Cafes & Bars from Kalaw
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ဓါတ်ပုံရိုက်ချင်စရာ ကလောမြို့က ကော်ဖီဆိုင်နဲ့ ဘားဆိုင်များ

ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အေးချမ်းတဲ့ တောင်ပေါ်မြို့လေး ကလောဟာ နိုင်ငံခြားသားဧည့်သည်တွေကို ဆွဲဆောင်မှုပြင်းလွန်းတဲ့ ဒေသလေးတစ်ခုပါ။ ခုဆို ပြည်တွင်းခရီးသွားဧည့်သည်တွေရဲ့ အားလပ်ရက် အပန်းဖြေရာ နံပါတ်တစ် တောင်စခန်းမြို့လေး ဖြစ်နေပါပြီ။ ဒီတောင်စခန်းမြို့လေးကို လာချင်စိတ်ပြင်းပြအောင် ဆွဲဆောင်နေတာ ဘာတွေဖြစ်မလဲ တွေးစရာပါပဲ။


တောင်စခန်းမြို့လေးဟာ လူမှုကွန်ယက်တွေပေါ်က ဓါတ်ပုံကမ္ဘာတစ်ခုပါ

ရာသီဥတု၊ လူနေထိုင်မှုပုံစံ၊ ဝတ်စားဆင်ယင်မှု၊ အစားအသောက်၊ ပန်းနဲ့သစ်ပင်၊ သဘာဝဝန်းကျင်၊ လှုပ်ရှားမှု စတဲ့ ဘယ်ဘက်ကကြည့်ကြည့် ကိုယ့်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ Facebook, Instagram, Twitter, YouTube တွေပေါ်ကနေ လူကြိုက်များတဲ့ ဓါတ်ပုံတွေတင်ဖို့ အကောင်းဆုံး ဒေသလေးတစ်ခုဆိုလည်း မမှားပါဘူး။ ဒီတောင်စခန်းမြို့လေး ကလောဟာ ကိုလိုနီခေတ်ကလည်း အပန်းဖြေစခန်းမြို့ ဖြစ်ခဲ့တာမို့ ကိုလိုနီခေတ်ရဲ့ အဆောက်အဦးတွေကလည်း နိုင်ငံခြားသားတွေနဲ့ ပြည်တွင်းခရီးသွားတွေကို ဆွဲဆောင်နေသလို၊ ဥရောပသားတွေအကြိုက် စားသောက်ဖွယ်ရာရောင်းချတဲ့ဆိုင်တွေကလည်း ဒီဒေသအတွက် အရေးပါလာပါတယ်။ နိုင်ငံခြားဧည့်သည် အဝင်များတာကိုး။


ကျွန်တော် ကလောအကြောင်းရေးဖြစ်ပါတယ်။ ဒီတစ်ခါတော့ ထူးထူးခြားခြား ကလောမြို့လေးပေါ်က ထိုင်လို့လည်းကောင်းတယ်၊ ဓါတ်ပုံရိုက်လို့လည်း လှတယ် ဆိုတဲ့ ကော်ဖီဆိုင်လေးတွေ နဲ့ အရက်ဘား ဆိုင်လေးတွေကို ဝေမျှပေးချင်ပါတယ်။ တချို့လည်း ကော်ဖီနဲ့ဘား အတူတူ တွဲဖွင့်ထားပါတယ်။ တချို့ကတော့ ကော်ဖီဆိုင်သီးသန့် နဲ့ တချို့ကျတော့ ဘားသီးသန့်ပါခင်ဗျာ။ ကော်ဖီချစ်သူတွေကတော့ ဒီစာလေးကို အရမ်းသဘောကျကြမှာ ဖြစ်သလို နေညိုလေပြို အဖော်အသင်းကောင်းရင် ဇရက်မင်းစည်းစိမ် အပြည့်ယူချင်တဲ့ ယမကာလုလင်များလည်း အတော်အားရမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်က ကလောမြို့ကို အကြိမ်ကြိမ် သွားခဲ့ရင်း တစ်ခါရောက်တိုင်း သွားဖြစ်သမျှကို စုစည်းထားတာဖြစ်လို့ ဒီနှစ်ပိုင်းမှာ တချို့ဆိုင်လေးတွေရဲ့ အပြင်အဆင်နဲ့ ဝန်ဆောင်မှုပိုင်းတွေ ကွဲလွဲပြောင်းလဲမှု ရှိနိုင်တယ်လို့ ကြိုတင် မေတ္တာရပ်ခံပါရစေ။


Café Kalaw

ဝန်းခြံခပ်သေးသေးထဲမှာ နှစ်ထပ်အိမ်သွယ်သွယ်သေးသေးတစ်ခုကို အဖြူခပ်မှိုင်းမှိုင်းလေး သုတ်ထားတဲ့ ဒီဆိုင်လေးက အဝင်ဝကတည်းက ဘာတွေ ချစ်ဖို့ကောင်းနေမှန်းကို မသိ ချစ်ဖို့ကောင်းနေပါတယ်။ ကလောမြို့၊ ရပ်ကွက် ၉ ၊ နှီးဘုရားသွားတဲ့ လမ်းပေါ်မှာ ရှိတဲ့ ဒီဆိုင်လေးကို မနက် ၈ နာရီခွဲ ကနေ ည ၇ နာရီထိ ဖွင့်ပါတယ်။ ဒီဆိုင်ရဲ့ ခြံဝင်းထဲမှာ ဆေးလိပ်သောက်ဖို့ နေရာလေးတွေ ရှိသလို၊ ခြံထဲထိုင်ချင်ရင်လည်း စီစဉ်ပေးပါတယ်။ အတွင်းဘက် အောက်ထပ်မှာတော့ ဘားကောင်တာလေးနဲ့ စားပွဲ အနည်းအကျဉ်း ရှိပြီး၊ အပေါ်ထပ်ကတော့ ပိုပြီး ကျယ်ဝန်းသယောင်ရှိပါတယ်။ ဝရံတာမှာလည်း စားပွဲထုတ်ပေးထားသလို ရှိတဲ့နေရာလေးတွေကို နေရာမပုပ်အောင် သေချာ စီစဉ်ထားပါတယ်။ ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းလေးတွေ အရမ်း ဖောရွေယဉ်ကျေးပါတယ်။ ကော်ဖီ သောက်ကောင်းတဲ့အပြင် Home Made ပန်းသီးကတ်၊ မုန်လာဥနီကိတ် စတဲ့ ကိတ်လေးတွေလည်း ရှိပါတယ်။ ဓါတ်ပုံရိုက်ဖို့ အလင်းအမှောင် ပစ္စည်းအထားအသို အနေအထားလေးတွေ ရှိနေတယ်။ ထူးခြားစွာ အိမ်သာမှာ မှန်ကပ်ထားတာကိုလည်း သတိပြုမိကြမှာပါ။


New Simple Life Coffee & Sandwich Bar

ပိုင်ရှင်အစ်မကိုယ်တိုင် တက်တက်ကြွကြွလုပ်ဆောင်ပေးနေတဲ့ ဆိုင်လေးပါ။ အစ်မက အရမ်းဖောရွေ သဘောကောင်းပြီး စကားပြောယဉ်ကျေးလွန်းလို့ ဆိုင်လေးဆီကို ခဏခဏ ပြန်လာချင်စိတ်ပေါ်ပါလိမ့်မယ်။ အရင်ကတော့ ကားရပ်ဖို့ ခက်ပေမဲ့ ခုတော့ ကားရပ်စရာနေရာလေး အဆင်ပြေသွားပါပြီ။ ဒါပေမဲ့လည်း လမ်းထက် အတော်နိမ့်တဲ့နေရာမှာမို့ ကားပြန်တက်တဲ့အခါတော့ အတော်လေး မတ်ပါတယ်။ ဆိုင်ကယ်နဲ့ဆို ပိုပေါ့ပါးအဆင်ပြေတယ်ပေါ့။ ဓမ္မစြက်ာလမ်းကနေ သွားလို့ရပါတယ်။ သဘာဝရှုခင်းလေးကို လွတ်လွတ်လပ်လပ်ပိုခံစားရတယ်။ အတွင်းအပြင် ထိုင်စရာခုံလေးတွေ ပေါတယ်။ အပြင်အဆင်က ဘိုဆန်တယ်။ ဒီဆိုင်က Home Made ပီဇာ အရမ်းစားကောင်းတယ်။ ကိုယ့်ရှေ့မှာတင် Oven ထဲ ထည့်ဖုတ် ပြင်ဆင်တာကို မြင်ရတာလည်း စားချင်စိတ်ကို ပိုနှိုးဆွတယ်။ ဆန်းဒဝှစ်ချ်၊ ဝေဖာ တွေလည်းစားကောင်းသလို၊ ကော်ဖီ၊ ဝိုင်တွေလည်း သောက်သုံးနိုင်တယ်။ နိုင်ငံခြားသားတွေ အလာများပါတယ်။ ဓါတ်ပုံရိုက်ဖို့ အရမ်းကောင်းတဲ့ အနေအထားလေးတွေ တစ်ဆိုင်လုံးအပြည့် ရှိနေလေတော့ သွားရတာ တန်ပါတယ်လေ။ အင်္ဂါနေ့တိုင်း ဆိုင်ပိတ်တာလေး သတိပြုသွားပါနော်။


Sprouting Seeds Café & Bakery

သီတာလမ်းပေါ်က ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ဒီဆိုင်လေးကလည်း ထူးခြားပါတယ်။ မြန်မာအစားအစာတွေကို ဆန်းသစ်တဲ့အပြင်အဆင်သစ်နဲ့ အလည်လာတဲ့ နိုင်ငံခြားသားတွေအကြိုက် ပြောင်းလဲ တင်ဆက်ထားတာကို တွေ့ရပါတယ်။ လက်ဖက်သုပ်ကို ကြက်သွန်ဖြူပေါင်မုန့်နဲ့ တွဲဖက်စားသုံးဖို့ စိတ်ကူးလေးတွေကလည်း ထူးခြားတယ်လို့ ဆိုရပါမယ်။ အပြင်အဆင် ရိုးရှင်းပေမဲ့ အဲ့ဒီရိုးရှင်းတာကိုက ဆန်းပြားနေတာ ဆိုင်ကို ရောက်တဲ့အခါ ခံစားရပါလိမ့်မယ်။ ညဘက်မှ ကားထွက်လေ့ရှိပြီး၊ ဟိုတယ်ကနေ နေ့လည် ၁၂ နာရီလောက်ထွက်ပေးရတဲ့ ခရီးသွားဧည့်သည်တွေရဲ့ ကျန်တဲ့အချိန်တွေမှာ နားခိုရာနေရာလေးတစ်ခုလို့ဆိုလည်း မမှားပါဘူး။ အင်္ဂလိပ်လို ကောင်းကောင်းပြောနိုင်တဲ့ ဝန်ထမ်းလေးတွေက ဝန်ဆောင်မှုပေးနေပါတယ်။ အစားအသောက်လေးတွေ ထူးခြား စားကောင်းတယ်။ မြန်မာပါးစပ်ထက် နိုင်ငံခြားဧည့်သည်တွေ ခံတွင်းလိုက်မဲ့ အစားအသောက် ပိုများပါတယ်။ တနင်္လာနေ့တိုင်း ဆိုင်ပိတ်တာလေး သတိပြုသွားပါနော်။


Sisson’s Restaurant & Bar (Kalaw Heritage Hotel)

တက္ကသိုလ်လမ်းပေါ်မှာ ရှိတဲ့ ကလောမြို့ရဲ့ ဂုဏ်ဆောင်ဟိုတယ်တွေထဲက တစ်ခုဖြစ်တဲ့ Kalaw Heritage Hotel ထဲမှာ ထိုင်လို့ကောင်းတဲ့ Café & Bar တစ်ခုရှိပါတယ်။ Sisson’s Restaurant & Bar ပါ။ နှစ်ပေါင်း ရာချီရှိနေပြီဖြစ်တဲ့ ရှေးဟောင်း ပစ္စည်းတွေကို ခင်းကျင်းပြသထားတဲ့ ဒီ Bar မှာတော့ ခေတ်တစ်ခုရဲ့ အသုံးအဆောင်တွေကို လေ့လာနိုင်မဲ့အပြင် ကော်ဖီကောင်းကောင်း၊ ကော့လ်တေးကောင်းကောင်း သုံးဆောင်နိုင်ဦးမှာပါ။ ရှေးခေတ်အသုံးအဆောင်တွေအများကြီးကို ဆိုင်အပြင်အဆင်အနေနဲ့ ထည့်သွင်းထားတာက ပြတိုက်တစ်ခုလိုတောင် ဖြစ်နေပါတယ်။ ဓါတ်ပုံရိုက်ဖို့ နေရာကောင်းများစွာ ပိုင်ဆိုင်ထားတဲ့အပြင် နှစ်ပေါင်းများစွာ သက်တမ်းရှိနေပြီဖြစ်တဲ့ ရေနွေးငွေ့စက်၊ Oven၊ ဝိုင်ထားသိုရာဘီဒို စတဲ့ အသုံးအဆောင်တွေနဲ့ လိုက်ဖက်စွာ သုံးစွဲထားတဲ့ စားပွဲ၊ ကုလားထိုင်တွေကြောင့် ကိုယ်တိုင် မော်ဒယ်အဖြစ် ဓါတ်ပုံရိုက်တဲ့အခါမှာလည်း လွန်ခဲ့တဲ့ ခေတ်တစ်ခုကို သေချာစိတ်သွင်း ရိုက်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။ ဝန်ဆောင်မှုကတော့ ဟိုတယ်အဆင့် ဝန်ဆောင်မှုမျိုးဖြစ်လို့ အရမ်းဖောရွေတာမျိုးထက် မလို၊ မပိုတဲ့ ဝန်ဆောင်မှုမျိုးကို ရရှိမှာ ဖြစ်ပါတယ်။ နေ့လည် (၁၁) နာရီလောက်မှ စဖွင့်ပြီး ညအထိ ဖွင့်တတ်ပါတယ်။  ဈေးနှုန်းအားဖြင့်တော့ ကလောလို ဒေသမျိုးမှာ အနည်းငယ်များတယ်လို့ ဆိုနိုင်ပါတယ်။


Kalaw-Ish Café & Restaurant

၂၀၁၉ ဇန်နဝါရီလ အစောပိုင်းက ဖွင့်တဲ့ ဆိုင်လေးပါ။ ကျွန်တော်သွားတုန်းက လူများများနဲ့သွားရင် တစ်အိမ်လုံး ငှားနေလို့ရတဲ့ ဝန်ဆောင်မှုလည်း ရှိပြီး အဓိက ကတော့ ကော်ဖီ၊ စားသောက်ဖွယ်ရာ နဲ့ ညပိုင်းလူငယ်ကြိုက်နေရာလေးအဖြစ် ရှိနေတာဖြစ်ပါတယ်။ ဒီမှာတော့ ညနေပိုင်းကို နေဝင်ချိန်ကြည့်ရင်း အပန်းဖြေလာကြတယ်။ ရထားလမ်းလေးဘေးမှာ ရှိလို့ ရထားလာချိန် ကော်ဖီလာသောက်ရတာလည်း အရမ်းမိုက်တယ်။ မနက် ၉ နာရီဝန်းကျင်၊ ညနေ ၃ နာရီခွဲဝန်းကျင် ဆို ရထားခေါင်းက ဆိုင်ဘက်ကို ဦးတိုက်ပြီး ကွေ့သွားတာမို့ ဓါတ်ပုံရိုက်ချင်သူတွေ အတော်အဆင်ပြေတယ်။ ဆိုင်မှာ ထိုင်းအစားအစာလည်းကောင်းသလို၊ BBQ ဆိုလည်း တို့စားရတဲ့ အနှစ်ဆော့စ် အရမ်းကောင်းတယ်။ ကော်ဖီမှာတော့ သူတို့ အသစ်ထွင်ထားတဲ့ ထောပတ်သီး ကာပူချီနို တို့ စတော်ဗယ်ရီ ကာဗူချီနို တို့ နာမည်ကြီးတယ်။ ညပိုင်း (၁၀) နာရီလောက်ထိ ဖွင့်ထားပေမဲ့ မနက် (၉) နာရီပြန်ဖွင့်ပြီး မနက်စာအနေနဲ့ ထောပတ်သီးပေါင်မုန့်မီးကင် လိုမျိုး ထူးခြားတာလေးတွေ ရတာလည်း ဒီဆိုင်ပါပဲ။ ဘားအနေနဲ့ကတော့ ကော့ခ်တေးလ် တွေ မော့ခ်တေးလ်တွေ မရသေးပေမဲ့ ပုလင်းဘီယာမျိုးစုံကိုတော့ သောက်သုံးနိုင်မှာပါ။ ဆိုင်က ဝန်ထမ်းတွေကလည်း မိသားစုတွေလို ဖောရွေဝန်ဆောင်မှုပေးတာကြောင့်အပြင် အစားအစာကောင်းလို့ ဒီတစ်ခါ ကလောရောက်ဖြစ်ရင် သွားဖြစ်အောင် သွားကြည့်စေချင်မိပါတယ်။ နေရာက တက္ကသိုလ်လမ်း ပေါ်မှာ တည်ရှိပါတယ်။ ခုတော့ နှစ်ထပ်ဆောင်လေး ဆောက်ထားပြီလို့ သတင်းကြားရတယ်ဗျ။ Kalaw Heritage Hotel နဲ့ မျက်နှာချင်းဆိုင်ပါပဲ။


Maluca Bar

ဒီ ဘား က Maluca Villa နဲ့ တွဲဖက်ဖွင့်လှစ်ထားတာ ဖြစ်ပြီး ကလော ဘူတာကနေ ရှုခင်းသာ Hill Top Hotel ဘက်ကို သွားတဲ့လမ်းပေါ်မှာ တည်ရှိပါတယ်။ အပြင်အဆင်ကတော့ ခေတ်မီပုံစံဘက်သွားပြီး ဆိုင်တစ်ခုလုံးကို မှန်တွေနဲ့ချည်း ဖန်လုံအိမ်လို တည်ဆောက်ထားတာက အမြင်ဆန်းစေပါတယ်။ အပေါ်ထပ်တစ်ခုလည်း တွေ့ပေမဲ့ အခုတော့ မဖွင့်သေးဘူးလို့ သိရပါတယ်။ ဆိုင်အလယ်က ဘားကောင်တာကြီးကလည်း ခန့်ညားသလို အပြင်ဘက်မှာ မီးဖိုလေးနဲ့ ထိုင်သောက်ချင်သူတွေ အဆင်ပြေအောင် စီစဉ်ပေးထားတာကလည်း ဆန်းပြားပါတယ်။ ပိုပြီးထူးခြားတာက ရွတ်ဖျင်တဲလေးတွေနဲ့ Camping လုပ်နေသလို ခံစားရင်း စားသောက်နိုင်ဖို့ စီစဉ်နေတာပဲ ဖြစ်ပါတယ်။ ဒေသအစားအစာ၊ ဥရောပအစားအစာတွေ ရောင်းချပေးပြီး သောက်စရာအစုံအလင် ရှိတာ သတိပြုမိပါတယ်။ ဓါတ်ပုံရိုက်လို့လည်း အရမ်းလှလို့ တစ်ခေါက်ဖြစ်ဖြစ်တော့ အရောက်သွားလည်သင့်တဲ့နေရာဖြစ်ပါတယ်။ မနက် (၁၀) နာရီကနေ ည (၁၀) နာရီထိ ဖွင့်ထားပါပြီ။


Boston BBQ & Cocktail Bar

ဒီဆိုင်လေးက နည်းနည်းအတွင်းကျမယ်။ ကောင်းတာကတော့ Maps ဖွင့်ပြီး သွားရင် ပိုအဆင်ပြေမယ်။ ဆိုင်လေးက ဘိုဆန်ဆန် ချစ်စရာလေးပါ။ ဆိုင်ရှင်ကလည်း ဖောရွေတယ်လို့ နာမည်ကြီးပါတယ်။ ကလောဘူတာ ရှေ့ကလမ်းအတိုင်း ဆက်သွားပြီး တောင်ပေါ်မတက်ဘဲ တည့်တည့်သွားလို့ရနိုင်ပါတယ်။ ညဘက် မီးလေးတွေနဲ့က ဆိုင်ကို ပိုလှစေတယ် မြင်မိပါတယ်။ နံရံပေါ်က ဓါတ်ပုံလေးတွေကိုလည်း စိတ်ဝင်စားမိပါတယ်။


Hi Snacks & Drinks

ကလောဈေးအနောက်ဘက် ကုန်သည်လမ်းပေါ်က ရုတ်တရက်အပြင်ကကြည့်ရင် ဘုံဆိုင်လေးလို ထင်ရတဲ့ ဒီဆိုင်ကို အတော် ရှာလိုက်ရတယ်။ သေးသေးကျစ်ကျစ်လေးနဲ့ ဆိုင်းဘုတ်ကလည်း မမြင်သာလို့ပါ။ ဒါပေမဲ့ ဒီဆိုင်ကို ပုံမှန်မိတ်ဆွေတွေ အမြဲလာလေ့ရှိပြီး မိသားစုဆန်တဲ့ နွေးထွေးမှုလေး ရတယ်။ ဆိုင်က ကျဉ်းပါတယ်။ ဘားကောင်တာကလည်း နေရာယူထားပြီး ဘေးပတ်လည်မှာ ထိုင်စရာ ခုံလေးတွေ ရှိမယ်။ ဆိုင်အဝင်ထိပ်မှာ စားပွဲသေးလေး နှစ်လုံးနဲ့ လူ သုံးယောက်ထိုင်စာ ခုံ သုံးခုံစီပဲ ရှိပါတယ်။ စားစရာကလည်း ရွေးစရာ သိပ်မရှိ။ သူတို့ကို ဒီနေ့ ဘာရသလဲသာ မေးလိုက်ပြီး ရတာ စားရမယ်။ သောက်စရာကလည်း ၃ မျိုးပဲ ရှိတတ်တယ်။ Rum Sour, Whiskey Sour နဲ့ Gin Tonic လားပဲ ရွေးစရာ ရှိမယ်။ ဧည့်ထောက်ခံပေးတတ်တဲ့ ဆိုင်ပိုင်ရှင် အစ်ကိုကြီး တစ်ဦး ရှိတတ်တယ်။ ဒါလေးနဲ့ပဲ ဆိုင်လေးဟာ ပြည့်စုံနေတော့တယ်။ အဖျော်ဆရာလက်ရာလေးကလည်း အဆင်ပြေတော့ ဒီဆိုင်လေးက ချစ်စရာဖြစ်နေရော။ ဆိုင်ရဲ့ နံရံတွေပေါ်က ဆွဲထားတဲ့ လက်ရာတွေရယ်၊ တခါတလေ ဆိုင်ထောင့်မှာ ထားတတ်တဲ့ ဂစ်တာရယ် တွေ့လိုက်ရရင် ကိုယ်ဟာ ကလောမှာ ရောက်နေတယ်လို့ မထင်ရတော့ဘဲ၊ ဥရောပက ဘားတစ်ခုခု ရောက်နေသလား ဖီလင်တွေ ရသွားစေတယ်။ ဒါပေမဲ့ ဒီဆိုင်က စောစောလေး ပိတ်တတ်ပါတယ်နော်။


Red House Bar & Restaurant

ဒီဆိုင်ကိုတော့ Little Italy လို့ ခေါ်ကြတဲ့အထိ နိုင်ငံခြားသားတွေ ကြိုက်ကြတာတွေ့ရတယ်။ ဒေသစာရော အီတလီအစားအစာတွေရော ရတဲ့အပြင် ဘားကလည်း ထိုင်လို့ ကောင်းပါတယ်။ ဘိလိယက်ခုံနဲ့ ခပ်မှောင်မှောင်မီးတွေက ညဘက် ပိုလာချင်စရာ ဖြစ်စေတယ်။ ဝန်ထမ်းတွေလည်း ဖောရွေကြပါတယ်။ နိုင်ငံခြားသားကိုတော့ ပိုဖောရွေတယ် ထင်ရတာလေး တွေ့ရတယ်။ အထပ်နှစ်ထပ် ပါပြီး အပေါ်ထပ်က အေးအေးဆေးဆေး စားချင် ထိုင်ချင်သူတွေအတွက် ပိုသင့်လျော်တယ်။ အပြင်ဘက် ဝရံတာမှာလည်း ထိုင်ကြတာ များတယ်။ အောက်ဘက်ကတော့ လူရှုပ်ပြီး ဆူဆူညံညံ ရှိတတ်တော့ ဒါမျိုးမှ ကြိုက်သူတွေအတွက် အဆင်ပြေတယ်။ Cocktail ကတော့ ပုံမှန် အမျိုးအစား အကုန်ရပါတယ်။ အထူးအဆန်းတော့ မရှိပါဘူး။ ပီဇာလည်း စားကောင်းတယ်။ ဈေးကတော့ ဒီဆိုင်ရဲ့အားနည်းချက်ပဲ ဖြစ်မယ် ထင်ပါတယ်။ နည်းနည်းတော့ များပါတယ်။


Hill Top Villa Bar

နေဝင်ချိန် ရှုခင်း ခံစားရုံကလွဲရင် ဘာမှ မရှိဘူးဘဲ ဆိုရမလားဘဲ။ ဘီယာလောက်တော့ ရတယ်။ ကျန်တာ ဘာမှ မရှိဘူး။ အရင့်အရင်တုန်းက Open Air နဲ့ ဘားပုံစံလေးကို ပိုသဘောကျတယ်။ ခုဟာက ရိုးရိုးကြီးနဲ့တစ်မျိုးကြီးပဲ။ ရှုခင်းလည်း အရင်ကလောက် ကြည့်မကောင်းတော့သလို ဓါတ်ပုံရိုက်လို့လည်း မကောင်းတော့ဘူး။ ဈေးကတော့ အတော်ကြီးတယ်။ မြန်မာဘီယာကို တခြားဆိုင်တွေထက် တစ်ဆ ပိုပေးပြီး သောက်ခဲ့ရတာ မှတ်မှတ်ရရ ပါပဲ။


Langsee Lodge Restaurant, Bar & Café

ဒီဆိုင်လေးက Kalaw Princess Hotel ရဲ့ ရှေ့မျက်နှာချင်းဆိုင်မှာ ရှိတယ်။ လာရတဲ့ လမ်းလေးက ကျဉ်းတယ်။ Hill Top ကို မတက်ဘဲ လမ်းခွဲရတဲ့နေရာလေးမှာ ရှိတာ။ ကျွန်တော်ကတော့ မနက်ပိုင်း ရောက်ဖြစ်လိုက်တယ်။ ဘားလည်း ရှိတယ်။ ကော်ဖီလည်း ကောင်းတယ်။ ထိုင်ရတာ အတော်လှတယ် ပြောရမယ်။ ဓါတ်ပုံရိုက်ချင်ရင် အဆင်ပြေတယ်။ စာကြည့်တိုက်ငယ်လေး ထားပေးတယ်။ ရှေးခေတ်အသုံးအဆောင်တွေနဲ့ အလှဆင်ထားတယ်။ ဆိုင်ဆောက်ထားပုံလေးက ထူးခြားတယ်။ ဒါလေးတွေနဲ့တင် ဒီဆိုင်လာထိုင်ရတာ တန်နေပါပြီ။ ဈေးကတော့ ပုံမှန်ပါပဲ။ မနက်ခင်းလည်း မနက်ခင်းအလျောက် ရှုခင်းကောင်းပြီး ညနေခင်းလည်း ဘားအနေနဲ့ ထိုင်လို့ကောင်းတဲ့ ဆိုင်လေးလို့ မှတ်ချက်ချမိပါတယ်။


ချစ်စရာကောင်းတဲ့ နေရာလေးတွေ ဆိုင်လေးတွေများစွာထဲက ကျွန်တော် သဘောကျမိတဲ့ ဓါတ်ပုံရိုက်လို့ကောင်းသလို၊ ကော်ဖီကောင်း၊ ထိုင်သောက်ကောင်းတဲ့ ဆိုင်လေးတွေကို ရွေးချယ် ဝေမျှပေးလိုက်တာပါဗျာ။ ကလောမြို့ကို အလည်ရောက်သူတိုင်း သတိတရ သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်လည်း ကလောကို အမြဲ သတိရမိနေတတ်လို့ပါ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံစွာနဲ့ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

630 views1 comment
bottom of page