ဒုံးယိမ်းမြေက လွန်းညရေပြာအိုင်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ဒုံးယိမ်းမြေက လွန်းညရေပြာအိုင်

ကရင်ပြည်နယ်၊ ဘားအံ - ကော့ကရိတ်လမ်းပေါ်၊ ချစ်သူမြိုင်ကျော်သွားရင် တွေ့ရမဲ့ လွန်းညရေပြာအိုင် ကို ကျွန်တော် လည်လည်ရောက်ဖြစ်ခဲ့တယ်။ ဒီဘက်ပိုင်းက နယ်ခံတွေကတော့ လွန်းညရေပြာအိုင်ဆိုတဲ့ နာမည်လှလှလေးထက် ဗျိုင်းနှစ်ကောင်ကျောင်း ရေပြာအိုင်ဆိုတာကို ပိုပြီး သိကြတယ်လို့ မှတ်ထားလိုက်မိတယ်။ ဗျိုင်းနှစ်ကောင်ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိတဲ့ ထူးခြားလှပတဲ့ ရေပြာအိုင်လေးတစ်ခုပါပဲ။ တောင်ကျရေတွေ စီးဆင်းလာပေမဲ့ အဲ့ဒီရေတွေက ပြာမနေခဲ့ပေမဲ့ ဒီနေရာအရောက်မှာတော့ ပြာလဲ့သွားတယ်လို့ ဆိုပါတယ်။ ဓါတ်တစ်မျိုးမျိုး ရှိပုံရပါတယ်။ သာယာတဲ့ လွန်းပြာရေပြာအိုင်လေးက နေ့လည်ပိုင်း ကနေ ညနေပိုင်းထိကို လူစည်ကားနေတတ်တယ်။ အထူးသဖြင့် နယ်ခံဒေသခံ လူငယ်လေးတွေရှိကြတယ်ပေါ့ဗျာ။



လွန်းညရေပြာအိုင်က လူငယ်တွေအလာများတယ်ဆိုပေမဲ့ တခြားရေပြာအိုင်တွေနဲ့ မတူတာက အရက်သေစာ လုံးဝ ရောင်းချခြင်းမရှိဘူးရယ်။ ဒီတော့ လာတဲ့လူတွေက စိတ်ကြည်ကြည်နူးနူး အပန်းဖြေရေကစားနိုင်တယ်။ အိုင်က နက်တယ်ပြောလို့ရတယ်။ ကမ်းကနေ သိပ်မကွာခင်မှာဘဲ လူငယ်တစ်ယောက်ရဲ့ ရင်ဘတ်လောက် ရေရောက်သွားတာ သတိပြုမိတယ်။


အိုင်ဝန်းကျင်မှာ ရေသူမအရုပ်တွေ၊ ကျောက်ဆောင်တွေနဲ့ အလှဆင်ထားတယ်။ ဘေးဘက်ခြမ်းမှာတော့ တောင်ကြီးတစ်တောင် ရှိနေပြီး လှေကားထစ်လေးတွေနဲ့ တောင်ထိပ်တက်သွားရင် ဘုန်းကြီးကျောင်းနဲ့ စေတီလေးတစ်ဆူ တွေ့ရမယ်။ ရေပြာအိုင်မှာ ရေကစားသူတွေ အဆင်ပြေအောင် အဝတ်လဲခန်းတွေ ရှိတယ်။ အရမ်းတော့ အကောင်းကြီးမဟုတ်ဘူးပေါ့ဗျာ။ ရေကစားပြီးရင် လိမ်းဖို့ သနပ်ခါးကျောက်ပြင်နဲ့ သနပ်ခါးတုံးတွေ ထားပေးထားတယ်။ သနပ်ခါးမသွေးချင်ရင်လည်း အသင့်လိမ်းနိုင်တဲ့ သနပ်ခါးဘူးတွေ ထားပေးထားတယ်။ မှန်တွေရောပဲ။ ယောကျ်ားလေးတွေရော၊ မိန်းကလေးတွေရော ဒီနေရာမှာ သနပ်ခါးလေး လူးပြီးမှ ပြန်ကြတာ သဘောကျစရာပါ။


လွန်းညရေပြာအိုင်ရဲ့ အဝင်မှာ ဆိုင်းဘုတ်ကြီးနဲ့ အတူ လက်နက်ကိုင်အဖွဲ့အစည်းက တာဝန်ရှိသူတွေကို လက်နက်တွေနဲ့ အသင့်စောင့်ဆိုင်း လုပ်အားပေးနေတာ တွေ့ရမယ်။ ကားရပ်နားဖို့အတွက် နေရာကတော့ ရေပြာအိုင်အဝင်လမ်းရဲ့ တစ်ဘက်ခြမ်းမှာ အကျယ်ကြီးပေးထားတယ်။ နည်းနည်းကြောက်ရတာက လမ်းဖြတ်ကူးရင် ကားတွေကို သေချာကြည့်ရှောင်ရတာပဲ။ လက်နက်ကိုင်အဖွဲ့အစည်းက တာဝန်ရှိသူက ဒီလို လမ်းကူးရင် ကားတွေကို တားပေးတာမျိုးလည်း တာဝန်ယူလုပ်ဆောင်ပေးတတ်ပါတယ်။ ဒီရေပြာအိုင် ကိုရောက်ဖို့ အထဲကို နည်းနည်းလမ်းလျှောက်ဝင်ရတဲ့ သစ်ပင်တန်းလေးတစ်ခုကို ဖြတ်ရတယ်။ အဲ့ဒီနေရာမှာ ကားတွေ၊ တွန်းလှည်းတွေ၊ ဆိုင်ကယ်တွေနဲ့ လာပြီး ဈေးရောင်းတဲ့ ဈေးသည်တွေရှိတယ်။ ဒီနေရာကို ဖြတ်လာရင် လယ်ကွက်တွေလိုလို၊ ကန်လိုလို နေရာကို တံတားရှည်ကြီး ထိုးပေးထားတာကို ဆက်ဖြတ်ရတယ်။ အဲ့ဒီမှာ ဗျိုင်းနှစ်ကောင်ရုပ်တုနဲ့ မုခ်ဦးရှိပြီး ရှင်ဥပ္ပဂုတ္တရဲ့ အဆောင်ထားပေးထားတာ တွေ့ရတယ်။ အဲ့ဒီနေရာက စပြီး ရေ စ ပြာတာကို သတိထားမိကြပါမယ်။ ပြီးရင် ကျွန်းလို နေရာတစ်ခုရောက်ပြီး ယိုးဒယားသင်္ဘောသီးထောင်းလိုမျိုး အဆာပြေမုန့်တွေရောင်းတဲ့ ဆိုင်လေးတွေ တွေ့ရမယ်။ ရေကစားနေသူတွေကို ပျော်ရွှင်စွာနဲ့ ဒီနေရာကစပြီး တွေ့ရပါပြီပေါ့ဗျာ။


ရေနက်ပိုင်းတွေရှိလို့ သစ်ပင်ထက်ကနေ ဒိုင်ဗင်ထိုးနေသူတောင် တွေ့ရပါတယ်။ ရေက ကြည်တာထက် ပြာနောက်နောက်လေး ဖြစ်နေတတ်တယ်။ ဒီနေရာမှာ နွေရာသီဆိုရင် ရေခန်းပြီး ရေလည်း မပြာလို့ ဒီနေရာကို ဒီလိုအချိန်လာပြီး ရေဆော့ကစား၊ လာလေ့လာတာ အကောင်းဆုံးလို့ ညွှန်းဆိုကြပါတယ်။


သတိပြုရမှာက - စည်းကမ်းအရမ်းကြီးတယ်။ သောက်စားမူးယစ်တာမျိုး၊ ရမ်းကားတာမျိုး လုပ်လို့မရဘူး။ ဒေသခံတွေကို အလေးထားရမယ်။ မိန်းကလေးတွေကို စနောက်တာမျိုး မလုပ်ရဘူး။ ကန်ထဲမှာ ကွန်ပစ်တာ၊ ငါးဖမ်းတာ၊ ပိုက်ထောင်တာ လုပ်လို့မရဘူး။ ထူးခြားစွာပဲ အပြစ်လုပ်ရင် ကြိမ်ဒါဏ်တွေ အနည်းဆုံး (၁၅) ချက် အရေးယူ အရိုက်ခံရနိုင်ပါတယ်။ ဘုန်းကြီးကျောင်းဝန်းဖြစ်လို့ အပန်းဖြေသူတွေအတွက် မူးယစ်ရမ်းကားသူ မရှိဘဲ မိသားစု အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်မဲ့ ရေပြာအိုင်လေး ဖြစ်ပါတယ်လို့ ခရီးသွားချစ်သူတွေကို ဝေမျှအပ်ပါတယ်ခင်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

201 views0 comments
bottom of page