသာ အရမ်းမြည်းချင်တော့ တစ်မျိုးတည်းမမှာချင်ဘူး။ နှစ်မျိုးမှာတော့ သူတို့က မကုန်မှာစိုးလို့ ဆိုပြီး နောက်တစ်မျိုးကို ရှေ့တစ်မျိုး မကုန်မချင်း လုပ်ပေးဘူး။ အဲ့လိုတွေ စေတနာကောင်းလို့ အမှတ်ရနေရတာ။ Pancake ကို စားဖူးနေကျ ပုံစံလေးတွေထဲက ခွဲထွက်ပြီး အမျိုးမျိုးဆန်းသစ် ဖန်တီးထားတယ်။ ထမင်းစားပြီး အချိုပွဲအနေနဲ့ ဒီမှာ စားသင့်သလို၊ မနက်စာလိုမျိုး စားရင်လည်း အတော်အဆင်ပြေတယ်။ ကျွန်တော်သဘောကျတဲ့ အချို အရသာ၊ အစိမ့် အရသာ ပန်ကိတ်အမျိုးမျိုးကို ဒီမှာ အရသာရှိရှိ မြည်းစမ်းနိုင်လို့ သိပ်သဘောကျမိပါတယ်။ ငှက်ပျောသီးကို ချောကလက်မှုန့်နဲ့လုပ်ထားတာလေးတွေ၊ ထောပတ်သီးပန်ကိတ်လေးတွေ သတိရနေမိပါတယ်။ ရုံးကြီးလမ်း နဲ့ ဖောင်တော်ဆိုက်လမ်းရဲ့ ကြားတည်းက လမ်းမှာ ရှိပါတယ်။


Pub Asiatico

စက်ရုံဟောင်းတစ်ခုလိုလို၊ ရှေးအိမ်ဟောင်းတစ်ခုလိုလို အသွင်အပြင်နဲ့ အတွင်းမှာလည်း စက်ဘီးတွေ၊ စက်ပစ္စည်းတွေ ကို အလှဆင်ထားတဲ့ ဒီ Pub က နိုင်ငံခြားသားတွေကြား အတော် ရေပန်းစားပါတယ်။ နိုင်ငံခြားသား စီမံနေတာလည်းဖြစ်ပြီး ကော့တေးလ်အစုံ ရတဲ့အပြင် အတွင်းမှာ ဆော့ချင်စရာ ဘိလိယက်ခုံနဲ့ အခြားကစားနည်းတွေ ထားရှိပေးတဲ့အပြင် အပေါ်ထပ်မှာပါ ကျယ်ကျယ်ဝန်းဝန်းကစားရတဲ့ ကစားနည်းတွေကို ထည့်သွင်းဖို့ စီစဉ်နေတာကို သတိပြုလိုက်မိပါတယ်။ အစားအသောက်လေးတွေလည်း အရသာကောင်းပါတယ်။ ကော့တေးလ်မှာတော့ ထူးထူးခြားခြား အမျိုးအစားသစ်မတွေ့ရပေမဲ့ တခြားဝန်ဆောင်မှုအမျိုးမျိုးနဲ့ နိုင်ငံခြားသားဧည့်သည်တွေကို အထူးသဖြင့် ဆွဲဆောင်ထားပါတယ်။ ပြည်တွင်းဧည့်သည်တော့ အလာကျဲ တာ သတိပြုမိပါတယ်။


Gazebo Bar & Restaurant

နောက်ထပ် ထိုင်လို့လည်းကောင်း ဓါတ်ပုံရိုက်လို့လည်းလှတဲ့ ဘားတစ်ခုက ရုံးကြီးလမ်းမှာ ရှိတဲ့ Gazebo ပါ။ သီးသန့်ခန်းတွေလည်း ရှိသလို၊ အပြင်မှာထိုင်မလား အတွင်းမှာထိုင်မလား နေရာစုံ ပုံစံစုံရှိနေတာလေးကိုက ဒီဆိုင်ရဲ့ ကိုယ်ပိုင်ဟန်လေး ဖြစ်နေတာပါ။ ကန်းထရီးပုံစံ ဝါး၊ ထရံ၊ လှည်းဘီးကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အပြင်အဆင်ကလည်း တစ်မျိုးဆန်းပါတယ်။ နယ်ပယ်စုံက ထင်ရှားကျော်ကြားသူတွေရဲ့ ပုံတွေကိုလည်း ပန်းချီဆွဲထားပါသေးတယ်။ ဘား အနေနဲ့ရော စားသောက်ဆိုင်အနေနဲ့ပါ အဆင်ပြေတဲ့ဆိုင်လေး ဖြစ်ပါတယ်။


ထမင်းဟင်း စားချင်ရင်

မြန်မာအစားအစာ စားချင်ရင်တော့ မြို့ထဲမှာ Linn Htet စားသောက်ဆိုင်ရှိတယ်။ ဟင်းအရသာ မဆိုးဘူး။ အရံဟင်း သိပ်မများပေမဲ့ စားပျော်တဲ့အနေအထားလေး စီစဉ်ပေးတယ်။ နိုင်ငံခြားသားတွေအတွက် မြန်မာဟင်းချက်တဲ့ သင်တန်းပါ စီစဉ်ပေးတာ တွေ့ရတယ်။ တစ်ဦးကို ၂ သောင်းကျပ် ဝန်းကျင် ပေးရပြီး ၆ မျိုးလောက် သင်ကြားပေးပါတယ်။

သောက်စားပျော်ပါးဆိုတဲ့ ကဲစိန်လေးတွေအတွက်ကတော့ အကင်ကောင်းတာက စိန်ရတနာ စားသောက်ဆိုင် ပါ။ မြို့ထဲဝန်းကျင်မှာပဲ ရှိပါတယ်။ အကင်တွေက ဈေးလည်း အတော်သက်သာပါတယ်။

ဟိုးကတည်းက ညောင်ရွှေလာတိုင်း စားဖြစ်တဲ့ ဆိုင်လေးတစ်ခုက ပွဲတော်ဝင် ပါ။ ယွန်းဒေါင်းလန်းနဲ့ အမယ်စုံ ခင်းကျင်းပေးတာမို့ သဘောကျတယ်။ လူများများနဲ့ သွားစားရင် အဆင်ပြေတယ်။

ညောင်ရွှေမြို့အထွက်နားလေးက ငါးကင်ဆိုင်တွေလည်း နောက်ပိုင်းနာမည်ကြီးလာတယ်။ ဆိုင်ဝန်းကျယ်ကျယ်မှာ ငါးဖမ်းဖို့အတွက်ပါ စီစဉ်ပေးထားလို့ အမျိုးသားခရီးသွားတွေ ပိုသဘောတွေ့ကြတယ်။


တည်းခိုစရာ ညောင်ရွှေက ရွိုင်ရယ်နဒီ ဟိုတယ်

ကျွန်တော် ဒီတစ်ခါ ညောင်ရွှေအလည်ရောက်တော့ သိပ်လှတဲ့ ဟိုတယ်လေးမှာ တည်းဖြစ်တယ်။ အင်းလေးက အမြဲသွားနေကျမို့ အင်းလေးထဲလည်း မသွားချင်တော့တဲ့အခါ၊ အင်းလေးလိုလည်း ရေကန်ထဲလည်း နေချင်၊ ညောင်ရွှေမြို့ထဲလည်း လည်ချင်စိတ်များလာတော့ ဘယ်လို လုပ်ရမှန်းမသိ ဖြစ်ရတယ်။ Royal Nadi Hotel က ကျွန်တော့်စိတ်ကူးအတွက် အကောင်းဆုံး အဖြေ ဖြစ်သွားတယ်။

သဘာဝ အင်းကြီးထဲမှာ ဟိုတယ် ဆောက်ထားပြီး ကြာပန်းလေးတွေနဲ့ သိပ်လှ သိပ်ကျယ်တဲ့ ဟိုတယ်မှာ နှစ်ည တိတိ နေပစ်လိုက်တယ်။ ဟိုတယ်ထဲမှာကို လည်ချင်စရာလေး ဖြစ်နေတာ။ အချိန်ရရင် ခြေနင်းလှေ လှော်ပြီး ကိုယ့်အခန်းရှေ့က ရေပြင်ထဲ ပတ်ကြည့်နေလို့ ရသေးတယ်။ ရေကန်လေးထဲ ဆင်းတဲ့ လှေကားလေးတွေကအစ သေချာလုပ်ထားတော့ တကယ်ကို အပန်းပြေသွားတာ။ မနက်စာကို အခန်းရှေ့ကနေ ရေပြင်ကြည့်ပြီး စားရတာ သိပ်အရသာ ရှိတာပါပဲ။ ဝန်ဆောင်မှုလည်း ကောင်းတယ်။ အပြန်ကို JJ Express 2+1 နဲ့ ပြန်ရင် ကားက ဟိုတယ်ရှေ့ထိ လာခေါ်ပေးတော့ အေးအေးဆေးဆေး ပြန်လို့ရတယ်။ ဒါနဲ့တင် ဒီဟိုတယ်ကို ကြွေပြီးရင်း ကြွေသွားရတယ်။

အပြင်မထွက်ချင်ရင် ညစာ ကို ဟိုတယ်မှာပဲ စားလို့ရတယ်။ ဟင်းပွဲတွေလည်း အရသာကောင်းတယ်။ မနက်ဆို Breakfast ကလည်း ရွေးစရာစုံတယ်။ အင်းလေးမှာ ရောက်နေရတဲ့ ခံစားချက်မျိုးကို ညောင်ရွှေမှာတင် ခံစားနိုင်တာမို့ အလိုလို စိတ်ထဲက အမှတ်ပြည့်ပေးမိသွားတယ်။


ညောင်ရွှေမြို့ဟာ လှေဆိပ်မြို့လောက်ပဲ ထင်ခဲ့ရာကနေ တကယ်ကို သမိုင်းမှာ အရေးပါတဲ့ လူပုဂ္ဂိုလ်တွေ ရှိရာ ရှေးဟောင်းမြို့လေးလည်း ဖြစ်ခဲ့သလို ခေတ်မီတဲ့ အသွင်အပြင်နဲ့ ပြည်တွင်းရော ပြည်ပက ခရီးသွားဧည့်သည်တွေအတွက် အမှတ်တရဖြစ်မဲ့ မြို့လေးအဖြစ် ကျွန်တော်ကတော့ သဘောကျမိနေပါတော့တယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Aung Min Maw

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

1,166 views0 comments
bottom of page