Wonderful Waterfalls from Lawpita
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

လောပိတ ရေတံခွန်တွေမှာ အပန်းဖြေမယ်ဆို…


ကယားပြည်နယ်၊ လွိုင်ကော်မြို့ကို နောက်တစ်ကြိမ် ရောက်ခွင့်ကြုံတော့ အရင်အခေါက်တွေက မသွားဖြစ်ခဲ့တဲ့ လောပိတ ရေတံခွန်တွေဆီကို သီးသန့်လေး တစ်ရက်သွားဖို့ ဖယ်ထားမိတယ်။ သွားတဲ့အခါလည်း ဒေသခံတွေ သွားသလိုမျိုး နားနားနေနေ သွားချင်တာမို့ စားသောက်စရာလေးတွေကအစ ခြင်းလေးထဲ ထည့်ပြီး ယူသွားလိုက်တယ်။ နေ့လည်စာ စားရင်း နားမယ်၊ မုန့်လေးတွေ အဆာပြေ အချိုတည်းမယ်၊ အချိုရည်လေးသောက်ရင်း ရေကစားမယ်။ အဲ့လိုတွေးရင်း အလည်သွားဖြစ်ခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း လောပိတ ရေတံခွန်တွေဟာ သိပ်လှလွန်းနေခဲ့တော့ သွားရတာ ဝေးတဲ့တိုင် အတော်ကျေနပ်သွားမိခဲ့တယ်လေ။

လောပိတ ရေတံခွန်

လောပိတ ရေတံခွန် ဆိုတာက တကယ်တော့ လောပိတ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းကြီးနားမှာ ရှိနေတဲ့ သဘာဝ ရေတံခွန်များအားလုံး ကို စုပြီး ခေါ်တာပါ။ ရေတံခွန်တွေက အဆင့်ဆင့်နဲ့ အများကြီး ရှိပါတယ်။ အင်းလေးကန်ကနေ စီးလာတဲ့ ရေက ဖယ်ခုံအင်းကနေ တဆင့် ဘီလူးချောင်းအဖြစ်နဲ့ ဆက်လို့ စီးဆင်းခဲ့ရာကနေ မထောကူရေတံခွန် နဲ့ လောပိတရေတံခွန်တွေ ဖြစ်ပေါ်လာကြပါတယ်။ လောပိတ ရေတံခွန်ဟာ လွိုင်ကော်မြို့ကနေ ၁၂ မိုင်လောက်အကွာမှာ ပေပေါင်း ၁၄၅၀ နိမ့်ကျ စီးဆင်းသွားရာကနေ ဖြစ်ပေါ်လာတဲ့ ရေတံခွန်လို့ သိမှတ်ရပါတယ်။ လွိုင်ကော်မြို့ကနေ သွားမယ်ဆိုရင် ၁၃ မိုင် အကွာအဝေးခန့်မှာ ရှိတာမို့ အချိန်အားဖြင့် တစ်နာရီလောက်တော့ ကားစီးရပါတယ်။ လောပိတရေတံခွန်နားမှာပဲ ဘီလူးချောင်း ရေအားလျှပ်စစ် ဓါတ်အားပေးစက်ရုံ အမှတ် (၁)၊ (၂)၊ (၃) ဆိုပြီး စက်ရုံ ၃ ခု ရှိပါတယ်။ ရေတံခွန်ဆီ သွားမယ်ဆိုရင် ရေအားလျှပ်စစ်စက်ရုံ အမှတ် (၂) ကို သွားရောက်ရမှာ ဖြစ်ပြီး လမ်းမှာ ရာဘာတောတွေ၊ သစ်ခွရိုင်းတွေကို တွေ့မြင်နိုင်သလို၊ ရွာလေးတွေကနေ လူမှုဘဝကိုလည်း လေ့လာနိုင်ဦးမှာ ဖြစ်ပါတယ်။ ရေတံခွန်က အဆင့် နှစ်ဆင့် ရှိတဲ့ ရေတံခွန် နဲ့ အဆင့် တစ်ဆင့် ရှိတဲ့ ရေတံခွန်ဆိုပြီး ရှိပါမယ်။


လောပိတ ရေတံခွန်သွားဖို့ ဝင်ခွင့်လက်မှတ် လိုအပ်

ကျွန်တော်တို့တွေ လောပိတရေတံခွန်သွားဖို့ ဝင်ခွင့်ထွက်ခွင့် လက်မှတ်တွေကို လွိုင်ကော်မြို့မှာကတည်းက ကြိုတင် ပြုလုပ်သွားဖို့ လိုအပ်ပါတယ်။ လွိုင်ကော်မြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ရဲ့ ဂိတ်ပေါက်က စုံစမ်းရန်အဆောက်အဦးလေးမှာ မှတ်ပုံတင်ပြလို့ ဝင်ခွင့်လက်မှတ် ယူရပါတယ်။ ကား နဲ့လား၊ ဆိုင်ကယ် နဲ့လား ပြောပြရပါတယ်။ ဝင်ခွင့်ထွက်ခွင့်လက်မှတ်မှာ သူတို့က ကားနံပါတ်တွေကအစ အကုန်ဖော်ပြ ရေးပေးလိုက်ပါတယ်။ ဦးဆောင်သွားမဲ့သူရဲ့ အမည်ကိုလည်း ဖော်ပြပေးလိုက်သလို လူ ဦးရေ နဲ့ ကျား/မ ကအစ ဖော်ပြလိုက်ပါတယ်။ ဒီ ဝင်ထွက်ခွင့်လက်မှတ်ကို ခရီးက ပြန်လာတဲ့အထိ သေချာ သိမ်းဆည်းဖို့ လိုအပ်ပါတယ်။ နိုင်ငံခြားသားတွေဆိုရင်လည်း ခွင့်ပြုမိန့်တောင်းခံရပါတယ်။ သက်ဆိုင်ရာ Tour Operator တွေက တာဝန်ယူဆောင်ရွက်ပေးလို့ရပါတယ်။

ဒီနေရာလေးမှာ ဝင်ခွင့်လက်မှတ် ယူရတာပါ

လောပိတ မှာ လည်စရာ

လောပိတ ရေအားလျှပ်စစ်စက်ရုံတွေ အဆင့်ဆင့်ရှိသလို၊ တစ်ခုနဲ့ တစ်ခု သွားရတာတင် အတော်လေး လှမ်းတာမို့ ကြားတည်းမှာ လည်ပတ်စရာလေးတွေ နဲ့ ဓါတ်ပုံရိုက်ချင်စရာလေးတွေ အတော်များများ ရှိတာ တွေ့ရပါတယ်။ ကိုယ် ဖန်တီးတတ်ရင် တတ်သလို ဓါတ်ပုံကောင်းလေးတွေ ရတာတော့ သေချာပါတယ်။


လောပိတ ရှုခင်းသာ

အရင်ဆုံးရောက်တာက ဧည့်ဂေဟာ လို့ ပြောရမယ်။ အဲ့ဒီမှာ ရှုခင်းကြည့်ဖို့ နေရာလေး လုပ်ပေးထားတာမို့ စက်ရုံတချို့ကိုလည်း လှမ်းမြင်ရသလို၊ ရေကန်တချို့ကိုလည်း လှမ်းမြင်ရတယ်။ ကျန်တာကတော့ တောနဲ့တောင် အလှတွေပေါ့။ ကျွန်းပင်ကြီးတွေ ကြားမှာ ဓါတ်ပုံရိုက်လိုက် အောက်က ရှုခင်းသာနေရာမှာ ဓါတ်ပုံရိုက်လိုက်နဲ့ အတော် အလုပ်ဖြစ်ပါတယ်။ ဧည့်ပါးချိန်ရောက်တာမို့ အတော်လေး တိတ်ဆိတ်ပြီး တောသံတောင်သံလေးတွေ သစ်ရွက်လေတိုးသံ နဲ့ ကျေးငှက်အော်သံလေးတွေက ဒီနေရာလေးမှာ အချိန်ကြာကြာဖြုန်းဖို့ မြှူဆွယ်နေသလိုပါပဲ။


ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ

ဒီ ဘီလူးချောင်း အမှတ် (၂) ရေအားလျှပ်စစ်စက်ရုံကို ကျွန်တော်တို့ အရင်သွားကြရပါတယ်။ အကြောင်းက ရေတံခွန်တွေက အဲ့ဒီမှာ ရှိလို့ပါ။ စက်ရုံရှေ့က အမှတ်တရ ရေဒဟက်ရုပ်တုကြီးနဲ့ ဓါတ်ပုံရိုက်ရင်း အပြင်ကနေ စက်ရုံရဲ့ လှုပ်ရှားမှုတွေကို ကြည့်လို့ရပါတယ်။ ဓါတ်အားကြိုးကြီးတွေ ဟိုဒီ သွယ်တန်းထားတဲ့အောက် ဖြတ်လျှောက်ရရင် အသည်းတယားယားပဲ။ အသံတွေကလည်း ကြားနေရသေးတော့ ပိုအသည်းယားတာပေါ့လေ။


လောပိတ ရေတံခွန်တွေဆီ

ဒီ အမှတ် (၂) စက်ရုံရဲ့ ဘေးဘက်လေးမှာ တံခါးပိတ်ထားတဲ့ လမ်းလေး တစ်ခု ရှိပါတယ်။ အဲ့ဒီအပြင်ဘက်မှာ ဝါးချွန်လေးတွေနဲ့ ခံတပ်လို လုပ်ပြီး ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ကင်းစခန်း တစ်ခု ရှိပါတယ်။ အဲ့ဒီမှာ စားပွဲတစ်လုံးနဲ့ တာဝန်ရှိသူတချို့ စာအုပ်တွေ ဘောပင်တွေနဲ့ စောင့်နေပါလိမ့်မယ်။ သူတို့ဆီမှာ တစ်ခါ စာရင်း ထပ်သွင်းရပါတယ်။ အဲ့ဒီမှာ စာရင်းသွင်းပြီးမှာ ဘေးက တံခါးလေးကနေ ဝင်သွားရပါတယ်။ ၁၀ မိနစ်လောက် လမ်းလျှောက်ရင် စိမ်းပြာလှပနေတဲ့ ရေတံခွန်အသေးလေးတစ်ခုကို စတွေ့ရပါမယ်။ ရေဆင်းကူးခွင့် မပေးထားပါဘူး။ ဒီအတိုင်းလေးကို လှနေပါတယ်။

လူတွေက အဲ့မှာ မနားကြဘဲ ဘေးက တောလမ်းလေးအတိုင်း အပေါ်ကို ဆက်တက်ကြပြီး အလယ်ဆင့် တစ်ခုမှာ နားကြပါတယ်။ တချို့ကလည်း နောက်တစ်ဆင့် ထပ်တက်ပြီး အဲ့မှာ နားကြပါတယ်။ ဒီနေရာမှာတော့ ရေလေးထဲဆင်းပြီး နည်းနည်းပါးပါး ရေဆော့မိတယ်။ ရေတော့ မကူးပါဘူး။ ရေထဲသာ ဆင်းတယ် ငါးတွေ တပြွတ်ကြီး မြင်လိုက်ရတော့ လန့်တောင်သွားတယ်။ သူတို့တွေက လူအရိပ်မြင်တာနဲ့ကို အဲ့နေရာကို ပြုံတိုးလာကြတာ။ အစာတောင်းသလားဆိုပြီး ပေါင်မုန့်လေး ချကျွေးကြည့်တာ စားလိုက်ကြတာ ပါလာတဲ့ ပေါင်မုန့်ထုပ်ကြီးတောင် လူမစားလိုက်ရဘဲ ပျော်ပြီး ချကျွေးတာ အကုန် ကုန်ရော။ ငါးအကြီးအသေး အစုံပဲ။ ကျွန်တော် သွားလည်ချိန်တော့ ရေတံခွန်က ရေကျတာလည်း အနေတော်ပဲ၊ ရေကလည်း ကြည်လင် စိမ်းပြာလဲ့နေတာပဲ။ ရေပြာအိုင်ပါပဲလေ။ မိုးကြီးရင်တော့ ရေတံခွန်ရေကျများရင် အန္တရာယ်ရှိနိုင်မယ်လို့ ထင်မိတယ်။ ကျွန်တော်ကတော့ အရိပ်လေးလည်း ကောင်းပြီး နေ့လည် အပျင်းပြေ ထမင်းလေးစား၊ မုန့်လေးစားလို့ အေးအေးလူလူ အနားယူပြီး နေကျလောက်မှ ပြန်ခဲ့ကြတယ်။ တကယ့်တောထဲ သွားနေရတဲ့ အရသာမျိုး ခံစားရပါတယ်။


ရေသွယ်ဥမင်လိုဏ်

အဲ့ဒီကနေမှ ကျွန်တော်တို့ဟာ အမှတ် (၃) စက်ရုံဘက် ထွက်လာကြတော့ လမ်းမှာ ရေသွယ်ဥမင်လိုဏ် တစ်ခု ကိုလည်း တွေ့ခဲ့ရတယ်။ ဒီနေရာက ဓါတ်ပုံရိုက်ဖို့ သီးသန့်လေး သဘောကျမိလို့ ဆင်းရိုက်ကြတာပါ။ ပုံမှန်တော့ လေ့လာသူ နည်းပါးတတ်ပါတယ်။


ဘီလူးချောင်း အမှတ် (၃) ရေအားလျှပ်စစ်ဓါတ်အားပေးစက်ရုံ

ဒီနေရာလေးကိုတော့ တာဝန်ကျနေတဲ့ မိတ်ဆွေတစ်ဦးကို လာတွေ့ရင်း ရောက်ဖြစ်တာပါ။ အထဲကို ဝင်မယ်ဆိုရင် ဧည့်ကတ်ပြား လုပ်ပြီးမှ ဝင်ရပါတယ်။ ရှေ့မှာ လုပ်ခဲ့တဲ့ ဝင်ခွင့်ကတ်တွေ ပြန်ပြရပါတယ်။ အဲ့ဒါမှ ဧည့်ကတ်ပြား ထုတ်ပေးပါတယ်။ ဒီမှာတော့ ဝန်ထမ်းကန်တင်းလေးလည်း ရှိလို့ ကိုယ်က စားစရာ ပါမလာရင် ဝယ်စားနိုင်ပါတယ်။ အရမ်းကြီး မမျှော်လင့်ပါနဲ့၊ သူတို့လည်း ရှိချင်တဲ့ မီနူးရှိပြီး အဲ့ဒါပဲ မှာစားလို့ရပါမယ်။ တခါတလေ ဘာမှ မရှိရင် ခေါက်ဆွဲခြောက်ပဲ ပြုတ်ခိုင်းလို့ရပါမယ်။ အဲ့ဒီစက်ရုံမှာတော့ ပြခန်းလို ရှိတဲ့အတွက် ဒီ လောပိတ စက်ရုံတွေအကြောင်းကို ခြုံငုံ ကြည့်နိုင်ပါမယ်။ ဓါတ်ပုံတွေများစွာက လောပိတရဲ့ သမိုင်းကို ပြောပြနေသလိုပါပဲ။ ပုံစံငယ်နဲ့ မြေပုံတွေကိုလည်း တွေ့မြင်ကြရပါတယ်။ ဒီကနေ မြင်ရတဲ့ မြင်ကွင်းလေးတွေလည်း အတော်လှပါတယ်။

အမှတ် (၃) စက်ရုံက မြင်ရတဲ့ ရှုခင်း

ကြိုးတံတား

အမှတ် (၃) စက်ရုံနားမှာ ရှိတဲ့ ကြိုးတံတားလေးကလည်း ဓါတ်ပုံရိုက်ချင်စရာ ကောင်းပါတယ်။ ဘီလူးချောင်းကို ဖြတ်ဆောက်ထားတာပါ။ ကြိုးတံတားရဲ့ ထုံးစံအတိုင်း တုန်တုန်ခုန်ခုန်ပေါ့လေ။ လူ ၅ ဦး ပဲ အများဆုံး သွားခိုင်းထားပါတယ်။ တကယ်လည်း ကြိုးတံတားက အရမ်းကြီး အကာအရံ မလုပ်ထားတာမို့ အသည်းတော့ ယားရစေတယ်။ ထိန်းသိမ်းမှုလုပ်ဆောင်တတ်တဲ့ ကာလတွေဆို ဘေးက ကြိုးတန်းတွေကို အမဲဆီ သုတ်ထားလေ့ရှိတာမို့ ကိုင်မိရင် လက်ပေသွားနိုင်ပါတယ်။ ကျွန်တော်တော့ ကြုံခဲ့ပြီ။


လောပိတရေတံခွန်တွေဟာ ကယားပြည်နယ်ရဲ့ ခရီးသွားလုပ်ငန်း ကို အထောက်အကူပြုနေဦးမှာ အသေအချာပါပဲ။ စိမ်းပြာကြည်လင်နေတဲ့ ရေကန်တွေနဲ့ ရေတံခွန်တွေရယ်၊ မြန်မာတစ်နိုင်ငံလုံးကို အထောက်အမ ဖြစ်စေတဲ့ လျှပ်စစ်ဓါတ်အားစက်ရုံတွေရယ်၊ သွားရတဲ့ လမ်းခရီးက လူမှုဘဝအဖုံဖုံကို လေ့လာနိုင်စေတာရယ်ကြောင့် လွိုင်ကော်မြို့ကို အလည်ရောက်ပြီဆိုရင် မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာတစ်ခု အဖြစ် တင်စားချင်ပါတယ်။ ဒီလို သမာရိုးကျမဟုတ်တဲ့ ကယားပြည်နယ် ခရီးစဉ်သွားဖို့ စိတ်ဝင်စားရင် Treasure Host ဖုန်း ၀၉ ၉၇၀၄၇၈၂၈၂ ကို ဆက်သွယ် စုံစမ်းကြည့်နိုင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Tun Lin Maung, Ah Khaw

Camera :: SONY Alpha 7II with 16 - 35mm Lens, 85mm Lens | DJI Drone

Photos are modified in Lightroom by Thiha Lu Lin.

990 views0 comments
bottom of page