ပြည်မှာ ကြက်သောက်ဆမ်းစားမယ်

Updated: Sep 9, 2020
ပြည်မြို့ကို ရောက်ပြီဆိုတိုင်း နေ့လည်စာ ကောင်းကောင်းစားဖို့ ကျွန်တော် ကတော့ ဦးကြည်စိုး ကို ရှာပြီ။ ပြည် နဝဒေးတံတားနားက ကြက်သောက်ဆမ်း၊ ကြက်ကာလသားချက် ဆိုင်ဆိုရင် အလည်ရောက်သူတိုင်းရော၊ မြို့ခံတွေကပါ ဦးကြည်စိုး ဆိုင်ကို ရှာလေ့ရှိတယ်။ ဦးဘယ်သူ ဦးဘယ်ဝါ နဲ့ ကြက်သောက်ဆမ်းဆိုင်လေးတွေကလည်း မနီးမဝေးမှာ ဆင်တူလေးတွေ ရှိနေကြတော့ ဆိုင်ကို အတော်ရှာယူရပါတယ်။

နဝဒေးတံတားကိုတက်တဲ့ ညာဘက်ခြမ်းလောက်မှာ ရှိပါတယ်။ ဆိုင်နာမည်က ရွှေပြည် ပါ။ ရွှေပြည် ဆိုင်နာမည်ရဲ့ အပေါ်မှာမှ ဦးကြည်စိုး နဲ့ ဇနီး နာမည်ကို ရေးထားပါတယ်။ ဒီအမှတ်အသားလေးကို သတိပြု ရှာကြရပါတယ်။ ဒီဆိုင်းဘုတ်ကိုတော့ လမ်းဘယ်ဘက်က လာလာ မြင်နိုင်အောင် ကန့်လန့်ဖြတ် လုပ်ထားပါတယ်။ ဆိုင်ရဲ့ အပေါ်မှာတင်ထားတဲ့ ဆိုင်းဘုတ်ကတော့ ဦးကြည်စိုး နာမည်ကို ထင်ထင်ရှားရှားရေးထားလေရဲ့။
တစ်ဦးစာ ၃၀၀၀ ကျပ် နဲ့ အဝစား ကြက်သားဟင်းတစ်မယ်၊ အရံဟင်းအစုံနဲ့ ထမင်းဖြူတို့ကို အားရပါးရ စားကြရပါတယ်။ လိုအပ်တဲ့ ကြက်သားဟင်း ပွဲလိုက်ဖို့ကိုလည်း စေတနာအပြည့်နဲ့ လက်မတွန့်စတမ်း လိုက်ပေးပါတယ်။ ဗမာကြက် (အိမ်ကြက်) မို့ အသားနည်းပေမဲ့ အရသာရှိပြီး စားကောင်းပါတယ်။ ကြက်သောက်ဆမ်းရော၊ ကြက်ကာလသားချက်ရော စားကောင်းသလို ဒီဆိုင်က ကြက်သားကြော်လည်း အတော်လေး အရသာ ရှိပါတယ်။ အရံဟင်းလည်း စုံတယ်။ ကြက်အသည်းအမြစ်ကို ငရုတ်သီးစပ်စပ်နဲ့ ကြော်ချက်လေးက ငရုတ်သီးနံ့လေး မွှေးပြီး ကောင်းနေသလို၊ ခရမ်းသီးနုဟင်း၊ ကုလားပဲဟင်း၊ မျှစ်ဟင်း၊ ကြက်သားအားလူးဟင်း၊ ဂေါ်ရခါးညွှန့်ကြော်၊ နှမ်းဖတ်ချဉ်သုပ်၊ ပဲသီးကြော်၊ ငါးလေးကြော်၊ ငပိရည် တို့စရာအစုံ တို့နဲ့ အတော်လေး စားကောင်းတယ်။ ကြက်သောက်ဆမ်းကိုလည်း နှစ်မျိုးပေးတယ်။ တစ်မျိုးက အစပ်၊ တစ်မျိုးက အချို၊။ ကြက်သားဗူးသီးဟင်းအရသာမို့ အရည်ဆမ်းပြီးထမင်းမစားဘူးတဲ့ ကျွန်တော်၊ ဒီတစ်ခါတော့ အားရပါးရ ဟင်းအရည် ရွှဲရွှဲဆမ်းပြီး စားဖြစ်သွားတယ်။
ပြည်မြို့ရောက်ရင်တော့ ဦးကြည်စိုး ကြက်သောက်ဆမ်းဆိုင်လေး စားကြည့်လှည့်ပါဦး။ ပြီးတော့ ကျွန်တော်နဲ့ အကြိုက်ချင်းတူ မတူ ပြောပြလှည့်ပါဦးဗျာ။
U Kyi Soe - Shwe Pyay Restaurant U Kyi Soe - Shwe Pyay Restaurant U Kyi Soe - Shwe Pyay Restaurant U Kyi Soe - Shwe Pyay Restaurant U Kyi Soe - Shwe Pyay Restaurant U Kyi Soe - Shwe Pyay Restaurant U Kyi Soe - Shwe Pyay Restaurant U Kyi Soe - Shwe Pyay Restaurant U Kyi Soe - Shwe Pyay Restaurant U Kyi Soe - Shwe Pyay Restaurant U Kyi Soe - Shwe Pyay Restaurant
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
-03.png)





Comments