• Thiha Lu Lin

ပြင်သစ်နိုင်ငံ က Louvre ပြတိုက် ကို ခရီးသွားစရာမလို Online ကနေ အခမဲ့ လေ့လာနိုင်

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အချိန်အတော်ကြာပိတ်ထားခဲ့ရတဲ့ Louvre ပြတိုက် ကို အခုအခါ Online ကနေ အခမဲ့ ဝင်ရောက်လေ့လာနိုင်ဖို့ ပြင်ဆင်ထားပြီလို့ သိရပါတယ်။ ကပ်ကာလအတွင်းမို့ အမြဲလိုလို လူကျပ်နေတတ်တဲ့ ဗီးနပ်စ်နတ်သမီးရုပ်တု၊ မိုနာလီဇာပန်းချီကား စတဲ့ နာမည်ကျော်အနုပညာလက်ရာတွေဟာလည်း သူတို့ ပရိတ်သတ်ကို လွမ်းဆွတ်နေကြပြီလို့တောင် ဆိုနိုင်ပါတယ်။



"အခုတော့ လူသိအနည်းဆုံး အနုပညာလက်ရာတွေကနေ အဖိုးတန်အနုပညာလက်ရာတွေအထိ အကုန် ဖုန်သုတ်သန့်စင်နေပါပြီ။ ဒါ့အပြင် ဖုန်း နဲ့ ကွန်ပျူတာကနေ တဆင့် ဘယ်သူမဆို အခမဲ့ ဝင်ရောက်လေ့လာနိုင်ဖို့ ပထမဆုံးအကြိမ် ဖန်တီးတင်ဆက်ထားပါတယ်။ ဒီအထဲမှာ ပြတိုက်မှာ ပြသထားတဲ့ အနုပညာပစ္စည်းတွေရော၊ အခြားကို ငှားရမ်းထားတဲ့ ပစ္စည်းတွေရော ပြသထားဖို့ စီစဉ်ထားပါတယ်။" လို့ Louvre ပြတိုက်ရဲ့ ဥက္ကဋ္ဌဖြစ်သူ Jean-Luc Martinez က CNN ကို ပြောသွားခဲ့ပါတယ်။


အွန်လိုင်းက လေ့လာသူတွေဟာ ပြတိုက်ထဲက စုဆောင်းထားတဲ့ပစ္စည်းတွေကို သက်ဆိုင်ရာကဏ္ဍအလိုက် နှစ်သက်သလို ရှာဖွေ လေ့လာနိုင်ပြီး Website မှာ မြေပုံ ကိုလည်း ထည့်သွင်း ဖန်တီးပေးထားတဲ့အတွက် တစ်ခန်းပြီးတစ်ခန်း ဝင်ထွက်လေ့လာရသလိုလည်း လုပ်ဆောင်နိုင်ပါသေးတယ်။ Website ကို အတွေ့အကြုံရင့်ကျက်တဲ့ ပြတိုက်မှူးတွေက ပုံမှန် ရေးသားထည့်သွင်းတင်ဆက်သွားဖို့ရှိလို့ ပိုပြီးပြည့်စုံလာမှာလို့လည်း သိရပါတယ်။ အခု ပြတိုက်ပိတ်ထားရတဲ့ ကာလတွေမှာတော့ Louvre ပြတိုက် ကို အကြီးစားပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံ ကို အလည်သွားဖို့ ဈေးကြီးသလို၊ ပြတိုက်ဝင်ကြေးလည်း မြင့်မားတဲ့ အခုလို ကမ္ဘာကျော်ပြတိုက်ကြီးကို အွန်လိုင်းကနေ အခမဲ့ ဝင်ရောက်လေ့လာနိုင်တဲ့အခွင့်အရေးဟာ အားလုံးအတွက် တန်ဖိုးရှိတယ်လို့ ယူဆမိပါတယ်။