top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

အီတလီ မြို့ပြများဆီ

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Jun 5, 2020
  • 4 min read

Updated: Sep 11, 2020

ငယ်ငယ်က သိပ်ကြိုက်ဖူးတဲ့ "ရောမမြို့ကို အကြွေးနဲ့ဝယ်မယ်" ဆိုတဲ့ သီချင်းလေးကြားဖူးကတည်းက ရောမ ဆိုတာ ဘယ်လိုလည်း သိပ်သိချင်ခဲ့တာ။ ခုတော့ အိပ်မက်လေးတစ်ခု လက်တွေ့ဖြစ်လာခဲ့ပြီလေ။ အီတလီ နိုင်ငံ ဟာ ခမ်းနားလွန်းတဲ့ နိုင်ငံတစ်ခုပါပဲဗျာ။


ree

အာရှသားတွေအတွက် ဥရောပ သွားတယ်ဆိုတာ တကယ့် ရွှေအိပ်မက်တစ်ခုပါပဲ။ ကျွန်တော်လည်း ငယ်ငယ်က သိပ်ရောက်ဖူးချင်ခဲ့တာပေါ့။ ခုနောက်ပိုင်းတော့ အာရှကိုပဲ ပိုသဘောကျတာ ဘာလို့လဲတော့ မသိ။ အဆောက်အဦးပုံစံတွေ ခန့်ထည်တဲ့ ဥရောပဆီကို ခြေချရင်း ကျွန်တော့်ရဲ့ ဥရောပအိပ်မက်မှာ အီတလီ ရောက်တော့ အတော်လေး ပြည့်စုံ ခဲ့တယ်လို့ ဆိုရမယ်။ ဘာလို့လည်းဆိုတော့ အီတလီ ဟာ ခေတ်အဆက်ဆက်က ထိန်းသိမ်းလာတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့အတူ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံကြီးတစ်ခု ဖြစ်လို့ပါပဲ။


ခမ်းနားတဲ့ အတိတ်နဲ့ အီတလီ

ree

ငယ်ငယ်ကတော့ အီတာလျံခေါက်ဆွဲ တို့ ဘာတို့ ကြားဖူးလိုက်သေးတယ်။ စားဖူးခဲ့သလား မသေချာဘူး။ ခုတော့ အီတာလျံလူမျိုးတွေ ရှိရာကို ကျွန်တော် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပြီပေါ့။ အီတလီ ရဲ့ မြို့တော်ကတော့ ရောမ လို့ သိကြတဲ့ Rome ပါ။ အီတာလျံလူမျိုးပဲ အဓိက နေထိုင်ကြပြီး ရိုမန်ကတ်သလစ် ခရစ်ယာန်ဘာသာ ကို အများဆုံး ကိုးကွယ်ကြပါတယ်။ ၁၁၆,၃၅၀ စတုရန်းမိုင် ကျယ်ဝန်းပြီး လူဦးရေကတော့ သန်း (၆၀) ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ ဒေသအတွင်း သုံးစွဲတဲ့ ငွေကြေးကတော့ Euro ယူရို ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ဆို အချိန်အားဖြင့် ၄ နာရီခွဲ ကွာခြားပါတယ်။ ကျွန်တော်တို့ နိုင်ငံက စောနေတာပါ။ ရောမမြို့နဲ့ ပတ်သက်တဲ့ သီချင်းတွေ ကျွန်တော်တို့ဆီမှာ အများအပြား ရှိခဲ့ပါတယ်။ ရောမမြို့ရဲ့ ကြီးကျယ်ခန်းနားမှုတွေနဲ့ စောလွန်းတဲ့ သက်တမ်းတွေကြောင့် ဒီနိုင်ငံဟာ နိုင်ငံတကာခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ် ရနေတဲ့ ဥရောပနိုင်ငံတစ်ခုပဲ ဖြစ်ပါတယ်။


အီတလီ ဗီဇာ

ree

ရှန်ဂန်ဗီဇာ လျှောက်ထားဖို့ လိုအပ်ပါတယ်။ ရန်ကုန်မှာ ရှိတဲ့ အီတလီ သံရုံးမှာ လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားတဲ့ လိုအပ်ချက်တွေကိုတော့ ဥရောပ မသွားခင် ကြိုပြင်ဆင် ဆိုပြီး ရှေ့မှာ ဆောင်းပါး ရေးထားပြီးဖြစ်လို့ သိချင်ရင် စာသားလေးကို တစ်ချက်နှိပ်ပြီး သွားဖတ်နိုင်ပါတယ်ခင်ဗျာ။


အီတလီ ကို လည်ပတ်လို့ အကောင်းဆုံးအချိန်

အီတလီ နိုင်ငံကို ကျွန်တော်တို့ဆီက Travels & Tours Agency တော်တော်များများက ဝန်ဆောင်မှုပေးပြီး ပို့ဆောင်ပေးကြပါတယ်။ တချို့အချိန်တွေက ဘတ်ဂျက်နည်းနည်းနဲ့ ခရီးရောက်နိုင်တဲ့ အချိန်မျိုး ရှိပြီး၊ တချို့ခရီးစဉ်အချိန်တွေကတော့ ဈေးများတတ်ပါတယ်။ အေဂျင်စီတွေရဲ့ ရေးဆွဲတဲ့ ခရီးစဉ်အချိန်အလိုက် စဉ်းစားရွေးချယ်နိုင်ကြမှာပါ။ အီတလီကို ခရီးသွားလို့ အကောင်းဆုံးအချိန်က ဧပြီလ ကနေ ဇွန်လ အတွင်း ဖြစ်ပြီး သူတို့ဆီမှာ နွေဦးရာသီ ဖြစ်နေပါတယ်။ ဒါမှမဟုတ် ဆောင်းတွင်း စက်တင်ဘာ နဲ့ အောက်တိုဘာလတွေမှာ သွားရင်လည်း အကောင်းဆုံး ဖြစ်ပါတယ်။ သူတို့ဆီမှာ ရာသီဥတုလည်း မကြမ်းသေးပါဘူး။ ခရီးသွားအများဆုံး အချိန်ကတော့ မေလ ကနေ ဇူလိုင်လ အထိ ဖြစ်ပါတယ်။ စက်တင်ဘာလမှာလည်း များပါတယ်။ မတ်လ ကနေ မေလ အလယ်ထိ တစ်ခါ၊ အောက်တိုဘာလ နဲ့ နိုဝင်ဘာလ တွေမှာလည်း ခရီးသွားလည်ပတ်သူတွေ ရှိကြပါတယ်။ ခရီးသွားအနည်းဆုံး ကာလကတော့ သြဂုတ်လရယ်၊ ဒီဇင်ဘာလကနေ ဖေဖော်ဝါရီလ အထိ ဖြစ်ပါတယ်။ ကြားတည်းမှာ ပွဲတော်တွေ ရှိခဲ့ရင်တော့ ခရီးသွားနည်းတဲ့ ကာလတွေမှာတော့ အရမ်းစည်ကားနေတတ်ပါသေးတယ်။ ကျွန်တော်ကတော့ ဒီဇင်ဘာလထဲ ရောက်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတုလည်း သိပ်မအေးဘူး၊ နေ့တာတော့ တိုပြီး ညတာရှည်နေတယ်၊ လူမရှုပ်ဘူး၊ ဈေးသက်သာတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူး ပိတ်ရက်တွေကြောင့် Shopping ထွက်လို့ သိပ်မကောင်းတော့ဘူး၊ ဆိုင်တွေ စောစော သိမ်းကြလို့ပါ။


လည်ပတ်မကုန်တဲ့ အီတလီ

အီတလီ က တောင်ပိုင်း မြောက်ပိုင်း အဲ့လိုတွေ ကွဲပြီးတော့ကို လည်ပတ်စရာ ပေါများနေတာ။ မြို့တိုင်းကလည်း သူ့ စွဲဆောင်မှုနဲ့သူမို့ မြို့အလိုက် ပြန်ခွဲပြီး ပြောကြရမယ်ထင်ပါတယ်။ ကျွန်တော် လည်ပတ်ခဲ့တဲ့ မြို့တွေကိုပဲ အဓိက ပြောသွားပါ့မယ်။


Rome

အီတလီ ရဲ့ မြို့တော် ရောမ အကြောင်းတော့ မပါမဖြစ် ပြောရမှာပေါ့။ ရောမခေတ်က အသက်ဝင်ခဲ့တဲ့ အဆောက်အဦး ခန်းခန်းနားနားကြီးတွေ ခုထိတိုင် မျက်ဝါးထင်ထင် မြင်တွေ့ရလောက်အောင် ထိန်းသိမ်းထားနိုင်ခဲ့ကြတာလည်း အကျိုးကြီးတယ် ပြောရမယ်။ ခန်းနားမှုတွေက အံ့မခန်းပါပဲ။

ရောမမြို့တော်မှာ ဘယ်ကို သွားလည်ရမလဲဆိုရင် -


Vatican City

ကမ္ဘာ့အသေးဆုံး နိုင်ငံလို့ တင်စားထားပြီးဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး သီးခြားအုပ်ချုပ်တဲ့ အီတလီထဲက နိုင်ငံလေးတစ်ခုကို သွားလည်သင့်ပါတယ်။ ကျွန်တော် ဒီအကြောင်းကို သီးသန့် ရေးထားပြီးပြီမို့ ဖတ်ရှုနိုင်ပါတယ်။

ree

The Colosseum

ဟိုးခေတ်က ရုပ်ရှင်တွေ၊ ပြဇတ်တွေ မရှိသေးဘူးမဟုတ်လား။ ဒီတော့လည်း ဒီအဆောက်အဦးကြီးက ရောမခေတ်ရဲ့ အကောင်းဆုံး ဖျော်ဖြေပွဲကြီး တင်ဆက်ရာ ဖြစ်ခဲ့မယ်လို့ ယူဆမိတယ်။ စစ်သရဲချင်း ထိုးသတ်ကြတယ်၊ လူနဲ့ ခွန်အားကြီးတိရစ္ဆာန်နဲ့ သတ်ကြတယ်၊ သုံ့ပန်းတွေ ကို လူအချင်းချင်းဖြစ်စေ၊ တိရစ္ဆာန်နဲ့ဖြစ်စေ သတ်စေတယ်၊ ဒီလိုမျိုးကို ခုခေတ် လက်ဝှေ့ပွဲ၊ ဆက်ကပ်ပွဲတွေလို ကြည့်ခဲ့ကြတဲ့ နေရာတစ်ခုပေါ့။ ခရစ်ယာန်ဘာသာဝင်တွေရဲ့ နာကျည်းစရာ နေရာတစ်ခုလည်း ဖြစ်ပါလိမ့်မယ်။ ရောမတွေ ခရစ်ယာန်ဘာသာဝင်တွေကို ခြင်္သေ့တွေနဲ့ အားပြိုင်စေခဲ့တဲ့ နေရာလည်း ဖြစ်တာကိုး။ 80 AD လောက်ကတည်းက တည်ဆောက်ထားတယ်လို့ သိရပါတယ်။ ခုဆို နှစ်ပေါင်း နှစ်ထောင်လောက် ရှိပြီပေါ့လေ။ ဒီအဆောက်အဦးအတွင်းကို စနစ်တကျ လေ့လာနိုင်ဖို့ စီစဉ်ထားတယ်။ အခန်းတွေရယ်၊ အတွင်းက ကွင်းရယ် အစုံလေ့လာခွင့်ရမယ်။ ဝင်ကြေး ပေးရပါတယ်။ ကျွန်တော် ကတော့ အဲ့တုန်းက Vatican City ကို ရောက်ဖူးချင်လို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားလိုက်တာမို့ ဒီ The Colosseum အတွင်းဘက်ကို ဝင်ပြီး လေ့လာဖို့ အချိန်မမီတော့တာကြောင့် အပြင်ကနေပဲ ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။

ree

The Pantheon, Trevi Fountain, Spanish Steps

မီးလောင်ပြီးမှ ပြန်တည်ဆောက်ထားတဲ့ The Pantheon အဆောက်အဦးဟာ သိပ်ကို အနုပညာမြောက်တဲ့ အဆောက်အဦးတစ်ခု ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အချိန်များများယူပြီး ဒီနေရာကို လည်ပတ်ကြည့်ရင် ဒီအနီးဝန်းကျင်မှာလည်း လည်ပတ်စရာ များပါတယ်။ The Trevi Fountain ရေပန်း ဆိုရင်လည်း ကမ္ဘာ့အကျော်ကြားဆုံး ရေပန်းတွေထဲမှာ တစ်ခု အပါအဝင်ပဲ။ အီတလီ ပြန်ရောက်အောင် ဆုတောင်းတယ်ဆိုလား၊ လိုရာဆု တောင်းတယ်ဆိုလား ယုံကြည်မှုတစ်ခုနဲ့ မျက်စိလေးမှိတ်လို့ ညာလက်ကနေ ဘယ်ပုခုံးကျော်အောင် အကြွေစေ့ကို ပစ်ထည့်ကြတာကလည်း ခရီးသွားတွေ ဒီကိုရောက်တိုင်း လုပ်လေ့ရှိတာပေါ့လေ။ တစ်နေ့ကို ဒီ ရေပန်း ရေကန်ထဲကနေ ယူရို ၃၀၀၀ ဝန်းကျင် နေ့စဉ် သိမ်းဆည်းနိုင်တယ်ဆိုကတည်းက ဘယ်လောက် လာရောက်လည်ပတ်ကြသလဲ တွေးကြည့်လိုက်တော့။ အဲ့ဒီနားကပဲ The Spanish Steps ဟာလည်း ခရီးသွားတွေ လည်ပတ်အနားယူကြတဲ့ နေရာတစ်ခုပါပဲ။ ဒီနေရာတစ်ဝိုက်မှာ နာမည်ကြီး Brand ပေါင်းစုံ ရှိလို့ Shopping ထွက်သူတွေ အကြိုက်ဖြစ်မှာပါ။ ကျွန်တော်တို့နိုင်ငံက အရူးအမူးကြိုက်နေကြတဲ့ LV, Gucci တွေအပြင် တခြားသော High-end Brand မျိုးစုံ အသုံးအဆောင် ဖက်ရှင်တွေကို ဒီနေရာမှာ တစ်ထိုင်တည်း ဝယ်ယူနိုင်ပါတယ်။

ree

Florence

အီတလီနိုင်ငံကို ကျွန်တော် စရောက်တော့ ဒုတိယမြောက် မြင်တွေ့ရတဲ့မြို့ဟာ Florence ပါ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ရတနာနတ်မယ် နေထိုင်ရာ မြို့လို့လည်း သိရပါတယ်။ ဒီမြို့လေးကို တင်စားချက်ကတော့ ကမ္ဘာ့အနုပညာမြို့တော် တဲ့။ မျှော်စင်အဆောက်အဦးမြင့်မြင့်တွေ များတဲ့ ဒီမြို့မှာ မြို့တစ်ခုလုံးရဲ့ အလှကို အဲ့ဒီအဆောက်အဦးတွေပေါ်က ကြည့်မြင်ရတာ အကောင်းဆုံးပါ။ ဒီမြို့မှာ လည်ပတ်ဖို့က တစ်ရက်နဲ့တင် လုံလောက်တဲ့အနေအထားပါ။


Cattedrale di Santa Maria del Fiore (The Duomo)

ခမ်းနားကြီးမားလှပလွန်းတဲ့ အနုစိတ်လက်ရာတွေနဲ့ ရိုမန်ကတ်သလစ် ဘုရားကျောင်းကြီး ကို ဒီရောက်ရင် မဖြစ်မနေ သွားလည်သင့်ပါတယ်။ အတွင်းဘက်မှာလည်း ထူးခြားတဲ့ ပန်းချီပန်းပု လက်ရာစုံကို ရင်သပ်ရှုမော ခံစားကြရမှာပါ။ ဘုရားကျောင်းထဲဝင်ကြည့်ဖို့ ဝင်ကြေး ရှိပါတယ်။ ဒီနားဝန်းကျင်မှာ ပြတိုက်တွေလည်း ရှိပါတယ်။ ပြီးတော့ ဈေးဝယ်ဖို့အတွက်လည်း အရမ်းအဆင်ပြေပါတယ်။ နာမည်ကြီး Brand အစုံ တစ်နေရာတည်းမှာ စိတ်ကြိုက်ဝယ်နိုင်မဲ့ နေရာတစ်ခုလည်း ဖြစ်သလို၊ စားသောက်စရာ၊ ဘား နဲ့ အရက်ဆိုင်တွေလည်း ချစ်စရာ တည်ရှိနေတာပါ။ ရင်ပြင်ကြီးတစ်ခု ရှိပြီး အဲ့ဒီနားမှာ အခါအားလျော်စွာ ပွဲတွေ၊ ရုပ်ရှင်တွေ ပြလေ့ရှိပါတယ်။ ဘုရားကျောင်းကို တနင်္လာကနေ သောကြာအထိ မနက် ၈း၃၀ ကနေ ည ရး၀၀ အထိ၊ စနေ မှာ မနက် ၈း၃၀ ကနေ ညနေ ၅း၀၀၊ တနင်္ဂနွေမှာ နေ့လည် ၁း၀၀ ကနေ ညနေ ၄း၀၀ အထိ ဖွင့်ပါတယ်။

ree

Giotto’s Bell Tower

ဒီ ခေါင်းလောင်းစင်ကြီးကတော့ The Duomo ဘုရားကျောင်းကြီးနဲ့ ကပ်လျက်မှာ တွဲလျက် တည်ရှိနေတာပါ။ ဒီအပေါ်ကိုလည်း တက်ကြည့်ကြပါတယ်။ လှေကားထစ်ပေါင်း ၄၁၄ ထစ် ရှိပြီး အပေါ်ကနေ မြို့ရဲ့ အလှကို ခံစားရတာလည်း အတော် အရသာ ရှိပါတယ်။ နေ့စဉ် မနက် ၈း၁၅ ကနေ ည ရး၀၀ ထိ ဖွင့်ပါတယ်။ ဝင်ကြေး ရှိပါမယ်။


The Mall Luxury Outlet

ဒီ Florence မြို့ကို ရောက်ပြီးမှ Gucci, Prada မော်ဒယ်အဟောင်းတွေကို ဈေးချိုချိုနဲ့ ဝယ်လို့ရမဲ့ The Mall Outlet မှ မသွားရင် မတန်တော့ဘူးလေ။ အရင်ကတော့ Gucci တစ်ခုတည်း ရှိခဲ့ရာကနေ ခုတော့ Brand တော်တော်များများ ရှိနေပါပြီ။ LV တော့ မရှိပါဘူး။ ဈေးချိုတယ်ဆိုပေမဲ့လည်း မြန်မာငွေနဲ့ သိန်း ဆယ်ဂဏန်းဝန်းကျင်တော့ ဖြစ်သွားတာပါပဲ။ ဒါပေမဲ့ အပြင်ဆိုင်မှာထက် အများကြီး အပုံကြီး သက်သာတယ်လေ။ လိုချင်တဲ့ အရွယ်အစား၊ ပုံစံ၊ ဒီဇိုင်း စုံချင်မှတော့ စုံပါမယ်။ ဒါပေမဲ့ ရှိတာတော့ ရှိနေတတ်ပါတယ်။ ဒီ The Mall ကို သွားဖို့အတွက် ဘူတာကြီးရှေ့က အဆောက်အဦးအတွင်းလမ်းမှာ ကြိုပို့ဘတ်စ်ကားကြီးတွေ ရှိတယ်။ အလကားတော့ မဟုတ်ဘူးနော်။ ပိုက်ဆံပေးစီးရတယ်။ အဲ့ဒီကားကြီးတွေ က ဝိုင်ဖိုင်တွေနဲ့ တစ်နာရီလောက် စီးပြီး လိုက်သွားရုံပဲ။ စောစောတော့ ထ သွားရတယ်။ ဟိုမှာ ဆိုင်တံခါး မဖွင့်ခင်ကတည်းက တန်းစီနေရတဲ့သူတွေ များလွန်းလို့။ ရှေ့ဆုံးက ရောက်မှ ကိုယ့်စိတ်ကြိုက်ပစ္စည်းရွေးဝယ်နိုင်မှာလေ။ ဆိုင်ဖွင့်ချိန်ကျရင်လည်း အကုန် ပေးမဝင်ပါဘူး။ အယောက် ၂၀၊ ၃၀ အဲ့လို တစ်ဖြတ် ဝင်ကြရတာပါ။


Venice

ree

အရမ်း ရို (romantic) ဖြစ်တဲ့ ဗင်းနစ် ရေပေါ်မြို့လေးကလည်း အင်းလေးကို ခေတ်မီထားသလိုလိုပါပဲ။


Gondola Sight Seeing

ree

ဒီမြို့မှာ လည်ပတ်စရာ များပေမဲ့လည်း ခရီးသွားတွေရဲ့ အဓိက က Gondola ဂွန်ဒိုလာ လှေစီးပြီး အဆောက်အဦးတွေနဲ့ ဓါတ်ပုံရိုက်ဖို့များပါတယ်။ ကျွန်တော့်အတွက်တော့ ဂျင်း နဲ့ တူတဲ့မြို့လေးလို့ ပြောရမယ်။ ဓါတ်ပုံတွေထဲ လှသလောက် လှေတကယ်စီးကြည့်တော့ မလှနေဘူး။ ပိုဆိုးတာက Gondola မောင်းတဲ့သူတွေက လုံးဝ မထ ခိုင်းတာ ပြဿနာ။ ဓါတ်ပုံရိုက်ဖို့ ဖင်တောင် ရွှေ့မခံတဲ့ ဘဝမို့ အတော် ခက်ခဲခဲ့တယ်။ ဈေးလည်းကြီးတယ်။ ရေက မလှနေဘူး။ အဆောက်အဦးတွေကလည်း သိပ်သဘောမကျဘူး။ ဒါပေမဲ့လည်း ဒါလေးကို ခရီးသွားတွေ လာအောင် လုပ်ပြနိုင်တာတော့ ချီးကျူးမိတယ်။ ကိုယ်တွေ အင်းလေးက သိပ်လှပါတယ်။ ဒါလည်း တစ်မျိုးတစ်ဘာသာ ကောင်းပါတယ်။


St. Mark’s Square (Piazza San Marco)

ree

Gondola စီးပြီးသွားရင် အဲ့ဒီနေရာတစ်ဝိုက်ကို ပတ်ကြည့်ရတာလည်း အတော် ပျော်စရာကောင်းသား။ လူကတော့ ဘာစည်သလဲ မမေးနဲ့။ ပြွတ်ခဲနေရော။ ဒါတောင် ကျွန်တော်သွားတာ ခရီးသွားရာသီ မဟုတ်သေးဘူး။ ဒေသထွက်လက်မှုပစ္စည်း၊ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ ရှိတယ်။ ကော်ဖီဆိုင်လေးတွေ သိပ်ချစ်စရာကောင်းတယ်။ ဘားဆိုင်တွေ အရမ်းမိုက်တယ်။ ခိုလေးတွေကအစ ချစ်စရာ ဖြစ်နေတာ။ ဒီ ရင်ပြင်နဲ့ ဘုရားကျောင်း မှာလည်း အမှတ်တရ ဓါတ်ပုံ ရိုက်ကြသူများတယ်။ အနောက်ဘက်က ဈေးတန်းထဲမှာလည်း ဈေးပတ်ဝယ် စားသောက်ကြနိုင်တယ်။


Pisa

ree

ပီစာမြို့ ကတော့ အီတလီ အလယ်ပိုင်းမှာ ရှိတာပါ။ စောင်းနေတဲ့မျှော်စင်ကြောင့် ကမ္ဘာကျော်တဲ့ အရပ်လည်း ဖြစ်ပါတယ်။ အီတလီ ခရီးစဉ်မှာ မဖြစ်မနေ ထည့်သွင်းသွားလာကြတဲ့ နေရာပါ။ စောင်းနေတာကြီးကိုပဲ လာကြည့်ကြရတဲ့သဘောပါပဲ။ မျှော်စင်ပေါ်လည်း တက်ကြည့်နိုင်ပါတယ်။ Bell Tower of Pisa Cathedral လို့ သိကြပါတယ်။ ခေါင်းလောင်းစင်ဖြစ်ပါတယ်။ ဘုရားကျောင်းတွေမှာ တွဲလျက် တည်ဆောက်လေ့ရှိတဲ့ ခေါင်းလောင်းတစ်ခု ပါဝင်ပါတယ်။ ၁၂ ရာစုမှာ တည်ဆောက်ခဲ့တဲ့ ဒီခေါင်းလောင်းစင်ကတော့ တည်ဆောက်ပြီး မကြာခင်မှာ ယိမ်းယိုင်ကျလာခဲ့ပါတယ်။ ဒါကိုက ပထမ ရီစရာ ဖြစ်၊ နောက်တော့ အနုပညာလက်ရာတစ်ခုလို ဖြစ်ပြီး ခုထိတိုင် ဒီလိုပဲ ထားရှိလို့ ခရီးသွားတွေ လေ့လာစရာ ဖြစ်လာခဲ့ပါတယ်။ အနားမှာရှိတဲ့ The Baptistery အဆောက်အဦးကိုလည်း ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသေးတယ်။


Millan

မီလန်ကတော့ ဖက်ရှင်မြို့တော် ပါ။ Fashion TV ရဲ့ ပရိတ်သတ်ဆိုရင် ဒီမြို့နာမည်ကို စိမ်းမှာ မဟုတ်ဘူး။ Milan Fashion Week တွေကို စောင့်ကြည့်နေကြသူ များစွာ ရှိပါတယ်။ အရမ်း ဖက်ရှင်ကျတဲ့ ခပ်ချောချော ခပ်ချေချေ အထီးအမ တွေကို ဒီမြို့မှာမြင်ကြရပါတယ်။ ကျွန်တော့်ရဲ့ နှစ်သစ်ကူးညကို Milan မှာ ဖြတ်ကျော်ခဲ့ရတာမို့ ဘယ်တော့မှ မမေ့မဲ့ မြို့ထဲမှာပါတယ်။ သူတို့ဆီက EDM ပါတီမှာ ဝင်ပျော်ခဲ့ဖူးတာကိုး။


The Duomo & Galleria Vittoria Emanuele II

ree

အီတလီမှာ အကြီးဆုံး Gothic ပုံစံ Cathedral ဘုရားကျောင်းကြီးကို ဒီမှာ မြင်ခဲ့ရတယ်။ နှစ်သစ်ကူးပွဲတော်ကိုလည်း ဒီဝန်းကျင်မှာပဲ လုပ်နေတာဖြစ်လို့ ညနက်နက်မှာ ရောက်လာခဲ့တာပါ။ ဂီတဖျော်ဖြေပွဲကြီးခင်းကျင်းထားပြီး အနားမှာလည်း ရှေးဟောင်း Shopping အဆောက်အအုံ ကြီးတစ်ခု ဖြစ်တဲ့ Galleria Vittoria Emanuele II ကြီးကလည်း ရှိနေတော့ အဆင်အရမ်းပြေတယ်။ အီတလီရဲ့ ရှေးအကျဆုံး ဈေးကြီးဖြစ်ပြီး Milan ရဲ့ Landmark တစ်ခုလည်း ဖြစ်ပါတယ်။ စားသောက်ဆိုင်၊ ဖက်ရှင်အသုံးအဆောင်ဆိုင်တွေနဲ့ တည်ဆောက်ပုံခမ်းနားလွန်းတဲ့ ဈေးကြီးပါ။


အီတလီမှာ သတိပြုစရာ

ree

ခရီးသွားအရမ်းများတဲ့ အရပ်ဖြစ်လို့ ခါးပိုက်နှိုက်လိုမျိုးလည်း ရှိပါတယ်။ သတိပြုရပါတယ်။ တစ်ခါ လမ်းဘေးမှာ ဈေးပေါပေါနဲ့ ချရောင်းတတ်တဲ့ Brand ပုံစံတူ ပစ္စည်းတွေ ဝယ်မှားမှာ စိုးရပါတယ်။ ဒေါ်လာ နဲ့ ယူရို ကို လဲရင် အရမ်းဈေးနှိမ်တတ်လို့ ဖြစ်နိုင်ရင် ယူရိုပဲများများယူသွားပါ။ ကတ်နဲ့ သုံးပါ။ ရထားတွေ ဓါတ်ရထားတွေ စီးနိုင်ဖို့ လေ့လာသင်ယူပါ။ အတော်အကျိုးရှိ အသုံးဝင်ပါတယ်။


ကျွန်တော့်ရဲ့ အီတလီ ခရီးစဉ်လေးကတော့ စိတ်ချမ်းသာစရာ အပြည့်နဲ့ ပျော်ခဲ့ရပါတယ်။ သုခလမ်းညွှန် ခရီးသွားလုပ်ငန်း ရဲ့ အစီအစဉ်နဲ့ သွားခဲ့တာပါ။ အသေးစိတ်တိုင်ပင်ချင်ရင် သုခလမ်းညွှန် ဖုန်း 09 25 29 29 722 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ကိုယ့်ဘာသာ ဖောက်ပြီး သွားတဲ့ နေရာလေးတွေလည်း ရှိပါတယ်။ ဒါတွေကိုတော့ သွားနိုင်အောင် စာလေးတွေဖတ်၊ မိတ်ဆွေတွေရဲ့ အကူအညီနဲ့ မျက်စိမလည်သွားအောင် ကြိုးစားသွားလာရပါတယ်။ ဥရောပ ဟာ တစ်ခါ မက်ပြီးရင် ထပ်ဖန်တလဲလဲ ပြန်မက်ချင်နေမဲ့ အိပ်မက်တစ်ခုဆိုတာ ကျွန်တော်ရဲရဲ ပြောရဲပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Phyo Wai Lynn, Ko Ko Myo

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page