ဒေသတွင်းခရီးသွားလုပ်ငန်းလေးတွေ အောင်မြင်ချိန်ရောက်တော့မလား?
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ဒေသတွင်းခရီးသွားလုပ်ငန်းလေးတွေ အောင်မြင်ချိန်ရောက်တော့မလား?


ထားဝယ်က ဒေသတွင်းခရီးသွားလုပ်ငန်းရဲ့အစီအစဉ်နဲ့ ကမ်းခြေညအိပ်ခရီး

မြန်မာတွေ ခရီးသွားလာမှုအများဆုံး နှစ်တွေကို ကျွန်တော်တို့ ဖြတ်သန်းနေကြရတယ်လို့ ကျွန်တော်တော့ ယုံတယ်။ ကျွန်တော် ကလေးအရွယ်က ပြည်ပ ခရီးသွားဖို့ဆိုတာ အတော်လေး ကြိုးစားရတဲ့ အနေအထားတစ်ခုရှိခဲ့တယ်။ အဲ့ဒီအချိန်မှာ ပြည်တွင်း ခရီးသွားလာနေကြသူဆိုတာကလည်း အစိုးရဝန်ထမ်းတွေ၊ မှောင်ခိုတွေ၊ ကုန်သည်တွေ လောက်ပါပဲ။ ရာသီအချိန်အခါလေးမှ ဘုရားဖူးကားကြီးတွေ ထွက်ကြ သွားကြ လာကြပေါ့။ ခုလောက်လည်း နေရာစုံ လည်ရကောင်းမှန်းမသိကြသေးဘူးဆိုရမယ်။ လွန်ခဲ့တဲ့ ၅ နှစ်လောက်မှာ ပြည်တွင်းခရီးသွားလုပ်ငန်းကို ပုံစံသစ်တစ်ခုက လုပ်ငန်းခွင်မှာ မွန်းကြပ်နေတဲ့ လူငယ်တွေကို စိတ်လှုပ်ရှားသွားစေတယ်။ နေ့ချင်းပြန် ခရီးစဉ်လေးတွေကို အပြိုင်အဆိုင် မိတ်ဆက်လာကြတာကြောင့် ကျွန်တော်ဆိုလည်း သောကြာည ဖြစ်ဖြစ် စနေည ဖြစ်ဖြစ် အလုပ်ပြီးတာနဲ့ ထလိုက်သွားတယ်။ စနေည၊ တနင်္ဂနွေည အရမ်းမနက်ခင် ရန်ကုန်ပြန်ရောက်လာတတ်တော့ ရုံးတက်ရသူလူငယ်တွေရဲ့ အပန်းဖြေရာ ဖြစ်လာတယ်။ ဒါပေမဲ့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာပဲ ခရီးသွားစာရေးတဲ့ လူငယ်တွေ ပေါ်ပေါက်လာပြီး ကျန်းမာတုန်း သန်စွမ်းတုန်း ငယ်ရွယ်တုန်းမှာ ခရီးတွေ ထွက်ရတယ်ဆိုတဲ့ အသိတွေ ပိုပွင့်လာကြတယ်ပဲ ဆိုရမလား ကိုယ့်အစီအစဉ်နဲ့ ကိုယ် ခရီးသွားလာတာ ပိုများလာတယ်။ တစ်ဘက်ကလည်း အစိုးရ ရုံးပိတ်ရက်ကို သင်္ကြန်ပိတ်ရက်ရှည်အစား ရက်တွေမ ျှပြီး တစ်နှစ်လုံးခွဲပေးလိုက်တာမို့ ခရီးထွက်ချိန်ပိုရလာတယ် ဆိုရမယ်။ တစ်ရက်ခရီးစဉ်ကို ညောင်းချိပင်ပန်းစွာ သွားရတာထက် တစ်ည၊ နှစ်ညအိပ်လေးတွေ ပိုကြိုက်လာတယ်။ တကယ်အပန်းဖြေတဲ့ပုံစံမျိုးကို နှစ်သက်လာကြသလို၊ ပုံမှန်သွားနေကျ ခရီးမျိုးထက် ဆန်းပြားစိတ်ဝင်စားစရာကောင်းတာမျိုးကို ရင်ခုန်လာကြတယ်။ ဒေါ်လာဈေးကလည်း တက်လာတော့ ပြည်တွင်းခရီးသွားတာကိုပဲ လူတိုင်းက ပိုပြီး လုပ်ဆောင်လာကြတယ်လို့ ဆိုရမယ်ထင်ပါတယ်။ ဒီလိုနဲ့ပဲ ဒေသတွင်းမှာ ခရီးသွားဧည့်သည်တွေအတွက် ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ လိုအပ်ချက်တွေ နေရာတိုင်းလိုလိုမှာ တွေ့လာရတော့တယ်။


ဒေသတွင်းခရီးသွားလုပ်ငန်းဆိုတာ

ပြည်တွင်းရဲ့ မြို့ကြီးတွေဖြစ်ကြတဲ့ ရန်ကုန်၊ မန္တလေး အခြေစိုက် ခရီးသွားလုပ်ငန်းတွေကနေ တဆင့် အရင်က သွားလာလည်ပတ်ကြရာကနေ၊ ခုဆို အဲ့ဒီဒေသမှာရှိတဲ့ ဒေသတွင်းခရီးသွားလုပ်ငန်းတွေကို လူငယ်တွေ ပြောင်းလဲ ချိတ်ဆက်လုပ်ဆောင်တတ်လာတယ်။ ဒေသတွင်းခရီးသွားလုပ်ငန်းဆိုတာကို ကျွန်တော့်ရဲ့ ဖွင့်ဆိုချက်က ခရီးသွားနယ်မြေတစ်ခုမှာ အခြေစိုက်ပြီး အဲ့ဒီနယ်မြေဝန်းကျင်ရဲ့ ခရီးသွားလည်ပတ်စရာနေရာနဲ့ လုပ်ဆောင်စရာများကို လမ်းညွှန်ပြသဝန်ဆောင်မှုပေး ဆောင်ရွက်တဲ့ လုပ်ငန်း ပါ။ ဥပမာ - ကလောမြို့မှာ လည်ပတ်ဖို့ ရန်ကုန်ကနေ ခရီးစဉ်ဝယ်သွားတာထက်၊ ဟိုရောက်မှ ဒေသခံ ခရီးသွားလုပ်ငန်းကို စီစဉ်ခိုင်းတာမျိုး ကို ဆိုလိုပါတယ်။


ဧည့်မေ ျှာ်တဲ့ဒေသ၊ ဧည့်ပျော်တဲ့ဒေသ

ဒီနှစ်ပိုင်းဆို အရမ်းသိသာလာတာက တချို့ဒေသတွေ ခရီးသွားရာသီဆို တိုးမပေါက်အောင်ကို အောင်မြင်နေတဲ့အချိန် တချို့ဒေသတွေကတော့ ခရီးသွားသူ ကင်းမဲ့နေတတ်တယ်။ ဧည့်ပျော်တဲ့ဒေသတွေကိုကြည့်လိုက်ရင် ပြည်တွင်းခရီးသွားတွေ အတွက် သွားလာနေထိုင်ရေးအဆင်ပြေတဲ့အနေအထားမျိုး အနီးစပ်ဆုံးတွေ့ရတတ်တယ်။ ဒီနေရာမှာ အရေးပါလာတာက ဒေသတွင်း ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေ ရဲ့ ကဏ္ဍပါ။ ကျွန်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကရော၊ ကိုယ်သွားလာလည်ပတ်ခဲ့တဲ့ အတွေ့အကြုံတွေအရပါ ဒေသတွင်းခရီးသွားလုပ်ငန်းတွေ ရဲ့ ဝန်ဆောင်မှု၊ ဆန်းသစ်ကြံဆမှု တို့ဟာ အတော်လေး လိုအပ်ချက် ရှိနေပါသေးတယ်။ ဒါကြောင့်လည်း ဧည့်သည်ဝင်ရောက်မှုနည်းတာမျိုး၊ ဧည့်သည်လာခဲ့ရင်တောင် ကိုယ့်ကို အလုပ်မအပ်တာမျိုးတွေ ရှိနေတတ်ပါတယ်။


ကလောက ဒေသတွင်းခရီးသွားဝန်ဆောင်မှု အစီအစဉ်နဲ့ တောင်ပေါ် ညအိပ်ခရီး

ပြည်တွင်းဧည့်သည်ကို မကြိုက်တဲ့ ဒေသတွင်းခရီးသွားလုပ်ငန်းများ

ရှိပါတယ်။ အထူးသဖြင့် နိုင်ငံတကာမှာ ဈေးကွက်အသင့်အတင့်ရှိတဲ့ဒေသတွေက နိုင်ငံခြားဧည့်သည်ဝင်လေ့ရှိတဲ့ ခရီးသွားလုပ်ငန်းတွေဟာ ကိုယ့်တစ်ဖို့တည်းပဲ ကြည့်တယ်ပြောပြော၊ ပြည်တွင်းဧည့်သည်တွေ လာရောက်လည်ပတ်လို့ နိုင်ငံခြားဧည့်သည်တွေ မဝင်လာတော့မှာကို စိတ်ညစ်ကြပါတယ်။ ဒီလိုအခြေအနေဖြစ်လာတာကလည်း ကိုယ်တွေပြည်တွင်း ခရီးသွားတွေရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အသိပညာနည်းပါးလို့ ဖြစ်လာတဲ့ အကျိုးဆက်တွေပါ။ ခြေရာတွေအစား အမှိုက်နဲ့ ပြဿနာတွေပဲ ထားခဲ့တတ်တာကြောင့် ပျက်စီးသွားတဲ့ ခရီးသွားလည်ပတ်ချင်စရာနေရာတွေ ရှိနေပြီကိုး။ ဒါတွေကြောင့် နိုင်ငံတကာနဲ့ အချိတ်အဆက်ရှိ အလုပ်ဖြစ်နေသူတွေက ပြည်တွင်းတစ်နေရာကို ခရီးသွားစာရေးသူတွေ ရေးဖွဲ့ ညွှန်းဆိုပြီဆိုရင် မကျေမနပ်တွေ ဖြစ်လာတတ်ပါတယ်။ ဒါပေမဲ့လည်း ကျွန်တော် မြန်မာပြည်သားတိုင်းဟာ ဒီအလှအပတွေကို ခံစားဖို့ ထိုက်တန်တဲ့အတွက် ဒါတွေကို ဖုံးဖိထားလို့လည်း မသင့်လျော်ပါဘူး။ ဒီ့အပြင်မှ နိုင်ငံခြားဧည့်သည်ဝင်တာနည်းနေတဲ့ ဒီလိုအချိန်အခါမှာဆို တခြားလုပ်ငန်းတွေ လည်ပတ်ရပ်တည်နိုင်ဖို့ ပြည်တွင်းခရီးသွားတွေဟာလည်း လိုအပ်တယ်လို့ ကျွန်တော်တော့ မြင်မိပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ စဉ်းစား ကြိုးစားကြရမှာမျိုးပါ။


ဆန်းသစ်ချိန်တန်ပြီဖြစ်တဲ့ ဒေသတွင်းခရီးသွားလုပ်ငန်းများ

ကျွန်တော် သတိပြုမိသလောက် နေရာတော်တော်များများမှာ ဒေသတွင်းခရီးသွားလုပ်ငန်းတွေ ရှိပါတယ်။ မိရိုးဖလာလုပ်တာလား၊ ဝင်ငွေမေ ျှာ်မှန်းချက်ကြောင့်လုပ်တာလား ပေါ်မူတည်ပြီး ဆန်းသစ်ပြောင်းလဲမှု အားနည်းနေတာ နေရာအတော်များများမှာ တွေ့ရပါတယ်။ တချို့လည်း ဆန်းသစ်ချင်စိတ် ရှိပေမဲ့ ဖြစ်ပါ့မလားလို့ တွေးတတ်သလို၊ ဆန်းသစ်မှုကို ဘယ်က စလုပ်ရမှန်း မသိသူတွေလည်း ရှိပါတယ်။ ၂၀၁၇ - ၂၀၁၈ နှစ်နှစ်တာအတွင်း ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေ ခရီးသွားစာရေးသူတွေ ဒေသတွင်းခရီးသွားလုပ်ငန်းတွေရဲ့ ဖိတ်ကြားမှုနဲ့ ခရီးသွားလည်ပတ်စရာ နေရာသစ်တွေ အများကြီး သွားခဲ့ရပါတယ်။ သွားတဲ့အခါမှာလည်း စိတ်ကူးသစ်လေးတွေကို ပြောပြဖြစ်ခဲ့တယ်။ ဆရာကြီး လုပ်တာမျိုးမဟုတ်ဘဲ၊ ခရီးသွားသူတစ်ယောက်အနေနဲ့ ဘာတွေလိုချင်မြော်လင့်ထားတယ်ဆိုတာမျိုး၊ နိုင်ငံရပ်ခြားက ပုံစံနမူနာမျိုးတွေကို ပြောပြအကြံပေးခဲ့တာမျိုးတွေပါ။ ဒါကို အခြေခံယူပြီး သူတို့အစွမ်းနဲ့ ကွန့်မြူးဖော်ထုတ်လိုက်တဲ့အခါ ပိုပြီးကောင်းတဲ့ ခရီးသွားလည်ပတ်စရာနေရာတွေကို ဖော်ထုတ်ပြသွားနိုင်တာပါပဲ။ ခရီးသွားဧည့်သည် များလာတာနဲ့အမ ျှ ကိုယ့်ဒေသဆီကိ ထူးခြားတဲ့လည်ပတ်စရာအစီအစဉ်တွေနဲ့ သူများဒေသထက် ကိုယ့်ဒေသကို လာလည်ပတ်ဖို့ စွဲဆောင်ရာမှာ ပိုပြီး ကြိုးစားလာရပါတယ်။ ဒါကို ၂၀၁၈ ခုနှစ်အတွင်းမှာ ပိုပြီး မြင်သာခဲ့ပါတယ်။ ဆိုတော့ ကျွန်တော်တို့ နိုင်ငံအနှံ့က ဒေသတွင်းခရီးသွားလုပ်ငန်းတွေအနေနဲ့ ကိုယ့်ဒေသကို ဧည့်သည်တစ်ယောက်အမြင်နဲ့ ပြောင်းလဲကြည့်တတ်ဖို့လိုပါတယ်။ ရွာနွားမြက် ရွာနားမစား ဆိုတဲ့အတိုင်း ကိုယ်မြင်တဲ့ အလှက ဧည့်သည် ကြိုက်ချင်မှ ကြိုက်မှာပါ။ ကိုယ်မမြင်မိတဲ့ နေရာတစ်ခုက ဧည့်သည်တွေအတွက် အိပ်မက်ကမ္ဘာတစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ဒါတွေကို သိအောင်ကြိုးစားဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ဒါဆို တခြားဒေသတွေထက် ကိုယ့်ဒေသကို ပိုပြီး လာချင်အောင် စွဲဆောင်သွားနိုင်ပါတယ်။ ဒါ့အပြင်မှာ ကိုယ့်ဒေသတွင်းမှာကိုပဲ အချင်းချင်း သူ့ထက်သူ ပိုပြီး စွဲဆောင်နိုင်တဲ့ နေရာလေးတွေ ကြိုးစားရှာဖွေဖော်ထုတ်ပြီး ဒေသတွင်းတစ်ခုလုံး တစ်ပြိုင်နက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာနိုင်မယ်လို့ မေ ျှာ်လင့်ရပါတယ်။ လိုအပ်တဲ့ အကြံဉာဏ်အတွက်လည်း ကျွန်တော်တို့ ခရီးသွားစာရေးသူတွေကို အချိန်မရွေး ဖိတ်ခေါ်ဆွေးနွေးနိုင်ပါတယ်။ အားလုံးကလည်း ဝမ်းသာစွာနဲ့ ကူညီပေးချင်ကြပါတယ်။


Digital Marketing အခန်းကဏ္ဍ အရေးပါလာတဲ့ ဒေသတွင်းခရီးသွားလုပ်ငန်း

ကလော က ဒေသတွင်းခရီးစဉ်တစ်ခု

ဒေသတွင်း ခရီးသွားလုပ်ငန်းတွေအနေနဲ့ Social Media နဲ့ အင်တာနက်ရဲ့အရေးပါပုံကို ပေါ့ပေါ့ တွေးထားလို့မရပါဘူး။ ဖြစ်နိုင်သလောက် တတ်စွမ်းသလောက် ကြိုးစားလေ့လာပြီး ခေတ်နဲ့အမီလိုက်ဖို့ အရေးကြီးပါတယ်။ အရင်ကတော့ Customer ဘာလိုချင်သလဲ ဘာလိုအပ်သလိုဆိုတဲ့ အခြေခံ Traditional Marketing တွေနဲ့ လုပ်ဆောင်ခဲ့ကြပေမဲ့ ဒီနေ့မှာတော့ နည်းပညာပါ ပေါင်းစပ်ဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် သူများထက် ပိုပြီး အောင်မြင်တဲ့ ဒေသတွင်းခရီးသွားလုပ်ငန်းဖြစ်ဖို့ Digital Marketing ရဲ့ သဘောသဘာဝ နဲ့ Social Media ကို အကျိုးရှိအောင် အသုံးချနည်းတွေကို လေ့လာသင်ယူထားသင့်တယ်လို့လည်း အကြံပြုချင်ပါတယ်။ ဖေ့စ်ဘွတ်ပေါ်ကနေ တစ်ဦးရဲ့ အညွှန်းစကားဟာ ကိုယ့်ရည်ရွယ်တဲ့ Targeted လူများစွာကို ပစ်လွှတ်ပြီးသား ဖြစ်သွားလို့ ငွေနည်းနည်းနဲ့ အကျိုးရှိစေတဲ့ Platform ပါ။ ဒါကို အကျိုးရှိရှိ အသုံးချမယ်။ ဒီကတစ်ဆင့် ဆန်းသစ်တဲ့ ဒီဂျစ်တယ်မားကက်တင်းပုံစံတွေနဲ့ ဒေသတွင်းခရီးသွားလုပ်ငန်းကို မြှင့်တင်မယ်။ ဒီလိုတွေ လုပ်ဆောင်သွားနိုင်ပါတယ်။


ဘာကြောင့် ဒေသတွင်း ခရီးသွားလုပ်ငန်းတွေ လိုအပ်သလဲ?

ကိုယ့်နယ်မြေဒေသက ကျဉ်းကျဉ်းလေးပါ။ ငါတို့ ဒီလုပ်ငန်းထောင်တော့ရော ဘာဖြစ်မှာလဲ၊ ဧည့်သည်က သူ့ဘာသာ သူ ကားငှား၊ ဆိုင်ကယ်ငှားပြီး သွားလာမှာပေါ့လို့ တွေးကောင်းတွေးမိမယ်။ ဒါပေမဲ့ ဒေသတွင်းခရီးသွားလုပ်ငန်းတွေကို အားထားရတဲ့ အကြောင်းက လုံခြုံရေး၊ စိတ်ချရမှု နဲ့ အမှားအယွင်းအနည်းဆုံး သွားလာလုပ်ဆောင်ချင်လို့ပဲ ဖြစ်ပါတယ်။ ကိုယ်ငှားတဲ့ ကားနဲ့ ဆိုင်ကယ် ရဲ့ စိတ်ချရမှု ဘယ်လိုရှိသလဲ၊ သွားလည်တဲ့ နယ်မြေရဲ့ စိတ်ချအေးချမ်းမှုအတိုင်းအတာ၊ ကိုယ်တည်းတဲ့ ဟိုတယ်က (စုံတွဲတွေရဲ့ နာရီပိုင်းတည်းခိုရာမျိုးလား) ဘယ်လိုအခြေအနေလဲ၊ စားသောက်ဆိုင် သန့်မလား၊ လည်ပတ်တဲ့နေရာရဲ့ သမိုင်းနဲ့ ရာဇဝင်က ဘာလဲ၊ ဒီဒေသရဲ့ ထူးခြားပြီးသိသင့်တဲ့ Hidden Gems က ဘာတွေလည်း ဆိုတာမျိုးကျတော့ ဒေသခံခရီးသွားလုပ်ငန်းတွေက ပိုအားကိုးရတတ်တဲ့အတွက် ဒီလုပ်ငန်းတွေဟာလည်း လိုအပ်ပါတယ်။ ပြည်တွင်းခရီးသွားတွေအတွက်ရော၊ ပြည်ပခရီးသွားတွေအတွက်ပါ လိုအပ်တာမျိုးပါ။


ပြင်ဦးလွင်က ဒေသတွင်းခရီးသွားလုပ်ငန်းတစ်ခုရဲ့ အစီအစဉ် နဲ့ ရွာပတ်ခရီးစဉ်

ဒေသတွင်းခရီးသွားလုပ်ငန်းတွေရဲ့ ရွှေရောင်နေ့သစ်တွေ လာတော့မှာလား

အရှေ့တောင်အာရှမှာ ခုနောက်ပိုင်းမှ ခရီးသွားလုပ်ငန်းပိုဖွံ့ဖြိုးလာတဲ့ ဗီယက်နမ်ကို အနီးစပ်ဆုံးကြည့်ရင် ဟနွိုင်း၊ ဟိုချီမင်း တို့လို ခရီးသွားများတဲ့နေရာတွေမှာ သူတို့ကနေ တစ်ထောက် ထပ်သွားနိုင်မဲ့ ခရီးစဉ်တွေ ဝန်ဆောင်ပေးတဲ့ ဒေသတွင်းခရီးသွားလုပ်ငန်းငယ်လေးတွေဟာ ကျွန်တော်တို့ ရန်ကုန်က ဖုန်းဆိုင်နဲ့ ကွမ်းယာဆိုင်တွေလိုပဲ ခြေ ၅ လှမ်း လှမ်းရင် တစ်ခု တွေ့ရတတ်ပါတယ်။ ဒီမှာတော့ အဲ့လိုမျိုး မရှိသေးပါဘူး။ မြန်မာဟာ ပြည်ပ ဧည့်သည် နည်းပါးချိန်မှာ ပြည်တွင်းခရီးသွားတွေနဲ့ ရပ်တည်နေရတဲ့ အချိန်အခိုက်အတံ့လေး ရောက်ရှိနေတာမို့ ဒေသတွင်း ခရီးသွားလုပ်ငန်းတွေအနေနဲ့ သေချာပြင်ဆင်ပြီး ဝန်ဆောင်မှုပေးမယ်၊ ဒီဂျစ်တယ်မားကက်တင်းကို ကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် အဆင်ပြေအောင်မြင်တဲ့ ရွှေရောင်နေ့ရက်တွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ့်ဒေသရဲ့ ခရီးသွားလုပ်ငန်းလုပ်ဆောင်လို့ရမဲ့ နေရာအနေအထားတွေ၊ လုံခြုံရေး နဲ့ ခေတ်မီတဲ့ ဖန်တီးမှုအသစ်တွေ ပေးစွမ်းနိုင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ကျွန်တော်တို့ ခရီးသွားစာရေးသူတွေကတော့ ဝါသနာအလျောက်ရော၊ အလုပ်သဘောအရပါ ခရီးတွေ ဒီ ၂၀၁၉ မှာလည်း သွားနေရဦးမှာပါ။ စီးပွားမဖြစ်နိုင်သေးတဲ့အတွက် ပြည်ပထက် ပြည်တွင်းကိုပဲ ဦးစားပေး သွားကြရဦးမှာပါ။ သွားတဲ့အခါမှာ တကယ်ကို အားကိုးယုံကြည်ရပြီး နိုင်ငံတကာဝန်ဆောင်မှုမျိုး ထိုက်သင့်စွာ ပေးနိုင်တဲ့ ဒေသတွင်းခရီးသွားလုပ်ငန်းတွေနဲ့ ကြုံဆုံရဖို့ အထူးမေ ျှာ်လင့်ရင်း ဒီစာလေးကို ရေးသားလိုက်ရပါတယ်ဗျာ။ အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)

44 views0 comments
bottom of page