ငွေဆောင်ကို မိုးတွင်းမှာ ရောက်ဖူးသလား
- Thiha Lu Lin

- Jun 3, 2017
- 3 min read
Updated: Sep 10, 2020

ကျွန်တော်က ပင်လယ်ကမ်းခြေ ခရီးစဉ်တွေဆိုရင် သိပ်သဘောကျခဲ့တာ။ မမေဇွန့် (I Love Travelling) အထာလေးနဲ့ ပြောရမယ်ဆိုရင်…
ငပလီကို ၂ ခေါက်
ချောင်းသာကို ၁၂ ခေါက်
ငွေဆောင်ကို ၃ ခေါက် ရောက်ခဲ့ပြီးပြီ။ တစ်ခါမှတော့ ခရီးသွားစာလေး မရေးဖြစ်သေးဘူး။ သူငယ်ချင်းတွေနဲ့ သွားခဲ့တဲ့ ဗီဒီယိုမှတ်တမ်းလေးတွေတော့ ရိုက်ဖြစ်တယ်။ ဒါပေမဲ့ တစ်ခါမှတော့ ကမ်းခြေကို မိုးတွင်း မသွားခဲ့ဖူးဘူးရယ်။ ဒါကြောင့် ပင်လယ်ကမ်းခြေမှာ မိုးရွာရင် ဘယ်လိုနေမလဲဆိုတာ သိရအောင် မိုးဦးလေးမှာ ကတိုက်ကရိုက်လေး ငွေဆောင်ကို အသော့နှင်လိုက်တယ်လေ။
ကျွန်တော်တို့မြန်မာနိုင်ငံက ပင်လယ်ကမ်းရိုးတန်းအတော်များများကို ပိုင်ဆိုင်ခွင့်ရထားတဲ့ နိုင်ငံဖြစ်တဲ့အပြင် ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ ကမ်းခြေအတွေဟာလည်း နေဝင်ဆည်းဆာအလှကို ကြည့်မြင်နိုင်တဲ့ ကမ်းခြေတွေချည်း ဖြစ်နေတာ ဘုရားသခင်ရဲ့ ဆုလာဒ်လို့ ဆိုရမယ်ထင်ပါတယ်။ လူကြိုက်များတဲ့ ငပလီ၊ ချောင်းသာ၊ ငွေဆောင် ကမ်းခြေတွေ ရှိတယ်။ လူသိများတဲ့ မောင်းမကန်၊ စက်စဲ၊ ဂေါ်ရင်ဂျီ၊ ကဗျာဝ စတဲ့ ကမ်းခြေတွေ ရှိတယ်။ လက်ခုပ်ကုန်း၊ ကမ်းသာယာ ဆိုတာတွေလည်း ရှိသေးတယ်။ တချို့လည်း ပျောက်ကွယ်သွားပြီ။ တချို့လည်း ခုမှ အသစ်ဖော်ထုတ်တွေ့ရှိလာတယ်။ ကမ်းခြေအားလုံးဟာ တစ်မျိုးဆီ ဆွဲဆောင်မှုပေးနေတာတော့ အမှန်ပါပဲ။ ရန်ကုန်မြို့က လူတွေ လွယ်လွယ်ကူကူနဲ့ အမြန်ဆုံးသွားလည်နိုင်တဲ့ ကမ်းခြေဆိုရင် ချောင်းသာ နဲ့ ငွေဆောင် လို့ လူတိုင်းက ဖြေကြမယ်။ ၅ နာရီလောက် ကားမောင်းသွားရုံနဲ့ ရောက်နိုင်တဲ့ နေရာတွေပါ။ လမ်းလည်းသာတယ်။ တစ်ခုပဲ ဒီကမ်းခြေ နှစ်ခုက သဘောသဘာဝချင်း ကွာခြားလို့ ကမ်းခြေခရီးထွက်သူတွေ သေချာစဉ်းစားရွေးချယ်ပြီး သွားကြရတဲ့နေရာတွေပါ။

လူများများနဲ့ ပျော်ပျော်ပါးပါး ရောရောထွေးထွေး နေချင်ရင် ချောင်းသာ သွား။ ဈေးသည်လည်းစုံတယ်။ စားစရာသောက်စရာပေါတယ်။ ဝယ်စရာခြမ်းစရာလည်း များတယ်။ ဟိုတယ်ဆိုတာလည်း ဈေးအပေါဆုံးက အကြီးဆုံးထိ စိတ်ကြိုက်ရွေးနိုင်တယ်။ ဘယ်သွားသွား လမ်းလျှောက်သွားရင်တောင် ပျင်းစရာ မရှိတဲ့နေရာပါ။
စိတ်အေးအေးနဲ့ လူတွေအဝေးမှာ အပန်းဖြေချင်တာဆိုရင်တော့ ငွေဆောင် သွား။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ တစ်ကမ္ဘာလုံး ကိုယ်ပဲ ရှိနေသလားထင်ရမယ်။ ပိုပြီး တိတ်ဆိတ်ငြိမ်သက်တာမျိုးလိုချင်ရင် ဟိုတယ်ဇုန်ထဲက ခပ်ဝေးဝေးထိမောင်းလိုက်ရင် ဟိုးဘက်ခြမ်းတွေမှာ ရှိတဲ့ ဟိုတယ်တွေဆို ပိုတောင် အေးအေးဆေးဆေး ရှိသေးတယ်။ ဝယ်ချင်မှန်း မဝယ်ချင်မှန်းမသိ အတင်းအော်ရောင်း ခေါ်ရောင်းတဲ့ ဈေးသည်တွေလည်း မရှိဘူး။ ကမ်းခြေမှာ ရှုပ်ထွေးနေတဲ့ လူရောင်စုံနဲ့ အရက်သောက်နေသူတွေ တွေ့ရခဲတယ်။ အစားအသောက်ကတော့ ချောင်းသာကို မမီဘူးပေါ့။
ပြီးခဲ့တဲ့ တစ်ရက်က ငွေဆောင်ကမ်းခြေကို တစ်ညအိပ် ခရီးလေး ထွက်ဖြစ်ခဲ့တယ်။ ချောင်းသာက Express စီးပြီးသွားလည်း ဟိုမှာက သွားရေးလာရေး သိပ်မခက်လှဘူး။ ငွေဆောင်ကိုတော့ အိမ်က ကားလေးနဲ့ပဲ သွားလိုက်တယ်။ ဘာလို့လည်းဆိုတော့ ဒီတစ်ခါ ငွေဆောင် ဟိုတယ်ဇုန်လမ်းရဲ့ ဟိုး ခပ်ဝေးဝေးတစ်နေရာမှာ စိတ်အေးလက်အေး နေချင်လို့လေ။ နေချင်တယ်သာပြောတယ် ကျွန်တော့်မှာ ကိုယ်တည်းမဲ့ဟိုတယ် ဘယ်နားရှိမှန်းတောင် မသိရသေးဘူး။ မနက်ကို ၆ နာရီလောက် ထွက်လာတာ ငွေဆောင်ကို ၁၂ နာရီမထိုးခင်ရောက်လာတယ်။ ကျွန်တော် ဒီတစ်ခါ K Resort မှာ တည်းဖို့ စဉ်းစားထားလို့ မြို့ဝင်ကတည်းက မေးလာခဲ့တာ ဟိုတယ်ဇုန်တလျှောက် ဟိုတယ်တွေလည်း ကုန်သွားတယ် မတွေ့သေးဘူး။ နောက်တော့မှ Ngwe Saung Yacht Club နားမှာလို့ သိရလို့ အဲ့ဒီဘက်ကနေ ဘယ်ဘက်ကွေ့ပြီး ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းတွေကျော်လို့ မြေနီလမ်းလေးဖြတ်ပြီး ရောက်လာခဲ့တယ်။ K Resort က လောလောဆယ်တော့ ငွေဆောင်ကမ်းခြေမှာ အစွန်းဆုံးဟိုတယ်လို့ ပြောရမယ်ထင်တယ်။
K Resort ဟိုတယ်ရှေ့က ပင်လယ်မှာ ကျောက်ဆောင်တွေမရှိတော့ ရေကူးရ အဆင်ပြေတယ်။ လုံခြုံရေးတွေက ရေကူးသူ ရှိတာနဲ့ တစ်ချိန်လုံး စောင့်ကြည့်ပေးနေတာက စိတ်ချလက်ချ ရေကစားနိုင်တဲ့ အနေအထားပါပဲ။ ရေကူးကန်ကြီး သိပ်လှတယ်။ ဟိုတယ်က အသစ်မို့ အသုံးအဆောင်တွေနဲ့ အခန်းအပြင်အဆင် ဖွဲ့စည်းပုံတွေ သစ်လွင်ခေတ်မီတယ်။ ဒါလေးတွေ သဘောကျမိသား။ ဒီဟိုတယ်ကို ဘယ်လိုသိသွားလဲဆိုတော့ ငွေဆောင်သွားခါနီး မိုးတွင်းကာလ ဈေးချတဲ့ဟိုတယ်တွေကို လိုက်ကြည့်ရင်းနဲ့ K Resort မှာ မေလမှာတောင် မိုးတွင်းအထူးဈေးနှုန်းအနေနဲ့ Garden Deluxe အခန်းတွေကို ၄ သောင်း၊ ၄ သောင်းခွဲ လောက်ပဲ ပေးရမယ်ဆိုတာနဲ့ ဒီနေရာကို ရောက်လာဖြစ်တာ။ ဒီရောက်တော့ Sea View အခန်းအကျယ်ကြီးတွေကလည်း ဈေးက အတော်လေး လျှော့ထားလို့ ဈေးနည်းနည်းပိုပေးပြီး Sea View ပဲ ယူလိုက်တယ်။ မိသားစုအခန်းကျယ်ကြီးက ၉ သောင်းပဲ ပေးရတယ်။ နှစ်ယောက်ခန်းက ၆ သောင်းတဲ့။ ဒါပေမဲ့ ရှေ့မိုးတွင်းကာလမှာတော့ ဒီ Sea View ခန်းတွေကို ပိတ်ထားပြီး Garden View အခန်းတွေကိုပဲ ရောင်းသွားမယ်လို့ ပြောပါတယ်။
Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season
ဒီနှစ်က ထူးခြားတယ် ပြောရမယ်။ ကမ်းခြေအတော်များများက ဟိုတယ်တွေ မိုးတွင်းကာလမှာတောင် မပိတ်ဘဲ၊ အလည်လာချင်သူတွေကို Promotion အမျိုးမျိုးနဲ့ ဆွဲဆောင်နေကြတယ်။ ဈေးနှုန်းတွေကလည်း ခုချက်ချင်း ထသွားချင်စရာကောင်းအောင်ပါပဲ။
မိုးတွင်းမှာ ကမ်းခြေရောက်သွားတဲ့ ဖီလင်က ဘာနဲ့မှမတူဘူး။ ပင်လယ်ပြင်နဲ့ မိုးကောင်းကင်နဲ့ စစ်ခင်းတာကို လာကြည့်နေရသလို ခံစားရတယ်။ ကောင်းကင်ပြင်ကြီးက မာန်ဖီပြီး မည်းမှောင်လို့ မိုးသားတွေ ကြွေချလိုက်တာကို ပင်လယ်ကြီးက လှိုင်းကြီးတွေနဲ့ တွန်းလှန်နေတာ တကယ့်ကို ကဗျာတစ်ပုဒ်ပါပဲ။ မိုးသံ၊ ပင်လယ်သံတွေက ခံစားတတ်သူတွေကို ထူးခြားတဲ့ ရသတစ်မျိုးပေးနေတယ်။ ဒါမျိုးလေးယူချင်ရင်တော့ ရတယ်ပေါ့။ တစ်ဘက်ကတွေးပြန်တော့လည်း ပင်လယ်လာပြီး ပင်လယ်ရေချိုးဖို့ ခက်ခဲနေတဲ့ဘဝ ဖြစ်ရတယ်။ ပင်လယ်ထဲဆင်းဖို့မပြောနဲ့ ဟိုတယ်ရေကူးကန်ထဲ ဆင်းဖို့တောင် အတော် စဉ်းစားယူရမယ်။ ကမ်းခြေမှာ လမ်းသလား ဓါတ်ပုံရိုက်ဖို့ကလည်း ထင်သလောက် မလွယ်ဘူးလေ။ ငှက်ကျွန်း၊ တောင်လျားရှည်ကျွန်း၊ လိပ်ကျွန်းမှာ ရေငုပ်ပြီး Snorkeling လုပ်ဖို့ မပြောနဲ့။ ဟဟ ပဲ ရလိမ့်မယ်။ အနီးဆုံးက ချစ်သူများကျွန်းတောင် သွားဖို့ မလွယ်လှဘူး။ ဒါပေမဲ့ မြို့ပြရဲ့ မွန်းကျပ်မှုတွေကို ဖြေဖျောက်နိုင်တဲ့ အေးဆေးငြိမ်သက်တိတ်ဆိတ်မှုကိုတော့ မိုးတွင်းကာလ ကမ်းခြေကို ခရီးသွားရင် ခံစားရရှိနိုင်တယ်။ နေတာ စားတာ သွားတာ အားလုံး ဈေးသက်သာတယ်။ ကိုယ်ရောက်သွားချိန်က မိုးမရွာဘဲ နေသာနေချိန်ဆိုရင်တော့ ကိုယ့်အတွက် ထူးရှယ်ပဲပေါ့။

ငွေဆောင်က ပင်လယ်စာချက်ပြုတ်ပုံနဲ့ ဈေးနှုန်းမှာတော့ ချောင်းသာကို ဘယ်လိုမှ မမီနိုင်သေးဘူးဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ နေ့လည်စာကို ဟိုတယ်မှာ စားဖြစ်ခဲ့ပေမဲ့ ညစာကိုတော့ အပျင်းပြေ ငွေဆောင်ရွာဘက် ဟိုတယ်ဇုန်တွေနားက ဈေးလမ်းလေးဆီမှာ စားဖြစ်တယ်။ K Resort က ငွေဆောင်ကမ်းခြေပေမဲ့ ညောင်မွန်းရွာ မှာ တည်ရှိတာပါ။ ကြားတည်းမှာ ဗူးကွဲရွာဆိုတာလေး ရှိသေးတယ်။ ရွာက လူစည်တယ်။ တည်းခိုခန်းဈေးချိုချိုတွေလည်း ရှိတယ်။ အဲ့ဒါလွန်မှ ငွေဆောင်ရွာဘက် ပြန်ရောက်တာ။ ငွေဆောင်ရွာဘက်က လူအများညွှန်းတဲ့ ရွှေနှလုံးသား စားသောက်ဆိုင်မှာ စားဖြစ်တယ်။ နိုင်ငံခြားသားတချို့ လာစားကြတာ တွေ့တယ်။ ရာသီချိန်မဟုတ်တော့ ဆိုင်ဝန်ထမ်းတွေလည်း အလုပ်ကို အေးအေးဆေးဆေးပဲ လုပ်ကြတယ်ထင်တယ်။ ဟင်းမှာဖို့ကို အတော် ခေါ်ယူ ရှာယူရတယ်။ ဟင်းမှာပြီးချိန်မှာတော့ ဟင်းပွဲတွေက မြန်ပါတယ်။ သူများညွှန်းတဲ့အတိုင်း အရသာတော့ ကောင်းရှာပါတယ်။ ချောင်းသာနဲ့ ယှဉ်ကြည့်ရင်တော့ မမီသေးဘူးဘဲ ပြောရမယ်။
Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season Ngwe Saung Beach in Rainy Season
ဒီနှစ် မိုးတွင်းကတော့ ပင်လယ်ကမ်းခြေ ဘယ်မှာပဲ နားနား ကိုယ်နှစ်သက်တဲ့ ပတ်ဝန်းကျင်အနေအထားပေါ် မူတည်ပြီး အနားယူနိုင်ဖို့ ကမ်းခြေဟိုတယ်အားလုံးကလည်း ဈေးလျှော့ပေးထားကြပါပြီ။ တစ်ခုပဲ မိုးတွင်းကာလဖြစ်လို့ သတိထားရမဲ့ ကိစ္စလေးတွေတော့ ရှိပါတယ်။
ရေတက်ရေကျ နဲ့ မုန်တိုင်းအခြေအနေတွေကို အမြဲနားစွင့်နေပါ။ ဟိုတယ်ဝန်ထမ်းတွေရဲ့ လှုပ်ရှားမှုတွေကိုလည်း ကြည့်နေပါတယ်။ သူတို့ပြောတဲ့လမ်းညွှန်မှုတွေကိုလည်း ဂရုတစိုက် လုပ်ဆောင်ပါ။
ဂျပ်မြွေလိုမျိုးအဆိပ်ပြင်းတဲ့သတ္တဝါတွေ ပင်လယ်ရေထဲက ပါလာတတ်လို့ သတိပြုပါ။
ကိုယ်နေထိုင်တည်းခိုမဲ့ အခန်းတွင်းမှာလည်း မြွေနဲ့ တခြားအဆိပ်ရှိသတ္တဝါနဲ့ ဝင်ရောက်ခိုအောင်းနေမလား သေချာ စစ်ဆေးပါ။
ကမ်းစပ်နားမှာပဲ ရေကစားပြီး လုံခြုံရေးတာဝန်ယူစောင့်ကြည့်သူတွေရဲ့ သတိပေးချက်တွေကို အလေးအနက်ထား လိုက်နာပါ။
နေမပူပေမဲ့လည်း ပင်လယ်ရေကြောင့် အသားအရေထိခိုက်နိုင်လို့ သက်ဆိုင်ရာ အလှကုန်တွေကိုလည်း ဆောင်သွားပြီး လိမ်းလို့ကာကွယ်ပါ။ ပြုပြင်ပါ။
ဒီတစ်ခေါက် K Resort မှာတည်းတဲ့အခါ ဘေးဘက်မှာ တခြားဟိုတယ်တွေ မရှိလို့လားမသိဘူး ပင်လယ်က ပြန်အန်ထုတ်လိုက်တဲ့ အမှိုက်တွေကို မနက်စောစော ကမ်းခြေတလျှောက် မြင်ရတာ အတော်စိတ်မကောင်း ဖြစ်ရတယ်။ ဟိုတယ်တွေရှိရင် ဟိုတယ်ရဲ့ အစီအစဉ်နဲ့ ကိုယ့်ဟိုတယ်ရှေ့က ကမ်းခြေက အမှိုက်တွေကို ကိုယ်သိမ်းယူကြတော့ အရာရာ လှပနေသလိုပဲ။ တကယ်တမ်းတော့ သဲသောင်ပြင်ပေါ်မှာ ဘီယာပုလင်းခွံ၊ အရက်ပုလင်းခွံ၊ ခေါင်းလျှော်ရည်ဘူး၊ ဆပ်ပြာဗူး၊ ငါးဖမ်းပိုက်ကွန်အစုတ်အပြတ်၊ ဓါတ်ဆီထည့််တဲ့ ကော်ဗုံး၊ ရေသန့်ဘူးခွံ၊ ဘာတွေမှန်းမသိအောင်ကို စုံစိနေတာပဲ။ လူရှင်းပေမဲ့ အမှိုက်က ရှင်းမနေဘဲ၊ ငါးဖမ်းလှေနဲ့ တခြားသောအကြောင်းကြောင်းတွေကြောင့် ဒီအမှိုက်တွေဟာ ပင်လယ်ထဲကနေ ကမ်းစပ်ကို ပြန်ရောက်လာတာ လို့ ကျွန်တော် ယူဆပါတယ်။

ကျွန်တော်တို့ Travel Blogger တွေဟာ နေရာသစ်တစ်ခုကို ညွှန်းဆိုကြတဲ့အခါမှာ တခြားသော တာဝန်ယူမှုတွေ မရှိဘူးလို့ စွပ်စွဲကြတယ်။ ကျွန်တော်တို့ မညွှန်းဆိုခင်ကတည်းက တချို့သော အမှိုက်တွေဟာ အဲ့ဒီနေရာတွေမှာ ရောက်နှင့်ပြီးသား။ တာဝန်ယူချင်စိတ်ရှိဖို့ဆိုတာ သာမန်စာရေးသူတစ်ဦးက ပြောဆိုနေရုံနဲ့ လူတိုင်း လိုက်နာမယ်လို့ ထင်နေပါသလား။ လူတိုင်းဟာ သူတို့ဖတ်ချင်တဲ့ မြင်ချင်တဲ့အကြောင်းအရာကိုပဲ ကွက်မြင်ပါတယ်။ သူတို့ကို အမှိုက်ကိုတော့ အမှိုက်ပုံးထဲပစ်ပါ။ အရက်နဲ့ဘီယာသောက်ရင် ပုလင်းခွံတွေ ပြန်သယ်ပါ လို့ ရေးထားကြည့်၊ ဖတ်တဲ့သူက ဒါ ငါသိပြီးသားဆိုတဲ့ အလိုလိုသိစိတ်ကနေ ကျော်ဖတ်ပါတယ်။ မြင်ပေမဲ့လည်း ခေါင်းထဲ မဝင်ဘူး။ ဆိုလိုချင်တာက ဒီကိစ္စကို အားလုံးက တာဝန်သိစိတ်နဲ့ ကိုယ့်တာဝန် ကိုယ်ယူကြရမှာပါ။ နေရာသစ်တွေပျက်စီးမှာစိုးလို့ အညွှန်းမရေးခဲ့ရင်လည်း တချိန်တော့ တဆင့်စကားနဲ့ တဆင့် လူတိုင်းသိသွားမှာပါပဲ။ ဘာကိုမှ တားဆီးနေလို့ မရပါဘူး။ ရှိနေတဲ့ အလှမပျက်အောင်ကို ထိန်းသိမ်းကြရမှာက တစ်ဦးတစ်ယောက်ချင်းဆီရဲ့ ပင်ကိုအသိဉာဏ်က သိနေရမဲ့ တာဝန်ယူမှုတစ်ခုဖြစ်တယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ ဒီလိုလုပ်ဖို့ Travel Blogger တွေဆီမှာပဲ တာဝန်ရှိတာ မဟုတ်ပါဘူး။ အားလုံး အယောက်တိုင်းဆီမှာ တာဝန်ရှိတာဖြစ်ပါတယ်။
ကမ်းခြေက ဒီလိုအမှိုက်တွေ ရှင်းလင်းပြီး သဘာဝမပျက်စီးဖို့ ဆန္ဒပြုမိတယ်။ ကမ်းခြေတွေဟာ မိုးတွင်းမှာလည်း ပွင့်လင်းရာသီနဲ့မတူတဲ့ ခံစားမှုရသကို ပေးတုန်းမို့ သွားသင့်သလားလို့ မေးရင် ကျွန်တော်ကတော့ ဟုတ်ကဲ့ လို့ ဖြေမိမှာပါ။ အေးအေးဆေးဆေး နေချင်သူများကတော့ ငွေဆောင်ကမ်းခြေမှာ အပန်းဖြေရင်း ပင်လယ်ပြင်ကြီးနဲ့ မိုးကောင်းကင် စစ်ခင်းကြတာကို ကော်ဖီပူပူလေးတစ်ခွက်နဲ့ ထိုင်ကြည့်နိုင်တယ်။ Express နဲ့ ငွေဆောင်သွားမယ်ဆိုရင် ကားခက ၁၈,၀၀၀ ကျပ်ဝန်းကျင်ပဲ ကျသင့်ပါတယ်။ မိုးတွင်းမှာ ငွေဆောင်မရောက်ဖူးသေးရင် ဒီနှစ်မိုးတွင်းတော့ စမ်းပြီး သွားကြည့်နိုင်တယ်လေ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
-03.png)





Comments