top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ဘာလီ မသွားခင် ကြိုပြင်ဆင်

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Jun 21, 2018
  • 5 min read

Updated: Sep 10, 2020

အင်ဒိုနီးရှားနိုင်ငံ ရဲ့ ဘာလီကျွန်းကို သွားဖို့ ဆန္ဒရှိနေတယ်ဆိုရင် အလည်အပတ်မထွက်ခင် သိသင့်တာလေးတွေကို ကျွန်တော် သိရသလောက် ပြန်ပြီး ဝေမျှချင်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ရဲ့ ဘာလီကျွန်းခရီးစဉ်ဟာ ဒီနှစ်နွေရာသီမှာ မြန်မာခရီးသွားအများဆုံး ဖြစ်လာတယ်ဆိုတာ အံ့သြစရာကောင်းအောင် သတိထားလိုက်မိတယ်။ အရင်နှစ်တွေကတည်းကလည်း သွားလာနေကြပါပြီ။ ဒါပေမဲ့ ဒီနှစ်အတော်လေး များတာကို သတိထားလိုက်မိတာပါ။


ဘာလီကို ခရီးသွားဖို့ အကောင်းဆုံးအချိန်

ခရီးသွားအများဆုံးနဲ့ ဈေးအမြင့်ဆုံးအချိန်

ဘာလီကျွန်းကို ခရီးသွားအများဆုံးအချိန်ဟာ ဇူလိုင်၊ သြဂုတ် နဲ့ ဒီဇင်ဘာလ တွေပဲ ဖြစ်ပါတယ်။ ဒီအချိန်တွေဆို ဟိုတယ်ဈေးတွေကအစ ဈေးနှစ်ဆ တက်သွားတတ်လို့ ဒီကာလတွေ သွားမယ်ဆို စောစော ကြိုတင်ဘွတ်ကင်ယူထားမှ စိတ်ချရပါမယ်။ စားသောက်ဆိုင်တွေဆိုလည်း ကြိုယူရပါတယ်။ ဘာလီကျွန်းကို နိုင်ငံခြားသားတွေသာမကဘူး အင်ဒိုနီးရှားနိုင်ငံရဲ့ တခြားဒေသတွေကပါ အလည်လာတတ်ကြလို့လည်း ပိုပြီး ခရီးသွားများတာပါ။ ဈေးအကြီးဆုံးအချိန်တွေက ခရစ္စမတ် နဲ့ နှစ်သစ်ကူးချိန်တွေပေါ့။

ရာသီဥတု အသာယာဆုံးအချိန်

အတော်လေး ပူအိုက်ပါတယ်။ ပူနွေးစိုစွတ်ဆိုတာမျိုး။ အရိပ်ထဲ လေတိုက်ရင်တော့ ဧပြီလ ကနေ အောက်တိုဘာလအတွင်းဆို လေအေးကြောင့် အေးမြနေတတ်တယ်။ နေပူထိတာနဲ့ လူက ချွေးတွေ လှိုက်တက်လာတာ။ အပြင်ထွက်လည်ပတ်ရင် အဝတ် နှစ်စုံလောက် အပိုယူသွားရတယ်။ ချွေးနံ့မနံအောင် ရေမွှေးတွေလည်း ဆောင်သွားရသေးတယ်။ မေ၊ ဇွန် နဲ့ စက်တင်ဘာလကတော့ ရာသီဥတု အဆင်ပြေဆုံးအချိန်ပါပဲ။ အရမ်းမပူဘူး။ မိုးလည်းမများဘူး။ ဒီအချိန်ဆို ဟိုတယ်ခတွေလည်း ဈေးသက်သာတတ်တယ်။ ပြီးတော့ တခြား ရေငုပ်တာ၊ ဘုတ်စီးတာ စတာတွေ လုပ်ဆောင်နိုင်ဖို့လည်း အရမ်းကောင်းတဲ့အချိန်ပေါ့။


ဈေးသက်သက်သာသာနဲ့ သွားလို့ကောင်းတဲ့အချိန်

ဇန်နဝါရီလ ကနေ ဧပြီလ၊ နောက်တစ်ခါ အောက်တိုဘာ နဲ့ နိုဝင်ဘာလ တွေဟာ ဈေးအချိုဆုံးအချိန်တွေပဲ။ မိုးများတတ်လို့ ဒီအချိန်ဆို ဧည့်သည် ပါးပုံရတယ်။ လေယာဉ်ဈေးနှုန်းကအစ ချိုတတ်တယ်။ ကိုယ်တွေနိုင်ငံရဲ့ ပိတ်ရက်ရှိတဲ့ ဧပြီလ ထဲ ခရီးသွားရင် အဆင်ပြေတဲ့အနေအထားရှိတယ်။ ဧပြီလ ကနေ အောက်တိုဘာလအထိက ဘာလီမှာ အပူချိန်မများတဲ့ ကာလလို့ဆိုရမယ်။ အရမ်းပူတဲ့ ရာသီဥတုရှိလို့ ဒီအချိန်တွေသွားတာ အဆင်ပြေတာပေါ့။ ဒါတောင် ခုဧပြီလ ကျွန်တော်သွားချိန် အတော်လေး ပူနေလို့ စိတ်ညစ်ခဲ့ရတယ်။ မိုးရွာလေ့ရှိပေမဲ့ ဒီနှစ် သင်္ကြန်ပိတ်ရက် ဘာလီခရီးစဉ်မှာ မိုးရွာတာနဲ့ မကြုံခဲ့ရလို့ အတော်လေး အဆင်ပြေခဲ့တယ်။


ဘာတွေ ယူသွားရမလဲ

ကိုယ့်ရဲ့ အစီအစဉ်ပေါ်မူတည်ပြီး ကြိုတင်ပြင်ဆင်ရမှာပါပဲ။ နေအရမ်းပူတဲ့ ဒေသမို့ Sun Cream တွေ လိုအပ်တာတော့ အမှန်ပါ။ SPF Spray တွေလည်း ဆောင်သွားသင့်ပါတယ်။ ဦးထုပ်၊ မျက်မှန်တွေလည်း အရေးကြီးတယ်။ နောက်တစ်ခုက ရေကူးဝတ်စုံလေးတွေနဲ့ နွေရာသီ ကမ်းခြေဝတ်စုံတွေ လိုအပ်တယ်။ မိုးလည်း အခါမသင့် ရွာတတ်လို့ ထီးအသေးလေး ဆောင်ထားလည်း မမှားပါဘူး။ တောဘက် နယ်ဘက် မှာ နေမယ်စိတ်ကူးရင် ခြင်နဲ့ ပိုးမွှားကာကွယ်ဆေး ဖြန်းဆေး လူးဆေး တွေ လိုအပ်ပါတယ်။ ရေလုံအိတ်လေးတွေ ထည့်သွားသင့်တယ်။ အဝတ်အစားကိုတော့ တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါးပဲ ထည့်ပါ။ အမျိုးသားဆို စွပ်ကျယ်၊ တီရှပ်၊ ပါးလျပြီး လေဝင်လေထွက်ကောင်းတဲ့ အဝတ်အထည်တွေ နဲ့ ဘောင်းဘီ အတိုတွေဆို လုံလောက်တယ်။ မိန်းကလေးဆိုရင် ပေါ့ပါး ပါးလျတဲ့ ဂါဝန်လေးတွေဆို လှနေပါမယ်။


ကျောင်းဆောင်များနဲ့ ယဉ်ကျေးမှု

ဘာလီက ဟိန္ဒူကျောင်းဆောင်တွေကို လည်ပတ်တဲ့အခါမှာ ယဉ်ကျေးမှုဓလေ့အရ အမျိုးသား၊ အမျိုးသမီး အားလုံး ဒူးခေါင်းဖုန်းတဲ့ အဝတ်အစား ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အချို့နေရာတွေမှာဆိုရင် မဖြစ်မနေ သူတို့ရဲ့ လုံခြည်ကို အမျိုးသား၊ အမျိုးသမီး အားလုံး ဝတ်ဆင်ကြရပါတယ်။ ဒါဟာလည်း စိတ်လှုပ်ရှား ပျော်စရာ တစ်ခု ဖြစ်မှာပါ။ ဓါတ်ပုံရိုက်ဖို့ အရမ်းလည်း လှလို့ ဝတ်ရတာကိုက ကျေနပ်စရာ ဖြစ်နေမှာပါ။ ဒီ လုံခြည်တွေကို သက်သက် ဝယ်ထားစရာ မလိုဘဲ သူတို့ကျောင်းဆောင်ဝ မှာတင် အလှူငွေ သဒ္ဓါသလောက်ထည့်လို့ ငှားရမ်းနိုင်ပါတယ်။


လေယာဉ်ချိန်

ဘာလီ ကို မြန်မာနိုင်ငံက သွားမယ်ဆိုရင် စင်ကာပူ၊ မလေးရှား နဲ့ ထိုင်း တို့ကနေ တဆင့်ခံပြီး သွားလို့ရတယ်။ ရန်ကုန် ကနေ စင်ကာပူ သို့မဟုတ် မလေးရှား ထိကို လေယာဉ်ချိန် ၃ နာရီလောက် သွားရမယ်။ အဲ့ဒီကနေ ဘာလီကို နောက်ထပ် ၃ နာရီလောက် ထပ်စီးရတယ်။ ကြားတည်းမှာ လေယာဉ်အပြောင်းအရွှေ့ ၂ နာရီခွဲ ကနေ ၃ နာရီကြား စောင့်ရနိုင်သေးတယ်။ ထိုင်းကနေ တဆင့်ဆိုရင်လည်း ရန်ကုန်ကနေ ထိုင်းကို ၁ နာရီလောက်ပဲ ကြာပေမဲ့ ထိုင်းကနေ ဘာလီ ကို ၄ နာရီကျော် ကြာ ပျံရပါတယ်။ လေဆိပ်မှာ စောင့်ရချိန်ဟာလည်း ၂ နာရီခွဲ ၃ နာရီကြား ရှိပါဦးမယ်။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ပျံသန်းချိန်က ရန်ကုန်ကနေ ဘာလီ ကို ၆ နာရီဝန်းကျင်တော့ ရှိနေတာပါပဲ။ ဘတ်ဂျက်လေကြောင်းလိုင်းတွေနဲ့ သွားရင် ခုံက ရှေ့နောက် ကျဉ်းတော့ နေရထိုင်ရ ခက်တာလေး ကြုံနိုင်ပါတယ်။ ဘတ်ဂျက်လေကြောင်းလိုင်း စီးခဲ့မယ်ဆိုရင် လေယာဉ်ပေါ်က အချိန်ကို ထည့်စဉ်းစားပြီး အစားအသောက်ပါ တစ်ခါတည်း ကြိုတင် ဝယ်ယူထားဖို့ အကြံပြုပါရစေ။ Tour Package တွေမှာတော့ ဒီအတွက် ထည့်သွင်းစဉ်းစား ပြင်ဆင်ပြီးသား ဖြစ်ပါတယ်။


ဗီဇာ

မြန်မာ အပါအဝင် နိုင်ငံအများစုက ခရီးသည်တွေဟာ ဗီဇာ မလိုဘဲ ဝင်ရောက်နိုင်ပါတယ်။ ဗီဇာက ရက် (၃၀) ရတယ်။ ဒါပေမဲ့ အဲ့ဒီဟာကို သက်တမ်းထပ်တိုးလို့တော့ မရပါဘူး။ လေယာဉ်ကနေ ဆင်းလိုက်တာနဲ့ Immigration တန်းသွားရုံပါပဲ။ Immigration မှာက Passport နဲ့ Boarding Pass ပြလိုက်ရုံပါပဲ။ တချို့နိုင်ငံတွေလို Arrival Card ဖြည့်စရာလည်း မလိုအပ်ပါဘူး။ ပြီးရင် အထုပ်ရွေးပေါ့။ တစ်ခုတော့ ဖြည့်ဖို့လိုတယ်။ အဲ့ဒါက Custom Clearance Form ပါ။ Immigration မှာ တုံးထု ပြီးတာနဲ့ ဖောင်တွေ ထားပေးတဲ့ စားပွဲအကြီးတွေ တွေ့မယ်။ အဲ့ဒီမှာ ဖောင်ဖြည့်ပြီး အဲ့ဒီနောက်က သတ်မှတ်ထားတဲ့ Q လမ်းအတိုင်း Custom ကောင်တာတွေဆီ သွားပြီး ဖောင်ကို အပ်လိုက်ရုံပါပဲ။ သူတို့ ကြည့်လို့ အဆင်ပြေမဲ့ သူဆို တန်းလွှတ်ပေးတယ်။ အဆင်မပြေဘူးထင်ရင် စစ်တဲ့စက်ဆီကို လွှတ်ပြီး အိတ်တွေကို ထပ်စစ်တယ်။ စစ်လို့ တစ်ခုခု စစ်ဆေးစရာပေါ်လာရင် အိတ်ကြီးတွေကို ဖွင့်ပြရပါတယ်။


တည်းခိုဖို့ စဉ်းစားမယ်

တည်းမဲ့နေရာဆိုရင် ကိုယ့်ရဲ့ စိတ်ခံစားမှုအလိုက် တည်းခိုနိုင်တယ်။ ကိုယ်က အပျော်အရွှင်လေးနဲ့ Night Life ခံစားချင်သူလား၊ Shopping စိတ်ဝင်စားသူလား၊ အေးအေးဆေးဆေး နေချင်သူလား၊ ကမ်းခြေလိုနေရာမျိုး တည်းချင်သူလား၊ ခန်းနားအဆင့်မြင့်တဲ့နေရာမှာ နေချင်သူလား။ အဲ့ဒီအပေါ် မူတည်ပြီး ဟိုတယ်ရွေးချယ်ရပါတယ်။ Night Life နဲ့ Shopping ကြိုက်ရင်တော့ Bar, Club နဲ့ Shopping Mall တွေမျိုးစုံ ရှိတဲ့ Kuta ဘက်က ဟိုတယ်တွေကို ရွေးချယ်ပြီးနေသင့်တယ်။ Kuta မှာတင် ဟိုတယ်အတန်းအစား အမျိုးမျိုး ရှိတယ်။ ကမ်းခြေဘက်လှည့်ထားတဲ့ ဟိုတယ်အကြီးကြီးတွေက အစ၊ ဈေးချိုတဲ့ဟိုတယ်တွေအထိ အမျိုးမျိုး ရှိတတ်တာမို့ ရွေးချယ်နိုင်ပါတယ်။ နားအေးပါးအေး နဲ့ ဈေးမြင့်တာမျိုးမှ လိုချင်ရင်တော့ Nusa Dua နဲ့ Jimbaran ဘက်မှာ ရှိပါတယ်။ ကျွန်တော်ကတော့ Night Life နဲ့ Shopping ကြိုက်တာရော၊ ဈေးလည်း သက်သာတာမျိုး ကြိုက်တာမို့ Kuta ဘက်က ဟိုတယ်တွေမှာပဲ နေခဲ့ပါတယ်။ Kuta မှာ နေမယ်ဆိုရင် လေဆိပ်ကနေ ၁၀ မိနစ်ပဲ ကြာပါတယ်။ ထူးထူးခြားခြားလေး တည်းခိုချင်ရင်တော့ တချို့ဒေသတွေမှာ Homestay နေနိုင်တဲ့အိမ်တွေနဲ့ Guesthouse တွေ ရှိပါတယ်။ မိသားစုနဲ့ တည်းခိုနေထိုင်ပြီး လူမှုဘဝကိုပါ လေ့လာနိုင်ပါတယ်။


ငွေကြေး

သုံးစွဲတဲ့ ငွေကြေးက ရူပီးရာ Rupiah (အရင်ကတော့ ရူပီးပဲ သိတာပါ၊ ခုသွားတော့ ရူပီးရာ လို့ အသံထွက်တယ်လို့ Local Guide တစ်ဦးက ပြောပါတယ်။) ၁ ဒေါ်လာဟာ Rp 13500 ဝန်းကျင် နဲ့ ညီမျှပါတယ်။ ဆိုတော့ မြန်မာငွေနဲ့ဆို ၁၀ ဆ ပေါ့။ အကြမ်းဖျဉ်းအားဖြင့် သူတို့ငွေ တစ်သောင်း သုံးရင် မြန်မာငွေ တစ်ထောင် သုံးတာနဲ့ ညီမျှပါတယ်။ ငွေကြေးလဲလှယ်ဖို့ ကို နေရာအတော်များများမှာ တွေ့ရတတ်ပေမဲ့ စိတ်ချရတဲ့ နေရာမျိုးမှာပဲ လုပ်ဆောင်သင့်ပါတယ်။ တစ်ခါတရံ ဈေးကွက်ပေါက်ဈေးထက် အဆမတန်များပြီး ရေးသားထားရင် မယုံကြည်ရပါဘူး။ လူခေါ်တာ သက်သက်ဖြစ်ပြီး ဈေးက ရေးထားသလို မရပါဘူး။ လေဆိပ်မှာ လဲတာကတော့ ဈေးရတာ နည်းနိုင်ပါတယ်။ အပြင်မှာ လဲတာ ပိုကောင်းလို့ ရောက်ရောက်ချင်း လေဆိပ်မှာ လဲတာထက် မြို့ထဲဘက်မှာ လဲတာ ပိုကောင်းပါတယ်။ Rp200 လောက် ကွာတတ်ပါတယ်။ ATM တွေ ရှိသလို၊ ကတ်နဲ့ ငွေရှင်းလို့ရတဲ့ ဆိုင်ကြီးတွေလည်း ရှိပါတယ်။ အများစုကတော့ လက်ငင်းငွေသားပေးတာမျိုးပဲ သုံးကြပါတယ်။ ကတ်နဲ့ ရှင်းတာနဲ့ ATM သုံးတာ မှာ ငွေလဲနှုန်းတွေက ကြီးမြင့်နိုင်ပါတယ်။


လေဆိပ်ကနေ တည်းခိုရာဆီ

လေဆိပ်ကနေ တက္ကစီ ကားစီးပြီး ကိုယ်တည်းတဲ့နေရာကို သွားနိုင်ပါတယ်။ ကားခက အနီးအဝေးပေါ်မူတည်ပြီး ကွာခြားပါမယ်။ Kuta ဘက်မှာနေတဲ့သူတွေက Rp 80,000 လောက်ပဲ ကျသင့်မယ်။ Seminyak သွားမဲ့သူတွေက Rp 130,000 နဲ့ Ubud မှာ နေမဲ့သူတွေက Rp 300,000 လောက် ကျသင့်မှာပါ။


အချိန်ကွာခြားချက်

မြန်မာနိုင်ငံနဲ့ဆိုရင် တစ်နာရီခွဲ စောပါတယ်။


မီးပလပ်ပေါက်

မီးပလပ်ပေါက် အမျိုးအစားက အတွင်းကို ချိုင့်ဝင်အောင် လုပ်ထားတဲ့ အလုံး နှစ်ပေါက်ထိုး ပလပ်တွေကို အသုံးပြုတာမို့ ပုံမှန် နှစ်ပေါက်ထိုးအလုံးလေးတွေနဲ့ အဆင်ပြေချင်မှ ပြေမယ်။ Laptop အတွက်တော့ အဆင်ပြေတယ်။ Adapter သုံးမယ်ဆိုရင်တောင် အဲ့ဒီအချိုင့်ခွက်ထဲ ဝင်ဖို့ အဆင်ပြေမဲ့ Adapter မျိုး သုံးသင့်ပါတယ်။ သူတို့အခေါ်အရတော့ Type C နဲ့ Type F အမျိုးအစား ပလပ်ခေါင်းတွေ သုံးတယ်ပေါ့။ 220V နဲ့ 50Hz ဖြစ်ပါတယ်။


ဘာသာတရား နဲ့ ကိုးကွယ်မှု

အင်ဒိုနီးရှားတစ်ခုလုံးအနေနဲ့ဆိုရင်တော့ အစ္စလာမ် များပါတယ်။ ဘာလီကတော့ ထူးခြားစွာပဲ ဟိန္ဒူဘုရားကျောင်းတော်ရာတွေ ပေါများပြီး ဟိန္ဒူဘာသာဝင်တွေရဲ့ အစဉ်အလာနဲ့ ရိုးရာဓလေ့တွေကို တွေ့ရမဲ့ နေရာတစ်ခုပါ။ ဒီမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ရှိတာပါပဲ။ ခရစ်ယာန်ဘာသာဝင်တွေလည်း အနည်းငယ် ရှိကြပါတယ်။ သွားလာလည်ပတ်ရာနေရာတွေက ဟိန္ဒူဘာသာဝင်တွေရဲ့ ယုံကြည်ကိုးကွယ်ရာနေရာတွေဖြစ်သလို၊ သူတို့ရဲ့ အစဉ်အလာအတိုင်း ပူဇော်သက္ကာတွေကို ကျောင်းဆောင်များ၊ မြေပေါ် နဲ့ အခြားသက်ဆိုင်ရာနေရာတွေမှာ ပူဇော်ထားတာတွေ့ရမှာဖြစ်ပါတယ်။ ဒါတွေကို မနင်းမိအောင်၊ ကိုယ့်ကြောင့်ပြုတ်မကျအောင် သတိပြုပေးရပါတယ်။ အိမ်တိုင်းလိုလိုရဲ့ ရှေ့မှာ သူတို့ မိဘဘိုးဘွားတွေရဲ့ ဝိညာဉ်တွေ နောင်ဘုရားမကြွခင်ထိ နားခိုဖို့ ကျောင်းဆောင်တွေ ဆောက်လုပ်ထားတာကို တွေ့ကြရမယ်။ သူတို့ရဲ့ ကြွယ်ဝမှုကို သူတို့ဆောက်ထားတဲ့ ကျောင်းဆောင်ပုံစံတွေကြည့်ပြီး အကဲဖြတ်နိုင်တယ်လေ။


SIM Card ဝယ်မယ်

ဘာလီမှာ SIM ကတ်ဝယ်ဖို့ရာက လေဆိပ်မှာ လွယ်လွယ်ကူကူ အဆင်ပြေလှတယ်လို့ မမြင်မိဘူး။ SIM ကတ် စရောင်းတဲ့နေရာက ပိုက်ဆံလဲဖို့တောင် မလုပ်ရသေးတဲ့နေရာမျိုး ဖြစ်နေတယ်လို့ မြင်မိတယ်။ တစ်ခုကောင်းတာက အပြင်က ဘယ်ဖုန်းဆိုင်မဆိုမှာ လွယ်လွယ်ကူကူ ဝယ်လို့ရနေတာပါပဲ။ အနည်းဆုံး Rp 5000 ကနေ စဝယ်လို့ရတယ်။ ဖုန်းခေါ်လို့တော့ မရဘူး။ အင်တာနက်သုံးဖို့ပဲ အဆင်ပြေမယ်။ ကျွန်တော်တော့ Rp 50,000 တန်လောက် ဝယ်လိုက်တယ်။ အင်တာနက်ကို အကြာကြီး အသုံးခံတယ်။ 4G အမြန်နှုန်းရတယ်။ 3GB ထိကို မြန်နှုန်းမြင့်သုံးလို့ရတယ်။ ကျန်တာကတော့ 3G အမြန်နှုန်းနဲ့ ဆက်သုံးပေါ့။ ဖုန်းခေါ်တာတော့ မရပေမဲ့ Messenger တို့ Whatsapp တို့ကနေ ဖုန်းခေါ်နိုင်တယ်။ မြန်နှုန်းမြင့်အင်တာနက်ကို နေရာစုံ ရနိုင်တာကြောင့် ဘယ်သွားသွား အဆက်အသွယ်မပြတ်တော့ ရှိနေနိုင်ပါတယ်။


ဟိုနားဒီနား မီတာ တက္ကစီ ငှား

မီတာ တက္ကစီ ကို ဘာလီ တောင်ပိုင်းနဲ့ Denpasar ဧရိယာတွေမှာ ငှားဖို့ အဆင်ပြေပါတယ်။ Ubud ကတော့ ချွင်းချက်အနေနဲ့ မရနိုင်ပါဘူး။ မီတာ တက္ကစီ မဟုတ်ရင် မစီးတာ ပိုကောင်းပါတယ်။ လူတိုင်း မရိုးသားကြပါဘူး။ ညဘက် ကလပ်သွား ဘားသွား ဆိုရင်တော့ မီတာ တက္ကစီ မလွယ်လှပါဘူး။ ရိုးရိုးပဲ ငှားစီးရမှာပါ။ တစ်ခါတလေ နီးနီးလေးကို Rp 300,000 လောက်ပေးရတတ်လို့ သွားမဲ့ ပြန်မဲ့ နေရာကို သေချာမှတ်သားပြီး ဈေးဆစ်သင့်ပါတယ်။ ဆိုင်ကယ်သမားတွေလည်း ရှိတယ်။ သူတို့လည်း ဈေးဆစ်တတ်မှ အဆင်ပြေပါမယ်။ စက်ဘီးငှားချင်ရင်လည်း ဝန်ဆောင်မှုပေးတဲ့ ဆိုင်တွေရှိတယ်။ တစ်ရက်ကို Rp 30,000 လောက် ပေးရတတ်ပါတယ်။


ကားစင်းလုံးငှားမယ်ဆိုရင်

ကားစင်းလုံးငှားလို့ရတဲ့ ကောင်တာလေးတွေ ဟိုတယ်နဲ့ လူများတဲ့နေရာတွေမှာ ရှိတတ်တယ်။ အဲ့ဒီကနေ တစ်နေ့လုံး သွားမဲ့ လမ်းကြောင်းအလိုက် ငှားရမ်းလည်ပတ်နိုင်တယ်။ ဈေးနှုန်းအားဖြင့် Rp 500,000 ကနေ 800,000 အထိ ပေးရနိုင်ပါတယ်။ လမ်းလေးတွေက ကျဉ်းမြောင်းပြီး ဟိုဘက် ကားတစ်စီး၊ ဒီဘက် ကားတစ်စီး သွားစရာလေးပဲ တစ်ကျွန်းလုံးမှာ ရှိနေပါတယ်။


Shopping သမားတွေ သိမှတ်ဖို့

ဘာလီမှာ ရှိတဲ့ Shopping Mall တွေနဲ့ အရောင်းဆိုင်အများစုဟာ မနက် ၉ နာရီမှာ စဖွင့်ပြီး ည ၁၀ နာရီမှာ ပိတ်ပါတယ်။ ဒါကြောင့် ၁၀ နာရီမထိုးခင် Shopping သွားဖို့ လိုအပ်ပါတယ်။ Bar တချို့လည်း ထိုနည်းလည်းကောင်းပါတယ်။ ဒါပေမဲ့ စနေညလိုမျိုးမှာတော့ ၁၂ နာရီလောက်အထိ စည်ကားတတ်ပါတယ်။ Kuta ဧရိယာမှာပဲ ဖြစ်မှာပါ။ Indomart, M Mart စတဲ့ ၂၄ နာရီဖွင့်တဲ့ စတိုးဆိုင်လေးတွေမှာတော့ အတိုအစတွေ၊ ခေါက်ဆွဲခြောက် နဲ့ မုန့်တွေ၊ အချိုရည် နဲ့ အရက်ဘီယာတွေ ဝယ်ယူနိုင်ပါတယ်။


ညကမ္ဘာပျော်သူများ သိမှတ်ဖို့

Kuta ဧရိယာက Bar နဲ့ Club တွေက ညဘက် ၁၀ နာရီလောက်ထိပဲ ဖွင့်တာ ရှိသလို Ground Zero က Bar နဲ့ Club တွေ မနက် ၄ နာရီလောက်ထိ ဖွင့်တာတွေ ရှိပါတယ်။ အတော်ကောင်းတဲ့ Club တွေ ရှိတယ်။ Rave ချင်သူများအကြိုက် Effect အစုံအလင်နဲ့ ကလပ်တွေ ရှိသလို ကလပ်အဆောက်အဦးတစ်ခုကို ဝင်ကြေး တစ်ခါပေးရုံနဲ့ ကလပ် ၄၊ ၅ ခု သွားနိုင်တာမျိုးလည်း ရှိပါတယ်။


ဘာလီကို ရက်နည်းနည်းနဲ့ များများလည်ဖို့ မတွေးထားနဲ့

ဘာလီကျွန်းပေါ်က လည်ပတ်စရာတွေ သွားတဲ့အခါ တစ်နေ့ကို ဘယ်နှနေရာသွားလိုက်မယ်ဟဲ့ လို့ ကြိုတွေးလို့ မရအောင်ကို တစ်နေရာနဲ့ တစ်နေရာ သွားရတာ အတော်ကို ဝေးပါတယ်။ တစ်နေ့တစ်နေ့ ကားစီးပြီး သွားရတာနဲ့တင် အချိန်အတော်ကုန်တတ်လို့ အရမ်းကြီး မျှော်လင့်မထားစေချင်ပါဘူး။ တစ်နေရာနဲ့ တစ်နေရာကို မိနစ် ၃၀ ကနေ ၃ နာရီလောက်ထိ ကားစီးသွားရတတ်ပါတယ်။ ဒါကြောင့် Tour ခရီးစဉ်နဲ့ လည်ပတ်သူတွေဟာ တစ်နေ့ကို နှစ်နေရာ၊ သုံးနေရာထက် ပိုမသွားနိုင်ကြပါဘူး။ အလွတ်တမ်းသွားမဲ့သူတွေဆို ပိုပြီး ဆိုးနိုင်ပါတယ်။ လမ်းပြမဲ့သူမရှိဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် စဉ်းစားသွားလာရမှာမို့ ပိုပြီးအချိန်ယူနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့လုံး ကားချည်းပဲ စီးနေရနိုင်လို့ ဒီအတွက်လည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။


Travel Blogger တွေလို ပုံလှလှရိုက်မယ်

ကိုယ်ဖတ်ထားဖူး၊ မြင်ထားဖူးတဲ့ Travel Blogger တွေရဲ့ ပုံစံမျိုး တစ်ထပ်တည်းကျ သွားလာဖို့နဲ့ ဓါတ်ပုံရိုက်ကူးဖို့ဆိုတာ တစ်ဦးတည်း ရက်နည်းနည်းသွားတဲ့သူအတွက်ရော Tour ခရီးစဉ်နဲ့ သွားတဲ့သူတွေရော အဆင်ပြေဖို့ မလွယ်ကူလှပါဘူး။ ရက်များများနဲ့ သေချာ ပြင်ဆင်ပြီး သွားမှ အဆင်ပြေနိုင်ပါမယ်။ ဒါက အမှန်ကန် အပွင့်လင်းဆုံးပြောတာပါ။ ဓါတ်ပုံလှလှရိုက်ဖို့က အခြေအနေအများကြီးပေါ် မူတည်နေတတ်သေးတယ်။ တခါတရံ ကိုယ်မြင်ထားဖူးတဲ့ ပုံထဲက Setting အခြေအနေက အချိန်ကာလအလိုက် ပြောင်းလဲသွားတာမျိုး ရှိနိုင်သလို၊ လူရှုပ်ထွေးနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် Tour Package နဲ့လာတဲ့ ခရီးသွားတွေဟာ Travel Blogger တစ်ယောက်ရိုက်တဲ့ ပုံရဲ့လှပမှုမျိုးကို ပုံဖော်ခွင့်ရဖို့ ပိုပြီး ခက်ခဲနိုင်ပါတယ်။ သူတို့ အချိန်ယူပြီး ရိုက်ခဲ့တဲ့၊ နေရာတစ်ခုကို စိတ်ကြိုက်အချိန်မရွေး အကြိမ်မရွေး သွားလာပြီး ရိုက်ထားတဲ့ပုံကို အချိန်တိုခဏလေးအတွင်း လည်ပတ်သွားလာရသူတစ်ယောက် ရိုက်ရသူက မီဖို့ အခွင့်အရေးနည်းပါးပါတယ်။ ဒါကြောင့် ဒီအတွက်လည်း အရမ်းမျှော်လင့်မထားပါနဲ့။ ကိုယ့်အတွက် အရမ်းအခွင့်အလမ်းသာခဲ့မယ်ဆိုရင်တော့ သူတို့လို ရိုက်ဖို့ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံက Travel Blogger တွေလည်း အမြန်သွား အမြန်ရိုက်ခဲ့ရတာတွေ ရှိဖူးပါတယ်။


ဘာလီကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားသင့်သလား။ Tour နဲ့သွားသင့်သလား။

ကိုယ့်အစီအစဉ်နဲ့ကိုယ် ဟိုကြည့်ဒီဖတ်လည်း သွားနိုင်ပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ အချိန်ယူရမှာပေါ့။ Tour နဲ့ သွားတာ တစ်မျိုးကောင်းတာကတော့ လည်ပတ်သင့်တဲ့နေရာအစုံ ရောက်သွားတာပါပဲ။ အချိန်သိပ်မလိုဘဲ လည်သင့်တာ စားသင့်တာ သွားသင့်တာကို စီစဉ်ပေးတာကိုး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျတော့လည်း လွတ်လပ်ပြန်တယ်။ အချိန်ပိုရှိရင် အချိန်ကို သိပ်မစဉ်းစားရတဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် စိတ်ကြိုုက်နေရတာမို့ ဒါကလည်း တစ်မျိုးအားသာချက်ပါ။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းဟာလည်း ကိုယ်တွေနဲ့ ယဉ်ကျေးမှုဓလေ့လူနေထိုင်မှု မကွာလှတဲ့ နိုင်ငံဖြစ်လို့ အနောက်နိုင်ငံသားတွေလိုတော့ အံ့အားသင့်စရာ သိပ်ရှိမှာ မဟုတ်ပေမဲ့ လည်ပတ်သင့်တဲ့ ကျွန်းလေးဆိုတာကတော့ သေချာပါတယ်။ အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page