ကလော ကို အရိုးရှင်းဆုံးလေး လည်မယ်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ကလော ကို အရိုးရှင်းဆုံးလေး လည်မယ်

ဘယ်အချိန်သွားသွား မရိုးတဲ့ တောင်ပေါ်မြို့အပန်းဖြေစရာလေးက ကလောပါပဲ။ ကလောကို ရောက်တာနဲ့ ရာသီဥတု၊ အစားအသောက်၊ သဘာဝဝန်းကျင်မြင်ကွင်းတွေနဲ့ စိတ်က အလိုလို ပျော်လာတယ်။



ကလောဟာ နွေရာသီ အပန်းဖြေစခန်းဆိုလည်း ဟုတ်ရဲ့။ မိုးရာသီ လတ်ဆတ်ခြင်းတွေ မွှေးပျံ့နေတတ်တဲ့ ကော်ဖီမြို့တော်ဆိုလည်း ဟုတ်ရဲ့။ ဆောင်းတွင်းရဲ့ နှင်းမြို့တော် ဆိုလည်း ဟုတ်ရဲ့လေ။

ရာသီတိုင်းမှာ လှတဲ့ ကလော ကို အရိုးရှင်းဆုံး လည်ပတ်မယ်ဆိုရင် ဘယ်တွေ လည်ပတ်လို့ ရမလဲ ဖော်ပြပေးလိုက်ရပါတယ်ဗျာ။


ကလော မှာ လည်စရာ

ကလောမှာ လည်ပတ်ဖို့ သိပ်များများစားစား မရှိလှပေမဲ့ လုပ်စရာ Activities များတော့ မပျင်းရဘူး။ အနီးအနားဝန်းကျင်က မြို့တွေနဲ့ အထင်ကရ လည်ပတ်စရာနေရာတွေကိုလည်း သွားလည်နိုင်သေးတာမို့ ပိုအဆင်ပြေစေတယ်။ တခြားမသွားဘဲ ကလောမြို့ထဲမှာပဲ ဆိုရင် အဓိက လည်ပတ်စရာတွေက

  • နှီးဘုရား

  • ရွှေဥမင်လိုဏ်ဂူ

  • နှစ်တစ်ရာသက်တမ်းရှိတဲ့ Christ The King Church ဘုရားကျောင်း

  • ကရင်နှစ်ခြင်းဘုရားကျောင်း

  • ရှုခင်းသာ

  • သိမ်တောင်

  • နာရီစင်

  • ထင်းရှူးတော

  • ကလောဈေး

  • ကလောဘူတာ

  • ဗျိုက်တောင်

  • အိုးစည်တောင်


စတဲ့နေရာတွေ ရှိမယ်။ နှီးဘုရား ကတော့ ဘုန်းကြီးကျောင်းလိုပဲမို့ ကျယ်ကျယ်ဝန်းဝန်းလည်း ရှိသလို၊ ဧည့်သည်လာရင်လည်း လက်ဖက်၊ ရေနွေးကြမ်းတွေနဲ့ ဧည့်ခံလေ့ရှိတယ်။ ဈေးဆိုင်တန်းလေးတွေလည်း ရှိပြီး ဒေသထွက် ပစ္စည်းနဲ့ အစားအသောက်မျိုးစုံ ဝယ်နိုင်သေးတယ်။ ရွှေဥမင်လိုဏ်ဂူ လည်း သွားသင့်တယ်။ သူက တပ်ဝန်းထဲကနေ ဝင်သွားရတာ။ လိုဏ်ဂူထဲမှာ တည်ထားတဲ့ ဘုရားဆင်းတုနဲ့ စေတီတွေကိုလည်း ဖူးကြရမယ်။ အပြင်က စေတီအဆူဆူကလည်း ဓါတ်ပုံရိုက်ချင်စရာ သိပ်ကို သပ္ပါယ်ကြပါတယ်။ တက္ကသိုလ်လမ်းအတိုင်း အပေါ်တက်သွားရင် ရောက်မဲ့ နှစ်ရာချီရှိပြီဖြစ်တဲ့ Christ The King Church ရိုမန်ကတ်သလစ်ဘုရားကျောင်းကြီးကတော့ ဧည့်သည် အနှောင့်အယှက်များလို့ ခုနောက်ပိုင်း ဧည့်အဝင်မခံတော့ဘူး ကြားရပါတယ်။ အပြင်ကနေပဲ ဓါတ်ပုံရိုက်လို့ရနိုင်ပါမယ်။ ကရင်နှစ်ခြင်းခရစ်ယာန်ကျောင်းကတော့ Spouding Seed ကော်ဖီဆိုင် မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ သိမ်တောင် ကတော့ ကလောမြို့ပြ ရှုခင်းနဲ့ သဘာဝတောင်တန်းကြီးရဲ့ အလှကို မြင်တွေ့ရပြီး တခါတရံဆို တိမ်မြူခိုးတွေနဲ့အလှကိုပါ ကြုံကြိုက်ခံစားနိုင်ဦးမှာပါ။ နာရီစင် နဲ့ နာရီစင်နားက ပန်းခြံထဲက ထင်းရှူးတောတွေကလည်း မြို့ရဲ့ အထင်ကရတွေပါပဲ။ နာမည်ကျော်နှစ်ပေါင်းရာကျော်သက်တမ်းရှိတဲ့ ကလောဘူတာနဲ့လည်း နီးပါတယ်။ ကလောဈေးကတော့ မနက်စောစော မနက်စာ စားဖို့ အသွားသင့်ဆုံးနေရာပေါ့ခင်ဗျာ။ အမှတ်တရပစ္စည်းတွေနဲ့ ဒေသထွက် အစားအစာတွေ၊ ပြီးတော့ တောတိုး တောင်တက် လုပ်မဲ့သူတွေအတွက် လိုအပ်တဲ့ ဖိနပ်၊ မိုးကာတွေကအစ ဝယ်ယူနိုင်မဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဗျိုက်တောင်လို့ အလွယ်ခေါ်ကြတဲ့ ကျောင်တောင်ကြီးတွေ ဆီလည်း သွားလည်နိုင်သေးတယ်။ အဲ့ဘက်က ကျောက်တောင်တွေ ဖြိုချနေတဲ့ ကြားထဲ ဂျပ်ကြားလို ဖြစ်နေလို့ လည်ပတ် ဓါတ်ပုံရိုက်လို့ကောင်းတယ်။ အခုရော ဘယ်လိုနေမယ်မသိ။ ပြီးတော့ အဝေးက ကြည့်ရင် အိုးစည်လို ဖြစ်နေတဲ့ အိုးစည်တောင် ကို တက်ရင်း ရှုခင်းတွေကြည့်နိုင်သေးတယ်။ သူကတော့ အောင်ပန်းဘက် ပိုကျမလားဘဲ။


လူငယ်ကြိုက် Activities တွေနဲ့ ကလော

အရင်ကထက် ပိုပိုပြီး ကလောဟာ ဧည့်သည်တွေ ခဏခဏ လာ ချင်အောင် စွဲဆောင်နေပြန်ပါတယ်။ အခုဆို ချောင်းထဲ ကယက်လှေစွန့်စားစီးလို့ရအောင်ထိတွေ ဖြစ်လာတာ သတိပြုမိတယ်။ ကျွန်တော်တော့ စီးခွင့်မကြုံသေးဘူး။ ဆိုင်ကယ်နဲ့ တောလမ်းကြမ်း သွားတဲ့ အစီအစဉ်တွေ ကို Ride Behind Kalaw အဖွဲ့က လုပ်ပေးနေတယ်။ Trekking ဆိုလည်း လုပ်နေတဲ့ အဖွဲ့တွေ အများကြီးပဲ။ ကျွန်တော်ကတော့ အမြဲလိုလို U U Ye Kalawthar နဲ့ပဲ Trekking သွားတယ်။ ပြီးတော့ Camping တွေ။ မြင်းမူးကုန်းလို နေရာမျိုးတွေ၊ ပြီးတော့ သီးသန့် စီစဉ်ထားတဲ့ တောင်ကုန်းတွေပေါ်မှာ ယာယီတဲလေးတွေနဲ့ အိပ်ကြတာမျိုးတွေနဲ့ လာပြီးရင်း လာချင်အောင် စွဲဆောင်နိုင်ကြပါတယ်။ ခုလို မိုးဦးကျဆို ဦးဦးရဲ ကလောသား ရဲ့ "တောင် ၉ လုံး စွန့်စားခရီးစဉ်" ဆို လူငယ်တွေ အရမ်းကြိုက်ကြတာ။ ကျွန်တော်လည်း သိပ်သဘောကျတယ်။ တစ်နေ့လုံး တောင်စဉ် ၉ လုံးကို တက်ဆင်းလုပ်ပြီး ရွာမှာ အိပ်ရတဲ့ အရသာက ခုပြန်တွေးရင်တောင် ခုပြန်ကြည်နူးတယ်။ ငါ လုပ်နိုင်ခဲ့ပါလား ဆိုပြီးလေ... ဒီနှစ်ရော ထွက်ဖြစ်မလား သိချင်မိတယ်။ ပြီးတော့ ကလောဘူတာကနေ အနီးအပါး ဘူတာတွေကို ရထားပတ်စီး အတွေ့အကြုံယူနိုင်သေးတယ်လေ။ မြို့ထဲပတ်ပြီး ကိုလိုနီခေတ် အဆောက်အဦးဟောင်းတွေ ရှာပြီး လေ့လာဓါတ်ပုံရိုက်နိုင်သေးရဲ့လေ။


ကလောကနေ အနီးအပါး ထွက်လည်မလား

ကလောကနေ ဟဲဟိုး ညောင်ရွှေဘက်တက်ပြီး အင်းခေါင်းဆည်၊ ဘဝသံသရာရထားလမ်းပိုင်း၊ ညောင်ရွှေ၊ အင်းလေး၊ ရွှေအင်းတိန် တွေထိ လည်ပတ်ကြသလို၊ ရွာငံ ပင်းတယဘက် သွားပြီး မြင်းမူးကုန်း၊ ယူကလစ်ပင်တန်းလမ်း၊ မြသပိတ်ရေပြာအိုင်၊ တောကျယ်ရေတံခွန်၊ အလယ်ချောင်ရေတံခွန်၊ မိန်းမရဲသခင်မတောင် တွေနဲ့ ပင်းတယရွှေဥမင်ဂူ၊ ပုန်းတလုတ်ကန် စသဖြင့် လည်ပတ်နိုင်ဦးမှာ ဖြစ်ပါတယ်။ အနီးဆုံး အောင်ပန်းမြို့ဘက် သွားပြီး ရိုးရာအစားအစာတွေစားနိုင်တဲ့အပြင် သရဲဥမင်ရှေးလိုဏ်ဂူဘုရားတွေဖူးရင်း တောင်တက်လည်ပတ်နိုင်ပါသေးတယ်။


ကလောဟာ ကျွန်တော့်အတွက်တော့ ဘယ်အချိန်သွားသွား ပျော်နေရတဲ့ သီးခြားကမ္ဘာလေးတစ်ခုပါ။ ကော်ဖီဆိုင်နဲ့ ဘားဆိုင် လှလှလေးတွေအများကြီးရှိတဲ့ အရပ်မို့ လည်ပတ်လိုက် နားလိုက် ဘယ်လိုလုပ်လုပ် လုပ်စရာတွေ များလွန်းလို့ အချိန် တစ်ပတ်ယူတောင် လည်မကုန်တဲ့ အရပ်ပဲ ဖြစ်ပါတယ်။ အားလုံးလည်း ကျွန်တော်နဲ့ ထပ်တူ ခံစားရမယ်ယုံပါတယ်ဗျာ။ ဘယ်လိုလဲ ဒီနှစ်လည်း ကလော သွားဦးမယ်မဟုတ်လား။


အားလုံး အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: U U Ye Kalawthar, Thiha Lu Lin, Kyaw Kyaw, Phoe Tar

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

2,625 views0 comments
bottom of page