ဒူးရင်းသီးနဲ့လုပ်တဲ့မုန့်တွေဆို အသည်းစွဲ

Updated: Sep 10, 2020

မိုးလေး တစ်ပြိုက်နှစ်ပြိုက်ကျလာတော့ ရန်ကုန်မှာ နေရထိုင်ရ နည်းနည်းအဆင်ပြေလာတယ်လို့ ထင်မိသား။ တစ်နေ့တစ်နေ့ ပူလွန်းတာတစ်မျိုး၊ မီးပျက်တာကတစ်မျိုးနဲ့ ကြာရင် လူအကောင်လိုက် အငွေ့ပျံသွားမလားတောင် စိုးရိမ်ရတယ်။ မိုးလေးကျလာတော့ ဟိုကြော်ငြာထဲကလို သားသား စားချင်တာ စားလို့ရပြီဆိုပြီး အရမ်းစားချင်နေတဲ့ ဒူးရင်းသီးအချိုစာတွေ ရှိတဲ့ဆိုင်ကို တန်းပြေးပါတယ်။
သူ့ဟာသူလည်း Page ကနေ ကြော်ငြာနေလို့ လူသိများနေတဲ့ ဆိုင်လေးပါ။ Paradise Bakery ဆိုတဲ့ ဆိုင်လေးက ကြွားကြွားဝါဝါ မရှိလှပေမဲ့ ကျစ်ကျစ်လျစ်လျစ်နဲ့ လူငယ်ဆန်တဲ့ ဆိုင်လေး။ ကော်ဖီနဲ့ မုန့်ကို အဓိကရောင်းပုံပဲ။ ကျွန်တော်စားချင်နေတဲ့ ဒူးရင်းအချိုပွဲတွေကိုတော့ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်ပဲ ရတယ်။ Durian Bag ဆိုတဲ့ ကောက်ညှင်း၊ အုန်းနို့နဲ့ ဒူးရင်းအနှစ်တွေကို လိတ်ထားတာဟာလေး စားချင်ပေမဲ့ သွားတဲ့အချိန်မှာ ကုန်သွားလို့ Durian Pillow ပဲ ဝယ်ခဲ့ရတယ်။ သူကတော့ ကောက်ညှင်းမပါဘဲ ဒူးရင်းအနှစ်တွေနဲ့ လိတ်ထားတာ။ Durian Dessert ကတော့ ကောက်ညှင်းပေါ်မှာ ဒူးရင်းသီး အနှစ်တွေတင်၊ အုန်းနို့ဆမ်းထားတာလေး။ ဝယ်လာခဲ့သမျှတော့ အကုန်စားကောင်းတယ်။ Durian Pillow ကတော့ မြို့ထဲက ဆိုင်တစ်ခုကဟာကို ကျွန်တော် ပိုကြိုက်မိပါတယ်။ ဒီဆိုင်မှာတော့ Durian Pillow က တစ်ခုကို ၁,၅၀၀ ကျပ် ပေးရတယ်။ Durian Dessert ကတော့ ၃,၀၀၀ ကျပ်။ သူကတော့ ဒူးရင်းသီးပိုများတယ်။ စားပြီးရင်တော့ အီစိမ့်နေတာပဲ။
ဆိုင်က နည်းနည်းကျဉ်းပြီး ဒူးရင်းနံ့တွေက တစ်ဆိုင်လုံးပြန့်နေတော့ ဘယ်လိုမှ ကြာကြာမနေနိုင်အောင်ကို ခေါင်းကိုက်လာတယ်။ ဒါတောင် ကျွန်တော်က ဒူးရင်းသီးကြိုက်တဲ့သူနော်။ အဲ့တစ်ခုလေး ပြင်ပေးထားနိုင်ရင်တော့ အဆင်ပြေမှာ။ ဆိုင်မှာ ထိုင်စားချင်တဲ့စိတ်ပျောက်ပြီး Take Away လုပ်ချင်စိတ်ပေါ်လာမိတယ်။
ဆိုင်လေးက အလုံ၊ သရဖီလမ်းထဲမှာ ရှိပါတယ်။ သိပ်တော့ မမြင်သာပေမဲ့ သေချာရှာမယ်ဆိုရင်တော့ မြင်သာပါတယ်။ ကားရပ်စရာက နေ့လည်ဆိုရင်တော့ အဆင်ပြေလောက်မယ်။
Paradise Bakery Paradise Bakery Paradise Bakery Paradise Bakery
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
-03.png)





Comments