မြို့ပြညကို ခံစားလို့ကောင်းတဲ့ Babett မှာ ညစာစားရတာ ကြိုက်တယ်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

မြို့ပြညကို ခံစားလို့ကောင်းတဲ့ Babett မှာ ညစာစားရတာ ကြိုက်တယ်

ကျွန်တော် ငယ်ငယ်က ရန်ကုန်ညတွေဟာ ခုလိုမျိုး မဟုတ်ဘူး။ သွားလာစားသောက်ဖို့ နေရာဆိုတာ အတော်လေး ရှားသား။ Bar တို့ Club တို့လို ခပ်လန်းလန်းနေရာလေးတွေ သွားဖို့ အဝတ်အစားအသစ်တွေ ဝယ်ခဲ့ဖူးတဲ့ ဆယ်ကျော်သက် အရွယ်ကို ဖြတ်ခနဲ သတိရသွားတော့ ပါးစပ်က အသံထွက်အောင် ရယ်မိသွားတယ်။ ခုတော့လည်း မြို့ပြညဆိုတာကို ရန်ကုန်မှာ အပြည့်အဝနီးပါး ခံစားနိုင်လာပြီ။

မြို့ပြညတစ်ခုကို ပိုပြီး ပီပြင်သွားစေတယ်လို့ ကျွန်တော်ထင်မိတာက Lifestyle Hotel တစ်ခုအဖြစ် နာမည်ကျော်တဲ့ Hotel G အောက်ဆုံးထပ်က Babett Eatery & Bar မှာ ထိုင်ဖြစ်သွားလို့ပါ။ အလံပြဘုရားလမ်းပေါ် သမ္မတရုပ်ရှင်ရုံဘေးမှာ တည်ရှိပါတယ်။


ဆိုင်အနေအထား

သူက အေးဆေးအဆင့်မြင့်တဲ့ Classic ပုံစံလေး ဖန်တီးထားတယ်။ ရှေးဟောင်းပစ္စည်းလေးတွေနဲ့ အလှဆင်ထားတယ်။ နံရံတွေပေါ်က ရုပ်ရှင်ပိုစတာအဟောင်းလေးတွေ ချိတ်ထားတာကလည်း စိတ်ဝင်စားစရာပါ။ အပြင်ဘက်မှာ သဘာဝလေကိုခံစားရင်း ထိုင်လို့ရသလို၊ အတွင်းဘက်မှာ လေအေးအေးနဲ့လည်း ထိုင်လို့ရတယ်။ ဘားကောင်တာ ခပ်ရှည်ရှည်ကြီးကြီးက ဒီဆိုင်ရဲ့ နောက်ထပ်စွဲဆောင်မှုတစ်ခု ဖြစ်မယ်ထင်ပါတယ်။ ကိုယ်တွေလို ဓါတ်ပုံရိုက်ချင်သူတွေအတွက်ကတော့ ဖိုတိုစတူဒီယိုအကြီးစား အလန်းစားကြီး ဖြစ်နေတော့တာပါပဲ။

စားကောင်းသောက်ဖွယ်

Eatery & Bar ဆိုတဲ့အတိုင်း အစားအစာက သောက်စရာလေးနဲ့ တွဲဖက်စားသုံးဖို့ ပိုကောင်းတဲ့ အနေအထားတော့ ရှိပါတယ်။ ကျွန်တော် Barbett ဆိုင်ထိုင်ဖြစ်တဲ့နေ့က စားဖြစ်တာလေးတွေက -


1. Codfish Brandada Roll

ငါးကို သခွားသီးနဲ့ လိတ်ထားတယ်။ သံပုရာအနံ့လေးနဲ့ ခပ်အိအိလေး စားရတယ်။


2. Spanish Potato Salad with Tuna

တူနာငါးကို အားလူးနဲ့ ရောစပ်လို့ သုပ်ပေးထားတဲ့ ဟင်းလျာကတော့ အာလူးထောင်း ပုံစံနဲ့ ခပ်ဆင်ဆင်ပါ။ ရုတ်တရက်ကြည့်ရင်တော့ ကြက်ဥမွှေကြော်နဲ့တူတယ်။ စားကြည့်မှ အာလူးအရသာလေးကို ခံစားရတယ်။


3. G Board

Cold Cuts စားတတ်တဲ့သူတွေအတွက် Babett မှာ အတော်ကောင်းတာတွေ ရှိတယ်။ လူ ၃၊ ၄ ယောက်လောက်ဆိုရင် ဒီ G Board ကအတော်ပဲ။ Cheese သုံးမျိုး နဲ့ Cold Cuts သုံးမျိုး ပါတယ်။ Cold Cuts တွေနဲ့ Cheese အကောင်းစားတွေပါဝင်လို့ ဈေးလည်း မြင့်တယ်။ တစ်ပွဲကို ၄၀,၀၀၀ ကျပ် ကျသင့်တယ်။ ဒါပေမဲ့ စားရတာ တန်တယ်။ လူပိုများရင်တော့ Babett Board ကို ရွေးသင့်တယ်။ Cheese ၅ မျိုး၊ Cold Cuts ၅ မျိုး ပါတယ်။ ဈေးလည်းမြင့်သွားတယ်။ G Board ထဲပါတဲ့ Cheese အရသာ သုံးမျိုးနဲ့တင် အတော်လေး ခံစားလို့ကောင်းနေပြီ။ ဝိုင်နီ နဲ့ သိပ်လိုက်တယ်လို့ ခံစားရတယ်။


4. G Pizza

တစ်ချပ် တစ်သောင်းခွဲကျပ် ပေးရတဲ့ ခပ်ရွယ်ရွယ် ပီဇာကတော့ စားကောင်းပါတယ်။ ခရမ်းချဉ်သီးအရသာ၊ ဝက်ပေါက်ခြောက်၊ ပါပါရိုနီ၊ သံလွင်ဆီ တို့ကို ပေါင်းစပ်ထားတဲ့ ပီဇာက အသားက ခပ်ပြားပြားမို့ အိမ်လုပ်ပီဇာကောင်းတစ်ချပ်နဲ့ ပိုပြီးတူနေပါတယ်။ ဘိုစာကြိုက်သူတွေအတွက် သင့်လျော်တဲ့ ဆိုင်လေးအဖြစ် စားနေရင်း မှတ်ချက်ချမိတယ်။


5. Sunkist Salted Codfish Salad

ဒီည စားသမျှအထဲ ကျွန်တော်အကြိုက်ဆုံးပါ။ ခံတွင်းကို ရှင်းပြီး စားလို့ ကောင်းလိုက်တာ။ ဆန်းကစ်သီးကို ခုလို ငါးဆားနယ်လေးနဲ့ တွဲပြီး သုပ်စားလို့ကောင်းမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။ ချဉ်မနေဘဲ၊ အရည်ခပ်ရွှမ်းရွှမ်းကို ချိုပြီးလေးတဲ့ အရသာ၊ ငါးရဲ့ အသားတထုတ်ထုတ် ကိုက်ရတဲ့ အရသာ တွေက ဒီဟင်းလျာကို ပြန်တွေးရင်တောင် ပြန်သတိရစေတဲ့ ခံစားမှုမျိုး ပေးတယ်။ ၈,၀၀၀ ကျပ် ပေးရပါတယ်။


6. Imported Iberico Pork Pluma

အကင်အနေအထားက အတော်ပဲ။ ဆမ်းရတဲ့ ဆော့စ်လေးကလည်း အရသာမပြင်းသလို၊ အနံ့လည်းမပြင်းလို့ စားရတာ အဆင်ပြေတယ်။ လှီးဖြတ်ရတာ အဆင်ပြေအောင်လည်း အသားက နူးတယ်။ ဈေးကတော့ ၃၂,၀၀၀ ကျပ် တဲ့။


7. Lemon Pie

စားပြီးတော့ အချိုတည်းစရာ Dessert ကို အချဉ်ကဲတဲ့ Lemon Pie မှာစားကြည့်တယ်။ အချဉ်ကဲနေတာကို ဖြည်ဖို့ သကြားခဲ မီးမြိုက်လေးတွေ ထည့်ထားပေးတယ်။


ဟင်းပွဲလေးတွေရဲ့ အပြင်အဆင်အတွက်လည်း စိတ်ထဲ အမှတ်ကောင်းပေးမိတယ်။ ပြင်ဆင်ပုံကတင် စားချင်စိတ်ကို အတော်ပံ့ပိုးပေးနေတော့ တော်ရုံအပြစ်ပြောစရာရှိရင်တော့ သိပ်သတိမရသလိုလို ဖြစ်သွားတယ်။

ဆက်ဆံရေး

ဝန်ထမ်းလေးတွေက အရမ်းရည်မွန်တာပဲ။ ရုပ်သန့်သန့်လေးတွေ။ တချို့ဆို အင်္ဂလိပ်လေယူလေသိမ်း သိပ်ကောင်းတယ်။ ဆိုင်ကို နိုင်ငံခြားသားတွေ အလာများတာ ဒါတွေကြောင့်လည်း ပါမယ်ထင်ရဲ့။


အားနည်းချက်လေးတွေကရော?

ညပိုင်းလူအရမ်းကျရင်တော့ ဆိုင်အတွင်းမှာ နည်းနည်းဆူသလိုလို ရှိတယ်။ Bar ဆိုတော့လည်း အပျော် သူငယ်ချင်းတွေ ဆုံကြတာ များတာကိုးလေနော်။ ည ၈ နာရီလောက်ဆို မီးအရောင်လျှော့လိုက်တာလေး ရှိတယ်။ ခပ်မှိန်မှိန်လေး ဖြစ်သွားတယ်။ ကားပါကင်လည်း နည်းတယ်လို့ ပြောရမယ်။


ကျွန်တော်ကတော့ အရင် ကလေးဘဝကလို Clubbing လုပ်ရတာထက်၊ အေးအေးလူလူ Bar လေးမှာထိုင်ပြီး အငြိမ်ဇယား ခင်းရတာကို ပိုပြီး သဘောကျလာလေတော့ ဒီလို အပြောင်းအလဲဖြစ်တဲ့ ပတ်ဝန်းကျင်အပြင်အဆင်ရယ်၊ ရန်ကုန်မြို့လည်ကောင်က နေရာကောင်းလေးဖြစ်တာရယ်၊ အစားအသောက်ကောင်းတာရယ် စတဲ့ အမှတ်တွေပေးမိနေတဲ့ ဒီ Babett Eatery & Bar ကို သဘောကျမိသွားတာတော့ လွန်တယ် မထင်ပါနဲ့နော်။ အဲ့ဒါကြောင့်လည်း ခရီးမသွားဖြစ်လို့ ရန်ကုန်မှာ ရှိနေချိန်တွေဆို သူငယ်ချင်းတွေနဲ့ ဒီမှာ ဆုံဖြစ်တတ်တယ်လေ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာနဲ့ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

28 views0 comments
bottom of page