ကျွန်တော်က တူရာသီဖွားဗျ။ တူရာသီဖွားတွေရဲ့ စရိုက်ကိုက အရာရာကို မျှမျှတတပဲတွေးတယ် လုပ်တယ်။ ဒီတော့ ဆုံးဖြတ်စရာ ရှိတဲ့ကိစ္စမျိုးဆို ကျွန်တော့်ကို လာဆုံးဖြတ်ခိုင်းရင် အရမ်းစိတ်ညစ်တတ်တယ်။ ခုလို မေးခွန်းမျိုးဆိုလည်း ကျွန်တော်က ပြောနေကျအတိုင်း ကောင်းတာလည်း ရှိတယ် မကောင်းတာလည်း ရှိတယ်လို့ ပြန်ဖြေရပါလိမ့်မယ်။ ကိုယ့်ရဲ့ ခံယူချက်က ကိုယ့်ကို ဦးဆောင်သွားစေနိုင်တာမို့ ကောင်း၏ မကောင်း၏ ကို ကိုယ်တိုင် ဆုံးဖြတ်တာကို ကျွန်တော် ပိုအားပေးမိပါတယ်။
တစ်ဦးတစ်ယောက်ကို “ငါ ခရီးထွက်ရင် တစ်ယောက်တည်းပဲ သွားလေ့ရှိတယ်” လို့ ပြောကြည့်လိုက်တာနဲ့ အဖြေနှစ်မျိုးကို လူနှစ်မျိုးဆီကနေ ကြားကြရလိမ့်မယ်။
တစ်မျိုးက -
“ဟာ ဘယ်လိုနေလဲ။ အရမ်းပျော်စရာကောင်းမဲ့ပုံပဲနော်။” ဆိုပြီး တအံ့တအား စိတ်ဝင်တစား ကိုယ့်ကို ဆိုက်ကြည့်ပြီး ကိုယ်ပြောလာမဲ့ ရှေ့စကားတွေကို နားထောင်ချင်နေတဲ့သူမျိုး။
နောက်တစ်မျိုးက -
“ဘယ်လို။ တစ်ယောက်တည်းသွားတယ် ဟုတ်လား။” ဆိုပြီး အဖော်အပေါင်းမရှိတဲ့ အထီးကျန်သမားကြီး တစ်ယောက်လို မယုံကြည်နိုင်တဲ့ ပုံစံနဲ့ပြန်ပြောမဲ့သူမျိုး။
ကြိုက်တဲ့သူလည်း ရှိသလို၊ မကြိုက်တဲ့သူလည်း ရှိနိုင်တဲ့ တစ်ကိုယ်တော်ခရီးသွားခြင်းဟာ ကျွန်တော်ပြောခဲ့သလို ကောင်းတာနဲ့ မကောင်းတာ ဒွန်တွဲနေပါတယ်။
(၁/က) ကိုယ်လုပ်ချင်တာတွေ ကိုယ့်စိတ်ကြိုက်လုပ်ပစ်နိုင်တယ်။
တစ်ကိုယ်တော် ခရီးသွားတာလောက် အရာရာ ကိုယ့်စိတ်တိုင်းကျဖြစ်တာ မရှိဘူးဗျာ။ တစ်ယောက်အကြောင်း တစ်ယောက် အတွင်းကျကျသိပါတယ်ဆိုတဲ့ သူငယ်ချင်းမိတ်ဆွေ နှစ်ယောက် ခရီးထွက်ရင်တောင် အလိုမတူတာ တစ်နေရာမဟုတ် တစ်နေရာရှိနေမှာ အသေအချာပါပဲ။ မရှိပါဘူးဆိုခဲ့ရင် ဒါဟာ တစ်ယောက်ယောက်က သူငယ်ချင်းအပေါ်ချစ်ခင်တဲ့စိတ်နဲ့ လိုက်လျောပေးလိုက်တာမျိုးပဲ ဖြစ်ပါလိမ့်မယ်။ သွားနေရင်းနဲ့ တစ်နေရာလေးမှာ ခဏရပ်ပြီး ပါလာတဲ့ ကော်ဖီဗူးလေး ဖွင့်သောက်ရင်း တစ်ယောက်တည်း တွေးချင်ရာ တွေးနေမလား။ အိုခေတယ်လေ။ ဘယ်သူ့ကိုမှ အားနာစရာ မရှိဘူး။ မြင်ကွင်းလှလှလေးတွေ့လို့ ပါလာတဲ့ကင်မရာလေးနဲ့ အလင်းအမှောင် အယူအဆ စိတ်တိုင်းမကျသေးသရွေ့ ရိုက်နေဦးမလား။ ပြဿနာ မရှိ။ သူငယ်ချင်းတွေ မကြိုက်တဲ့ ဒူးရင်းသီးကို တစ်ယောက်တည်း ထိုင်စားနေဦးမလား၊ အေးဆေးပဲ။ နှာခေါင်းရှုံ့မဲ့သူ မရှိ။ အရာအားလုံးကို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အားပါးတရ လုပ်ဆောင်နိုင်တဲ့ လွတ်လပ်မှုမျိုးကို ခံစားရစေပါတယ်။ ကျွန်တော် ဆီရမ်ရိမြို့ ကို သွားလည်တုန်းက တစ်ယောက်တည်း ကိုယ့်သဘောရှိ တည်းတဲ့ဟိုတယ်၊ စားတဲ့အရာ၊ လည်တဲ့နေရာ၊ ပေါင်းတဲ့ အပေါင်းအသင်း စိတ်ကြိုက်ရွေးပြီး ပျော်ပစ်ခဲ့ဖူးတယ်။
(၁/ခ) ကိုယ်လုပ်ချင်တာတွေ ကိုယ့်စိတ်ကြိုက်လုပ်ပစ်နိုင်တယ်။ ဒါပေမဲ့…
ကိုယ်လုပ်ချင်တာတွေ စိတ်ကြိုက်အတားအဆီးမရှိ လုပ်နေတော့ မလိုလားအပ်တဲ့ ပြဿနာတွေကို ဖိတ်ခေါ်ပြီးသား ဖြစ်သွားတတ်တယ်။ ဆိုပါတော့ ဘီယာတွေ ပျော်လို့ စိတ်ကြိုက်သောက်နေမိတယ်။ ကိုယ့်ကို ထိန်းမဲ့အဖော်မရှိတော့ ကိုယ်မသိတဲ့နေရာတစ်ခုမှာ ဘာဆက်ဖြစ်လာဦးမလဲဆိုတာ ဘယ်သူကြိုသိနိုင်မလဲ။ ကိုယ်က တစ်ဦးတည်း တစ်နေရာမှာ တစ်ယောက်တည်းတွေးချင်ရာတွေးနေလို့ ကိုယ့်ကို အန္တရာယ်ပြုမူလာမဲ့သူတွေ ရှိလာရင် ဘယ်လိုလုပ်မလဲ။ ကိုယ့်စိတ်ကြိုက်သွားလာနေတဲ့ နေရာတွေက ကိုယ်နဲ့ သင့်တော်၏ မတော်၏ အကြံပြုပေးမဲ့သူ မရှိဘူးလေ။ ပြီးတော့ အတ္တလည်း ကြီးလာတယ်။ စိတ်ကြိုက်လုပ်ပစ်လိုက်လို့ ကုန်သွားတဲ့ ငွေအတွက် ချေးပေးမဲ့ မိတ်ဆွေ မရှိတာလည်း ဆိုးတယ်ဗျာ။
(၂/က) ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိခြင်းဆိုတာ တကိုယ်တော်ခရီးသွားသူတွေမှာ တွေ့နိုင်တယ်။
ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တွေကို တစ်ကိုယ်တော်ခရီးသွားတွေက အဖွဲ့နဲ့ ခရီးသွားသူတွေထက် ပိုပြီး ရှာတွေ့နိုင်တယ်။ ကိုယ်က ရောက်ရာအရပ်မှာ ပျော်ပျော်နေတတ်သူလား၊ အခက်အခဲတွေကြုံလာရင် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းသူလား၊ လူကြောက်သူလား၊ သဘာဝချစ်သူလား၊ ဆုံးဖြတ်ချက်မြန်သူလား စတဲ့ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်တာတွေကို ပြန်သုံးသပ်ကြည့်လိုက်တာနဲ့ ချက်ချင်း အဖြေပေါ်လာနိုင်ပါတယ်။ ကျွန်တော်ဆို အဖွဲ့လိုက်သွားရင် တခြားလူတစ်ဦးဦး၊ အဖွဲ့တစ်ဖွဲ့ဖွဲ့ကို ချက်ချင်းရောနှောပစ်လေ့ မရှိတတ်တော့ ကိုယ့်ကိုကိုယ် အရှက်ကြီးတဲ့သူလို့ပဲ ထင်ထားမိတယ်။ တကယ်တမ်း တစ်ယောက်တည်း ခရီးတွေ သွားကြည့်တော့မှ ကျွန်တော်ဟာ လူတိုင်းနဲ့ အပေးအယူတည့်တည့် စကားတွေ ပြောနိုင်တဲ့သူမှန်း သိလာရတယ်။ ခရီးတစ်ခုသွားလို့ သွားချင်တဲ့နေရာတစ်ခု မရောက်ဘဲ ပြန်လှည့်လေ့ မရှိဘူးဆိုတာလည်း သတိပြုမိသွားတယ်။
(၂/ခ) ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိခြင်းဆိုတာ တကိုယ်တော်ခရီးသွားသူတွေမှာ တွေ့နိုင်တယ်။ ဒါပေမဲ့…
ကိုယ့်ကိုကိုယ် ရှာဖွေတွေ့ရှိသွားတဲ့နောက်မှာ တစ်ခါတလေ ကိုယ့်ကို ဒုက္ခပြန်ပေးနိုင်တဲ့ ရှာဖွေတွေ့ရှိမှုမျိုးက တစ်ကိုယ်တော်ခရီးသွားတွေကို ခြိမ်းခြောက်နေတယ်။ ကိုယ့်ကိုကိုယ် အစိုးရိမ်ကြီးတတ်လွန်းသူမှန်း သိသွားတဲ့နောက် အရာရာကို စိုးရိမ်နေမိတော့ သွားရတဲ့ခရီးက ပျော်စရာ မကောင်းလာတော့ဘူး။ ကြောက်တတ်သူမှန်း သိလာတဲ့နောက် ကျရာအရပ်မှာ အိပ်ရတာ မသိုးမသန့် ဖြစ်လာတော့တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်လွန်းပြန်တော့လည်း အမှန်မမြင်နိုင်တော့လို့ ခက်ရပြန်တယ်။
(၃/က) တစ်ကိုယ်တော်ခရီးသွားသူလောက် မိတ်ဆွေသစ်ရတာ ရှိနိုင်ဦးမလား။
ပေါလိုက်တဲ့ သူငယ်ချင်းတွေဆိုတာ ဖေ့စ်ဘွတ်ထဲ ပြန်ကြည့်ရင်တောင် အတော်ကျေနပ်စရာ ဖြစ်သွားတယ်။ ကျွန်တော် စင်ကာပူ ကို တစ်ယောက်တည်းသွားတယ်။ ဗီယက်နမ်က ကောင်မလေးတွေနဲ့ သူငယ်ချင်းဖြစ်လာပြီး ခုချိန်ထိ ဖေ့စ်ဘွတ်ကနေ မွေးနေ့တွေမှာ အပြန်အလှန် ဆုတောင်းပေးနေကြတုန်း။ ကမ္ဘောဒီးယား သွားတယ်။ ခမာတွေနဲ့ မိတ်ဆွေဖြစ်လာတာ ခုထိကို သူတို့မှာ လွမ်းလို့ မဆုံးဘူး။ သွားတုန်းက လိုရမယ်ရ ယူသွားခဲ့တဲ့ မြန်မာလက်လုပ် ပိုက်ဆံအိတ်လေးတွေကို¯ သူတို့ခုထိ သိမ်းထားသေးကြောင်း ဖေ့စ်ဘွတ်ပေါ်ကနေ ပုံတင်ပြီး ပြန်ပြောနေတုန်း။ ဒါတောင် ကိုယ်က Backpacker ပုံစံမျိုး သွားတာ မဟုတ်သေးဘူးနော်။ Backpacker လို သွားတဲ့သူတွေဆို ဘယ်လောက်တောင် မိတ်ဆွေ ပေါလိုက်မလဲ။ ရထားပေါ်မှာ၊ ကားပေါ်မှာ၊ ဘော်ဒါဆောင်လိုမျိုးမှာ ခင်မင်စရာ မိတ်ဆွေတွေဆီကနေ တစ်သက်နဲ့တစ်ကိုယ် ကိုယ်မကြားဖူးခဲ့တဲ့ အကြောင်းအရာတွေ အစုံသိရမယ်။ ခရီးသွားတဲ့အချိန် တွေ့ရတတ်တဲ့ စိတ်ဝင်စားစရာတွေ ကိုယ်တိုင်သွားစရာမလိုဘဲ သူတို့ဆီကနေ အကုန်ကြားရမယ်။ စိတ်ကူးကြည့်ရင်တောင် ပျော်ဖို့ကောင်းနေတယ်။
(၃/ခ) တစ်ကိုယ်တော်ခရီးသွားသူလောက် မိတ်ဆွေသစ်ရတာ ရှိနိုင်ဦးမလား။ ဒါပေမဲ့…
လူတိုင်းက ကိုယ်လို ရိုးသားနိုင်ပါ့မလား။ ခုမှသိ၊ ခုမှတွေ့တဲ့ မိတ်ဆွေတွေက ကိုယ့်အပေါ် ဘယ်အတိုင်းအတာထိ ကောင်းမွန်စွာ ဆက်ဆံနိုင်မလဲဆိုတာ တွေးကြည့်မိရင် ကြက်သီးထစရာပါ။ ဒီလို မိတ်ဆွေဖွဲ့ပြီး ပါလာသမျှတွေ မ သွားတဲ့မှုခင်းမျိုးတွေလည်း မြင်နေရ ကြားနေရတာပဲလေ။ မိန်းကလေးဆို ပိုပြီးတောင် စိုးရိမ်ရသေးမဟုတ်လား။ တလောက ကျောက်ကပ်ခွဲထုတ်သွားတယ် ဘာညာဆိုတာလည်း ကြားခဲ့ဖူးသေးတယ်လေ။ ကိုယ့်မှာ ပါလာသမျှတွေ ပါသွားလို့ နိုင်ငံရပ်ခြားမှာ မျက်စိလည်ပြီး သံရုံးကို အကူအညီသွားတောင်းနေရဦးမယ်ဆိုတာမျိုးတွေးမိပြန်တော့လည်း ပျော်စရာ မကောင်းတော့ပြန်ဘူး။
(၄/က) လူသားချင်းစာနာထောက်ထားမှုကို တစ်ကိုယ်တော်ခရီးသွားတွေ ပိုခံစားရတယ်။
အဖွဲ့လိုက် ဟေးလားဝါးလား သွားနေကြသူတွေထက် တစ်ဦးတည်း ခရီးသွားရင်း ကြုံနေရတဲ့ အခက်အခဲမျိုးကို ဒေသခံတွေက ပိုပြီး ကူညီပေးချင်ကြတယ်။ တစ်ဦးတည်းပါလားဆိုတဲ့ ခံစားချက်မျိုးကို စာနာပြီး အမျိုးသမီးပဲ ဖြစ်ဖြစ်၊ အမျိုးသားပဲ ဖြစ်ဖြစ် ခရီးသွားသူ အခက်ကြုံနေရင်တော့ ဒေသခံတွေက ဝိုင်းဝန်းကူညီပေးတတ်ကြပါတယ်။ ကျွန်တော် ကမ္ဘောဒီးယား အလည်သွားတုန်းက စမတ်ဖုန်းတွေ ခေတ်မစားသေးချိန်မို့ Google Maps ဆိုတာလည်း ကျွန်တော် မသိဘူး။ သုံးလည်း မသုံးတတ်ခဲ့ဘူး။ အင်တာနက်ဆိုတာလည်း ဝိုင်ဖိုင်ရှိတဲ့နေရာမှာ လပ်တော့ပ် ဖွင့်သုံးရတာမျိုးမို့ အရမ်းလွယ်ကူတဲ့အထဲ မပါသေးဘူးဆိုတော့ မြေပုံစာရွက်ကြီးကိုင်ပြီး ယောင်လည်လည်နဲ့ ဖြစ်သမျှကို ဒေသခံတွေက ကူညီလမ်းပြပေးခဲ့ကြတယ်။ တချို့လည်း လူကိုယ်တိုင် စိတ်ချရတဲ့နေရာထိ လိုက်ပို့ပေးခဲ့တယ်။ ခရီးသွားအချင်းချင်းလည်း ယိမ်းပင်းကြတယ်။ အိန္ဒိယက အလည်လာတဲ့ တစ်ယောက်နဲ့ အဝေးပြေးကားပေါ်မှာ စကားစပ်မိပြီး အိမ်သာအခက်အခဲကို ကူညီပေးခဲ့တာလည်း အမှတ်ရသေးတယ်။
(၄/ခ) ) လူသားချင်းစာနာထောက်ထားမှုကို တစ်ကိုယ်တော်ခရီးသွားတွေ ပိုခံစားရတယ်။ ဒါပေမဲ့…
အရင် (၃/ခ) မှာပြောခဲ့သလိုပါပဲ ဘယ်သူဟာ ဘယ်လို စိတ်ရင်းမျိုးနဲ့ ကူနေတာလဲ ဆိုတာ မသိနိုင်ဘူးလေ။ ဘန်ကောက်မှာ တက္ကစီငှားစီးဖို့ အခက်တွေ့နေချိန် တက္ကစီသမားတစ်ယောက် ရွှန်းရွှန်းဝေအောင် စကားတွေနဲ့ လိုက်ပို့ပေးမယ်ပြောလို့ ကျေးဇူးတင်စွာ တက်စီးမိတယ်။ တကယ်က ကျွန်တော်ရောက်နေတဲ့နေရာနဲ့ နီးနီးလေးကို တကွေ့တပတ်လျှောက်မောင်းနေတယ်။ သိပ်မသင်္ကာလို့ Google Maps ထုတ်ပြတော့ ထိုင်းလို အော်ဟစ်ပြီး အတင်းဆင်းခိုင်းတယ်။ ပိုက်ဆံ အတင်းတောင်းတယ်။ ဘယ်နေရာမှန်းမသိတဲ့ လူသူမရှိ၊ မှောင်မည်းနေတဲ့နေရာမှာ ထားပစ်ခဲ့တယ်။ ကျွန်တော့မှာ ဆိုင်ကယ်ကယ်ရီသမားကို အကူအညီတောင်းပြီး နီးစပ်ရာဟိုတယ်ကို ပို့ခိုင်းရတယ်။ ဟိုတယ်ရောက်မှ ကျွန်တော် သွားချင်တဲ့ ဟိုတယ်ကို မေးပြီး သူတို့ကို တက္ကစီ ငှားခိုင်းရတယ်။ သူတို့ကလည်း လိုလိုလားလား ကူညီပေးလိုက်လို့ ကိုယ်တည်းရမဲ့ ဟိုတယ်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားရတဲ့ ဇာတ်လမ်းလေး တစ်ကိုယ်တော် ကိုယ်တိုင်သရုပ်ဆောင်ခဲ့ရဖူးတယ်လေ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Comments