ကိုယ့်မေမေနဲ့ ခရီးသွားသင့်တဲ့ အချက် (၉) ချက်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ကိုယ့်မေမေနဲ့ ခရီးသွားသင့်တဲ့ အချက် (၉) ချက်



ခေါင်းစီးတပ်ထားပုံက မသိရင် သားလိမ္မာလေးပေါ့။ တကယ်တော့ အမေတွေနဲ့ ခရီးသွားရတာ တစ်ခါတလေလည်း ထင်သလောက် မလွယ်လှဘူးဆိုတာ သိတဲ့သူတွေလည်း သိကြပါတယ်။ အမေက အသက်အရွယ် ပိုရလာရင် ပိုဆိုးရော။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလ တုန်းက အမေအရွယ် အမျိုးသမီး (၂၀) ကျော်နဲ့ ဘုရားဖူး ခရီးထွက်လိုက်ရတော့ ဘယ်လောက်မလွယ်ကူမှန်း ပိုသိလာရတယ်။ စိတ်ရှည်ရှည် ထားနိုင်ရမယ်၊ စကားတွေများများ တန်းတူလိုက်ပြောနိုင်ရမယ်။ ဒီလိုလေးတွေတော့ ရှိတာပေါ့။ ဒါပေမဲ့လည်း အမေနဲ့ ခရီးသွားရတာဟာ ကိုယ့်အတွက် ဘယ်လောက်ကောင်းမွန်တဲ့အချက်တွေ ရှိသလဲဆိုတာ ပြန်တွေးကြည့်မိရင် တချို့ကိစ္စတွေဟာ လုံးဝ မရေးမပါတော့တာကို တွေးမိသွားပြီး စဉ်းစားရင်း စဉ်းစားရင်း အလိုလို ပြုံးမိသွားပါလိမ့်မယ်။ ခုလိုတွေရေးနေလို့ Mother’s Day ကြောင့် အတင်းလုပ်ယူတယ်လို့တော့ မထင်ပါနဲ့။ တကယ်လည်း မေမေနဲ့ ခရီးသွားတာ ကောင်းတဲ့အချက်လေးတွေ ရှိလို့ပါ။ ကျွန်တော်တို့ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး ဒီကောင်းကျိုးတွေ ခံစားရရှိပါတယ်။ ကျွန်တော့်မေမေရဲ့ ကျေးဇူးကြောင့်ပဲ ခရီးသွားခြင်းဆိုတာကိုလည်း ဝါသနာပါလာတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ဖေဖေ တာဝန်ကျတဲ့နေရာတိုင်းကို သားသမီးငယ်ငယ်တွေနဲ့ သွားလိုက် လာလိုက် လုပ်ခဲ့တာကြောင့်လည်း ကျွန်တော်ဟာ ခရီးသွားတာနဲ့ ယဉ်ပါးလာတာဖြစ်မယ်။ မေမေဟာ ကားမောင်းလည်း ကျွမ်းကျင်သူမို့ ကိုယ့်ကားကိုယ်မောင်းရင်း နေရာအနှံ့သွားတတ်သူလည်း ဖြစ်တယ်။ ခုချိန်ထိလည်း မေမေ့အသက် (၅၀) ကျော်အရွယ်မှာ ကိုယ်တိုင်ကားမောင်းပြီး ရန်ကုန် - ပြင်ဦးလွင် ကို မကြာခဏ သွားနေ လာနေတုန်း။ ငယ်ငယ်ကသာ မေမေနဲ့ အတူတူ ခရီးထွက်ဖြစ်တာ၊ ကြီးမှ သူနဲ့ အတူတူ နှစ်ယောက်တည်း ခရီးသွားတာ အရှားသားလား။ ပြင်ဦးလွင် တက်တာရယ်၊ ဘန်ကောက် - ပတ္တရား ခရီးစဉ် ရယ်၊ ဒါလေးပဲ ရှိဦးမယ်။ ဒါကြောင့်လည်း မေမေနဲ့အတူ ခရီးသွားဖို့ စဉ်းစားမိသွားတာပေါ့။ အဲ့ဒီမှာတင် မေမေနဲ့အတူ ခရီးသွားခြင်းကနေ ဘာကောင်းကျိုးတွေ ရမလဲဆိုတာ တွေးမိလာတယ်။


၁။ ကုသိုလ် ရတယ်လေ။

ဒါကတော့ မြန်မာပီပီ တွေးလိုက်တာပေါ့။ မိဘကို စိတ်ချမ်းသာအောင် ထားခြင်း၊ မိဘကို ပျော်ရွှင်စေခြင်း၊ မိဘကို အလေးထားခြင်းကနေ ရလာတဲ့ ဒီ ကုသိုလ်အကျိုးက ဘယ်ဘာသာမဆို ထပ်တူညီမှု ရှိတယ်လို့ ယုံကြည်ပါတယ်။ အပျော်ခရီးလေးထွက်ရင်း စိတ်ချမ်းသာပျော်ရွှင်နေတဲ့ အမေ့မျက်ကို ကြည့်ရတာ ဘယ်လောက် ကြည်နူးစိတ်ချမ်းမြေ့ရသလဲ။ လူ့ဘဝဆိုတာ ထင်ထားတာထက် တိုတိုလေးနဲ့ ခဏလေး ပါ။ ဒီခဏလေးအတွင်းမှာ ကိုယ့်ကို မွေးဖွားသန့်စင်ပေးလိုက်တဲ့ မေမေရဲ့ ကိုယ့်ကြောင့်ရရှိတဲ့ စိတ်ချမ်းသာပျော်ရွှင်မှုလေးဟာ ဘယ်လောက်တန်ဖိုးရှိလိုက်သလဲ။ နှစ်ဦးနှစ်ဖက်စလုံးအတွက် အတော်ကောင်းတဲ့ကိစ္စလို့ ဆိုရပါမယ်။


၂။ အမြင်မတူပေမဲ့ ဖလှယ်နိုင်တယ်။

လူကြီး နဲ့ လူငယ် မြင်တဲ့အမြင်ချင်းကတော့ တူစရာကို မရှိ။ အသက်နည်းနည်းကွာတာနဲ့တင်တောင် ကိစ္စတစ်ခု၊ ပြဿနာတစ်ရပ်ကို သုံးသပ်တဲ့အခါ သုံးသပ်ပုံချင်း ရင့်ကျက်ပုံချင်း ကွာသေးတာပဲ။ အသက် ၂၀ လောက် အနည်းဆုံးကွာမဲ့ လူနှစ်ယောက်ရဲ့ အမြင်က တူဖို့ သိပ်မရှိပါဘူး။ ဒါပေမဲ့ ဒါကို ဖလှယ်ပြီး နားလည်လို့ရနိုင်တယ်။ တစ်ခုသိထားရမှာက မေမေ ဟာ ကျွန်တော်တို့ထက် အတွေ့အကြုံ နဲ့ ဘဝအသိဉာဏ် ပိုကြွယ်ဝတယ်ဆိုတာပါပဲ။ ဒါဟာ အတန်းပညာနဲ့ မဆိုင်လှပါဘူး။ ဒါကြောင့် သူ့အသိ၊ သူ့အတွေး၊ သူ့အမြင်တွေကိုလည်း လေးစား စဉ်းစားပေးတတ်ဖို့ ကျွန်တော်တို့ လိုအပ်ပါတယ်။ သူချည်း အမြဲမှန်တယ်လို့ မဆိုလိုပါဘူး။ သူ့အမြင်ထဲမှာ ကိုယ့်အတွက် အကောင်းဆုံးစဉ်းစားပေးတတ်တဲ့ မေတ္တာပါဝင်နေတာနဲ့တင် အဆင်အတော်ပြေနေပါပြီ။ ခရီးသွားတဲ့အခါ သူသုံးသပ်တဲ့အမြင် နဲ့ ကိုယ်သုံးသပ်တဲ့အမြင် ကို နားလည်ခံစားနိုင်လို့ ကိုယ်ဟာ ပိုပြီး အသိကြွယ်တဲ့သူ ဖြစ်လာနိုင်တယ်။ ဒါဟာ အမြင်မတူပေမဲ့လည်း ဖလှယ်လိုက်ခြင်းရဲ့ ကောင်းကျိုးပေါ့။ သူသည်လည်း လူငယ်တွေရဲ့ အမြင်ကို ဖလှယ်ရရှိသွားနိုင်တာမို့ ခေတ်နဲ့ မျက်ခြေပျက်သွားတဲ့ အခြေအနေလည်း မရှိနိုင်တော့တာကြောင့် နောက်ပိုင်းဆို သူနဲ့ အမြင်ချင်း ပိုနီးစပ်လာ၊ ညှိနှိုင်းရ ပိုလွယ်လာနိုင်ပါလိမ့်မယ်။ မှတ်မိသေးတယ်။ ငယ်ငယ်က ခရီးအတူသွားတော့ ကားဆရာ ဦးလေးက ခဏခဏ ကားရပ်ပြီး အပေါ့သွားတယ်။ စိတ်ထဲမှာ ဒီလူကြီးကြောင့် ခရီးနှောင့်နှေးတယ်။ အားနေ အပေါ့သွားနေတာပဲ လို့ ထင်ပြီး မေမေ့ကို အတင်းပြောမိတယ်။ သူ့အမြင်ကျတော့ တစ်မျိုး၊ အသက်အရွယ်ကြီးလာတာနဲ့အမျှ တစ်ခါတလေ ဆီးထိန်းနိုင်တဲ့အနေအထား နည်းပါးလာတတ်တာကို ပြောပြတော့ ဒီအသိလေးကို ခုထိ စွဲနေပြီး လူကြီးတွေနဲ့ ခရီးသွားတဲ့အခါ သူတို့ အပေါ့အပါး သွားချင်မဲ့ အချိန်လေးကို သတိပြုပေးတတ်လာခဲ့တယ်။


၃။ ခရီးစဉ်တလျှောက် စိတ်ချလုံခြုံရတယ်။

မိန်းကလေးတွေအတွက်ဆို ပိုအားကိုးရတယ်လေ အမေဆိုတာက။ သူ့ဟာသူသာ ဂရုစိုက်ချင်မှ စိုက်မှာ ကိုယ့်ကိုဆို မျက်ခြေပျက်မခံဘူး။ ဘယ်သူက ဘာလုပ်မလဲဆိုတာကိုကအစ မြင်အောင်ကြည့်ပေးနေတာ။ ကိုယ့်ကိုလိုက်ကြည့်ရင်းနဲ့ပဲ မြောင်းထဲချော်ကျတတ်တာလည်း သူတို့ပဲ။ သား သတိထားဦး၊ သမီး သတိထားဦး ဆိုပြီး တဖွဖွ ပြောတတ်တာလည်း သူတို့ပါပဲ။ တလောကတောင် ဒရယ် သားအမိ ဗီဒီယိုဖိုင်လေး ကြည့်လိုက်ရတယ်။ ဒရယ်လေး က မြစ်ကို ဖြတ်ကူးနေတုန်း အနောက်ကနေ မိချောင်းလိုက်လာတာကို ဒီဘက်ကမ်းစပ်က မြင်တဲ့ ဒရယ်အမေက သူတို့ကြား အတင်းဖြတ်ဝင်ပြီး အစားခံလိုက်တဲ့ မျက်ရည်ကျစရာ ဗီဒီယိုလေးပါ။ မိခင်တွေရဲ့ သားသမီးအပေါ် လုံခြုံစိတ်ချရမှုကို ဘယ်အခြေအနေမျိုးမှာမဆို ပေးဆပ်ကြတာကို သတိပြုမိစေပါတယ်။


၄။ ကိုယ့်အမေအကြောင်း ပိုသိလာရတယ်။

ခက်တော့ခက်သား။ ကိုယ့်အမေအကြောင်း ကိုယ်မသိစရာလားလို့တော့ အထွန့်တက်စရာ ရှိတယ်။ ဒါပေမဲ့ သေချာရဲ့လား ပြန်တွေးတော့လည်း ဝေဝေဝါးဝါး။ ဆန်ရေ ဆိုတာကလည်း ခပ်ရှားရှားလေ။ သားသမီး ဆိုတာမျိုးက ကိုယ့်အကြောင်းကိုယ် ဦးစားပေးတွေးတာ များပါတယ်။ ကိုယ့်အမေအကြောင်း ပိုသိရဖို့က ခရီးအတူသွားကြည့်ဖို့ လိုတယ်။ များများသွားလေ များများသိလေပဲ။ ကိုယ့်သူငယ်ချင်းအကြောင်းတောင် ခရီးထွက်လိုက်မှ ပိုသိရတာမျိုးဆိုတော့ အမေ့အကြောင်းကိုလည်း ခရီးထွက်ရင်း သိနိုင်တာလည်း ပိုကောင်းတဲ့အချက်ပေါ့။ ခုခေတ်က အလုပ်နဲ့ အိမ်ဆို အလုပ်မှာ ပိုကြာကြာနေရတတ်တယ်လေ။ အမေတွေရဲ့ စိတ်ခံစားချက်တွေကို ခရီးလေးထဲကနေ ကိုယ်သိလိုက်နိုင်တာပေါ့။ ကျွန်တော်ဆိုလည်း ကျွန်တော့မေမေဟာ အဆိုတော် ဝေလ ကို ကြိုက်မှန်း သိကို မသိခဲ့တာ။ သူနဲ့ ခရီးလေးသွားလိုက်မှ သူနားထောင်တဲ့ သီချင်းတွေဟာ ဝေလ သီချင်းတွေမှန်း သိလိုက်ရတယ်။ အဲ့လိုမျိုးပေါ့လေ။


၅။ မလိုအပ်ဘဲ အချိန်မဖြုန်းမိအောင် အမေ က ဆော်သြပေးတယ်။

ဒါတော့ အမှန်ပဲ။ အပျင်းကြီးတယ်လေ ကိုယ်က။ အမေက မနက်ဆိုလည်း အတင်း နှိုးတယ်။ ဟိုသွားရတော့မယ်လေ။ ဒီသွားရတော့မယ်လေ ဆိုပြီး နှိုးပေးတော့ ကိုယ်လည်း ခရီး ပိုတွင်တာပေါ့။ တစ်နေရာရာမှာ မလိုအပ်ဘဲ အကြာကြီး အချိန်မဖြုန်းဖြစ်တော့ဘဲ အမေရဲ့ ဆော်သြမှုနဲ့ ခရီးလမ်းတလျှောက် ခပ်သွက်သွက် လှုပ်ရှားဖြစ်သွားတတ်တယ်။


၆။ ဈေးဝယ်ထွက်သမျှ စနစ်တကျ သိမ်းဆည်းနိုင်ဖို့ ကူညီပေးတယ်။

အမေနဲ့ ခရီးသွားတဲ့အထဲမှာ သဘောအကျဆုံးက Shopping ပဲ။ လေယာဉ်ပေါ်ကို အထုပ်ပိုတွေ အများကြီးသယ်စရာမလိုဘဲ ကျစ်ကျစ်လျစ်လျစ်နဲ့ ဝယ်သမျှ ဆံ့နိုင်အောင် ပစ္စည်းတွေ ထားသို ထည့်သွင်းပေးနိုင်တာ အမေပဲ ရှိတယ်။ သူဝယ်သမျှရော ကိုယ်ဝယ်သမျှရော ဘယ်လို ထည့်သွားရင် အကောင်းဆုံးဖြစ်မလဲဆိုတာ သိတာ အမေတွေရဲ့ ဘုရားပေးတဲ့ လက်ဆောင်ဉာဏ်အစွမ်းလို့ပဲ ဆိုပါတော့လေ။


၇။ ခါတိုင်းထက် လူတွေနဲ့ ပိုသိကျွမ်းရတယ်။

အမေတွေနဲ့ ခရီးထွက်ရင် သတိထားမိတာက လူတွေနဲ့ ပိုသိရတယ်။ သူတို့ စကားတွေများပြီး လိုက်ပေါင်းသင်းပြောဆိုနေတာနဲ့ပဲ ကိုယ့်မှာလည်း လူကြီး၊ လူလတ်၊ လူငယ် အားလုံးကို သူ့အတိုင်း လိုက်ပေါင်း လိုက်စကားပြောရတော့တာပဲကိုး။ ကျွန်တော့်မေမေလည်း အဲ့ဒီအတိုင်းပဲ၊ လူသစ်တွေနဲ့ စကားတွေပြော၊ ကိုယ်က သိပ်မသိရင် ပြုံးတောင် မပြချင်လောက်အောင် ဖြစ်ရတဲ့အထဲ သူ့ကြောင့် လိုက်စကားတွေ ပြောရတယ်။ ဒီကြားတည်း အမေတွေရဲ့ ထုံးစံ ကိုယ့်သားသမီး ကို မြှောက်ပြောတာ ချီးမွမ်းတာတွေ အလွန်အကြူး ရှိလာရင် ရှက်လွန်းလို့ အဲ့နေရာတင် ဘိုင်းခနဲ လဲသေလိုက်ချင်သေး။ တချို့ကျတော့လည်း အလွန်အကြူးတွေ အပြစ်ပြော၊ အဲ့အခါမျိုးမှာလည်း အရှက်ရ ရသေးတယ်။ ဒါပေမဲ့လည်း လူသိတော့ ပိုများသွားတာပေါ့လေ။ အမေ အရွယ်မို့ လူတိုင်းကလည်း ချစ်ခင်လေးစား ဦးစားပေးတတ်ကြတော့ တခါတလေလည်း သူတို့ကောင်းမှုနဲ့ တန်းစီရမဲ့နေရာမျိုးမှာတောင် ကိုယ်က အရှေ့ကို ခပ်စောစော ရောက်သွားတတ်ပြန်သေးတာကိုး။


၈။ အမေ နဲ့ ကိုယ့်ကြားမှာ ခြားနားခြင်း နည်းသွားတယ်။

ခရီးစဉ်တလျှောက် စကားမပြောမဖြစ် ပြောရမှာက သူနဲ့ ကိုယ် ဖြစ်သွားပြီကိုး။ သူ့အကြောင်းတွေ ကိုယ်ပိုနားလည်၊ ကိုယ့်အကြောင်း သူပိုနားလည်လာတဲ့အလျောက်တော့ အမေနဲ့ ကိုယ့်ကြားမှာ ခြားနားထားတဲ့ အရံအတားက တဖြေးဖြေး ပါးလျသွားတဲ့ သဘောရှိပါတယ်။ တခါတလေ အမေနဲ့ ဝိုင်၊ ဘီယာ အတူသောက်ဖြစ်ရင် ပိုတောင် တိုင်ပင်ဖက် ရင်ဖွင့်ဖော် ဖြစ်သွားနိုင်သေးတယ်လေ။


၉။ အမေ့ ကို အသက်အရွယ်ရလာသူအဖြစ် စိတ်မညစ်စေတော့ဘူး။

သူ့ရဲ့ နုပျိုခဲ့စဉ်က အချိန်တွေကို ကိုယ့်ကိုကြည့်ရင်း သူ့မှာ ပြန်ရလာတယ်။ စိတ်အားတက်လာတယ်။ သူဟာ လုပ်ဆောင်နိုင်ဆဲအမျိုးသမီးတစ်ဦးပါလားလို့ သူ့ကိုယ်သူ အားရလာတယ်။ စိတ်ပျိုကိုယ်နု ဆိုတဲ့အတိုင်း စိတ်လေး ပြန်လည်လန်းဆန်းနုပျိုလာတော့ ရုပ်ပိုင်းဆိုင်ရာပါ အားတက်လာတယ်။ ငါ အသက်ကြီးနေပါပြီ ဆိုတဲ့ စိတ်လေး ပျောက်သွားလို့ သူတို့ကို အဘက်ဘက်က ထောက်မပြီးသားလည်း ဖြစ်သွားတယ်။ မိခင်များနေ့မှာ ကမ္ဘာပေါ်က မိခင်အားလုံးကို ဂုဏ်ပြုပြီး ရေးဖွဲ့လိုက်ရပါတယ်ဗျာ။ Happy Mother's Day! ကမ္ဘာပေါ်က မိခင်များအားလုံး ကျန်းမာသက်ရှည် ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

270 views0 comments
bottom of page