Bike Tour in Hpa An
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

စက်ဘီးလေးနဲ့ ဘားအံ ပတ်

ကျွန်တော် ဘားအံမြို့နဲ့ လည်ပတ်စရာတွေ အကြောင်း မရေးခင် အရင်ဆုံး စိတ်ထဲ ရေးချင်လာမိတာက ဘားအံရောက်တုန်း ကျွန်တော် လုပ်ဆောင်ဖြစ်ခဲ့တဲ့ စက်ဘီးစီးလို့ ဘားအံ ပတ်တဲ့ ခရီးစဉ်လေး အကြောင်းပါ။ ကျွန်တော် တို့ဆီက လူငယ်တွေ နောက်ပိုင်း Adventure စွန့်စားခရီးစဉ်တွေကို ပိုပြီး နှစ်သက်လာကြတာ ကောင်းတဲ့အချက်ပါ။ စွန့်စားခရီးတွေ၊ သဘာဝကျကျ နေထိုင်သွားလာ လေ့လာတဲ့ ခရီးစဉ်တွေကို အခုနောက်ပိုင်း ပိုကြိုက်လာကြတယ်။ ကောင်းတာတစ်ခုက ဒီလို ခရီးစဉ်တွေကို လိုက်ပါနိုင်ဖို့ ကိုယ်တိုင်လည်း သက်လုံကောင်းအောင် ကြိုးစားကြရင်း အားကစားလည်း ပိုလုပ်ဖြစ်လာကြတယ်။


အခု ကျွန်တော်လည်း ဘားအံ ရောက်တုန်းမှာ ကရင်ပြည်နယ်ရဲ့ မြို့တော် ဘားအံ နဲ့ဝန်းကျင်က သဘာဝအလှတွေကို ရိုးရိုး လည်ပတ်တာထက် စက်ဘီးလေး ကိုယ်တိုင်နင်းပြီး လှုပ်လှုပ်ရှားရှား သွားလာ လည်ပတ်တာလေးကို တင်ပြနိုင်ဖို့ ကိုယ်တိုင်လည်း စိတ်ဝင်စားတဲ့ ဒီစက်ဘီးခရီးစဉ်ကို စီစဉ် ဖြစ်ခဲ့ပါတယ်။


ဘားအံ ကို စက်ဘီးနဲ့ ပတ်တယ် ဆိုတာ

ကျောက်ကလပ် စေတီ က နေဝင်ချိန်အလှ

ဒေသခံ ဧည့်လမ်းညွှန်တွေနဲ့ ချိတ်ဆက်ပြီး ခရီးစဉ် မှာ ပျော်ပျော်ရွှင်ရွှင် ပါဝင်တာမျိုးပါ။ တစ်ဦး၊ နှစ်ဦး ကနေ စလို့ အဖွဲ့လိုက်အထိ စီးနင်းနိုင်ပါတယ်။ စက်ဘီး၊ ဦးထုပ် နဲ့ ရေဗူး အပါအဝင် အမောပြေ အချိုပွဲ၊ သစ်သီးပွဲလေးတွေပါ စီစဉ်ပေးထားတဲ့ ခရီးစဉ်မျိုးမို့ သိပ်ပြီး စိတ်ပူစရာ မလိုပါဘူး။ မြို့ထဲ လမ်းကောင်းတွေလည်း မောင်းနှင်ရသလို၊ တောလမ်းကြမ်းတွေ၊ ကုန်းဆင်း ကုန်းတက်တွေနဲ့ မြေလမ်း ကျောက်လမ်း တွေပေါ်ကနေ ရွာတွေ ချောင်းတွေ လယ်ကွင်းတွေ ဖြတ်လို့သွားကြရတာမျိုးပါ။ ဘားအံကို လာလည်ကြတဲ့ နိုင်ငံခြားသားတွေတော့ သိပ်သဘောကျကြတယ်။ ပြည်တွင်းက လူငယ် ခရီးသွားတွေ၊ စက်ဘီးဝါသနာရှင်တွေ အတွက်လည်း ခုဆို စပြီး ဝန်ဆောင်မှုပေးနေပြီ ပေါ့ဗျာ။ နိုင်ငံခြားသားတွေကတော့ တစ်နေကုန် ခရီးစဉ်တွေ ရွေးချယ် တတ်ကြပြီး၊ ပြည်တွင်း ခရီးသွားတွေကတော့ ညနေ နေဝင်ချိန်ကြည့် ခရီးစဉ်တွေကို ပိုကြိုက်ကြပါတယ်။ ကျွန်တော်လည်း ညနေ နေဝင်ချိန်ကြည့် ခရီးစဉ်ကိုပဲ ရွေးချယ် ဖြစ်ခဲ့တယ်။


ကိုယ်တွေ့ ဘားအံ စက်ဘီးခရီးစဉ်

ဇွဲကပင်တောင် မြင်ကွင်းနဲ့ ရွာတွေထဲဝင်

ကျွန်တော် တည်းခိုတဲ့ ဟိုတယ်က မြို့ပြင်ဘက် နည်းနည်းရောက်တော့ မြို့ထဲ တစ်နေရာက စုရပ်ဆီကို အရင်သွားရပါတယ်။ အဲ့ဒီနေ့ကတော့ ဘားအံလွှတ်တော် ရှေ့မှာ လူစုပါတယ်။ ညနေ ၃ နာရီလောက်မှာ ဒေသခံ ဧည့်လမ်းညွှန် ညီငယ် ကိုအာကာထွန်း က စက်ဘီးတွေနဲ့အတူ ရောက်လာပြီး မောင်းနှင်မဲ့ ကျွန်တော်တို့ ခရီးသွား အသီးသီးကို တောင်တက် ဂီယာတွေပါတဲ့ စက်ဘီးတွေ အပ်ပါတယ်။ ရေဗူးတွေလည်း ပေးသလို၊ Safety အတွက် ဦးထုပ်လည်း ပြင်ဆင်ပေးပါတယ်။ ကျွန်တော်တို့ အဲ့ဒီကနေ ခရီးစဉ် စပါတယ်။ အရင်ဆုံး ကန်သာယာ View Point ကို အရင်သွားလည်ကြပြီး ဓါတ်ပုံရိုက်ကြပါတယ်။ ပြီးတော့ ကန်ပတ်လမ်းတစ်လျှောက် လှတဲ့နေရာလေးတွေကို ဖြတ်လို့ စက်ဘီးလေး နင်းပြီး သွေးပူလုပ်ကြတယ်။ ပြီးတာနဲ့ မြို့ထဲကနေ မြို့ပြင် ကျောက်ကလပ်ဘက်ကို ခရီးနှင်ကြတာပါ။


ကျောက်ကလပ်ဘက်ကို စက်ဘီးနင်းရတာလည်း အရမ်းမခက်သလို၊ အရမ်းလည်း မလွယ်လှပါဘူး။ အလေ့အကျင့်လေး ရှိထားသူတွေကတော့ ပိုအဆင်ပြေပါတယ်။ သက်လုံပေါ့လေ။ Gym မှာ စက်ဘီးနင်းနေကျဆိုရင်တော့ ဒူးလေးတွေ ပူ ပူ သွားတဲ့ ခံစားချက်မျိုး ရင်းနှီးပြီးသား ဖြစ်နေမှာပါ။ ကရင်ရွာလေးတွေကနေ ဖြတ်ပြီး စိုက်ခင်းနဲ့ လယ်ကွင်းတွေ ကို ဖြတ်သွားရတာ သိပ်ကြည်နူးစရာ ကောင်းပါတယ်။ ဇွဲကပင်တောင်ကြီး နောက်ခံနဲ့ စက်ဘီးစီးနေရတာလည်း ကဗျာဆန်နေတယ်။ တစ်ခါတလေ လမ်းလေးရဲ့ဘယ်ညာ နှစ်ဘက်စလုံးက ချောင်းလေးနဲ့ လယ်ကွင်းတွေ ဖြစ်နေပြီး ကျွန်တော် စီးတဲ့အချိန်ကဆို စပါးခင်းတွေက စိမ်းပြီး လှနေရော။ ငါးဖမ်းနေကြတဲ့ သူတွေလည်း အများကြီး တွေ့ရတယ်။ အချင်းချင်း အော်ပြီး ကရင်လို နှုတ်ဆက်ရတာလည်း သိပ်ပျော်စရာ ကောင်းတယ်။ အထူးသဖြင့် ကလေးလေးတွေ သိပ်လိမ္မာပြီး ဖော်ရွေလိုက်ကြတာ။ လူကြီးပိုင်းကမှ နည်းနည်း ရှက်သလိုလို ဖြစ်သေးတယ်။ ကလေးတွေက ပိုသွက်နေကြတယ်။


ညနေ ကျောက်ကလပ် ဘုရားကို နေဝင်ချိန်ကြည့်ဖို့ အရောက် အပြေးနှင်ကြတယ်။ နေဝင်ချိန်ကို ကျောက်ကလပ် နေရာစုံကနေ ပတ်ပြီး ခံစားရတာလည်း သိပ်ကို အရသာရှိပါတယ်။ ဘုရားဖူး၊ ငါးစာကျွေးလည်း လုပ်နိုင်သေးတယ်။ နေဝင်ချိန်ကို ဧည့်လမ်းညွှန်လေး ကျွေးတဲ့ သစ်သီးပွဲလေးနဲ့ ခံစားရတာ သိပ်ကောင်း။ မောတော့ မောတာပေါ့ ဒါပေမဲ့ မမောဘူးဆိုတဲ့ စိုင်းထီးဆိုင်ရဲ့ သီချင်းကို သတိရသွားစေတယ်။


ကျောက်ကလပ်ထိ စက်ဘီးပတ်နင်းပြီး တစ်ခါ တောင်ကြားလမ်းလေးအတိုင်း ရာသီဥတု အေးအေးလေးကို ခံစားပြီး မြို့ထဲ ပြန်ကြတယ်။ ကမ်းနားလမ်းတလျှောက်က ဘားအံမြို့ ညအလှတွေလည်း ခံစားရင်း စုရပ်နေရာကို ညနေ ၆ နာရီလောက် အားလုံး ပြန်သွားလို့ စက်ဘီးအပ်ပြီး ကိုယ့်ဟိုတယ် ကိုယ်ပြန်ခဲ့ကြပါတယ်။

ကျောက်ကလပ် နဲ့ နေဝင်ချိန်

ခရီးစဉ်လေးက စာနဲ့ ရေးပြတော့ ဒါလေးပဲလား ထင်စရာ ရှိပါတယ်။ တကယ်တမ်းတော့ အားကစားနဲ့ ဆက်စပ်နေတဲ့ ခရီးစဉ်မျိုးမို့ စက်ဘီးစီး၊ သဘာဝခံစား၊ စွန့်စားသွားလာရတာကိုက အနှစ် ပါ။ ဒီအတွက် အချိန်ပေးရတာလည်း တန်ပါတယ်။ မြို့ကြီးပြကြီးမှာ မရနိုင်တဲ့ သန့်ရှင်းတဲ့ လေနဲ့ အေးမြမှုတွေ၊ ရင်းနှီးဖော်ရွေမှုနဲ့ သဘာဝဆန်မှုတွေကို လက်တွေ့ ခံစားကြရပါတယ်။


ဘားအံမှာ စက်ဘီးလေးနဲ့ သဘာဝဆန်မယ်ဆို ဘယ်ကို ဆက်သွယ်ရမလဲ၊ ဘယ်လောက်ကုန်မလဲ

ဦးဆောင်ပေးတဲ့ ဒေသခံလမ်းညွှန် ညီငယ် ကိုအာကာထွန်း

ကုန်ကျငွေကတော့ တစ်ဦးမှ ၂၅၀၀၀ ကျပ် ပါ။ ဒါတောင် လူများရင် ပိုနည်းသွားနိုင်သေးတယ်။ ကိုယ်တွေက ၂ ဦးလောက်ပဲ သွားလို့သာ။ စက်ဘီး၊ ဦးထုပ်၊ ရေ၊ အသီးပွဲ နဲ့ ဧည့်လမ်းညွှန် ဝန်ဆောင်မှုတွေ အကုန်အပြီးအစီး ပါဝင်ပါတယ်။

ဘယ်ကို ဆက်သွယ်ရမလဲ ဆိုရင် ဒီ page ( https://www.facebook.com/HpaAncom/ ) ကို ဆက်သွယ်နိုင်သလို၊ ကိုအောင်ကိုကိုဦး (09 973983075) နဲ့ ကိုအာကာထွန်း (09 792798644) တို့ကို ဆက်သွယ်နိုင်ပါတယ်။ ဒီလို နေ့တစ်ပိုင်း စက်ဘီးခရီးစဉ်တွေအပြင် တခြား ညအိပ်ခရီးစဉ်တွေ၊ တစ်နေ့တာ ခရီးစဉ်တွေ နဲ့ ဘားအံနဲ့ အနီးဝန်းကျင်က စွန့်စားခရီးစဉ်မျိုးစုံ၊ Camping မျိုးစုံကိုလည်း ဝန်ဆောင်မှုပေးတဲ့ ဘားအံမြို့ရဲ့ အားထားစရာ လူငယ် ခရီးသွားလုပ်ငန်း တစ်ခု လို့ ဆိုနိုင်ပါတယ်။


ဘားအံ ကို ငယ်ငယ်က ရောက်ဖူးခဲ့တဲ့ ကျွန်တော်က ခုတစ်ခေါက်မှာ ပုံစံတစ်မျိုးနဲ့ လူငယ်ဆန်ဆန် စက်ဘီးလေးစီးလို့ စွန့်စားခရီးစဉ် ပုံစံမျိုး လည်ပတ်ခဲ့ပါတယ်။ ပြည်တွင်းက လူငယ်ခရီးသွားတိုင်းလည်း ဒီလို ခရီးစဉ်မျိုးကို စိတ်ဝင်စားမှာပါ။ ဘားအံဆိုတာ ရန်ကုန်နဲ့ ၄ နာရီလောက်ပဲ ဝေးတဲ့ အရပ်မို့ မြန်မြန်ဆန်ဆန် အလည်သွားပြီး သဘာဝကို နီးနီးစပ်စပ် ခံစားနိုင်တဲ့အပြင် ကရင်လူမျိုးတွေရဲ့ ချစ်စရာဓလေ့ထုံးတမ်းလေးတွေပါ မြင်ရမှာမို့ စက်ဘီးလေးနဲ့ ဘားအံ ပတ်ကြည့်ဖို့ တိုက်တွန်းပါရစေခင်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Shein Htet, Arkar Htun

Camera :: SONY Alpha 7II with 16 - 35mm Lens & Samsung Galaxy Note10+

Photos are modified in Lightroom by Thiha Lu Lin.

423 views0 comments
bottom of page