ရာသီမရွေး လှတဲ့ မိုးကုတ်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ရာသီမရွေး လှတဲ့ မိုးကုတ်

မိုးကုတ်မြို့က တကယ်ကို ရာသီတိုင်း အေးမြလှပနေတဲ့ အရပ်လို့တင်စားပါရစေ။ ကျွန်တော် မိုးတွင်းချည်းပဲ ရောက်တာ နှစ်ခေါက်၊ ဆောင်းတွင်း နှစ်ခေါက် ရောက်ခဲ့ပါပြီ။ မိုးကုတ်ကို နှစ်နှစ်လောက် ရှိပြီ မရောက်တဲ့အချိန်၊ ခုတစ်ခါ ပြန်ရောက်တော့ အရာရာက အသစ်အဆန်းကို ဖြစ်နေပြီး လည်စရာနေရာအသစ်တွေလည်း အများကြီးတွေ့လိုက်ရတယ်။ ဘာလို့ နေရာအသစ်အဆန်းတွေ ပိုသိလိုက်ရသလဲဆိုရင် အရင်တစ်ခေါက်လို ကိုယ့်ဘာသာကိုယ် သွားတာမဟုတ်ဘဲ၊ ပုံစံတစ်မျိုးနဲ့ မိုးကုတ်အခြေစိုက် Mogok Ikan Travel ခရီးသွားဝန်ဆောင်မှုနဲ့ ချိတ်ဆက်ပြီး လည်လိုက်လို့ပါပဲ။ Mogok Ikan က မိုးကုတ်အခြေစိုက်မို့ ကား၊ အစားအသောက်၊ တည်းခိုရေး နဲ့ လည်ပတ်ခရီးစဉ် အားလုံးကို စိတ်ချမ်းချမ်းသာသာဖြစ်အောင် စီစဉ်ပေးခဲ့လို့ မိုးကုတ်အနှံ့ မရောက်တဲ့နေရာမရှိအောင်ရယ်၊ သိချင်တဲ့ သမိုင်းအကြောင်းအရာ ဗဟုသုတတွေရယ်ပြီးတော့ ဓါတ်ပုံလှလှတွေရယ်ကို ဝန်ဆောင်မှုတစ်ခါတည်း ပေးတော့ အဆင်ကို ပြေရောပဲ။


မိုးကုတ် ကို ၂ ညအိပ် ၃ ရက် ခရီးလေး

ဒီလောက်ဆို အတော်လုံလောက်ပါပြီ။ Mogok Ikan Travel ရဲ့ ၂ ညအိပ်ဆိုတာ တချို့ Tours တွေရောင်းနေသလို ကားပေါ်မှာ အိပ်ရတာကို ထည့်တွက်တာမဟုတ်ဘဲ၊ ဟိုတယ်ကောင်းကောင်းမှာ ၂ ည အပြည့်အဝ အိပ်စက်ရတာပါ။ လည်ရတာကလည်း ၃ ရက်အပြည့်နီးပါးပဲ။ အသွားက လမ်းမှာ ကားပေါ် ညအိပ်တယ်။ နောက်နေ့ မနက်အစောကြီးရောက်ပြီး ကိုယ်လက်သန့်စင် လို့ စလည်ပတ်ပါတယ်။ မနက်စာ၊ နေ့လည်စာ၊ ညစာ ပြီးတော့ ထူးထူးခြားခြား အဆာပြေဒေသစာအချိန်တွေ ပထမရက်အတွက် အကုန်ပါဝင်ပြီးမို့ အတော်အဆင်ပြေတယ်။ ဒုတိယနေ့ကတော့ ဟိုတယ် မနက်စာ ပါမယ်၊ ပြီးရင် နေ့လည်စာ၊ ညစာ တွေပါမယ်။ တတိယနေ့အထိလည်း ညနေ ၃ နာရီ ကားထွက်ချိန် မတိုင်ခင်ထိ လည်ပတ်ပို့ဆောင်ပေးနေတုန်းပဲ ဆိုတော့ မိုးကုတ်ကို နေရာစုံရောက်ပြီး မစားဖူးတာ မရှိရလေအောင် စေ့စေ့စပ်စပ်လေး လုပ်ပေးတဲ့ စေတနာကို အထင်းသားမြင်ခဲ့ရတယ်။


ဘယ်လိုသွားမလဲ

မိုးကုတ်ကို ရန်ကုန်ကနေ သွားမဲ့သူတွေက ကိုယ်ပိုင်ကားနဲ့ တိုက်ရိုက်သွားလို့ရသလို၊ လေယာဉ်နဲ့ဆိုရင် မန္တလေးကနေ တဆင့် ဆက်သွားရပါမယ်။ အဝေးပြေးကားတွေကလည်း ခုဆို အဆင့်မြင့်ကားတွေ ဖြစ်လာတော့ အတော်အဆင်ပြေနေပါပြီ။ High Class ကားနဲ့ ကျွန်တော် သွားခဲ့တော့ ကားမောင်းတာ အတော်စိတ်ချရတာ သတိပြုမိတယ်။ မတ္တရာ - မိုးကုတ် လမ်းရဲ့ ၉၉၉ ကွေ့ ကို အဆင်ပြေပြေမောင်းနှင်ပို့ဆောင်ပေးတာ သဘောကျမိပါတယ်။ ယာဉ်မယ်လေးတွေကလည်း စေတနာအပြည့်နဲ့ ဝန်ဆောင်ပေးကြတယ်။ လိုအပ်တဲ့ဆေးဝါးတွေ ပေးတာ၊ ကားစထွက်တာနဲ့ ကံစမ်းမဲအစီအစဉ် ပြီးတော့ နောက်တစ်ခါ လက်မှတ်ဝယ်ရင် သုံးဖို့ ၃၀၀၀ ကျပ်လျှော့တဲ့ Gift Voucher တွေ ပေးတာကအစ တော်တော် အဆင်ပြေတာ သတိပြုမိပါတယ်။ မိုးကုတ်သွားရင် ရွေးချယ်ဖို့ စဉ်းစားသင့်ပါတယ်။

မိုးကုတ်ကို မတ္တရာ က တက်တဲ့လမ်း နဲ့ ပြင်ဦးလွင် က တက်တဲ့လမ်း ရွေးလို့ရပေမဲ့ မတ္တရာဘက်က လမ်းကိုတော့ ကွေ့များတဲ့တိုင် လုံခြုံရေးစိတ်ချရလို့ရော၊ လမ်းသင့်တင့်ကောင်းမွန်လို့ ရွေးချယ်သွားလာကြပါတယ်။ ပြင်ဦးလွင် လမ်းက လှပေမဲ့ ကား ၂ စီး ရှောင်ဖို့ လမ်းအကျယ် မရှိသလို၊ လမ်းပိုင်းတချို့လည်း ဆိုးရွားနေပါတယ်။ လုံခြုံရေးအရလည်း အမြဲ သင့်လျော်မှုမရှိဘူးလို့ ယူဆထားကြပါတယ်။


မိုးကုတ် သွားမယ်ဆို မိုးကုတ်မြို့ရဲ့ ဒေသခံခရီးသွားဝန်ဆောင်မှု Mogok Ikan ကို သတိရပါ

မိုးကုတ်မှာ များသောအားဖြင့် ဟိုတယ်တွေဆီကနေ ကားငှားသူ စုံစမ်းရတာ များတယ်။ ကြိုကြိုတင်တင် သိရဖို့ နည်းနည်းခက်တယ်။ ခုလို Mogok Ikan Travel က ဦးဆောင်ပြီး သေချာစီစဉ်ပေးတာ မိုးကုတ် လာလည်သူတွေအတွက် အတော်အားဖြစ်ရတယ်။ ရန်ကုန်/မန္တလေးကနေ အဝေးပြေးကားကနေ၊ ဟိုတယ်ကြီးမှာ တည်းခိုဖို့၊ လက်ရာကောင်း စားသောက်ဆိုင်တွေနဲ့ ဒေသစာတွေ စုံစုံလင်လင်စားနိုင်ဖို့ နဲ့ လည်ပတ်တဲ့နေရာနဲ့ ဗဟုသုတ ရ စရာအကြောင်းတွေ အစုံသိရတဲ့ One Stop Service ဖြစ်နေတာမို့ တန်တာထက်ကို ပိုတယ်လို့ ဆိုနိုင်ပါတယ်။ (၂)ညအိပ် (၃)ရက်၊ ဟိုတယ်၊ အစားအသောက်၊ လည်ဖို့ကား၊ ဂိုက်၊ ဓါတ်ပုံရိုက်ပေးမယ့်သူ အပါ (မိုးကုတ်လာတဲ့ ကားခမပါ) တစ်ယောက် "၁၈၀၀၀၀" ကျပ်ပါပဲ...

မိုးကုတ်ကို Mogok ikan နဲ့လာလည်ချင်တယ် ဆိုရင်တော့ 095010534,09402525708 ကို ဆက်လို့ရပါတယ်။


မိုးကုတ်မှာ နေရာစုံလည်မယ်

မိုးကုတ်ကို လည်ဖို့ဆိုရင် ရှေ့မှာပြောခဲ့သလို ဒေသခံခရီးသွားဝန်ဆောင်မှုနဲ့ မလည်ဘဲ ကိုယ့်ဘာသာလည်း လည်နိုင်ပါတယ်။ နေရာတွေကတော့ ဒီမှာ ပြောပြလို့ သိရမှာပါဗျ။ ဒါပေမဲ့ ဟိုလမ်းရှာ ဒီလူ့မေး နဲ့ ခရီးတော့ မတွင်ဘူးပေါ့။ ချိတ်ဆက်သွားတော့ ဇိမ်လေးနဲ့ အေးဆေး သွားလို့ရတာပေါ့လေ။ မိုးကုတ်ကို လည်မယ်ဆိုတော့ အရှေ့ပိုင်း နဲ့ အနောက်ပိုင်း (ကျပ်ပြင်) ဆိုပြီး ခွဲခြားလည်ပတ်သင့်ပါတယ်။ သူ့အပိုင်းနဲ့သူ လည်ပတ်စရာလည်း များပြားပါတယ်။


ရွှေစည်းခုံစေတီ

သီတဂူဆရာတော်ကြီးတည်ထားတဲ့ ရွှေစည်းခုံစေတီကနေ မြို့နဲ့ တောင်တန်းတွေရဲ့ အလှကို အဝေးကြည့် မြင်ကွင်းကျယ် ရှုမြင်ခံစားကြရပါတယ်။ အနီးမှာ ကမ္ဘာလုံးစေတီတစ်ဆူလည်း ရှိသေးပြီး အခု ရွှေစည်းခုံဟာလည်း အရင်က ကမ္ဘာလုံးပုံစေတီကို ငုံပြီး ပြန်လည်တည်ဆောက်ထားတယ် ဆိုပါတယ်။ ရှုခင်းကြည့်ဖို့ အတော်ကောင်းတဲ့နေရာပါ။


အရှေ့ရွာကျောင်းကြီး ရှေးဘုရားများ

မြို့ထဲဝန်းကျင်မှာပဲ ရှေးဘုရားအဆူဆူကို တွေ့ရတာဟာ မိုးကုတ်ရဲ့ ထူးခြားချက်ပါ။ ချမ်းသာကြီးဘုရားအခြေမှာလည်း ရှေးဘုရားတွေကို တွေ့မြင်ကြရသေးသလို၊ ဗိုလ်ချုပ်လမ်းပေါ်က ကြာနီကန် (ကျောက်မျက်ရုံးနားကကြာကန်) နားမှာရှိတဲ့ ဒီ အရှေ့ရွာကျောင်းကြီး ထဲမှာလည်း ရှေးဘုရားစေတီတွေကို ဖူးမြင်ကြရပါသေးတယ်။ လေ့လာဖူးမြော်စရာကောင်းတဲ့ စေတီအဆူဆူတွေပါ။


လင်းရောင်ခြည် နှစ်ကျိပ်ရှစ်ဆူဘုရား

တောင်တက်ဘုရားဖူးစိတ်ဝင်စားရင် လင်းရောင်ခြည် နှစ်ကျိပ်ရှစ်ဆူဘုရားလည်း ဖူးနိုင်ပါသေးတယ်။ စောင်းတန်းကနေ လှေကားထစ်တွေ တက်ရတာမို့ နည်းနည်းတော့ ဒူးနာကောင်း နာနိုင်ပါတယ်။ မိုးကုတ်ကနေ လှမ်းကြည့်ရင် တောင်မြင့်မြင့်ပေါ်မှာ မြင်ကြရတဲ့ ဘုရားပါ။


ဘုရားတစ်ထောင်ဘုံကျောင်း

တရုတ် သီလရှင်ကျောင်းအဖြစ် လူသိများတဲ့ ဘုရားတစ်ထောင်ဘုံကျောင်းဟာလည်း လည်ပတ်လို့ ကောင်းတဲ့နေရာဖြစ်ပါတယ်။ ဘုံကျောင်း ကို လေ့လာလို့ရသလို တောင်နံရံတွေမှာ တည်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ပေါင်း တစ်ထောင် ကိုလည်း ဖူးမြင်ကြရဦးမှာပါ။


ချမ်းသာကြီးဘုရား

ပြည်ဘုရင်မင်း တည်ခဲ့တယ်လို့ ဆိုတဲ့ ချမ်းသာကြီးဘုရားဟာလည်း မြို့လယ်လောက်မှာ ရှိပါတယ်။ မင်းဘုရားလို့ ရှေးလူကြီးတွေကတော့ ပိုသိကြပါတယ်။ ချမ်းသာကြီးဘုရားကို ခရစ်နှစ် ၁၅၃၈ ခုနှစ်က ပြည်ဘုရင်မင်းခေါင် တည်ခဲ့တာမို့လို့ ခုဆို ၄၈၂ နှစ်သက်တမ်းတောင် ရှိနေပါပြီ။ ချမ်းသာကြီးဘုရားဟာ တောင်ပေါ်မှာ ဖြစ်နေလို့ မိုးကုတ်အရှေ့ပိုင်းရဲ့ အလှကို အနီးကပ် အပေါ်စီး မြင်တွေ့ခံစားရပါသေးတယ်။ အတွင်းမှာ ရုပ်ပွားတော်တွေ ဖူးမြင်ရသလို၊ ချမ်းသာကြီးရဲ့ ပုံတူ ရွှေစေတီ၊ ငွေစေတီတွေလည်း အစစ်နဲ့လုပ်ထားတာတွေ ရှိပါသေးတယ်။ ဘုရားကြီးကို ပြုပြင်တဲ့အခါ ထည့်သွင်းဖို့ ကြိုတင်လှူဒါန်းထားကြတဲ့ ဌာပနာပစ္စည်းတွေကိုလည်း မြင်တွေ့ရပါဦးမယ်။ မိုးကုတ်ဒေသမို့ တွင်းထွက်ကျောက်မျက်ရတနာမျိုးစုံကို လှူဒါန်းထားကြတာ ဖြစ်ပါတယ်။ ဘုရားတက်လမ်းမှာ အမှတ်တရပစ္စည်းအရောင်းဆိုင်၊ ကျောက်မျက်ရတနာအရောင်းဆိုင်လေးတွေလည်း တွေ့ကြရပါသေးတယ်။


သမိုင်းဝင် ရွှေဂူကြီးဘုရား

ချမ်းသာကြီးဘုရားနဲ့ မနီးမဝေးမှာပဲ သမိုင်းဝင် ရွှေဂူကြီးဘုရားကို ဖူးမြင်ကြရပါသေးတယ်။


မဟာမုနိဘုရားကြီး

ပန်းခြံထာပွဲ (ထာပွဲဟောင်း) နားမှာရှိနေတဲ့ မဟာမုနိဘုရားကြီးကိုလည်း လာရောက်လည်ပတ် ဖူးမြော်ကြပါတယ်။


ဖောင်တော်ဦးဘုရား

မြို့လယ်မှာ ထင်ထင်ရှားရှားမြင်တွေ့ကြရတဲ့ ဖောင်တော်ဦးဘုရား ကလည်း မြို့ကို အနီးကပ်ကြည့်နိုင်ဖို့ နေရာကောင်းလည်းဖြစ်သလို၊ သမိုင်းအားဖြင့် ထူးခြားပါတယ်။ မိုးကုတ်လိုတောင်ပေါ်မြို့မှာ ဖောင်တော်ဦးဘုရား ရှိနေတာကို ကျွန်တော်လည်း အမြဲအံ့သြမိတယ်။ သိရသလောက်တော့ ဖောင်တော်ဦးဘုရားတွေ အသီးသီးမျောလိုက်ချိန် ရရှိသွားတဲ့မြို့ရွာတွေထဲ မိုးကုတ်က မပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့ ဖောင်တော်ဦးဘုရားတချို့ ပင့်ဆောင်လှည့်လည် အပူဇော်ခံစဉ်အတွင်းမှာ မိုးကုတ်ကို ရောက်ချိန် ဒုတိယကမ္ဘာစစ်ဖြစ်ချိန်နဲ့ ကြုံလို့ မိုးကုတ်မှာပဲ ဆက်လက်ထိန်းသိမ်းထားရင်း ပြန်လည်ပင့်ဆောင်ဖို့ အကြောင်းမတိုက်ဆိုင်တော့ဘဲ ဒီအရပ်မှာ စေတီတည်ထားကိုးကွယ်ဖြစ်သွားတယ်လို့ သိရပါတယ်။ ဒီ ဖောင်တော်ဦးဘုရား နဲ့ ပုံတူ တစ်ဆူ ထပ်မံထုလုပ်ထားပြီး အကိုးကွယ်ခံ ထားရှိပါတယ်။ ဒီမှာ ထူးခြားတာက ပတ္တမြားပလ္လင်တော် လည်း ပါပါတယ်။ ရွှေနဲ့လုပ်ထားတဲ့ ပလ္လင်၊ ငွေနဲ့လုပ်ထားတဲ့ ပလ္လင်တွေ ရှိနေပြီး ဒီပလ္လင်တွေမှာ အရည်အသွေးပြည့်ဝတဲ့ ကျောက်မျက်ရတနာတွေ စီချယ်ထားပါတယ်။ တချို့ပါဝင်တဲ့ ပတ္တမြားတွေဟာ တစ်ပွင့်ကို သိန်းပေါင်း သောင်းနဲ့ချီတန်တာတွေအထိ ပါဝင်တယ်လို့ ဆိုပါတယ်။


ပတ္တမြားစေတီ

ပတ္တမြားစေတီ ဟာ ရှုခင်းကြည့်လို့ကောင်းတဲ့ စေတီအဖြစ် လူသိများပါတယ်။ မိုးကုတ်အင်းကိုလည်း အပေါ်စီးအနီးကပ် မြင်တွေ့ရပြီး ညနေ နေဝင်ချိန်ကြည့်ဖို့အကောင်းဆုံးနေရာလည်း ဖြစ်ပါတယ်။


ကောင်းမှုတော်စေတီ

မိုးကုတ်မှာ ကောင်းမှုတော်စေတီဆိုပြီး စစ်ကိုင်းက ကောင်းမှုတော်စေတီနဲ့ ပုံစံတူ စေတီတစ်ဆူ တည်ထားတာ တွေ့ရပါတယ်။ အချိုးအစားအားဖြင့်တော့ သေးငယ်ပါတယ်။ ပတ္တမြားစေတီပေါ်ကနေ ဖူးမြင်နိုင်ပြီး သိပ်မနီးမဝေးနေရာမှာ တည်ရှိပါတယ်။


မိုးကုတ်ဆရာတော်ဘုရားကြီး တရားကျင့်ရာဂူ

ဘော်ဗဒါန်းမှာ ရှိတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီး တရားထိုင်တဲ့ဂူ ဆီကိုလည်း အလည်သွားကြ ဖူးမြော်ကြပါတယ်။


မြို့ဦးလွင်ဘုရား

မိုးကုတ်အနောက်ဘက် (ကျပ်ပြင်) ကို သွားပြီဆိုရင် မြို့ဦးလွင်ဘုရားကိုလည်း ဝင်ရောက်ဖူးမြော်နိုင်ပါတယ်။ ဘုံအဆင့်ဆင့်နဲ့ စေတီပုံ ထူးခြားပြီး အပေါ်ဆုံးကနေကြည့်ရင် ရှုခင်းအတော်လှပါတယ်။


ကျောက်လက်ညှိုးစေတီ

မိုးကုတ်အနောက်ဘက် (ကျပ်ပြင်)၊ ဘော်မားရွာ မှာရှိတဲ့ ကျောက်လက်ညှိုးစေတီကလည်း မသွားမဖြစ် သွားစေချင်မိတဲ့နေရာလေးပါ။ ဟိုးစေတီရှိရာနေရာထိကိုတော့ အမျိုးသမီးတွေ တက်ခွင့်မရပေမဲ့ အမျိုးသားတွေကတော့ တက်ရောက်နိုင်ပြီး အဲ့ဒီကနေလည်း ၃၆၀ နီးပါး ရှုခင်းမြင်ကွင်းတွေကို ခံစားနိုင်ပါသေးတယ်။


ကျောက်ပြဿဒ်

ကျောက်ဆောင်လှလှတွေကို မြင်တွေ့ရမဲ့ ကျောက်ပြဿဒ်ဘုရားဆီကိုလည်း လာရောက်ဖူးမြော်ကြပါသေးတယ်။ ရွာလေးတွေရဲ့ ထူးခြားတဲ့ အလေ့အထတွေကို လေ့လာရင်း သွားရောက်ရတာမို့ ကြည်နူးစရာလည်း ဖြစ်စေပါတယ်။


ဒေါ်နန်းကြည်တောင် (မယ်နန်းကြည်တောင်)

ပင်လယ်ရေမျက်နှာပြင်အမြင့် ၅၂၇၇ ပေမှာ ရှိနေတဲ့ ဒေါ်နန်းကြည်တောင် ကိုတော့ ညနေ နေဝင်ချိန်အမီ လာတတ်ကြပါတယ်။ လမ်းတလျှောက် ကျန်းမာရေးလိုက်စားသူ လူကြီးလူငယ်တွေရဲ့ ခြေလျင်တောင်တက်အားကစားလုပ်နေတာတွေကို မြင်ကြရပါတယ်။ ဒေါ်နန်းကြည်တောင်ပေါ်မှာလည်း စေတီတွေ တည်ရှိပါတယ်။ စေတီအထက်ပစ္စယံပေါ်ကို အမျိုးသားတွေတော့ တက်ရောက်ခွင့်ရပါတယ်။ အနီးမှာ ပတ္တမြားစေတီလည်း ရှိပါသေးတယ်။ နေဝင်ချိန်ကို ဒီတောင်ပေါ်ကကြည့်ရင် အတော်လှပါတယ်။ ပတ္တမြားငမောက် နဲ့ ဆက်စပ်နေတဲ့ ဒဏ္ဍာရီလိုလို သမိုင်းလိုလိုအဖြစ်အပျက်တွေနဲ့ ဆက်စပ်နေတဲ့ ဒီနေရာကို ခရီးသွား ဧည့်သည်တွေ စိတ်ဝင်စားကြပါတယ်။ တောင်ပေါ်ကနေ လှပတဲ့ တောင်တန်းကြီးနဲ့ လယ်ကွင်းတွေကို တစ်ဘက်ခြမ်းမှာ တွေ့ကြရပါတယ်။ တစ်ဘက်မှာတော့ ကျယ်ပြောလှတဲ့ ကျပ်ပြင် (မိုးကုတ်အနောက်ပိုင်း) ဒေသကြီးကို တအံ့တသြတွေ့မြင်ရမှာပါ။


ပင့်ကူတောင်

ကားတက်ရခက်နေသေးလို့ အရောက်အပေါက်နည်းနေသေးတဲ့ ဒီတောင်ကိုတော့ ခရီးသွားတွေ တော်ရုံမရောက်ဖြစ်ကြပါဘူး။ ဒေသခံတွေကလည်း နေ့တစ်ပိုင်းအချိန်ပေး တက်ကြရတယ်လို့ ဆိုပါတယ်။ ကျွန်တော်လည်း မိုးကုတ်ကို အခေါက်ခေါက်အခါခါ ရောက်ခဲ့ပေမဲ့ ခုထိ မရောက်နိုင်သေးတဲ့ တောင်ပါပဲ။


ထင်းရှူးတော

ကျောက်လက်ညှိုးစေတီ ကနေ ဆက်သွားခဲ့ရင်တော့ ထင်ရှူးပင်ပုပုလေးတွေနဲ့ စိမ်းစိုလှပနေတဲ့ ထင်းရှူးတောလေးတစ်ခုကို ရောက်ပါဦးမယ်။ လမ်းတော့ မှားတတ်ပါတယ်။ ဒေသခံအများစုကတော့ ပျော်ပွဲစားပုံစံ ဖျာတွေ၊ အစားအသောက်တွေ ယူဆောင်ပြီး လာရောက်အနားယူတတ်ကြပါသေးတယ်။


ကင်းချောင်းအပန်းဖြေစခန်း

ခုလို မိုးတွင်းရေများချိန်ဆို ရေက မြေကြီးရောင်နောက်တောက်တောက်ဖြစ်ပေမဲ့ ရေအားပြင်းတော့ အတော်လှနေတတ်တဲ့ ကင်းချောင်းရေတံခွန်ရှိရာ ကင်းချောင်းအပန်းဖြေစခန်းကိုလည်း သွားသင့်ပါတယ်။ နွေရာသီမှာတော့ အတော်ရေနည်းနေတတ်ပြီး သိပ်မလှတတ်ဘူး။ ဆောင်းတွင်းကတော့ ရေလည်းကြည်ပြီး ရေကျလည်း မနည်းသေးတော့ အဆင်ပြေတတ်ပါတယ်။ တခြားလူငယ်နဲ့ ကလေး ကစားကွင်းတွေ၊ ကာရာအိုကေတွေလည်း ရှိတတ်ပါသေးတယ်။


ပန်းခြံထာပွဲ

မိုးကုတ်မြို့နဲ့ ထာပွဲဆိုတာ ခွဲခြားမရပါဘူး။ ထာပွဲဆိုတာ အလွယ်ရှင်းပြရရင် ကျောက်မျက်ရတနာတွေ ရောင်းဝယ်ဖောက်ကားရာနေရာပါ။ အခုဆို ထာပွဲဟောင်းအဖြစ် ပြောဆိုကြတဲ့ ပန်းခြံထာပွဲ ကိုလည်း သွားရောက်လေ့လာသင့်ပါတယ်။ တကယ်တော့ မိုးကုတ်၊ ကျပ်ပြင် နေရာအတော်များများမှာ ထာပွဲလေးတွေ ရှိနေတတ်တာ သတိထားမိပါတယ်။ ပန်းခြံထာပွဲကတော့ ထီးကြီးကြီးတွေအောက်မှာ စုရုံးဝယ်ရောင်းလုပ်နေကြတာကို မြင်ကြရပါတယ်။


မဏိမင်္ဂလာထာပွဲ

မိုးကုတ်အင်းနားက မဏိမင်္ဂလာထာပွဲ ကတော့ ထာပွဲအသစ်လို့ ပြောကြတယ်။ နှစ် ၈၀၀ ပြည့်ပွဲတော်အပြီးမှာ အမြဲတမ်းထာပွဲနေရာအဖြစ် ပြောင်းလဲခဲ့တာလို့လည်း ဆိုကြပါတယ်။ ဒီမှာတော့ ကျောက်မျက်ရတနာတွေကို စားပွဲတွေပေါ်မှာ ခင်းကျင်းပြသထားလို့ ပိုပြီး စိတ်ဝင်စားစရာကောင်းနေတာ တွေ့ကြရမှာပါ။


ကျောက်တွင်းများ

မိုးကုတ် နဲ့ ကျပ်ပြင် တဝှမ်းမှာတော့ ကျောက်တွင်းတွေလည်း များပါတယ်။ ကျောက်တွင်းတွေဆီ လေ့လာနိုင်ဖို့ နှစ် ၈၀၀ ပြည့်တုန်းက လူကြီးတွေ စီစဉ်ပေးလို့ အလည်ရောက်ခဲ့ပါသေးတယ်။ အတော်စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ အခုတော့ ကျောက်တွင်းတွေ ပိတ်ထားကြပါတယ်။ ပစ်စာကောက်သူ၊ ဗျင်းစာရှာသူတွေကတော့ လုပ်ကွက်ဟောင်းတွေမှာ တူးဖော်လုပ်ဆောင်နေကြတာတွေကိုတော့ လေ့လာခွင့်ရကြပါသေးတယ်။


ရှုခင်းသာ

မိုးကုတ်ရှုခင်းသာ နေရာကလည်း မဖြစ်မနေ သွားသင့်တဲ့နေရာပါ။ ချယ်ရီပွင့်ချိန်ဆို ချယ်ရီပန်းတွေလည်း မြင်ကြရပါသေးတယ်။


သဘာဝလိုဏ်ဂူ

ရှုခင်းသာ နားကပဲ တောင်အောက်ကို လှေကားထစ်တွေအတိုင်း ဆင်းသွားရင် သဘာဝလိုဏ်ဂူတွေဆီ ရောက်ပါမယ်။ အရင်ဆုံး ဂူအသေးလေးတစ်ခုကို တွေ့ကြရပါတယ်။ ဘုရားဆင်းတုတော် အရွယ်မျိုးစုံ ဖူးမြင်ကြရပါမယ်။ သိပ်ဆိုးဆိုးရွားရွား သဘာဝကို ပြင်ဆင်ထားတာ မရှိသေးပါဘူး။ ဂူအကြီးကိုတော့ တချို့အချိန်တွေမှာ သံပန်းတံခါးကြီးနဲ့ ပိတ်ထားတတ်ပါတယ်။ ကျွန်တော်သွားလည်တဲ့နေ့ကတော့ အဆင်ပြေခဲ့တာမို့ ဂူအကြီးထဲကိုပါ လေ့လာခွင့်ရခဲ့ပါတယ်။ အတော်လေး လှတဲ့ ဂူပါ။ မိုးကုတ်မှာ အဲ့လို သဘာဝလိုဏ်ဂူတွေ ရှိသေးပါလားလို့ သိလိုက်ရတယ် ဆိုပါတော့။



ရေပူကန်

ရေပူရွာ မှာရှိတဲ့ ရေထွက် ရေကန်လေးဟာလည်း ကြည်လင်နေပြီး ဒေသခံတွေရော၊ ခရီးသွားတွေပါ လာရောက်အနားယူရေဆော့ကြတဲ့နေရာပါ။ ငါးလေးတွေပါ ကူးလူးနေကြတာကို တွေ့မြင်ကြရပါဦးမယ်။


ပတ္တမြားဈေး

အောင်ချမ်းသာဈေး လို့လည်း ခေါ်ကြတဲ့ ပတ္တမြားဈေး ဟာလည်း မနက်ခင်းရော နေ့ခင်းပါ လည်ပတ်လေ့လာလို့ကောင်းတဲ့ ဈေးပါ၊ ဈေးဝန်းကျင်မှာ မိုးကုတ်ဒေသထွက် အစားအစာမျိုးစုံ ဝယ်ယူရရှိနိုင်တာမို့ အိမ်ပြန်လက်ဆောင်တွေလည်း လာရောက်ဝယ်ယူနိုင်ကြပါတယ်။


ညဈေး

မိုးကုတ် ညဈေး ဟာ မဖြစ်မနေ လည်ပတ်စားသောက်သင့်တဲ့နေရာပါ။ ကျွန်တော် သိပ်ကြိုက်လို့ မိုးကုတ်ရောက်တိုင်းစားဖြစ်တဲ့ မိုးကုတ်ထမင်းပေါင်းလိုမျိုး အပါအဝင် မိုးကုတ်အစားအစာတွေကို ဒီမှာ လည်ပတ်စားသောက်နိုင်ပါတယ်။ ထူးခြားတာက ညဘက်မှာ ဈေးဝယ်ဈေးရောင်းစားသောက်ကြသူတွေ ဘယ်လိုပဲများများ၊ မနက်ဆို အမှိုက်မရှိ သန့်ရှင်းနေအောင် သိမ်းဆည်းနိုင်တာမို့ အတော်ချီးကျူးမိပါတယ်။


အာဒံဧဝ အပန်းဖြေစခန်း

မိုးမိတ်သွားတဲ့လမ်းပေါ် က အာဒံဧဝ အပန်းဖြေစခန်း က ဒေသခံတွေရော ခရီးသွားတွေရော ကြိုက်ကြပါတယ်။ လက်ဖက်ခင်းကြီးနဲ့ သဘာဝဆန်လို့ ခရီးသွားတွေ ကြိုက်ကြသလို၊ ဒေသခံတွေကလည်း ရေကူးကန်ကြီးကို သဘောကျနေကြတာပါ။ တကယ်ကို အသက်ရှုဝတဲ့နေရာလေးပါပဲ။ သိပ်သာယာပါတယ်။ တိုင်းရင်းသားဝတ်စုံတွေ ငှားရမ်းဝတ်ဆင်နိုင်ပါသေးတယ်။


ဘရဏီပန်းခြံ

မိုးကုတ်ကနေ ကျပ်ပြင်ဘက်အသွား အထွက်နားလေးက ဘိုးဘွားရိပ်သာရှိတဲ့ဘက်ကို တက်သွားရင် ရောက်ပါတယ်။ ခေတ်မီပုံစံ အပန်းဖြေစခန်းပေါ့။ ရေကူးကန်လည်းရှိသလို၊ လှမယ်ထင်တာလေးတွေ အစုံ ထည့်သွင်းထားတာ သတိပြုမိပါတယ်။ ကျွန်တော်ကတော့ အဲ့လိုပုံစံလေးတွေ သိပ်သဘောမကျပေမဲ့ ဒေသခံလူငယ်တွေကတော့ သဘောကျကြတာ တွေ့ရတယ်။ ကျွန်တော်က အဲ့က ကော်ဖီဆိုင်လေးတော့ သဘောကျမိပါတယ်။


ဘာသာပေါင်းစုံချစ်ကြည်စွာနေထိုင်တဲ့အရပ်

မိုးကုတ်ဟာ တကယ်ကို ဘာသာပေါင်းစုံ သင့်တင့်ချစ်ကြည်စွာနေထိုင်တဲ့အရပ်ပါ။ ဟိန္ဒူကျောင်းတွေ၊ ဆစ်ခ်ကျောင်းတွေ၊ ခရစ်ယာန်ကျောင်းတွေ၊ စေတီပုထိုး နဲ့ ဗလီတွေ မျိုးစုံရှိပြီး သူ့ထူးခြားချက်နဲ့ သူ ပါပဲ။ နှစ်ရာကျော်ရှိပြီဖြစ်တဲ့ သီရိရာမချန္ဒရာ ဟိန္ဒူဘုရားကျောင်း လိုမျိုးလည်း လေ့လာစရာတွေ ရှိသလို၊ မြို့တွေ ရွာတွေပေါ်က ဘုရားကျောင်းအမျိုးမျိုးကလည်း သူ့အလှနဲ့သူ စိတ်ဝင်စားစရာတွေချည်း ဖြစ်ပါတယ်။


ဘယ်မှာတည်းခိုမလဲ

မိုးကုတ် မှာ ခုဆို ရွေးချယ်စရာ ဟိုတယ်ကြီး ဟိုတယ်ကောင်းတွေ အတော်များလာပါပြီ။ Mogok Ikan ကလည်း ဟိုတယ်ကြီးတွေကိုပဲ သေချာရွေးချယ် စီစဉ်ပေးပါတယ်။ ကျွန်တော် တည်းခဲ့သမျှထဲမှာ ဘယ်အခါလာလာ စိတ်ချမ်းသာမှုအပေးဆုံးကတော့ Mogok Hill Hotel ပါပဲ။ မနက်စာဘူဖေး ကို မိုးကုတ်ရှုခင်းလှလှကြီး အနီးကပ် အပေါ်စီးက ကြည့်စားရတာ သိပ်အရသာရှိတာပဲ။ အထပ်မြင့်က အခန်းတွေဆို မြင်ကွင်းကျယ် ပြတင်းပေါက်နေ မိုးကုတ်ကို မြင်ကြရသေးတယ်။ အခန်းတွေကို စနစ်တကျ ပိုးသတ်ထားတာက အစ အတော်လေး အဆင်ပြေတယ်။ ဝန်ထမ်းတွေကတော့ အမြဲ ဖော်ရွေနေတာမို့ အထူးပြောစရာတောင် မလိုဘူး။

ပုံမှန် ဟိုတယ်ခက ဈေးအတန်အသင့်ရှိပေမဲ့ Mogok Ikan နဲ့ သွားတာ ပြန်တွက်ကြည့်ရင် ပိုတန်နေတယ် တွေးမိသွားစေတယ်။


တကယ်တော့ မိုးကုတ်ဟာ လည်လို့ မဆုံးအောင်ကို ယဉ်ကျေးမှုစုံတဲ့အရပ်၊ လူနေထိုင်မှုပုံစံ စုံတဲ့အရပ်၊ ဘာသာပေါင်း စုံတဲ့အရပ် လို့တောင် ပြောရပါမယ်။ အရင်အခေါက်လည်ပတ်တာတွေထက် ပိုပြီး သေချာလည်ပတ်ခဲ့ရတာမို့ ဒီနှစ် မိုးကုတ်ခရီးကတော့ ကျွန်တော်အကျေနပ်ဆုံးလို့ပဲ ဆိုချင်ပါတော့တယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Myo (Mogok ikan)

Camera :: SONY Alpha 7II with 16-35mm Lens, Samsung Galaxy Note 10+

Photos are modified in Lightroom by Thiha Lu Lin.

1,017 views0 comments
bottom of page