Search
  • Thiha Lu Lin

ဈေးမြို့လို့ အဓိပ္ပါယ်ရတဲ့ ကလေးမြို့ လေးဆီသို့

Updated: Jul 1

ကျွန်တော် ဒီမြို့လေးကို အလုပ်တစ်ဘက်နဲ့ လာဖို့ရှိလာတော့ ဒီမြို့လေးဟာ သိပ်လည်ပတ်စရာ ရှိလှမယ် မထင်မိခဲ့ဘူး။ ဒါပေမဲ့ မြို့တိုင်းဟာ သူ့သမိုင်းကြောင်းနဲ့သူ ထူးခြားနေခဲ့သလို၊ သူ့အလှနဲ့သူ လည်ပတ်စရာနေရာလေးတွေ ရှိနေပါလားဆိုပြီး အရာရာကို စိတ်အထင်နဲ့ မှန်းဆခဲ့သမျှ နောင်တရမိခဲ့တယ်လို့ ဆိုပါရစေ။ ကားနဲ့ လာလို့ ကောင်းပေမဲ့ လေယာဉ်နဲ့လာမှ ခရီးတွင်တဲ့ ဒီကလေးမြို့လေးကို ကျွန်တော် ဟာ ဒုတိယအကြိမ် ခြေချမိခဲ့တာပါ။ ပထမအကြိမ်တုန်းက ကျွန်တော် လေးတန်း အရွယ်မို့ အချိန် သိပ်ကွာဟ သွားပြီ။ ဒုတိယအကြိမ်ပြန်ခြေချမိတဲ့အခါ ကလေးမြို့ဟာ ငယ်ငယ်တုန်းက မြင်ခဲ့သမျှနဲ့ အရမ်းကွာခြားသွားတာကို သိလိုက်ရပါတယ်။



ကလေးမြို့ တာဟန်းရပ် က ကျွန်တော့ အဘိုးအဘွားနဲ့ ဆွေမျိုးတွေ နေထိုင်ရာ ဇာတိဖြစ်ပြီး အဘိုးလည်း မြေကျခဲ့တဲ့အရပ်ပါ။ အဘွားတို့ အမေတို့က တာဟန်းသူ စစ်စစ်တွေ ဆိုပါတော့။ ကျွန်တော်ကတော့ မီဇိုးသွေး တစ်ဝက်နှောသူ ဖြစ်ပါတယ်။


ကာလေးမြို့ မှသည် ကလေးမြို့

ကလေးမြို့ဆိုတာ ရှမ်းဘာသာနဲ့ ခေါ်ဆိုတာ ဖြစ်ပြီး ရောင်းဝယ်ရေးကောင်းတဲ့မြို့ (တစ်နည်း) ဈေးမြို့လို့ အဓိပ္ပါယ်ရတယ်လို့ ဖတ်ရပါတယ်။ ကလေးမြို့နဲ့ပတ်သက်တဲ့ သမိုင်းကြောင်းကတော့ အမျိုးမျိုးကြားရပါတယ်။ ကျွန်တော် သိထားတာလေးကိုပဲ ဝေမျှပါရစေ။ ရှေးတုန်းက ကာလေးမြို့ လို့ ခေါ်ခဲ့ကြပါတယ်။ ၉၆၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ နွယ်ပတ်မင်းဆက် ရဲ့ ၅၆ ဆက်မြောက်ဘုရင် ကျေးတောင်ညိုမင်းက တည်ထောင်ခဲ့တယ်လို့ မှတ်သားရပါတယ်။ အခု ကလေးမြို့ကိုတော့ ၁၅၈၁ ခုနှစ် မှာ ဘုရင့်နောင်မင်းရဲ့ အမတ် စိတ်သင့်ရန် က တည်ခဲ့ပါတယ်။ အရင်ကတော့ စော်ဘွားတွေ အုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ ဟော်နန်းတွေ မကျန်ရစ်ခဲ့တာတော့ ထူးခြားပါတယ်။ ခုဆို မြို့သက်တမ်းနှစ်ပေါင်း ၁၀၀၀ ကျော် ရှိပြီဆိုတာကို ကာလေးမြို့စတဲ့ ၉၆၇ ခုနှစ်ကတွက်ရင် သိသာသလို ၁၅၈၁ က တွက်ကြည့်ရင် နှစ်ပေါင်း ၄၄၀ ခန့် ရှိပြီမို့ ရှေးအတော်ကျတဲ့ မြို့လေးထဲ ပါဝင်တယ်လို့ ဆိုရပါမယ်။ အခုထိတိုင်လည်း အုတ်မြို့ရိုးတွေ အုတ်ချပ်ဟောင်းတွေဟာ အိမ်တွေကြားတည်းမှာ ရှိနေဆဲလို့ ဆိုကြပါတယ်။ တချို့ကလည်း ဒါဟာ ရှေးလူတွေ မှတ်တမ်းတင်ခဲ့ကြတဲ့ ရာဇဂြိုလ်မြို့ဟောင်းရဲ့သမိုင်းဖြစ်ပြီး ကလေးမြို့ဟာ တချိန်က အခုကလေးလမ်းဆုံအဖြစ်သိကြတဲ့နေရာမှာ BIA ခေတ်က ချင်းတပ်ရဲ့ ချင်းပြည်သူ့ဆက်ဆံရေးရုံး ကို စခန်းချပြီး ချင်းဘာသာနဲ့ Kang Lei လို့ခေါ်တွင်ခဲ့ကြရာကနေ နောက်ပိုင်းခရီးသွားတွေ တစ်ထောက်နားစခန်းချလေ့ရှိလို့ မြို့က တဖြည်းဖြည်းနဲ့စည်ပင်လာခဲ့တယ်လို့ ဆိုကြပြန်ပါတယ်။ ဒါကလည်း နောက်ထပ် မူကွဲ သမိုင်းတစ်ခုပါ။


ကလေးမြို့မှာ လူမျိုးစုံနေတယ်လို့ပဲ ဆိုရပါမယ်။ အထူးသဖြင့်တော့ ချင်းလူမျိုးတွေပေါ့။ တာဟန်းလို ရပ်ကွက်ကြီး တစ်ခုလုံးမှာ မီဇိုးချင်းလူမျိုးတွေအပါအဝင် ချင်းလူမျိုးအတော်များများ ရှိတတ်ပြီး တောင်ပေါ်ချင်းတွေဟာ မြေပြန့်ဘက်ပြောင်းလာမယ်ဆိုရင် အရင်ဆုံးစဉ်းစားမိတာ ကလေးမြို့ ဖြစ်တာမို့ ဒီအရပ်မှာ ချင်းအမျိုးကွဲအစုံ မြင်တွေ့ရနိုင်ပါတယ်။ ချင်းအပြင် ရှမ်း နဲ့ ယောလူမျိုးတွေလည်း ရှိကြသလို၊ ဗမာလူမျိုးများလည်း အတော်များများနေထိုင်ကြပါတယ်။


စစ်ကိုင်းတိုင်းဒေသကြီးရဲ့ စည်ကားတဲ့မြို့ပြတွေထဲမှာ တတိယအစည်ကားဆုံးမြို့လို့ ဆိုကြပါတယ်။ အင်္ဂလိပ်ခေတ်ကတည်းက လမ်းဘေးဝဲယာ စိုက်ထားတဲ့ ကုက္ကိုပင်ကြီးတွေက မြို့ရဲ့ အထင်ကရ အလှအပတစ်ခုလို ဖြစ်နေပါတယ်။


ရာသီဥတု

ဒယ်အိုးအချိုင့်ထဲကမြို့လို ဖြစ်နေတာမို့ ရာသီဥတုက အတော်ပြင်းထန်တယ်ဆိုရမလားဘဲ။ ကျွန်တော်ရောက်နေတဲ့ ရက်ပိုင်းလေးအတွင်း မိုးရာသီမှာတောင် အတော်ပူနေလို့ လည်ရပတ်ရ ပင်ပန်းတယ်ခံစားရတယ်။ အတော်အေးမြတဲ့အချိန်လည်း ရှိပါသေးတယ်။ ဒီဇင်ဘာ နဲ့ ဇန်နဝါရီလ လောက်ဆို အတော်အေးမြတတ်ပြန်ရောတဲ့။


ဘယ်လိုသွားမလဲ

ကားနဲ့ သွားမယ်ဆိုလည်း 2+1 VIP Express တွေ ရှိပါတယ်။ ရန်ကုန်ကနေဆို ခရီးချိန်ကတော့ အတော်ရှည်လျားတတ်ပါတယ်။ နေ့လည် ၃ နာရီဝန်းကျင် ကားထွက်ပြီး နောက်နေ့ မနက် ၁၀ နာရီလောက်မှ ရောက်တတ်ပါတယ်။ လေယာဉ်နဲ့က ပိုပြီး အဆင်ပြေတတ်တယ်။ နှစ်နာရီ ဝန်းကျင်ပဲ လေယာဉ်စီးရပါတယ်။ လေယာဉ်ခကတော့ ရှစ်သောင်း ကနေ တစ်သိန်းနှစ်သောင်းဝန်းကျင် အစားစား ရှိတတ်ပါတယ်။ ကလေးလေဆိပ်ကတော့ မြို့ထဲမှာ ရှိတဲ့ ရှားရှားပါးပါး လေဆိပ်တွေထဲက တစ်ခု လို့ ဆိုရပါမယ်။


လည်ပတ်စရာ ကလေးမြို့မှာ

အစောပိုင်းက ပြောသလို ကလေးမြို့ဟာ သမိုင်းဝင်တာမျိုးတွေရှိပါ့မလား၊ လည်ပတ်စရာနေရာတွေ ပေါပါ့မလား တွေးထင်ဖူးခဲ့ပေမဲ့ တကယ်တမ်း ကလေးမြို့ဟာ စိတ်ဝင်စားစရာနေရာတွေ ပြည့်နေပါတယ်။ ချင်းပြည်နယ် မဟုတ်သည့်တိုင် ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းနယ်စပ် ဖြစ်နေတာမို့ ယဉ်ကျေးမှုဓလေ့ စုံသလို၊ စိတ်ဝင်စားဖို့လည်း ကောင်းလှပါတယ်။ လည်ပတ်စရာတွေ ကြည့်လိုက်ရအောင်။ ချင်းလူမျိုးအစုံရဲ့ ရိုးရာအထည် အသုံးအဆောင်၊ အိန္ဒိယ အထည် ဆာရီတွေ ဝယ်လို့ကောင်းပါတယ်။

လည်ပတ်ဖို့ဆိုရင်တော့ သုံးဘီး တုတ်တုတ် တွေ ရှိပါတယ်။ အမိုးလေးတွေနဲ့ပါ။ နောက် ဆိုင်ကယ် ကယ်ရီတွေ ရှိတယ်။ အိမ်စီးကားလေးတွေလည်း အရွယ်စုံ ငှားရမ်းနိုင်ပါသေးတယ်။


King Solomon ငါးကန်

ကလေးမြို့ကနေ မြို့တော်ခန်းမအလွန်အတိုင်း မိနစ် ၄၀ လောက် သွားရင် ရောက်မဲ့ ကြာအင်းရွာအနီးက King Solomon ငါးကန်က ခုတလော ကလေးမြို့က လူငယ်တွေ သဘောကျတဲ့ အပန်းဖြေနေရာလေးတစ်ခု ဖြစ်နေပါတယ်။ ကြားတည်းမှာ ခဏ ပိတ်သွားပြီး ခုတော့ ဝင်ကြေး တစ်ဦး ၂၀၀ ကျပ်နဲ့ ပြန်ဖွင့်ပေးလိုက်ပါပြီ။ နည်းနည်းရှာရ ခက်တယ်။ ကြာအင်းရွာကို ရောက်ရင် မေးကြည့်ပြီးမှ ဆက်သွားသင့်တယ်။ လမ်းအတွင်း အတော် ဝင်ရပြီး မြေလမ်းဖြစ်တာမို့ ရွှံ့တွေ ရှိနေတတ်တယ်။ လယ်ကွင်းပတ်လည်ရှိပြီး တောင်တန်းကြီးနောက်ခံနဲ့ ငါးကန်အတွင်းကို နားခိုဆောင်လေး ဆောက်ထားတာလေးပဲ ဖြစ်ပေမဲ့ အပန်းဖြေစရာနေရာ ရှားပါးတဲ့အရပ်မို့ လူငယ်တွေရဲ့ ဓါတ်ပုံရိုက်ကူးရာ၊ အပန်းဖြေရာ၊ ငါးဖမ်းရာ နေရာလေးတစ်ခုအဖြစ် ကျော်ကြားပါတယ်။


မီးခွက်ဈေး

ကလေးမြို့ရဲ့ ထူးခြားတဲ့ဈေးထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ မီးခွက်ဈေးကတော့ မနက် (၄) နာရီလောက်ကတည်းက စည်ကားသက်ဝင်တဲ့ ဈေးတစ်ခုပါ။ အရင်က ဆီမီးခွက်လေးတွေ ထွန်းရောင်းခဲ့ရတာမို့ မီးခွက်ဈေးလို့ အမည်တွင်ခဲ့တယ်။ ကလေးမြို့ လမ်းဆုံရဲ့ အရှေ့ဘက်မှာ ရှိတယ်။ ခရီးသွားတွေကတော့ စောစောသွားကြပြီး လေ့လာတတ်ကြပါတယ်။


ရွှေဘုံသာ ဘုရားကြီး

ကလေးမြို့တွင်းမှာပဲ လည်ပတ်ဘုရားဖူးဖို့ကောင်းတာကတော့ ရွှေဘုံသာ ဘုရားကြီးပါ။ ဒီဘုရားထဲမှာ အသောက ရေကန်ကိုလည်း တွေ့ကြရပါမယ်။ အသောကမင်းတည်တဲ့ ကောင်းမှုတော် ဘုရားနဲ့ ရေကန်တွေထဲက တစ်ဆူလို့ သိရပါတယ်။ အောင်မြေမာန်ရပ်၊ ဘုရားကြီးလမ်းမှာ ရှိပါတယ်။ နှစ်တိုင်းလည်း ဘုရားပွဲ ရှိတတ်ပါတယ်။ ရင်ပြင်လည်း ကျယ်ပြီး လေ့လာစရာ ရေကန်၊ ရေတွင်း အားလုံးဟာ သမိုင်းဝင်တွေပါပဲ။ တောင်ဘက်ကပ်လျက်မှာ ရှိတဲ့ မဟာစည်ရိပ်သာအတွင်းမှာတော့ အသောကမင်းရဲ့ ကောင်းမှုတော်ဖြစ်တဲ့ ရေတွင်း ကို မြင်တွေ့လေ့လာနိုင်မှာပါ။


မြို့ချက်အောင်မြေ ဘုရား

အောင်မြေ ရှိတယ်လို့ ကလေးမြို့ထဲ လိုက်ပို့တဲ့ ကားဆရာ က ပြောပြီး လက်ညိုးထိုးပြလိုက်တော့ မြို့ချက်အောင်မြေကျောင်းတိုက် ဆိုတဲ့ မုခ်ဦးကို တွေ့ရတယ်။ အတွင်းကို ဝင်လိုက်တဲ့အခါ မြို့ချက်အောင်မြေဘုရားကို ဖူးမြင်ရတယ်။ အောင်မြေကိုတော့ နင်းဖို့အချိန်မရခဲ့ဘူး။


မြို့တော်ခန်းမ နဲ့ ကလေးမြို့မုခ်ဦး

ကလေးမြို့မုခ်ဦး နဲ့ ဓါတ်ပုံရိုက်ဖို့ ဒီ ကလေးဝဘက်ကို ထွက်လာခဲ့တာ။ မုခ်ဦးက အတော်လေး လှပါတယ်။ ကလေးမြို့ ရေကြီးတဲ့ နှစ်ကတော့ ဒီမုခ်ဦးထိပ်အထက်ထိကို ရေကြီးနစ်မြုပ်ခဲ့တာမို့ အတော်လေး ရေကြီးခဲ့တယ်ဆိုတာ ကြက်သီးထလောက်အောင် သိလိုက်ရတယ်။ မြို့တော်ခန်းမဟာလည်း ဒီမုခ်ဦးသွားတဲ့ လမ်းပေါ်မှာ တည်ရှိနေတာဖြစ်ပြီး အရင်က လမ်းဆုံက ဗန္ဓုလ မြင်းစီးနေတဲ့ ရုပ်တုကို အခု မြို့တော်ခန်းမရှေ့မှာ ပြောင်းရွှေ့ထားထားပြီ ဖြစ်ပါတယ်။


ပထမ ရေဆန်ကျွန်း ဘုရား

ကလေးမြို့နားက မြစ်တွေဟာ ထူးခြားစွာပဲ သစ်လုံးကြီးတချို့ ဆန်တက်လာစေတယ်။ ပထမဆုံး ဆန်တက်လာတဲ့ သစ်လုံးကြီးကို ထူးခြားမှုကြောင့် ဘုရားတည်ဖို့ ထွင်းထု ပြင်ဆင်ခဲ့ပါတယ်။ ဒီ ပထမ ရေဆန်ကျွန်း ဘုရားကိုတော့ ကလေးမြို့မဈေးမျက်နှာစာက ဟိန္ဒူဘာသာဝင်တို့ရဲ့ ကျောင်းအတွင်းမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ရုပ်ပွားတော်များကို သေးသေးလေးတွေအဖြစ် သစ်ပင်ကြီးတစ်ပင်တည်းမှာ ထုဆစ်ထားတာကို တွေ့ကြရမှာပါ။ အတွင်းမှာ ဟိန္ဒူဘာသာဝင်တို့ရဲ့ နတ်ဘုရားအရုပ်များကိုလည်း တွေ့ကြရပါဦးမယ်။ မြစ်သာမြစ် နားက ရေဆန်ကျွန်းထက် ပိုပြီး နှစ်ရှေးကျတဲ့ ဘုရား ဖြစ်ပါတယ်။ ရေဆန်ကျွန်းဘုရားတွေ ထုလုပ်တဲ့ ကျွန်းဟာ ရေစီးကို ဆန့်ကျင်ပြီးတက်နိုင်တဲ့ သစ်လုံးတွေကို ထုလုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။ အထက်အောက် ပြောင်းပြန်ဆန်တက်လာတာမျိုးမဟုတ်ဘူးလို့လည်း အယူအဆ ရှိပါသေးတယ်။


ဒုတိယ ရေဆန်ကျွန်း ဘုရား

ရေဆန်ကျွန်းဘုရားလို့ ခေါ်ရတာက မြစ်ကို မြောက်မှတောင်သို့ မဟုတ်ဘဲ ထူးခြားစွာ တောင်မှမြောက်သို့ ဆန်တက်လာတဲ့ သစ်လုံးကြီးကို ဆယ်ယူပြီး ဘုရားအဖြစ် ထုလုပ်ပူဇော်ခံထားရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ထက်အယူအဆတစ်ခုကတော့ မြစ်ကိုယ်၌ကလည်း တခြားမြစ်နဲ့မတူဘဲ တောင်ကမြောက်ကို စီးနေတာ ဖြစ်ပြီး ကျွန်းသစ်လုံးတွေက ရေစီးကို ဆန့်ကျင်ပြီး တက်နိုင်တဲ့ သစ်လုံးတွေကို ထုလုပ်ထားတယ်လို့ သိရပါတယ်။ ရေကို လှေမော်တော်လို ထိုးခွဲပြီး အထက်ဆန်တက်တာမျိုး မဟုတ်လောက်ဘူးလို့လည်း ယူဆကြပါတယ်။ ဒီ ကျွန်း သစ်လုံးကြီးကို ထွင်းထုရာမှာတော့ ပထမ ရေဆန်းကျွန်းဘုရားထက် ပိုပြီး အနုပညာလက်ရာမြောက် ပြင်ဆင် ထုဆစ်ထားတာကို ဖူးမြင်ရပါတယ်။ ကလေးမြို့အထွက် မြစ်သာမြစ် နားမှာ တည်ရှိပါတယ်။ ဘုရားက စည်ကားပါတယ်။ အခြေမှာလည်း အအေးနဲ့ မုန့်ဆိုင်၊ ကားပါကင် ကျယ်ကျယ်ရှိပါတယ်။ ဘုရားရင်ပြင်လည်း ကျယ်ဝန်းပါတယ်။


ဗောဓိရတနာ ဘုရား (ကျောက်ဂူတော် ဘုန်းကြီးကျောင်း)

ဗောဓိရတနာ ဆိုတဲ့နာမည်ထက် ကျောက်ဂူတော်ဘုန်းကြီးကျောင်းလို့ လူပိုသိကြတဲ့နေရာပါ။ ကလေး စက်မှုဇုန် ဘက်မှာ အတွင်းကို အတော်လေး ဝင်ရောက်တဲ့အခါ ဗောဓိရတနာ ဘုရား ကို ဖူးမြင်ကြရပါတယ်။ အတွင်းဘက်က ဆင်ရုပ်ကြီးများနဲ့ အရောင်အသွေး နုပျိုစုံလင်လှတဲ့ ကျောင်းဆောင်နဲ့ ဘုရားပုထိုးတွေကို ဖူးမြင်ခွင့်ရမဲ့နေရာပါ။ နားနေဆောင်များနဲ့ ကျောင်းဆောင်များဟာ အရောင်နုနုလှလှလေးတွေနဲ့ တစ်မျိုးတစ်ဘာသာ ကွဲပြားပေါ်လွင်နေပါတယ်။ ချစ်စရာ အရောင်လေးတွေကြောင့် ဘုရား ကျောင်းကန်နဲ့ မတူဘဲ အပန်းဖြေစရာလေးလို ဖြစ်နေတတ်တာမို့ လူငယ်စုံတွဲလေးတွေ ဓါတ်ပုံရိုက်ဖို့ အလာများတတ်ပါတယ်။


၉ မိုင် ကျောက်တစ်လုံးချောင်း

ကလေးကောလိပ်အကျော်ကနေ လမ်းခွဲအတိုင်း မြေနီလမ်းလေးအတွင်း ဝင်သွားရင် ချင်းရွာလေး တချို့ကို ဖြတ်သွားရပါတယ်။ ချင်းရွာလေးထဲက ဒေသခံတွေဆီကနေ ခေါင်ရည် ဝယ်လို့ရတယ်။ ခေါင်ရည်ဝယ်ရင် သူတို့က စဉ့်အိုးအသေးလေးထဲ သိပ်ထားတဲ့ စပါးဖတ်လိုဟာတွေကို ထည့်ပေးလိုက်တာပါ။ အဲ့ဒါကို တစ်အိုး ၃၀၀၀ ကျပ်နဲ့ ဝယ်ရပါတယ်။ အိုးဖိုးကိုတော့ စပေါ်ပေးထားရတတ်ပါတယ်။ တစ်အိုးကို ၂၀၀၀ ကျပ် ယူထားပါတယ်။ ပြန်တော့မှ အိုးအပ်ပြီး စပေါ် ပြန်ယူရပါတယ်။ အဲ့ဒါပြီးတာနဲ့ လမ်းလေးအတိုင်း ကျောက်တစ်လုံးခြံ ကို သွားကြပါတယ်။ အဲ့ဒီမှာ စားသောက်ဆိုင်နဲ့ အခုဆို အပန်းဖြောဥယျဉ်အဖြစ် အဆင့်မြင့်တင်နေတာကို တွေ့ရပါမယ်။ ဒီမှာလည်း ဝင်ကြေး စကောက်ပါပြီတဲ့။ တစ်ဦးကို ၂၀၀ ကျပ် ပေးရပါတယ်။ အတွင်းမှာ ကျောက်တလုံးချောင်းရဲ့ အလှကို ငေးပြီး ခေါင်ရည် သောက်၊ အစားအစာ မှာစား နိုင်ပါတယ်။ ဘီယာလိုမျိုးလည်း ရပါတယ်။ ခေါင်ရည် ကို သောက်မယ်ဆိုရင် ရေသန့်နဲ့ အိုးထဲကို ဖြည့်ပြီး ခဏနှပ်လို့ ဝါးပိုက်တွေနဲ့ သောက်ကြရပါတယ်။ အရင်က ကျောက်တစ်လုံးကြီးကြီးတစ်ခု ရှိလို့ ကျောက်တစ်လုံးလို့ အစွဲပြုခေါ်ဝေါ်ခဲ့တယ်လို့ သိရပါတယ်။


ဘုရားသုံးဆူ

ရှေးဘုရား သုံးဆူကို ပြန်လည်ပြုပြင်ထားတဲ့ ဘုရားသုံးဆူ ကို ရွှေဘုံသာ ဘုရားကြီးရှိတဲ့နေရာကနေ တည့်တည့် ဆက်သွားလို့ လမ်းမကြီး ကူးရင် ရောက်နိုင်ပါတယ်။ ဒီဘုရားသုံးဆူနဲ့ မနီးမဝေးမှာ ရှေးမြို့ရိုးဟောင်းတစ်ဘက် ရှိတယ်လို့ ဆိုပါတယ်။ ကျွန်တော်တော့ နောက်ကျမှ သိလိုက်ရလို့ မရှာမိခဲ့ပါဘူး။


မြောက်ယာဉ်စွန်းတန်း ဖြတ်သည့်နေရာ

ဒီနေရာကိုတော့ အတော်လေး သွားရပါမယ်။ ရောက်တဲ့အခါ အမှတ်အသား ဆိုင်းဘုတ်အကြီးကြီး ကို တွေ့ကြရမှာပါ။ ကြံစက်ကုန်းရွာအနီး က မိုင်တိုင် ၅၅ - ၅၆ မှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။


ရာဇဂြိုဟ် ဆည်

ပြီးခဲ့တဲ့ နှစ်က ကလေးမြို့တချို့အစိတ်အပိုင်း ရေလျှံရတဲ့ အကြောင်း တစ်ခု အပါအဝင်ဖြစ်တဲ့ ရာဇဂြိုဟ်ဆည် ဆီ ရောက်ခဲ့တယ်။ ရှုခင်းအတော်လှပါတယ်။ သွားရတာတော့ အတော်ဝေးဝေး သွားရတယ်။ ကလေးမြို့ကနေ ၁ နာရီခွဲလောက် ကားနဲ့ သွားယူရပါတယ်။ ဆည်မြောင်းတလျှောက် သစ်ပင်ကြီးနည်းပါးလို့ အရမ်းပူနေတာတော့ ခံစားရခက်တယ်။ လည်ပတ်ချင်စရာ၊ အပန်းဖြေချင်စရာဖြစ်အောင် သစ်ပင်ပန်းမန်စိုက်ပျိုးအလှဆင်တာလေး ပိုလုပ်ပေးစေချင်မိပါတယ်။ ဒီနေရာလေးကို လာလေ့လာရင်း ဓါတ်ပုံရိုက်ကူးဖို့တော့ အတော်ကောင်းပါတယ်။


တာဟန်းဈေး

ကလေးမြို့မှာ ရပ်ကွက်ကြီးတစ်ခုကတော့ တာဟန်းပါ။ တာဟန်းဈေးဟာလည်း ကလေးမြို့ဈေးထက် ပိုပြီး စည်ကား ကြီးမားသလိုပါပဲ။ အသားငါးလည်း ရွေးစရာ ပိုစုံသလို၊ တရုတ်အထည်တွေလည်း ဈေးအတော် ချိုပါတယ်။


ကလေးမြို့မဈေး

ကလေးမြို့ပေါ်က ဈေးကြီးတစ်ခု ဖြစ်ပါတယ်။ အခြားထက် ဒီနေရာတစ်ဝိုက်မှာက အိန္ဒိယအဝတ်အထည်တွေ၊ တရုတ်အထည်တွေ ပိုပြီး အရောင်းအဝယ်ဖြစ် စည်ကားပုံပါပဲ။


ရှုခင်းသာ

ချင်းတောင်ပေါ်တက်ရတယ်လို့ ဆိုကြတယ်။ ကလေးကောလိပ် လွန်ရင် ချင်းပြည်နယ် စပြီလို့ ဆိုကြတော့ ဒီ ရှုခင်းသာ က ချင်းပြည်နယ်ဘက်ပိုင်းမှာ ရှိနေတယ်ပေါ့။ ဒီ ရှုခင်းသာ နေရာက ထူးထူးထွေထွေ မဟုတ်လှပေမဲ့ လာကြသွားကြပါတယ်။ တချို့လည်း မနက် စောစောထလို့ နေထွက်ချိန်ကြည့်တတ်ကြတဲ့ နေရာတစ်ခုပါ။ ချင်းပြည်နယ်ရဲ့ ရှုခင်းလေးတွေကို ဒီနေရာကနေ ခံစားနိုင်ပါတယ်။


ဘုရားကျောင်းများ

ကလေးမြို့မှာ ခရစ်ယာန်ဘာသာဝင်တွေလည်း ပေါများပါတယ်။ ချင်းလူမျိုးစုံနေထိုင်ကြပြီး မီဇိုး များပါတယ်။ ဒါကြောင့် ဘုရားကျောင်းတွေလည်း ပေါပါတယ်။ ရပ်ကွက်တိုင်းရဲ့ရှေ့မှာ ကျောက်သင်ပုန်းလေးတွေ ရှိပြီး ဒီရပ်ကွက်မှာ ဘယ်သူသေ၊ ဘယ်နေ့ ဘယ်လို ဆိုတာတွေကို ရေးသားဖော်ပြထားတတ်ကြပါတယ်။ ချင်းဘာသာနဲ့ ရေးလေ့ရှိပါတယ်။

ကျွန်တော် ရောက်ရှိလည်ပတ်ခဲ့တဲ့ ဘုရားကျောင်းတွေကတော့ -

  • စိန်မေရီ ရိုမန်ကက်သလစ် ဘုရားကျောင်း (ဗိုလ်ချုပ်လမ်းပေါ်)

  • မက်သဒစ် ဘုရားကျောင်း (တာဟန်း)

  • မက်သဒစ် ဘုရားကျောင်း (Vengpui)

  • Salem Baptist Church


အခြားလည်ပတ်စရာနေရာများ

ကလေးမြို့ကို ကျွန်တော် အလည်ရောက်ခဲ့တာ နှစ်တိုင်းလိုလို ဖြစ်ခဲ့ပေမဲ့ နေရာမစုံသေးတာတော့ ဝန်ခံပါတယ်။ တောင်ဖီလာ ကိုလည်း တီးတိန်ကအပြန် အဝေးကနေပဲ မြင်ဖူးခဲ့ပါသေးတယ်။ ဒါကြောင့် ကျွန်တော် မရောက်ဖြစ်ခဲ့ပေမဲ့လည်း ကျွန်တော့်ရဲ့ စာဖတ်သူခရီးဖော်တွေ အချိန်များရရင် လည်ပတ်နိုင်ဖို့ ကျန်နေသေးတဲ့ နေရာလေးတွေကိုလည်း စုစည်းပေးလိုက်ပါတယ်။ တချို့ကတော့ မြို့နဲ့ တော်တော်လှမ်းပါတယ်။

  • တောင်တစ်လုံး (ချောင်းခွရွာ၊ ဟားခါးလေးရွာနား)

  • ခိုင်ကမ်းဆင်စခန်း (ကျောက်တလုံးအကျော်မှာရှိ)

  • မြစ်ဆုံ

  • တောင်ဖီလာ

  • ထန်ဘုရား

  • လက်ဆေးကန်

  • မြသိန်းတန်ဘုရား

  • ဝေဘူလတောင်

  • နတ်ချောင်း

  • ပန်းမွန်ချောင်း

  • မဏိပူရဆည်

  • ဆည်တော်ရွာရေတံခွန်

  • စကားလှဘုရား


ကလေးမှာ စားစရာ

ကလေးမြို့မှာ ဆိုရင် ကြိုက်မိတာက Flow နာမည်နဲ့ ထိုင်းအစားအစာ နဲ့ အကင်ဆိုင်တစ်ခုပါပဲ။ ယမကာအစုံအပြင် ထိုင်းစားဖွယ်တွေကို လက်ရာကောင်းကောင်းနဲ့ လုပ်ဆောင်ပေးနေပါတယ်။ အရသာကောင်းပါတယ်။ နိုင်ငံခြားသားတွေ ဧည့်ခံဖို့ အဆင်ပြေတယ်။ သန့်တယ်။ လက်ရာကောင်းတယ်။ အစားအသောက် အရသာ ရှိတယ်။ Bar လည်းရှိတော့ Cocktail ကောင်းကောင်း သောက်နိုင်တယ်။ ဆိုင်ရှင်က ထိုင်းက အစားအသောက်ချက်ပြုတ်ပြိုင်ပွဲမှာ ပထမဆု ရထားသူလည်း ဖြစ်ပါတယ်။

နောက်တစ်ဆိုင်ကတော့ JD23 ပါ။ စကောထမင်းလေးတွေ စားကောင်းပါတယ်။

ဆာဗူးသီး ကိုတော့ တာဟန်းဈေးထဲမှာ ဝယ်စားတာ ပိုအဆင်ပြေပါတယ်။ တချို့လည်း ကလေးမြို့ဘက်က သန့်တယ်ဆိုတဲ့ ဆိုင်လေးတွေ ညွှန်းကြပါတယ်။ ကျွန်တော်လည်း လမ်းတချို့ မမှတ်မိတော့ဘူးရယ်။

Goshen ဆိုတဲ့ ဆိုင်လေးလည်း လူအရမ်းစည်တာ သတိထားမိတယ်။ နေ့လည်စာ ချိန်ကြီး ရောက်သွားတာ အတော်လေး စောင့်လိုက်ရတယ် လူစည်ကားနေလို့လေ။ အရသာလေး ကောင်းပါတယ်။


တည်းခိုစရာ

အရင်ကထက် အခုတော့ အများကြီး ရွေးချယ်စရာရှိနေပါပြီ။ မင်းကြီး (Majesty) ဟိုတယ်၊ မိုးဟိုတယ်၊ တောင်ဇလပ်ဟိုတယ် စသဖြင့် ရှိနေပါပြီ။ ဘတ်ဂျက်သမားတွေအတွက် တည်းခိုခန်းနဲ့ ဟိုတယ်အသေးလေးတွေလည်း ရှိပါသေးတယ်။


အပြန်လက်ဆောင်

ချင်းရိုးရာဝတ်စုံ အထည်နဲ့ အသုံးအဆောင်တွေ၊ ချင်းထဘီ၊ ပတ်ထဘီ၊ စောင်၊ အမျိုးသားဝတ်စုံ၊ လည်ဆွဲ၊ အိတ်၊ စတာတွေကို ဝယ်ယူနိုင်ပါတယ်။ "တာဟန်းသူ" ဆိုင်လေးမှာ စုံတယ်။ ကလေးမြို့လေဆိပ်တဝိုက်လည်း ဆိုင်တွေရှိတယ်။ တာဟန်းဈေးထဲလည်း ဆိုင်တွေရှိတယ်။ အိန္ဒိယဆာရီ ဝယ်မယ်ဆို ကလေးဈေးနားက လင်းရောင်ခြည် ဆိုင် အဆင်ပြေသလို ကလေးဈေးအပြင်နဲ့ အတွင်းမှာလည်း ဆိုင်တွေရှိပါသေးတယ်။


ကလေးမြို့လေးဟာ လည်စရာ မများပေမဲ့ သူ့ဟာနဲ့သူ ချစ်စရာကောင်းနေပြီး အလုပ်ပေါင်းစုံ လူပေါင်းစုံ ရှိရာ အရပ်ဖြစ်လို့ ခရီးသွားတွေအတွက် လေ့လာလို့ မကုန်နိုင်အောင်ပါပဲ။ ဒီခရီးစဉ်လေးနဲ့အတူ အဆင်ပြေပြီး အချိန်ရမယ်ဆို တမူးမြို့ဘက် အထည်အလိတ်ဝယ်နိုင်ပါတယ်။ ဒါ့အပြင် ရိဒ်ရေကန် တီးတိန်၊ ဟားခါး စတဲ့ ဘက်တွေလည်း သွားနိုင်ပါသေးဆိုတာ ကြိုတင် အသိလေးပေးလိုက်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Photo :: Thiha Lu Lin, Nay Myo, MYSAP Team

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter