ကလောမြို့က ညီအစ်မ (၇) ဖော်
- Thiha Lu Lin

- Mar 16, 2017
- 2 min read
Updated: Sep 10, 2020
ကျန်ခဲ့တဲ့ စက်တင်ဘာလ အစောပိုင်းက ကျွန်တော် ရှမ်းပြည်တောင်ပိုင်း နဲ့ ကယားပြည်ဘက် ခရီးထွက်တော့ ကလော မှာ နှစ်ရက် နေခွင့်ရပါတယ်။ ကလော က ရာသီဥတုလေးက အတော်လေး နေလို့ကောင်းတယ်။ ကျွန်တော့ရဲ့ မိတ်ဆွေ U U Yè Kalawthar ကလည်း သူ့ရဲ့ မအားလပ်တဲ့ Trekking Schedule တွေကြားကနေ တစ်ညထွက်လာပြီး ညစာကျွေးပါတယ်။ U U Yè Kalawthar က ခုနာမည်ရနေတဲ့ Trekking Guide တစ်ဦးပါ။ သူ့ရဲ့ စိတ်ရင်းစေတနာကောင်းမွန်မှု၊ ဧည့်သည်တွေအပေါ် စိတ်ရှည်ပြီး ချစ်ခင်နွေးထွေးမှုတွေကြောင့် သူနဲ့ Trekking ထွက်ကြတဲ့ ပြည်တွင်း၊ ပြည်ပ က ခရီးသွားတွေက သူ့ကို အမြဲချစ်ချင်နေကြပါတယ်။ တချို့ အသက်အရွယ်ရနေတဲ့ ပြည်ပခရီးသွားတွေဆို ပြန်ရင် ငိုတောင်ငိုတယ်လို့ ကြားဖူးတယ်။ ရေငတ်တုန်းရေတွင်းထဲကျတယ်ဆိုတာ ကျွန်တော် အဲ့ဒီညက ကောင်းကောင်းသိလိုက်ရတယ်။ ကျွန်တော် အရမ်းမြည်းစမ်းကြည့်ချင်နေတဲ့ Thirigayhar Restaurant known as 7 Sisters ဆိုင်မှာ သူက လိုက်ပြီး ကျွေးတာကိုး။ ကလောဒေသမှာတော့ အားလုံးက အသိအမှတ်ပြုရအောင် လက်ရာရော ဝန်ဆောင်မှုပါအထူးကောင်းတဲ့ ဆိုင်တစ်ဆိုင်အဖြစ် မှတ်ချက်ပြုမိပါတယ်။ သီရိဂေဟာ ဆိုတဲ့ ဆိုင်နာမည်ထက် 7 Sisters ဆိုတဲ့ ဆိုင်က ပိုပြီး ပေါက်ပါတယ်။ ကလောမြို့ မိန်းလမ်းမကြီးပေါ်မှာပဲ တည်ရှိတဲ့ဆိုင်ပါ။
ဆိုင်ရဲ့ အပြင်အဆင်လေးက ညဘက်မှာ မီးရောင်ထိန်ထိန်နဲ့ အရမ်းလှနေတယ်။ အရင်က လူနေအိမ်ကိုပဲ ဆိုင်ပြန်လုပ်ထားတာမို့ ကျစ်ကျစ်လျစ်လျစ်ရှိပြီး နေရာသိပ်တော့ မကျယ်လှဘူး။ ခရီးသွားရာသီဆို စားပွဲကြိုတင်ဘွတ်ကင်ယူရမယ့်သဘောရှိတယ်။ နိုင်ငံခြားသားတွေ အကြိုက်ပုံစံလေးဆို ပိုမှန်မယ်။ ဒီဆိုင်ကို ပြည်တွင်းခရီးသွားတွေနဲ့ ပြည်ပ Backpacker တွေကတော့ လာစားလေ့မရှိဘူးလို့ သိရတယ်။ အကြောင်းကတော့ ဈေးကြီးလို့ဆိုပဲ။ ကျွန်တော်လည်း ဘယ်လောက်ဈေးကြီးသလဲတော့ သိချင်မိတာ အမှန်ရယ်။ ဆိုင်ရဲ့ ခြံဝန်းထဲမှာ စားလို့ရသလို၊ အိမ်ပေါ်မှာလည်း စားလို့ရပါတယ်။ အဲ့ဒီနေ့က ကံကောင်းချင်တော့ ဆိုင်တစ်ခုလုံးမှာ အပြင်ကိုလည်းမြင်ရ လူလေးယောက်စာ သီးသန့်လေးဖြစ်နေတဲ့ အိမ်ထိပ်က စားပွဲဝိုင်းလေး ရလို့ ခြံထဲကိုကြည့်ရင်း စကားတွေပြော စားသောက်လို့ရခဲ့တယ်။
ဆိုင်ကို လှည့်ပတ်ကြည့်ပြီး ဓါတ်ပုံရိုက်တော့ Trip Adviser ကနေ ပေးထားတဲ့ Certificates တွေ တွေ့လိုက်ရတော့ ဒီဆိုင်ကို နိုင်ငံခြားသားတွေ အတော်သဘောကျမှန်း ပိုသေချာသွားတယ်။ Trip Adviser မှာအောင်မြင်ပြီဆိုရင် ဒါ နိုင်ငံခြားဧည့်သည်တွေ သေချာပေါက်ရပြီဆိုတာ ခရီးသွားလုပ်ငန်းကလူတွေ သိကြပါတယ်။ အရမ်းလည်း ထိရှလွယ်တဲ့နေရာပါ။ ဆိုင်ကို ရောက်တော့ သတိပြုမိတာ မိန်းကလေးဝန်ထမ်းတွေကချည်း ဝန်ဆောင်မှုပေးနေတာပဲ။ ဝန်ထမ်း မိန်းကလေးတစ်ယောက်ကို မနေနိုင်လို့တောင် မေးကြည့်လိုက်တော့ အားလုံး အမျိုးသမီးဝန်ထမ်းတွေပဲ ဝန်ဆောင်မှုပေးနေပါတယ်တဲ့။ ဟင်းပွဲစာရင်းကို ကြည့်တော့ ဈေးနှုန်းလေးတွေ ကပ်ထားတာ တွေ့ရတယ်။ ကြည့်ရတာ ဈေးကြီးတယ်ပြောလို့ထင်ရဲ့ ဈေးမေးမေးနေကြလို့များလားမသိဘူး၊ ဈေးကို တစ်ခါတည်း ကပ်ပေးထားလိုက်တယ်။ Menu လှန်လိုက်ချင်း စသတိပြုမိတာက Note to our guest ဆိုတဲ့ စာမျက်နှာမှာ ဆိုင်ရဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ရေနွေးနဲ့ဆေးကြောသန့်စင်တဲ့အကြောင်းနဲ့ အချိုမှုန့် (M.S.G) လုံးဝ အသုံးမပြုကြောင်း ရှင်းလင်းဖော်ပြချက်ကို တွေ့ရတယ်။ M.S.G မပါတဲ့ ဟင်းတွေကို ကျွန်တော် သိပ်သဘောကျပါတယ်။ ဒါပေမယ့် ဟင်းအရသာ ပေါ့သွားတတ်တာကြောင့် တစ်ခါတလေတော့ ခံတွင်းမလိုက်ချင် ဖြစ်တတ်တယ်။ ကြည့်ရမယ်လေ သူတို့ဟင်းတွေရော ဘယ်လိုဖြစ်မလဲဆိုတာ။
Thirigayhar Restaurant Thirigayhar Restaurant Thirigayhar Restaurant Thirigayhar Restaurant Thirigayhar Restaurant Thirigayhar Restaurant
7 Sisters ဆိုင်မှာ မနက်စာ ကနေ စပြီး ရပါတယ်။ American Breakfast ပုံစံကို ရောင်းပေးတာပါ။ မြန်မာဟန်၊ ရှမ်းဟန် မနက်စာတွေတော့ မပါဝင်ဘဲ၊ ပေါင်မုန့်၊ သစ်သီးဖျော်ရည်၊ ကြက်ဥကြော်၊ ချာပါတီ တွေကိုပဲ တွေ့ရပါတယ်။ နောက် နေ့လည်စာနဲ့ ညစာအတွက်ကိုတော့ မြန်မာအစားအစာ၊ တရုတ်အစားအစာ (Tom Yam Soup ကိုတော့ ဒီတရုတ်စာ အောက်ထဲ ထည့်ထားတာတွေ့ရပါတယ်။ ထိုင်းစာ သီးသန့်တော့ မပါဝင်ပြန်ဘူး။)၊ အိန္ဒိယအစားအစာ၊ ဥရောပအစားအစာ နဲ့ ရှမ်းအစားအစာတွေ ဆိုပြီး ရောင်းပါတယ်။ ဟင်းပွဲတစ်ပွဲ ရဲ့ ဈေးနှုန်းတွေက အကြမ်းအားဖြင့် ၅,၀၀၀ ကျပ် ဝန်းကျင်တွေကြီးပဲမို့ ဈေးများတယ်ထင်ရပါတယ်။ ဒါပေမယ့် ရောက်လာတဲ့ အခါ ပွဲအတော်ကြီးပြီး ၄ ယောက် စာ ကောင်းကောင်းစားနိုင်တဲ့အနေအထားတွေ့ရပါတယ်။ Menu ထဲမှာ စိတ်ဝင်စားမိတာက အိန္ဒိယအစားအစာနဲ့ ရှမ်းအစားအစာတွေပဲ။ အုန်းထမင်း၊ ထောပတ်ထမင်း၊ ပဲနီထမင်း စတဲ့ အိန္ဒိယထမင်းတွေရတာကလည်း ထူးခြားပါတယ်။ အဲ့ဒီညကတော့ မစားဖြစ်ခဲ့ဘူး။
ကျွန်တော့ မိတ်ဆွေ U U Yè Kalawthar ညွှန်းဆိုတဲ့ ငါးလယ်သမားဟင်း (Fish Farmer Soup)၊ ကြက်သားဇတ်ဗျက်ဗျက် (Zat Byat Byat)၊ ဝက်သားချဉ်စပ် (Hot & Sour Pork) တွေကို ဝိုင်နီ နဲ့ စားဖြစ်ပါတယ်။
ဟင်းပွဲတွေကို အချိန်နည်းနည်းတော့ ပေးစောင့်ရပါတယ်။ အဲဒီအချိန်မှာ စောင့်စားဖို့ စာကလေးခွေတွေ ပေးထားတာမို့ စကားပြောရင်း စားသုံးစောင့်စားနိုင်တယ်။ ကျွန်တော့ မိတ်ဆွေက ဒီဆိုင်ရဲ့ နွေးထွေးတဲ့ဝန်ဆောင်မှုအကြောင်းညွှန်းတော့ သိပ်မယုံချင်ချင်ပါ။ ပထမဆုံးဟင်းပွဲနဲ့အတူ ရောက်လာတဲ့ အစ်မတစ်ယောက်ရဲ့ အပြုအမူတွေနဲ့တင် ချက်ချင်းလက်ခံသွားတယ်။ မိတ်ဆွေတစ်ယောက်အိမ်မှာ လာစားတဲ့ ဧည့်သည်ကို ဧည့်ခံပေးနေတဲ့ ဝန်ဆောင်မှုမျိုးကို ခံစားလိုက်ရတာ ပြန်ပြောဖို့တောင်ခက်ပါတယ်။ ဂရုတစိုက်ရှိပြီး ထမင်းဖြူ အလိုက်ပေးဖို့၊ ဟင်းပွဲစီမံပေးတာ၊ ဟင်းအရံတွေဖြစ်တဲ့ ဂျင်းငရုတ်သီးထောင်း စီမံပေးတာကအစ ရှမ်းအိမ်တစ်ခုမှာ ဧည့်သည်သွားလုပ်ရသလိုကို ခံစားရပါတယ်။ အရင်ဆုံး လာချပေးတဲ့ ငါးလယ်သမားဟင်း (Fish Farmer Soup) က မြေအိုးလေးနဲ့တည်ခင်းပေးတာပါ။ သိပ်အရသာရှိပါတယ်။ အချိုမှုန့်မသုံးဘဲ အရသာရှိရှိချက်နိုင်တယ်ဆိုတာ အံ့မခန်းပဲ ပြောရမလားနော်။ သူနဲ့ တွဲဖက်စားဖို့အတွက် ငရုတ်သီးကြက်သွန်ဖြူအချဉ်ပေးပါတယ်။ အရမ်းစားကောင်းလွန်းလို့ နှစ်ယောက် လုစား၊ လုသောက်နေရသလိုပဲ။ သူခပ်၊ ကိုယ်ခပ်နဲ့။ နောက်ဟင်းပွဲတစ်ခုက ကြက်သားဇာတ်ဗျက်ဗျက် (Zat Byat Byat) ပါ။ သူက အမဲသားနဲ့ဆိုပိုကောင်းတယ်ပြောတယ်။ ကျွန်တော်က အမဲသားစားပေမယ့် U U Yè Kalawthar က အမဲသားရှောင်တာမို့ ကြက်သားနဲ့ မှာဖြစ်သွားတယ်။ အသားကို ကြိတ်ထားပြီး ပင်စိမ်းနဲ့ ကြော်တဲ့ပုံစံပါ။ ဆိုင်ရဲ့ နာမည်ကျော်ဟင်းအမယ်တွေထဲက တစ်ခုလို့ သိရပါတယ်။ စားကောင်းပါတယ်။ နောက်တစ်ပွဲက ဝက်ချဉ်စပ်ဟင်း။ ရှမ်းရိုးရာပါပဲ။ ငရုတ်ပွအစိမ်းနဲ့ အနှစ်လေးပါရအောင် ကြော်ချက်ပေးထားပါတယ်။ အစပ်ဆိုပေမယ့် အရမ်းတော့ မစပ်ဘူး။ နိုင်ငံခြားသားတွေအတွက် ကြည့်ပေးထားတာဖြစ်နိုင်တယ်။ မစပ်လည်းနေပေါ့၊ အစပ်ကြိုက်တဲ့ ကျွန်တော့အတွက် ဂျင်းငရုတ်သီးထောင်း လေးနဲ့ ထမင်းမြိန်နေပြီလေ။ ဟင်းပွဲတွေက ကြီးလို့ နှစ်ယောက် မစားနိုင်ဘဲ ထားခဲ့ရတယ်။ ငါးလယ်သမားဟင်းလေးတွေ မကုန်ကုန်အောင် သောက်ခဲ့ စားခဲ့ကြသေး။ ဟင်းပွဲတွေရဲ့ ဈေးနှုန်းက ထမင်းဖြူတစ်ပွဲကို ၅၀၀ ကျပ်၊ ငါးလယ်သမားဟင်းချို က ၆,၀၀၀ ကျပ်၊ ကြက်ဇတ်ဗျက်ဗျက် က ၅,၀၀၀ ကျပ် နဲ့ ဝက်ချဉ်စပ် က ၆,၀၀၀ ကျပ် ပေးရပါတယ်။ စောစောက ပြောသလို ဟင်းတစ်ပွဲဟာ လူ ၄ ယောက်စာအတွက် လုံလောက်ပါတယ်။ ဝိုင်နီပုလင်းမပါဘဲ ၁၈,၀၀၀ ကျပ်သာ ကျသင့်ပါတယ်။ အခွန်အခမှာ Service အတွက် ထည့်မကောက်ခံတာမို့ မိတ်ဆွေတို့လည်း ကြုံကြိုက်လို့ သွားစားပြီး သူတို့ဝန်ဆောင်မှုကိုသဘောကျရင် Service အတွက် နှစ်သက်သလို ချီးမြှင့်နိုင်ပါသေးတယ်ဗျား။
Thirigayhar Restaurant Thirigayhar Restaurant Thirigayhar Restaurant Thirigayhar Restaurant Thirigayhar Restaurant Thirigayhar Restaurant
ဘယ်နားလည်း ထပ်မေးမှာစိုးလို့ ထပ်ပြောပြပါရစေ။ ကလောမှာ တစ်ခုတည်းသော မိန်းလမ်းမကြီးပေါ်မှာပဲ ရှိပါတယ်။ အမှတ် (၇) လို့ ပြောပေမယ့် အမှတ် (၇) ဆိုတာကို ရှာတာထက် သူတို့ ဆိုင်းဘုတ်ကို ရှာပါ။ မြင်သာပါတယ်။ မမြင်ရင်လည်း ဖုန်း ၀၈၁-၅၀၂၁၆ ကို ဆက်ပါ။
စားပွဲကြိုမှာတာနဲ့ အစားအစာကြိုမှာတာတွေ လုပ်နိုင်ပါတယ်။
တချို့ရိုးရာအစားအစာတွေဖြစ်တဲ့ ကြက်၊ ဝက်၊ အမဲ၊ ငါး နှစ်သက်ရာကို ငှက်ပျော်ရွက်နဲ့ထုပ်ပြီး မီးကင်ထားတာ၊ ပေါင်းထားတာတွေ စားချင်ရင် ကြိုမှာရပါတယ်။
တော်ပြီဗျာ။ ရေးရင်းနဲ့ ဗိုက်ဆာလာလို့ မီးဖိုထဲ သွားချေဦးမယ်။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
-03.png)





Comments