Search
  • Thiha Lu Lin

ခရီးသွားလမ်းညွှန်နေသူတွေရဲ့ ဆန္ဒလေးများ

Updated: May 29


ခရီးသွားဖြစ်ဖို့ လမ်းညွှန်နေသူတွေရဲ့ ရင်ထဲက ဆန္ဒလေးတွေကို မနေ့က အကြောင်းတိုက်ဆိုင်လို့ ရင်ဖွင့်ခဲ့ကြတယ်။


ကျွန်တော် တလောလေးက ခရီးသွားအညွှန်းတွေ ရေးနေကြတဲ့ Travel Blogger တွေရဲ့ လိပ်စာလေးတွေ စုစည်းပြီး တင်ပေးခဲ့တာ မှတ်မိဦးမယ် ထင်ပါတယ်။ ကျွန်တော်တို့တတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ဒီ ခရီးသွားစာလေးတွေကို ရေးသားဖြစ်ကြရင်း စာဖတ်သူတွေဟာလည်း ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ကျွန်တော်တို့ ညွှန်းဆိုကြတဲ့နေရာလေးတွေကို သွားရောက်လည်ပတ်ခဲ့ကြတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ပြည်တွင်း၊ ပြည်ပ က ခရီးသွားစာပေရေးသားသူတွေရဲ့ အညွှန်းလေးတွေကို ဖတ်၊ မှတ်ပြီး ခရီးတွေ သွားခဲ့တာပါ။ ဒါကြောင့်လည်း လိုတာထက် ပိုပြီး ခရီးတွင်၊ အဆင်ပြေခဲ့ပါတယ်။


ဒီနေရာမှာ တစ်ခု သတိထားမိတာက ခရီးသွားအညွှန်းလေးတွေ ဖတ်ပြီး သွားရောက်လည်ပတ်ကြသူတွေက တခြားနိုင်ငံကို လည်ပတ်တဲ့အခါမှာ သိပ်စည်းကမ်းလိုက်နာကြပြီး၊ ကိုယ့်နိုင်ငံတွင်းက လည်ပတ်စရာတွေ သွားတဲ့အခါမှာတော့ စည်းကမ်းရှိမှု အရမ်းအားနည်းကြတယ်ဆိုတာပဲ။ ဘယ်သူတွေ စည်းကမ်းမရှိတာလဲဆိုပြီး လက်ညှိုးထိုးရမယ်ဆိုရင် ကျွန်တော်ကိုယ် ကျွန်တော် အရင်ထိုးပြမိမယ်။


ကျွန်တော်တို့တွေ ကိုယ့်တိုင်းပြည်ထဲက လည်ပတ်စရာနေရာအသစ်လေးတွေ သွားလည်ကြရင် အတော်များများ ကိုယ့်အမှိုက်ကိုယ်တောင် မသိမ်းချင်ကြဘူး။ ရေသန့်ဘူး၊ စနိုးတာဝါက အစ အချဉ်ထုပ်နဲ့ နေကြာခွံ အဆုံး သင့်ရာ သင့်ရာ လွယ်လွယ်ကူကူ လွှင့်ပစ်လိုက်ကြတယ်။ လွှင့်ပစ်တုန်းကတော့ ကိုယ်က အရင်ပဲ၊ တွေးလိုက်သေးတာက ငါ တစ်ယောက်တည်း လွှင့်ပစ်ရုံနဲ့ ဘာမှ ဖြစ်မသွားပါဘူးပေါ့။ တစ်ယောက်ကနေ တစ်ဆယ်၊ တစ်ဆယ်ကနေ တစ်ရာ၊ တစ်ရာ ကနေ တစ်ထောင် နဲ့ ကြာတော့ အမှိုက်ပုံကြီး ဖြစ်လာတယ်။ ပြီးတော့ အလွယ်တကူ ကြေပျက်လွယ်တဲ့ အမှိုက်မျိုးမဟုတ်လို့ ဒါကြီးတွေက နောက်လာမဲ့ ဧည့်သည်တွေအတွက် စိတ်ပျက်စရာ ဖြစ်လာတယ်။

ကမ်းခြေအသစ်၊ ရေတံခွန်အသစ် ဆိုတာနဲ့ အစောဆုံးသွားနိုင်ရင် သွား၊ မသွားနိုင်လို့ကတော့ ဘီယာနဲ့ အရက်ခွံပုံကြီးတွေကြားတည်း ရေဆော့နေရမယ်။ အပန်းဖြေပန်းခြံသစ်နဲ့ အများသုံးကစားကွင်းသစ်လား။ မကြာဘူး ရေသန့်ခွံ၊ အအေးဘူးခွံ နဲ့ ပလတ်စတစ်အိတ်တွေ ပွစာကြဲနေတဲ့ကြား အပန်းဖြေကစားနေရလိမ့်မယ်။ ဒါတွေက တစ်ယောက်စပြီး နောက်နောင်ပွားလာတဲ့ ကိစ္စရပ်တွေပါ။ ဒီနေရာမှာ လိုအပ်တာကလည်း အမှိုက်ပုံးကိစ္စ၊ ဘယ်သူကမှ အမှိုက်ပုံးတွေကို လုံလုံလောက်လောက် မထားချင်ကြဘူး။ အမှိုက်ပုံးပြီးရင် အမှိုက်သိမ်းစနစ် နဲ့ သန့်ရှင်းရေးဝန်ထမ်း၊ ပြီးတော့ လစာ။ ဒါတွေ ထည့်စဉ်းစားနေရတော့ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး။ ခရီးသွားတွေက ကိုယ့်ကိစ္စ ကိုယ်တာဝန်ယူသွားရင်တော့ ကိုယ်တင်မကဘူး ကိုယ့်ရဲ့ နောင်လာနောက်သား သားစဉ်မြေးဆက်တွေပါ ဒီနေရာလေးကို သဘာဝအလှမပျက် လည်ပတ်နိုင်မဲ့ အခွင့်အရေးလေး လက်ဆင့်ကမ်းပေးနိုင်ဖို့ ဝိုင်းဝန်း စဉ်းစား လုပ်ဆောင်ကြရမှာပါ။ တတ်နိုင်သမျှ ခရီးသွားလည်ပတ်တဲ့နေရာမှာ အမှိုက်မပစ်ဖို့၊ ပစ်တဲ့အမှိုက်ဟာ ကြေပျက်လွယ်တဲ့ အမှိုက်မျိုးသာ ဖြစ်သင့်ပြီး ပလတ်စတစ်လို နှစ်ပေါင်းများစွာ မကြေပျက်နိုင်တဲ့ ပစ္စည်းမျိုးတွေ မဖြစ်ဖို့ ကျွန်တော်တို့ ခရီးသွားသူတိုင်း စဉ်းစား လုပ်ဆောင်ကြရမှာပါ။


ကျွန်တော်တို့ ခရီးသွားစာရေးသူတွေကလည်း စာတိုင်းမဟုတ်တောင် သင့်လျော်သလိုတော့ အမှိုက်ကိစ္စ၊ သဘာဝအလှမပျက်စေဖို့ကိစ္စတွေကို ပြောပြတတ်ပါတယ်။ ဒါဟာ ဆရာကြီးလုပ်တာ မဟုတ်ဘဲ၊ တကယ်ကို လူတိုင်း လူတိုင်း ကိုယ် အခု မြင်နေရတဲ့ သဘာဝအလှအပကို ခံစားရသလို ခံစားစေချင်လို့ဆိုတဲ့ စေတနာသက်သက်တွေပါ။


ကျွန်တော်တို့ မြန်မာလူမျိုးတွေ အပျော်သိပ်ကြိုက်တယ်။ ပျော်ပြီဆိုရင်လည်း ဘီယာတွေ အရက်တွေ ပါလာတယ်။ မိန်းကလေးတွေတောင် စပိုင်လောက်မှ။ ဒီလိုတွေရဲ့နောက်မှာ ဖြစ်လာတဲ့ အခွံအမှိုက်ပြဿနာကလည်း ကြီးပါတယ်။ ဒါလေးတွေကို တတ်နိုင်သမျှ ရှောင်ပြီး စိတ်ကို အရက် မပါဘဲ ပျော်ကြည့်စေချင်မိပါတယ်။


မေလ (၂၀)၊ ၂၀၁၇ ခုနှစ်ဟာ ကျွန်တော်တို့ Travel Blogger တွေအတွက် ထူးခြားတဲ့နေ့လေးလို့ ဆိုရမယ်။ ဒီလူတွေကို ခုလို တစုတစည်းတည်း မြင်တွေ့ရဖို့ဆိုတာ ခက်ခဲပါတယ်။ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ် အချိန်မပေးနိုင်ကြသူတွေချည်း ဖြစ်တဲ့အပြင်ကိုမှ ဒီလူတွေဟာလည်း တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာ မြင်ဖူးတွေ့ဖူးသူတွေ မဟုတ်ကြပါဘူး။ ခုလို ဆုံတွေ့ကြခြင်းရဲ့နောက်မှာ ခင်မင်ရင်းနှီးခြင်းဆိုတာလည်း ကပ်ပါလာပါတယ်။ အဲ့ဒီ ထူးခြားတဲ့နေ့လေးဖြစ်စေဖို့ ဆုံဆည်းစေလိုက်သူက ကို Tiger ပါ။ Miss Earth Myanmar Official ရဲ့ National Director တစ်ဦးဖြစ်ပြီး နိုင်ငံအတွက် အရေးပါတဲ့ ခရီးသွားလုပ်ငန်းကို ပိုပြီး အသက်ရှည်စေချင်သူတစ်ဦး ဖြစ်ပါတယ်။ မနေ့က Miss Earth Myanmar ရဲ့ ဦးဆောင်မှုနဲ့အတူ ကျွန်တော်တို့ Travel Blogger တွေ ခရီးသွားလမ်းညွှန်တဲ့အခါ သဘာဝဝန်းကျင်ကို စောင့်ရှောက်ရင်း ကိုယ် အခုမြင်နေရတဲ့ သဘာဝအလှအတိုင်း နောင် ကိုယ့်ရဲ့ သားစဉ်မြေးဆက် မြင်နေနိုင်အောင် ထိန်းသိမ်းသွားဖို့ လုပ်ဆောင်သင့်တဲ့ကိစ္စရပ်တွေကို တိုင်ပင်ဆွေးနွေးခွင့်ရခဲ့ကြပါတယ်။

အရင်ကတည်းကလည်း အမှိုက်နဲ့ သဘာဝ ဝန်းကျင် ဆက်စပ်မှုကို အမြဲဆင်ခြင်မိတတ်တဲ့ ကျွန်တော်က ရေသန့်ဘူးခွံအသစ်မှာ ပါလာတတ်တဲ့ ဗူးအဖုံး ပလတ်စတစ်လေးကအစ လွယ်အိတ်ထဲ ထည့်သိမ်းပြီး အမှိုက်ပုံးမှာပဲ စွန့်ပစ်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော်လည်း လွတ်တတ်ပါတယ်။ အလွယ်ပစ်ချလိုက်မိတဲ့ ပလတ်စတစ်အိတ်နဲ့ အအေးဘူးခွံတွေက ခုတော့ အိပ်မက်ဆိုးတွေလိုပါပဲ။ ဘာပဲဖြစ်ဖြစ် ရှေ့လျှောက်လည်း ကျွန်တော် စည်းကမ်းပိုရှိအောင် ကြိုးစားသွားရဦးမှာပါ။ ဒါမှလည်း ကျွန်တော် ခုမြင်တွေ့နေရတဲ့ သဘာဝ အလှအပတွေ၊ ရေတံခွန်၊ အင်းအိုင်၊ တောင်တန်း နဲ့ ကျွန်တော်ချစ်တဲ့ မြန်မာပြည်ကြီးကို ကျွန်


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

0 views
About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter