top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

လွမ်းဖွယ် မြို့သီပေါ

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Sep 1, 2020
  • 4 min read

Updated: Dec 18, 2020

ရှမ်းပြည်နယ် မြောက်ပိုင်းမြို့တွေထဲမှာ အစဉ်အလာရှိတဲ့ မြို့တစ်မြို့ကတော့ အရင် စော်ဘွားတွေ နန်းစိုက်ရာ မြို့ဖြစ်ခဲ့တဲ့ သီပေါမြို့ ဖြစ်ပါတယ်။ ကျွန်တော် ပြင်ဦးလွင်မြို့ကို အလည်သွားရောက်တုန်းလေး ပြင်ဦးလွင်ကနေ ၃ နာရီ ခရီးအကွာအဝေးလောက်ပဲ ရှိတဲ့ သီပေါမြို့ကို နေ့ချင်းပြန်လည်ပတ်နိုင်ဖို့ Cherry Hill May Myo Tours နဲ့ ချိတ်ဆက်ပြီး သီပေါမြို့တခွင်ကို ပေါ့ပေါ့ပါးပါး လည်ပတ်ဖြစ်ခဲ့တယ်။ ပေါ့ပေါ့ပါးပါးဆိုတဲ့အတိုင်း မပင်မပန်းရောက်နိုင်မဲ့ နေရာတွေကို အဓိက လည်ဖြစ်တယ်ပေါ့ဗျာ။ အားစိုက်ထုတ်ရမဲ့ Trekking ခရီးစဉ်မျိုးတွေလည်း သီပေါမှာက လုပ်လို့ကောင်းတော့ ဝါသနာပါရင် ဒီလိုခရီးစဉ်တွေလည်း သွားကြည့်စေချင်ပါတယ်။ ဒုဋ္ဌဝတီမြစ်ကြီးရဲ့ မူလစတင်ရာ အရပ်ကို ကျွန်တော် အလည်ရောက်ဖြစ်ခဲ့တယ်ပေါ့ဗျာ။


အုန်းဘောင် မှသည် သီပေါ

သီပေါမြို့ဟာ ရှမ်းစော်ဘွားတွေ နန်းစိုက်ရာ အုန်းဘောင် ၄ မြို့အဝင် ဖြစ်ပါတယ်။ ရုံးစိုက်ရာ အုန်းဘောင် ၄ မြို့ဆိုတာ သီပေါ၊ မိုင်းလုံ၊ မိုင်းတုံ နဲ့ သုံးဆယ်မြို့တွေပါ။ စော်ဘွားတွေ ရုံးစိုက်ရာ ဖြစ်လို့ ထီးဆန်နန်းဆန်တဲ့ ခံစားမှုမျိုးကို ဒီမြို့တွေမှာ ခံစားရစေပါတယ်။ အုန်းဘောင်စော်ဘွား စောခမ်းဇော် က ဘီစီ ၅၉ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ကုန်းဘောင်ခေတ်ဦးမှာ အုန်းဘောင်ကနေ သီပေါအမည်နဲ့ ထင်ရှားလာတယ်လို့ ဆိုကြသလို အချို့ကလည်း အုန်ဘောင်စော်ဘွားက အုန်းဘောင်ကနေ သီပေါ ကို ပြောင်းရွှေ့နန်းစိုက်တယ်လို့လည်း ဆိုကြပြန်ပါတယ်။ သီပေါ လို့ ခေါ်ရခြင်းအကြောင်းကတော့ ဟော်နန်းတည်ဆောက်မဲ့နေရာကို မြေတူးဆွတဲ့အခါမှ ပတ္တမြားတစ်လုံး ပေါ်ထွက်လာတဲ့အတွက် ရှမ်းဘာသာ ဆိုင်ပေါ် လို့ ခေါ်ဆိုရာကနေ ခေတ်ကာလ ရွေ့လျားတော့ ဆီပေါ၊ သီပေါ ဆိုပြီး ပြောင်းလဲအသံထွက်လာကြတယ်လို့ ဖတ်ရပါတယ်။ သီပေါ ကို ဒီဘက်ခေတ်မှာတော့ Twilight Over Burma ကြောင့် နိုင်ငံခြားသားတွေရော ပြည်တွင်းခရီးသွားတွေပါ သတိပိုထားမိလာကြတယ်လို့ ဆိုရပါမယ်။ ၁၉၆၀ အစောပိုင်းကာလနောက်ခံ ရှမ်းစော်ဘွား စပ်ကြာဆိုင် နဲ့ သြစတြီးယားသူ မဟာဒေဝီ တို့ရဲ့ အချစ်ဇာတ်လမ်း ဝတ္ထုနဲ့ ရုပ်ရှင်တွေကြောင့်လို့ ဆိုရပါမယ်။ ဒီသီပေါမြို့ဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့အထိ ရှမ်းစော်ဘွားများ အစဉ်အဆက် အုပ်ချုပ်ခဲ့ရာ မြို့ဖြစ်ပါတယ်။


ရာသီဥတု

တောင်ပေါ်မြို့ဆိုပေမဲ့ သီပေါ ရဲ့ ရာသီဥတုက အချိန်တိုင်း အေးမြနေတဲ့အထဲတော့ မပါဝင်ပါဘူး။ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ လတွေမှာ အေးမြတတ်ပြီး မတ်လကနေ စလို့ မိုးတွင်းမှာတောင် ရာသီဥတု ပူတဲ့သဘော ရှိပါတယ်။


ဘယ်လိုသွားမလဲ

မန္တလေးကနေဆို ကားနဲ့ အချိန် (၄) နာရီ ကြာနိုင်ပါတယ်။ လေယာဉ်နဲ့ဆို မန္တလေးကနေ တဆင့် သွားလို့ရသလို၊ လားရှိုးကနေ ပြန်ဆင်းလာတာမျိုးလည်း လုပ်နိုင်ပါတယ်။ သီပေါ နဲ့ လားရှိုးဆို တစ်နာရီဝန်းကျင်လောက်ပဲ ခရီးကျန်တော့တယ် ဆိုရမယ်။ ဒါကြောင့် လားရှိုးလေဆိပ်ကနေ ပြန်ဆင်းတာက ပိုမြန်နိုင်ပါတယ်။ ကျွန်တော်ကတော့ ပြင်ဦးလွင်ကို လည်ပတ်ရင်းနဲ့ သွားတာမို့ ကားတော့ ၃ နာရီနီးပါး စီးရပေမဲ့ နေ့ချင်းပြန် လည်ပတ်လို့ ရခဲ့ပါတယ်။


ပြင်ဦးလွင်ကနေ သီပေါ

ကျွန်တော် သီပေါကို သွားမယ်ဆိုတော့ ပြင်ဦးလွင်မှာ တည်းဖြစ်တဲ့ Thiha Bala Hotel (သီဟဗလ ဟိုတယ်) က ဝန်ထမ်းညီလေးတွေကို စုံစမ်းကြည့်တယ်။ ဒီမှာက ပြင်ဦးလွင်လာတိုင်း တည်းနေကျမို့ ညီအစ်ကိုတွေလိုလည်း ဖြစ်နေပြီ။ သူတို့က Cherry Hill May Myo Tours နဲ့ ချိတ်သွားဖို့ အကြံပေးတာနဲ့ ကျွန်တော် ဆက်သွယ်လိုက်တယ်။ ပြင်ဦးလွင် အနီးဝန်းကျင် ခရီးစဉ်တွေ၊ Trekking တွေ၊ ဂုတ်ထိပ်ခရီးစဉ် အများကြီး ရွေးချယ်စရာထဲက သီပေါနေ့ချင်းပြန်ခရီးစဉ်ကို ကျွန်တော် ရွေးလိုက်တယ်။ နေ့လည်စာ ပါ အပြီးအစီး ပါဝင်တဲ့ သီပေါ နေ့ချင်းပြန် ခရီးစဉ်ကို သူတို့ကလည်း လိုလိုလားလား စီစဉ်ပေးပါတယ်။ စိတ်ဝင်စားရင် -


ဖုန်း :: 09695503342 , 09695503343 ကို ဆက်သွယ်နိုင်ပါတယ်။



လည်ပတ်စရာ သီပေါမှာ

သီပေါမြို့လေးက အေးအေးငြိမ်ငြိမ်လေးပဲ။ လားရှိုး၊ မူဆယ် သွားတဲ့လမ်းမှာ ဖြတ်သွားဖြတ်လာ လုပ်ကြသလောက်ပဲ ရှိတယ်ထင်ရပေမဲ့ သူ့မှာ နိုင်ငံခြားခရီးသွား စိတ်ဝင်စားသူမနည်းဘူး။ ဒါပေမဲ့ မြို့ပေါ်တွေမှာထက် သဘာဝတွေ ရှိရာ အတွင်းဘက်နဲ့ ရွာတွေဆီကို ပိုခြေဆန့်ကြလို့ ဖြစ်မယ်။ ပြည်တွင်းခရီးသွားလည်း သိပ်မများ။ ဒါပေမဲ့ ဘော်ကြိုဘုရားပွဲလိုမျိုးဆိုရင်တော့ သီပေါမြို့ဟာ ကြက်ပျံမက စည်ကားတတ်ပါတယ်။ လည်ပတ်စရာ သိပ်မများတဲ့ သီပေါဝန်းကျင်ကို နေ့ချင်းပြန်ခြေဆန့်မိတဲ့ ကျွန်တော့်ခြေရာလေးတွေက -


သမိုင်းဝင် ဘော်ကြို မုဋ္ဌောစေတီတော်

သီပေါမြို့ကို ပြင်ဦးလွင်ကလာရင် ဘော်ကြိုကိုအရင်ရောက်ပါတယ်။ ဒါကြောင့် ဘော်ကြိုဘုရားဟာ မြို့ထဲနဲ့တော့ လှမ်းတယ်လို့ ဆိုရမယ်။ ဘော်ကြိုဘုရားအနီးက ရေကန်ဟာ ဆားတွင်းတူးရင်း ပေါ်လာတယ်လို့ ဆိုကြလို့ အရင်က ဆားချက်ရာဒေသ ဖြစ်မယ်လို့ ယူဆရပါတယ်။ အရင်ကတော့ မော်ကေ (ဆားအိုး)၊ ပြီးတော့ ပေါ့ကြို (ဖခင်ကို ကြိုဆိုတဲ့အရပ်) လို့ အမည်တွင် ဆင်းသက်လာခဲ့တယ်လို့လည်း ဖတ်မှတ်ရပါတယ်။ ရုပ်ပွားဆင်းတုတော် (၄) ဆူ ရှိပြီး ပုဂံ နရပတိစည်သူမင်း ရဲ့ ကောင်းမှုဖြစ်ပါတယ်။ ဒီ ဘော်ကြိုစေတီမှာ

• ရတနာမာရ်အောင် ရုပ်ပွားတော် (အရှေ့မုခ်)

• ရတနာဉာဏ်အောင် ရုပ်ပွားတော် (တောင်မုခ်)

• ရတနာရန်အောင် ရုပ်ပွားတော် (မြောက်မုခ်)

• ရတနာဈာန်အောင် ရုပ်ပွားတော် (အနောက်မုခ်)

တို့ကို ပုဂံလက်ရာတွေအတိုင်း ဖူးမြင်ကြရမှာပါ။ နှစ်ပေါင်း ၈၀၀ ကျော်ပြီလို့လည်း သိရပါတယ်။ ဘုရားပွဲကတော့ နှစ်စဉ် တပေါင်းလဆန်း (၁၀) ရက်နေ့ကနေ လပြည့်ကျော် (၁) ရက်နေ့အထိ ကျင်းပတတ်လို့ သြင်္ကန်မတိုင်မီ အမြဲစည်ကားစွာ ကျင်းပလေ့ရှိတဲ့ ဘုရားပွဲကြီးပါ။ ဘော်ကြိုစေတီ အတွင်းဘက်က ရုပ်ပွားတော် တွေကို ဖူးမြှော်မယ်ဆိုရင်တော့ ညနေ ၅ နာရီမတိုင်ခင် လာဖို့လိုအပ်ပါတယ်။ ညနေ ၅ နာရီဆို အတွင်းဘက်ဝင်ခွင့် တံခါးတွေ ပိတ်လိုက်လို့ ဖြစ်ပါတယ်။


သီပေါဟော်

မဖြစ်မနေ သွားလည်သင့်တဲ့ နေရာ ဖြစ်ပါတယ်။ စည်းကမ်းတိကျမှုရှိတဲ့အတွက် သူတို့ သတ်မှတ်ထားတဲ့ အချိန်ကို လေးစားစွာ သွားရောက်လည်ပတ်ကြရမှာပါ။ ဟော်နန်းဆိုတာကို အထူးတလည် ရှင်းပြဖို့လိုမယ် မထင်တော့ပါဘူး။ စော်ဘွားတွေ စိုးစံနေထိုင်ရာ နန်းတော် အဆောက်အဦးပဲဖြစ်ပါတယ်။ သီပေါမှာ စော်ဘွား ၃ ပါးက ဟော်နန်း ၃ ခု ဆောက်ခဲ့ကြပါတယ်။ မှတ်သားမိသလောက် ၁၈၈၈ ခုနှစ်မှာ ၈၅ ဆက်မြောက် စော်ဘွား စဝ်ခွန်ဆိုင် က မူလ ဟော်နန်းကြီး ကို တည်ဆောက်ခဲ့တယ်။ စဝ်ခွန်ဆိုင်ဟာ သီပေါမြို့ကို ကနဦးတည်ထောင်သူလည်း ဖြစ်ပါတယ်။ ၁၉၂၂ ခုနှစ်မှာ ၈၆ ဆက်မြောက် စော်ဘွား ဆာစောချယ် က စခန်းသာဟော် ကို တည်ဆောက်ခဲ့ပြီး ၁၉၂၄ ခုနှစ်မှာ ၈၇ ဆက်မြောက် စော်ဘွား စောအုံကြာ (အမ်အေ) က သီပေါဟော်ကို အသီးသီး တည်ဆောက်ခဲ့ကြပါတယ်။ ဒီ ဟော် ၃ ခုမှာ မူလဟော်နန်းကြီးနဲ့ စခန်းသာဟော်နန်း တို့က ပျက်စီးသွားခဲ့ပြီး နောက်ဆုံး သီပေါဟော် တစ်ခုသာ မူလလက်ရာမပျက် တည်ရှိကျန်ရစ်နေတာ ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် ၉၅ နှစ် ရှိပါပြီ။ Twilight Over Burma ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေလည်း ဖြစ်ခဲ့ကြတဲ့ သီပေါ နောက်ဆုံးစော်ဘွား စဝ်ကြာဆိုင်နဲ့ မင်းသမီး မဟာဒေဝီစဝ်သုစန္ဒီ (သြစတြီးယားသူ) မိသားစုတွေ နောက်ဆုံး နေထိုင်ခဲ့ကြရာ နန်းတော်ပါ။ စော်ဘွား စဝ်ကြာဆိုင် ပျောက်ဆုံးသွားပြီးနောက်မှာ မင်းသမီးနဲ့ သမီးတော်နှစ်ယောက်လည်း ၁၉၆၄ ခုနှစ်မှာ နိုင်ငံရပ်ခြားပြန်လို့ အခြေချနေထိုင်ခဲ့ပြီး ဟောနန်းကို စောင့်ရှောက်မဲ့သူ မရှိ ဖြစ်ရာကနေ စော်ဘွားရဲ့ အစ်ကိုတော် စဝ်ကြာဇုံ ရဲ့သားကြီး စဝ်ဦးကြာ နဲ့ မိသားစုက ထိန်းသိမ်းစောင့်ရှောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့အထိ အများပြည်သူကြည့်ရှုလေ့လာစရာ ပြတိုက်သဖွယ် ဖြစ်နေတာပါ။ မိသားစုဝင်တွေကလည်း အခါအားလျော်စွာ စိတ်လိုလက်ရ သမိုင်းအကြောင်းတွေကို ပြောပြပေးလေ့ရှိကြပါတယ်။

ဒီကိုလာတဲ့ ခရီးသွားတွေအနေနဲ့ အထူးသတိပြုရမှာက သူတို့ သတ်မှတ်ထားတဲ့ ဖွင့်ချိန်ပိတ်ချိန်ပါ။ ဟော်နန်းကို နေ့စဉ် ညနေ ၃ နာရီကနေ ၅ နာရီအထိ ပဲ ဖွင့်ပါတယ်။ အဲ့ဒီအချိန်ကလွဲပြီး ဘယ်လိုအကြောင်းနဲ့မှ ဝန်းခြံတံခါး ဖွင့်ပေးလေ့မရှိပါဘူး။ ဝင်ကြေးတော့ နိုင်ငံခြားသားရော၊ နိုင်ငံသားအတွက်ပါ ကောက်ခံတာ မရှိပါဘူး။


ပုဂံငယ် (Little Bagan)

ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားတဲ့သူတွေက Google Maps မှာ Little Bagan လို့ ရှာလိုက်ရင် လွယ်လွယ်တွေ့နိုင်ပါတယ်။ ပုဂံအငယ်စားလေးပုံစံ ရှေးဟောင်းဘုရားစေတီလေး ယိုယွင်းနေဟန်လေးတွေ တွေ့ရတယ်။ ဘုရားစေတီ အစုစုလေးတွေ တွေ့ရတယ်။ ဓါတ်ပုံရိုက်ဖို့အတွက်လည်း လှတယ်။ နည်းနည်းတော့ ထိန်းသိမ်းပေးဖို့ လိုအပ်မယ်လို့ ကျွန်တော်ကတော့ တွေးမိတယ်။


မဟာနန္ဒာကန်သာ ရှေးဟောင်းနှီးဘုရားကြီး

အဲ့ဒီ Little Bagan နားမရောက်ခင်လေးမှာ ကြာကန် တစ်ခု ရှိပြီး ကြာကန်က မဟာနန္ဒာကန်သာကျောင်း ရှမ်းဘုန်းကြီးကျောင်းကြီးကလည်း ခန့်ညားပါတယ်။ မဟာနန္ဒာကန်သာကျောင်း ဘုန်းကြီးကျောင်းရှေ့မှာလည်း ခုလိုပဲ ဘုရားစေတီ အစုစုနဲ့ ပုဂံက ဆင်းတုတော်တွေနဲ့ ပုံစံဆင်တာမျိုးကို ဖူးကြရပါသေးတယ်။ ကျောင်းကြီးပေါ်မှာ နှီးဘုရားကြီး ရှိပါတယ်။ ဝင်ရောက်ဖူးမြော်သင့်ပါတယ်။ ကျွန်တော်ကတော့ မသိလိုက်ရလို့ပါ။


သီပေါချောင်းဆုံ

သီပေါမြို့ရဲ့ လည်ပတ်စရာတွေထဲမှာ လူငယ်တွေ သဘောအကျဆုံးက သီပေါချောင်းဆုံပါ။ ဒုဋ္ဌဝတီမြစ်ထဲ မိနစ် ၄၀ လောက် စက်လှေနဲ့ သွားပြီးမှ ရောက်တဲ့ နမ္မတူချောင်းနဲ့ နမ္မချောင်း ဆုံဆည်းတဲ့ နေရာ ကို သွားပြီး ရေဆော့ကြရတာ ဖြစ်ပါတယ်။ ဒီချောင်းနှစ်ခု ဆုံရာက ဒုဋ္ဌဝတီမြစ် ဖြစ်ပေါ်လာတာပါ။ ချောင်းဆုံနေရာမှာ ရေတံခွန်သေးသေးလေးတွေလို ဖြစ်နေလို့ အပေါ်စီးကကြည့်ရင် အလွှာအထပ်ထပ်နဲ့ သိပ်လှနေပါတယ်။ သီပေါမြို့ကနေ အထက် ၇ မိုင်ကို တက်ပြီးရောက်တဲ့နေရာက အပြန်ဆိုရင်တော့ မိနစ် ၂၀ လောက်ပဲ စက်လှေစီးရတာပါ။ သီပေါချောင်းဆုံ အကြောင်းက ကျွန်တော် အရင်ရေးပြီးသားလည်း ရှိလို့ ဖတ်ကြည့်နိုင်ပါတယ်။


မြို့တည်ဆီအိုးကြီးများ

သီပေါ လို့ပြောရင် မြို့တည်ဆီအိုးကြီးတွေ က ထူးခြားစွာ ရှိနေတာကို မဖြစ်မနေ သွားရောက်လေ့လာသင့်ပါတယ်။ အဲ့လိုပြောလို့ ဆီအိုးကြီးတွေ တွေ့ရမယ်ထင်ပြီး မသွားပါနဲ့။ အမှတ်အသား တိုင်လေးတွေနဲ့ အုတ်၊ ဘိလပ်မြေနဲ့ အသေအချာဆောက်ထားတဲ့ နေရာတွေပဲ တွေ့မှာပါ။ ဒါဆိုလည်း မကြည့်ဘူးတော့ မလုပ်ပါနဲ့။ ခုလို မြို့တည်တဲ့အချိန်မှာ ယတြာသဘောအရပဲ ဖြစ်ဖြစ် မြုပ်နှံခဲ့တဲ့ ဆီအိုးကြီးတွေ ခုထိတိုင်ရှိပြီး ဆီလျော့ရင် ပြန်ဖြည့်နေတုန်း အစဉ်အလာနဲ့ ချစ်စရာဓလေ့လေးကို အသိအမှတ်ပြုစေချင်တာပါ။ ရှာရ နည်းနည်းခက်ခဲတတ်ပါတယ်။ အလွယ်ဆုံအမြင်သာဆုံးက ဈေးအနောက်ဘက်က ဒုဋ္ဌဝတီမြစ်လှေဆိပ်က ညောင်ပင်ကြီးအောက်မှာပါ။ သီပေါဟော် သွားတဲ့ လမ်းနဲ့ မဝေးပါဘူး။ နောက်တစ်နေရာလွယ်ကူတာက အကောက်ခွန်ဦးစီးဌာနဝန်း တံတားလေးနားပဲ ဖြစ်ပါတယ်။ ၈၅ ဆက်မြောက်စော်ဘွား စဝ်ကြာခိုင် ကပဲ ဒီအစီအမံကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အရင်မြို့ထောင့်လေးထောင့် ဖြစ်ခဲ့တဲ့ ဆီအိုးကြီးတည်ရာ နေရာတွေကတော့ -

(၁) အရှေ့မြောက်ထောင့် ရွှေညောင်ပင် (လမ်းညွှန်ဖော်ပြပြီး)

(၂) အရှေ့တောင်ထောင့် အကောက်ခွန်ဦးစီးဌာနဝင်း

(၃) အနောက်တောင်ထောင့် အုတ်ကျင်းရပ်

(၄) အနောက်မြောက်ထောင့် မြန်မာရပ်ဧည့်ရိပ်သာဝန်း

တို့ပါ။ ဆီအိုးထားရာ ထောင့် တစ်ထောင့်နဲ့ တစ်ထောင့် အကွာအဝေးက ၂၇၀၆ ပေ ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်ကတော့ ရွှေညောင်ပင် နဲ့ အကောက်ခွန်ဦးစီးဌာနဝင်းထဲက ဆီအိုးရှိရာတွေကို လေ့လာဖြစ်ခဲ့ပါတယ်။ ဒီဆီအိုးတွေ မြှုပ်နှံရတဲ့ ရည်ရွယ်ချက်ကတော့ အဲ့ဒီ မြှုပ်ထားတဲ့ ဆီအိုးတွေ အခန်းခြောက်သရွေ့ မြို့ရွာစည်ပင်ဝပြောအေးချမ်းသာယာမယ်တဲ့ဗျာ။ ဆီအိုးခန်းခြောက်သွားရင်တော့ ရောဂါဘယထူပြောပြီး မြို့ရွာပျက်စီးမယ်လို့ ဆိုပါတယ်။ ကျွန်တော် အလည်ရောက်တဲ့အခိုက်မှာ ဆီအိုးထားရာနေရာတွေကို အတော်လေး ဂရုတစိုက် ပြုပြင်ကာရံနေတာ တွေ့ရပါတယ်။ ဆီအိုးတွေကိုလည်း တစ်နှစ်တစ်ကြိမ် စစ်ဆေးလေ့ရှိတယ်လို့လည်း သိရပါတယ်။


နန်းဟူးနွဲ့ရေတံခွန်

သီပေါမြို့တောင်ဘက်မှာ ရှိတဲ့ သဘာဝရေတံခွန်ဆီကို Trekking သွားကြတာ များပါတယ်။ ရှမ်းရွာလေးတွေ ဖြတ်ပြီး သွားကြရတယ်လို့ သိရပါတယ်။ ဒီခရီးစဉ်ကတော့ Cherry Hill ရဲ့ ခရီးစဉ်မှာ မပါပါဘူး။


သိမ်တောင်

နေဝင်ချိန်ကို ဒုဋ္ဌဝတီမြစ်အလှနဲ့ ခံစားမယ်ဆိုရင် သိမ်တောင်ပေါ်တက်ကြည့်ကြပါတယ်။ တောင်တက်ဖို့ ခြေလျင်တက်လို့လည်း ရသလို ဆိုင်ကယ်နဲ့လည်း တက်ကြပါတယ်။ ဒီခရီးစဉ်ကတော့ Cherry Hill ရဲ့ ခရီးစဉ်မှာ မပါပါဘူး။


သီပေါဈေး

ကျွန်တော်ရောက်သွားတဲ့နေ့နဲ့ အချိန်မှာတော့ အတော်လေး လူပါးနေတယ်။ ဒါပေမဲ့ ဈေးရုံကြီးတစ်ခုလုံးဟာ စိတ်ဝင်စားစရာ ရိုးရာလက်မှုပစ္စည်းမျိုးစုံနဲ့ ဝယ်ချင်စရာ ဖြစ်နေတယ်။ ခမောက်၊ အထည် ကအစ ရိုးရာစားသောက်စရာအစုံပါ တွေ့မြင်ရတယ်။ တစ်ခုပဲ ရှမ်းရိုးရာပစ္စည်းတွေ ကြားတည်းကို တရုတ်ပစ္စည်းတချို့ရောနှောနေတာကိုလည်း တွေ့လိုက်ရတော့ စိတ်ထဲ တမျိုး ဖြစ်ရပြန်တယ်။ သီပေါဈေးဟာ ရှမ်းပြည်အပြန်အမှတ်တရပစ္စည်းနဲ့ အစားအသောက်ဝယ်ဖို့ ကောင်းတဲ့နေရာတစ်ခု ဖြစ်ပါတယ်။


အခြားလည်ပတ်စရာနေရာများ

ကျွန်တော် သွားလည်တုန်းက မသိလိုက်၊ မရောက်ဖူးလိုက်တဲ့ နေရာတချို့ကိုလည်း စုစည်းပေးလိုက်ပါတယ်။ လည်ပတ်တဲ့အခါ ပိုပြီး လည်ပတ်နိုင်အောင်လို့ပါ။

  • စော်ဘွားသင်္ချိုင်း (လွယ်မုတ်တောင်)

  • မဟာမြတ်မုနိဘုရား

ဖက်ထမင်း ကို ရှမ်းရိုးရာဟင်းအစုံနဲ့ ငါးဟင်း၊ ဆေးခါး၊ အင်ဥ၊ ကြက်၊ ဝက်၊ ပဲပုတ်ခရမ်းချဉ်၊ ပြောင်းဖူး
ဈေးထဲရောင်းနေတဲ့ မက်မန်းသီး၊ နာနတ်သီး၊ သရက်သီး သည်... စားချင်စရာ သရေကျ..
သီပေါမြို့မှာ နေ့လည်စာ ဝါးအိမ်လေး ဆိုင်မှာ စားဖြစ်တယ်။

သီပေါမြို့မှာ ဖြတ်ခနဲ လည်ပတ်စရာကတော့ နည်းပါးတယ်ထင်ရပေမဲ့ သေချာအချိန်ယူပြီး ဒေသတွင်းက ဟိုတယ် အကြီးအသေးတွေမှာ နေထိုင်လို့ သဘာဝကို လက်တွေ့ခံစားနိုင်တဲ့ Trekking ခရီးစဉ်မျိုးတွေ လုပ်ဆောင်သင့်တယ်လို့ ကျွန်တော်ကတော့ ညွှန်းချင်ပါသေးတယ်။ ကျွန်တော် နေရာတော်တော်များများ Trekking လုပ်ဖူးပေမဲ့ သီပေါ မလုပ်ဖူးသေးဘူး။ နောက်များ အချိန်ရရင် စနစ်တကျ အချိန်ယူပြီး လုပ်ဆောင်ဖို့ မှန်းထားပါတယ်။ ဒီ ပြင်ဦးလွင်ကနေ သီပေါကို နေ့ချင်းခရီးစဉ်တလျှောက်လုံး စိတ်ချမ်းချမ်းသာသာနဲ့ သွားလည်နိုင်လို့ Cherry Hill May Myo Tours ကိုလည်း ကျေးဇူးတင်မိပါတယ်။ လမ်းခရီးတစ်ခုလုံး အဲ့ဒီ ၃ သောင်းထဲမှာ Local Guide ရယ်၊ မိုးလုံလေလုံကား ရယ်၊ နေ့လည်စာ စကောထမင်းရယ်၊ ရေသန့်၊ စက်လှေခ အကုန်ပါပြီးသားဆိုတော့ အေးဆေးလေး လိုက်သွားရုံပဲပေါ့ဗျာ။ ၅ ဦးသွားရင်တော့ တစ်ဦး ၃ သောင်း ဖြစ်ပြီး၊ ၄ ဦး သွားမယ်ဆို တစ်ဦး ၄ သောင်းကျပ်၊ ၃ ဦးတည်းဆို တစ်ဦး ၄၅၀၀၀ ကျပ် နဲ့ ၂ ဦးတည်းဆို တစ်ဦး ၅ သောင်းကျပ် အသီးသီး ကျသင့်ပါမယ်။ သူငယ်ချင်းများများနဲ့ ပိတ်ရက်မှာ ပျော်ပစ်လို့ရပြီပေါ့ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Aung Naing Oo (Danamoe Pyin Oo Lwin Photo), Ko Ko, Thiha Lu Lin

Camera :: SONY Alpha 7II with 16 - 35mm Lens + Other Camera

Photos are modified in Lightroom by Thet Naung (Danamoe), Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page