ပျော်စရာများနဲ့ အစ္စရေးနိုင်ငံ ဆီ...
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ပျော်စရာများနဲ့ အစ္စရေးနိုင်ငံ ဆီ...

ကျွန်တော် ၂၀၁၈ ဧပြီလတုန်းက သွားခဲ့တဲ့ အစ္စရေး ခရီးစဉ်လေးကို သတိရနေမိတယ်။ သဲကန္တာရအလယ်က အိုအေစစ် နိုင်ငံလေး အကြောင်း ခေါင်းထဲ အလိုလို ပေါ်လာတော့ လက်ကလည်း ပါလာတယ်။ အစ္စရေးနိုင်ငံ ကို မရောက်ဖူးခင်တုန်းကတော့ ကိုယ်ကြားဖူးတာလေးတွေနဲ့ ပေါင်းပြီး စိတ်ထဲ မရှင်း ဖြစ်နေခဲ့ဖူးတယ်။ ပဋိပက္ခတွေကြားတည်း ကိုယ်ရော ဝင်ဗြာများနေရမှာလား၊ ထိတ်လန့်နေရမှာလား စသဖြင့်ပေါ့ တွေးပူတွေးကြောက်နေခဲ့တယ်။ တကယ် ရောက်သွားတဲ့အချိန်မှာတော့ အစ္စရေးဟာ လည်ပတ်ဖို့ ကောင်းတဲ့နိုင်ငံ တစ်ခုလို့ သေချာသွားခဲ့တယ်။ ဘာကြောင့် အစ္စရေးနိုင်ငံ ဟာ လည်ပတ်စရာကောင်းလဲ မေးချင်နေမယ်ဆိုရင် ရှေ့ဆက်ပြီး ဖတ်ကြည့်ဖို့တော့ လိုမယ်နော်။


အစ္စရေး ဗီဇာ

ဗီဇာအကြောင်းကနေ စပြောရမယ်ထင်တယ်။ အစ္စရေးနိုင်ငံ သွားဖို့ ကျွန်တော်တို့အနေနဲ့ ဗီဇာလိုအပ်ပါတယ်။ သိပ်ပြီး ခက်ခဲတဲ့ ကိစ္စမဟုတ်ပေမဲ့ စဉ်းစားဖို့တော့ ရှိတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုရင် -


ဗီဇာတင်ဖို့ အရင်ဆုံး အီးမေးလ်နဲ့ ရက်ချိန်းယူရပါတယ်။ Consul-sec@yangon.mfa.gov.il ကို အီးမေးလ် ပေးပို့ပြီး စာရွက်စာတမ်းနဲ့ အင်တာဗျူး လာနိုင်မဲ့အချိန်ကို ကြိုတင်မေးမြန်း ချိန်းဆိုရမှာ ဖြစ်ပါတယ်။ မရှင်းတာရှိရင် 01 515115 (လိုင်းခွဲ 2) ကို ဆက်ပြီး မေးမြန်းနိုင်ပါတယ်။ ရက်ချိန်းကို အီးမေးလ် ပြန်ရပါလိမ့်မယ်။ အဲ့ဒီရက်မှာ ကိုယ်က စာရွက်စာတမ်းအစုံနဲ့ သံရုံးကို သွားရုံပါပဲ။


ဘာစာရွက်စာတမ်းတွေ ပြင်ထားရမလဲဆိုတော့ -

(၁) ဗီဇာဖောင် ဖြည့်ပြီးသား (သံရုံးမှ ရယူရန်)

(၂) ပတ်စ်ပို့ စာအုပ် (အနည်းဆုံး ၆ လ သက်တမ်းကျန်ရှိရပါမယ်)

(၃) မှတ်ပုံတင် မိတ္တူ

(၄) အိမ်ထောင်စုစာရင်း မိတ္တူ

(၅) ၂ လက်မ ပတ်လည် နောက်ခံအဖြူနဲ့ ဓါတ်ပုံ ၂ ပုံ

(၆) ၆ လစာ ဘဏ်စာအုပ် (သို့မဟုတ်) ဘဏ်စာရင်း (ငွေသားပမာဏ က အရေးမကြီးပါဘူး။ သက်တမ်းနဲ့ လည်ပတ်နေသလားဆိုတာပဲ ကြည့်တာပါ။)

(၇) လေယာဉ်၊ ဟိုတယ် စသည်တို့ရဲ့ ဘွတ်ကင်အထောက်အထားများ

(၈) လည်ပတ်မည့်ခရီး အစီအစဉ်

(၉) အခြားလိုအပ်သည့်စာရွက်စာတမ်းများ (အလုပ်ထောက်ခံချက် / ကုမ္ပဏီလိုင်စင် / အသင်းတော် ထောက်ခံချက် စသည်)

(၁၀) လုပ်ငန်းအတွက် သွားရောက်မဲ့သူများကတော့ တစ်ဘက် အစ္စရေးကုမ္ပဏီမှ ဖိတ်ခေါ်စာ လိုအပ်ပါတယ်။


ဗီဇာကြေး ကတော့ 24 USD ဒါမှမဟုတ် ၃၇,၂၀၀ ကျပ် ဖြစ်ပါတယ်။ အပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါတယ်။ လျှောက်ထားတဲ့အမျိုးအစားပေါ်မူတည်ပြီးလည်း ဈေးကွာခြားပြောင်းလဲနိုင်ပါသေးတယ်။ ငွေကို သံရုံးမှာ မြန်မာကျပ်ငွေဖြစ်ဖြစ်၊ ဒေါ်လာဖြစ်ဖြစ် ပေးသွင်းနိုင်ပါတယ်။ ဘဏ်ကနေ လွှဲမယ်ဆိုရင်တော့ မြန်မာကျပ်ငွေတစ်မျိုးတည်းကိုပဲ KBZ Bank Account No. 31710323200106801 ကို လွှဲရတယ်လို့ သိရပါတယ်။ ဘဏ်ကနေလွှဲရင် ကိုယ့်ရဲ့ ပတ်စ်ပို့နံပါတ် နဲ့ နာမည် နဲ့ကို မဖြစ်မနေ ထည့်သွင်းဖော်ပြခိုင်းဖို့ လိုအပ်ပါတယ်။ ဘဏ်ကို ပြောပြရမှာပါ။


ချိန်းဆိုထားတဲ့နေ့ နဲ့ အချိန်မှာ အစ္စရေးသံရုံး ရှိရာ အမှတ် (၁၅)၊ ခပေါင်းလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန် ကို သွားရောက်ရမယ်။ အခြားသံရုံးတွေလိုပဲ လူ၊ ပိုက်ဆံ နဲ့ စာရွက်စာတမ်းတွေပဲ ဝင်ရမှာပါ။ ကျန်တာတွေကို ဂိတ်မှာ ထားခဲ့ရမှာ ဖြစ်ပါတယ်။


ဗီဇာအတွက် ရုံးပိတ်ရက် မပါ (၇) ရက်အချိန်ယူပါတယ်။ (၇) ရက်ပြည့်ရင် သံရုံးမှာ သွားပြီး ထုတ်ယူရမှာပါ။



သတိပြုစေချင်တာကတော့ အများပြောနေတဲ့ အစ္စရေးဗီဇာ စာအုပ်မှာ ပါတဲ့ ကိစ္စပါ။ အချို့နိုင်ငံတွေကတော့ ဒီဗီဇာအပေါ်မှာ နည်းနည်းစကားပြောတတ်ပါတယ်။ ဒါကြောင့် ဒီဗီဇာ မိမိစာအုပ်မှာ ရှိနေတာအတွက်၊ အဝင်အထွက် မင်တုံးထုတဲ့ ကိစ္စတွေဟာ ကျွန်တော်တို့အတွက် ခေါင်းခဲစရာ ဖြစ်လာပါတယ်။ ကျွန်တော် အစ္စရေးသွားတုန်းက ဂျော်ဒန်နိုင်ငံကနေ ကုန်းလမ်းနဲ့ ကူးခဲ့တာ ဖြစ်ပြီး အဲ့ဒီတုန်းက နယ်စပ်ဂိတ် အစ္စရေး လူဝင်မှုကြီးကြပ်ရေး က သဘောထား ပျော့ပြောင်းသလို ရှိပါတယ်။ တုံးလည်း မထုပါဘူး။ စတစ်ကာလို တစ်လက်မ x နှစ်လက်မ အရွယ် လေးထောင့်စာရွက်လေး တစ်ရွက်ပဲ ညှပ်ပေးလိုက်ပါတယ်။ အင်တာဗျူးတော့ တော်တော်ကြာကြာ လုပ်တယ်။ ဒုက္ခများတာက အဲ့ဒီ စာရွက်လေးကို မပျောက်အောင် ထိန်းသိမ်းရတာပဲ။ အထွက်မှာ ဒီစာရွက်လေး မပြနိုင်ရင် အတော် ဒုက္ခများတတ်လို့ သေချာ ထိန်းသိမ်းရပါတယ်။


အစ္စရေး က တကယ်လည်လို့ကောင်းလား

ထူးခြားတယ်ဆိုရမလား။ အစ္စရေးဟာ နိုင်ငံဧရိယာသေးသေးထဲမှာကို စိတ်ဝင်စားစရာ အကုန်ရှိနေပါတယ်။ တောင်ဖျားကနေ မြောက်ဖျားကို ကားနဲ့ ၅ နာရီ မောင်းရုံနဲ့ ရောက်သွားနိုင်တဲ့ ဒီနိုင်ငံမှာ ကန္တာရကနေ ရေခဲတောင် အထိ အကုန်ရှိနေတာ အံ့သြစရာ မကောင်းဘူးလား။ နယ်နမိတ်အားဖြင့် ဂျော်ဒန်နိုင်ငံ၊ အီဂျစ်နိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံ၊ လက်ဘနွန် နဲ့ ဆီးရီးယားနိုင်ငံတွေနဲ့ ထိစပ်နေပါတယ်။ ဒီနေရာတွေကိုလည်း အချိန်တိုအတွင်း ကူးလူးသွားလာနိုင်တာကလည်း ခရီးသွားတွေအတွက် အဆင်ပြေတာပါ။ ဗီဇာတော့ လိုအပ်ပါမယ်နော်။ ကဲ အစ္စရေးမှာ လည်ပတ်စရာ ဘာတွေရှိမလဲ။


ပင်လယ် (၄) ခု ရှိတဲ့နိုင်ငံ

(၁) Mediterranean Sea

(၂) Dead Sea

(၃) Red Sea

(၄) Sea of Galilee

အကြီးမားဆုံးပင်လယ်ကြီးအနေနဲ့ Mediterranean ပင်လယ်က နိုင်ငံဧရိယာတော်တော်များများနဲ့ ထိစပ်နေပြီး နာမည်ကျော် ပင်လယ်သေ ကတော့ ဂျော်ဒန်နဲ့ ဟိုဘက်ဒီဘက် ခွဲယူထားပါတယ်။ ပင်လယ်နီ ရဲ့ အစိတ်အပိုင်းအချို့ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သူ့ရဲ့ ကုန်းတွင်းပင်လယ် (ရေအိုင်) တစ်ခုဖြစ်တဲ့ Galilee (ဂါလိလဲ) ပင်လယ်ကိုတော့ အပြည့်အဝ တစ်ဦးတည်း ပိုင်ဆိုင်ထားတာ တွေ့ရပါမယ်။ ပင်လယ်သေ ဟာ ဆားငန်နှုန်းမြင့်မားစွာ ပါဝင်နေတာမို့ ရေကူးရင် လူဟာ ရေပေါ် ပေါ်နေတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ အဲ့ဒီက ထွက်တဲ့ ရွှံဟာလည်း ဆေးဖက်ဝင်တာမို့ တစ်ကိုယ်လုံး မျက်နှာပါ မကျန် ပေါင်းတင်အသုံးပြုကြပါတယ်။ အရသာက အတော်ခါးပြီး မျက်စိထဲဝင်ရင် ရေချိုနဲ့ မနည်းဆေးယူရအောင် ဖြစ်တတ်ပါတယ်။ ပင်လယ်သေဟာ ကမ္ဘာ့အနိမ့်ဆုံး အရပ်လည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၃ သန်း သက်တမ်း ရှိပြီဖြစ်တဲ့ ဒီ ပင်လယ်သေ ကို အမှီပြုပြီး အပန်းဖြေစခန်း အခမဲ့ကနေ အခကြေးငွေယူတဲ့အထိ အများအပြား ဖွင့်လှစ်ထားသလို ဇိမ်ခံဟိုတယ်ကြီးတွေ ဖွင့်တဲ့အထိ ခရီးသွားလုပ်ငန်းကို အထောက်အကူပြုပါတယ်။ ပင်လယ်နီ မှာတော့ ပင်လယ်နဲ့ပတ်သက်တဲ့ ကစားနည်းတွေ၊ ပင်လယ်သတ္တဝါငါးပြတိုက်လိုမျိုးတွေ ဖွင့်လှစ်ထားပါတယ်။ ဂါလိလဲပင်လယ်ကတော့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ သမိုင်းမှာ အရေးပါတဲ့ပင်လယ်တစ်ခု ဖြစ်ခဲ့တာမို့ လေ့လာသင့်ပါတယ်။ ဂါလိလဲအိုင်ပြတိုက်မှာလည်း ခရစ်တော် လူသားအဖြစ်ရှိစဉ်က စီးနင်းခဲ့တဲ့ လှေကြီးလို့ ယူဆရတဲ့ လှေကြီးရဲ့ အစိတ်အပိုင်းတွေကို ပြသထားတဲ့အပြင် ဂါလိလဲပင်လယ်ထဲမှာ လှေပတ်စီးတာ၊ ကယက်လှေလှော်တာ စတဲ့ အပန်းဖြေစရာနည်းများစွာနဲ့ လည်ပတ်နိုင်ပါသေးတယ်။ Mediterranean ရဲ့ ကမ်းခြေတွေကတော့ ကဲလို့ကောင်းတဲ့ ကမ်းခြေတွေပဲ ဆိုပါတော့။

လူမမြုပ်နိုင်တဲ့ ပင်လယ်သေ မှာ ရေကူးခြင်း
ပင်လယ်နီ နဲ့ ကမ်းခြေဇိမ်ခံဟိုတယ်ကြီးတစ်ခု
ကုန်းတွင်းပင်လယ်လို့ တင်စားတဲ့ ဂါလိလဲပင်လယ် (ဂါလိလဲအိုင်)

လူငယ်ကြိုက် Tel Aviv

အစ္စရေးဟာ ဘေးပတ်လည်က အခြားနိုင်ငံတွေနဲ့ မတူစွာ ပျော်စရာဘုံလေးတစ်ခု ဖြစ်နေတဲ့ အကြောင်းရင်းက Tel Aviv အရပ်ကို ပိုင်ဆိုင်ထားလို့လည်း ဖြစ်နိုင်ပါတယ်။ နိုင်ငံခြားခရီးသွားတွေ ဒီနေရာမှာ အတော်ပျော်ကြပါတယ်။ သောက်စားပျော်ပါး ကဲလို့ရတဲ့နေရာကိုး။ LGBT တွေအတွက်လည်း ပျော်စရာသုခနန်းပါ။ ရာသီဥတုက နေလို့ကောင်းတယ်။ နွေရာသီမှာတော့ ၂၄ ကနေ ၃၀ ဒီဂရီဆဲဆီယပ် အတွင်းပဲ ရှိတယ်။ ဆောင်းရာသီမှာဆို ၉ ကနေ ၁၇ ဒီဂရီအတွင်းမို့ နေလို့အတော်အဆင်ပြေတဲ့အရပ်ပါ။ ကမ်းခြေတွေလည်း ရှိပြီး ညမအိပ်တဲ့အရပ်တွေထဲက တစ်ခုလို့တောင် ပြောလို့ရပါမယ်။ Nightlife ကောင်းပြီး အစားအသောက် ကောင်းတဲ့ ဒေသဖြစ်လို့ ခရီးသွားသူတွေ တည်းခိုရင် ဒီဘက်မှာ တည်းခိုကြတာ အများဆုံး ဖြစ်ပါတယ်။


ခရစ်ယာန်တို့ရဲ့ဂါယာ Jerusalem ဂျေရုဆလင်

နှစ်ပေါင်း ၃၀၀၀ ကျော်က ဘုရားမွေးဖွားလှည့်လည်ဒေသစာရီ ကြွချီခဲ့တဲ့ ဒေသတွေမှာ ဂျေရုဆလင်မြို့ဟာလည်း အရေးပါခဲ့ပါတယ်။ ဒီဒေသမှာ ဘုရားရှင်ရဲ့ အငွေ့အသက်တွေကို ခုတိုင် ခံစားနေရဆဲလို့ ခရစ်ယာန်ဘာသာဝင်တွေ ခံစားရတဲ့အတိုင်း ဒီအရပ်ကို အချိန်ပေးပြီး လည်ပတ်ကြတယ်။ မြို့ဟောင်းဝန်းကျင်နဲ့ ဘုရားကျောင်းတွေကို လှည့်လည် လေ့လာကြတယ်။ ကျမ်းစာအုပ်ထဲက အကြောင်းအရာတွေနဲ့ အပြင်လက်တွေ့ တိုက်ဆိုင်လေ့လာကြတဲ့ နေရာလည်း ဖြစ်ပါတယ်။ အစ္စရေးမှာ သမိုင်းဝင်ရှေးဟောင်းအဆောက်အအုံတွေရှိရာ နေရာပေါင်း ၂၀၀၀ ကျော် ရှိပြီး ပြတိုက်အနေနဲ့ ၆၀ ကျော် ရှိပါတယ်။ နှစ်စဉ်ပွဲတော် အနေနဲ့ ၃၀ ကျော် ရှိတတ်ပါတယ်။

သခင်ယေရှု ကားတိုင်တင်ခါနီး ကိုယ့်ကားတိုင် ကိုယ်ထမ်း၍ တောင်ပေါ်တက်ရာ လမ်းတစ်လျှောက် လည်ပတ်ခြင်း

UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာများစွာ

ဟုတ်ပါတယ်။ အစ္စရေးမှာ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းထားတဲ့နေရာကို နိုင်ငံသေးငယ်ပေမဲ့ ပိုင်ဆိုင်ထားပါတယ်။ Hazor Tels, Acre, Baha’I Holy Place, Bet She’arim, Nahal Me’arot, Megiddo Tels, White City of Tel-Aviv, Bet-Guvrin Caves, Masada, Beer Sheva Tels နဲ့ Negev Incense Route တို့ပဲ ဖြစ်ပါတယ်။ စုစုပေါင်း (၁၁) နေရာ ရှိပါတယ်။

Capharhaum (The Town of Jesus) မြို့ဟောင်းမှာ

Eilat ကမ်းခြေများ

ဒီအရပ်မှာတော့ အပန်းဖြေ ကမ်းခြေတွေများပါတယ်။ သူကတော့ ပင်လယ်နီ ကို အခြေခံထားတဲ့ ကမ်းခြေတွေပါ။ ဇိမ်ခံဟိုတယ်တွေ အများအပြား ရှိပြီး ထူးခြားတာက ဒီမြို့ဟာ အခွန်ကင်းလွတ်ခွင့်ရတဲ့ မြို့ဖြစ်ပါတယ်။ နှစ်စဉ် ဧည့်သည် ၂.၈သန်း လာရောက်လည်ပတ်ကြတဲ့ အရပ်လည်း ဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး နေသာတဲ့ အရပ်ဖြစ်တာမို့ နေ့တိုင်းဟာ ကမ်းခြေနေ့တွေလို့ ဆိုရပါမယ်။



အစ္စရေးနိုင်ငံ ဟာ လည်ပတ်ပျော်ရွှင်လို့ သိပ်ကောင်းတဲ့ နိုင်ငံပါ။ သို့သော်လည်း တစ်ခါတရံမှာ သူလည်း ထထ ဖြစ်တတ်ပါသေးတယ်။ Tel Aviv လိုနေရာမျိုးမှာတောင် ပစ်ခတ်တာမျိုး ဖြစ်တတ်တာကို ရုပ်သံသတင်းကနေ မြင်လိုက်ရပါသေးတယ်။ ဒါပေမဲ့လည်း ဒီတစ်နိုင်ငံတည်း ဖြစ်နေတာမှ မဟုတ်တာဘဲ၊ ကျွန်တော်တို့က ဒီဘက်ပိုင်းကို သွားလေ့သွားထ မရှိလို့သာ အမြင်တစ်မျိုးနဲ့ ခံစားနေရတာ။ တကယ်တမ်းရောက်သွားခဲ့တဲ့ ကျွန်တော့်မှာတော့ အစ္စရေးနိုင်ငံကို သဘောတွေကျပြီး ခုထိ နောက်ထပ်လည်ပတ်ဖို့ စိတ်ကူးတွေ ယဉ်နေတုန်းပါဗျာ။ ကျွန်တော် သွားခဲ့တုန်းက သုခလမ်းညွှန် ခရီးသွားလုပ်ငန်း က ခရီးစဉ်ကို စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံဟာ လည်ပတ်ဖို့ အတော်ကောင်းတဲ့နိုင်ငံတွေထဲက တစ်ခုဆိုတာတော့ ကျွန်တော် သေချာ သိလိုက်ရပါတယ်။


ဂျော်ဒန်မြစ် (သန့်ရှင်းသောရေ ရယူဖို့ လာကြတယ်)

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens

Photos are modified in Lightroom by Thiha Lu Lin.

842 views0 comments
bottom of page