စင်ကာပူ အလည်မသွားခင် ကြိုပြင်ဆင်

စင်ကာပူနိုင်ငံ ကတော့ ကျွန်တော်တို့ မြန်မာတွေနဲ့ အတော်လေး ရင်းနှီးပြီးသားနိုင်ငံတစ်ခုပါ။ ကျွန်တော် ကလေးဘဝကတည်းက “စင်ကာပူမှာ အလုပ်သွားလုပ်တယ်” ဆိုတာကို ရင်းနှီးခဲ့ဖူးပါတယ်။လူငယ်ဘဝ မှာတော့ “စင်ကာပူမှာ ကျောင်းသွားတက်တယ်” ဆိုတာကို သိခဲ့ရပြန်ပါတယ်။
နောက်တော့ အလည်အပတ်သွားတာကို တွင်တွင်ကျယ်ကျယ် မြင်တွေ့ခဲ့ရပါတယ်။စင်ကာပူ နဲ့ မြန်မာ ဟာ အချိန် ၃ နာရီလောက် လေယာဉ်စီးရုံနဲ့ ရောက်ရှိနိုင်ပြီး နိုင်ငံလည်းဖြစ်၊ မြို့လည်းဖြစ်တဲ့ ကျွန်းလေးပေါ်မှာ တည်ရှိနေပေမယ့် ဖွံ့ဖြိုးတိုးတက်မှုအပြည့်နဲ့ နေထိုင်ကြတဲ့ လူအမျိုးမျိုး၊ ဘာသာအထွေထွေ အပေါ်မှာ လေးစားမှုနဲ့ ပေါင်းစပ်တည်ရှိနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။အခုမှ ခရီးစထွက်မယ့် လူငယ်တွေအတွက်လည်း ဈေးအသင့်အတင့်နဲ့ သွားလာလည်ပတ်နိုင်မယ့် အရှေ့တောင်အာရှက နိုင်ငံတစ်ခု ဖြစ်တာမို့၊ ကုန်ကျစရိတ်နည်းနည်းနဲ့ စင်ကာပူကို သွားလည်ပတ်တဲ့အခါ ဘာတွေ သိထားသင့်သလဲဆိုတာကို ကြိုတင်ပြင်ဆင်နိုင်ဖို့ ဝေမျှပေးချင်ပါတယ်။

စင်ကာပူနိုင်ငံ ဆိုတာ
စင်ကာပူနိုင်ငံ ကတော့ အရှေ့တောင်အာရှ ရဲ့ အချုပ်ခြာအာဏာပိုင် မြို့ပြနိုင်ငံတစ်ခုလည်း ဖြစ်သလို၊ ကျွန်းနိုင်ငံလည်းဖြစ်ပါတယ်။
မလေးကျွန်းဆွယ်ရဲ့ တောင်ဘက် အစွန်ဆုံးမှာ တည်ရှိနေပါတယ်။ရုံးသုံးဘာသာစကားအဖြစ် အင်္ဂလိပ်၊ မလေး၊ မန်ဒရင်းတရုတ် နဲ့ တမေးလ် စကား (၄) မျိုးကို အသုံးပြုတဲ့နိုင်ငံပါ။
၁၄ ရာစုတုန်းကတော့ Temasek တီမာဆက်လို့ခေါ်တဲ့ ပင်လယ်မြို့လေး သာ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ စင်ကာပူရ ဆိုတဲ့ ခြင်္သေ့မြို့အဖြစ် လူသိများလာပါတယ်။
ခေတ်အဆက်ဆက်မှာ ဒေသတွင်းကုန်သွယ်ရေးစခန်းတစ်ခုလည်း ဖြစ်နေခဲ့ပါတယ်။
၁၈၁၉ ခုနှစ်မှာ Sir Stamford Raffles က British East India ကုမ္ပဏီ ကုန်သွယ်စခန်းကို တည်ထောက်ခဲ့ပြီး အခွန်ကင်းလွတ်တဲ့ဆိပ်ကမ်းတစ်ခု ဖြစ်လာပါတယ်။
၁၈၆၉ စူးအက်တူးမြောင်းဖွင့်လှစ်ခဲ့ပြီးနောက်မှာတော့ စင်ကာပူဟာ ဗြိတိသျှကိုလိုနီခေတ်ရဲ့ ဦးသျှောင်ဖြစ်လာခဲ့ပြီး ဖွံဖြိုးတိုးတက်မှုအရှိန်ကောင်းသွားခဲ့ပါတယ်။
ဂျပန်ကလည်း ကျွန်းကို ၁၉၄၂ ဝန်းကျင်မှာ သိမ်းပိုက်ခဲ့သေးပြီး ဗြိတိသျှတွေက တဖန်ပြန်မထိန်းချုပ်နိုင်စဉ်မှာ Syonan-to ဆိုပြီး မှည့်ခေါ်ခဲ့ပါသေးတယ်။
၁၉၅၉ မှာတော့ စင်ကာပူဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရလာခဲ့ပြီး Lee Kuan Yew ကပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
၁၉၆၃ ခုနှစ်မှာ စင်ကာပူနိုင်ငံဟာ မလေးရှားနိုင်ငံနဲ့ ခေတ္တခဏ ပေါင်းစည်းခဲ့ဖူးပါတယ်။၁၉၆၅ ခုနှစ် သြဂုတ်လ ၉ ရက်မှာတော့ လွတ်လပ်တဲ့သမ္မတနိုင်ငံ ဖြစ်လာခဲ့ပါတယ်။
အခုအချိန်မှာတော့ စင်ကာပူဟာ စီးပွားရေးတောင့်တင်းသလို၊ နည်းပညာလည်းဖွံ့ဖြိုးမှုအားကောင်းပြီး စည်းကမ်းတင်းကြပ်မှုကြီးမားတဲ့ နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါပြီ။စင်ကာပူ ကို ခရီးသွားဖို့ အကောင်းဆုံးအချိန်စင်ကာပူနိုင်ငံ ကို သွားလည်ဖို့ အကောင်းဆုံးအချိန်ကတော့ ဖေဖော်ဝါရီလ ကနေ ဧပြီလ အတွင်းဖြစ်ပါတယ်။ဒီကာလအတွင်းမှာတော့ မိုးကျတာ အနည်းဆုံးဖြစ်ပြီး နေ့အလင်းရောင်ပိုမိုရရှိတာမို့ အပြင်ထွက်လည်လို့ သိပ်ကောင်းတတ်ပါတယ်။
ဖေဖော်ဝါရီမှာ တရုတ်နှစ်သစ်ကူးပွဲတော် ရှိတတ်တာမို့ စင်ကာပူ မှာ ပျော်စရာ ကောင်းနေပါတယ်။အပူချိန်မြင့်မားတဲ့ စင်ကာပူနိုင်ငံ မှာ မိုးလည်းကျတတ်သေးတာမို့ ဒီကာလအတွင်းက အကောင်းဆုံးလို့ ဆိုကြတာပါ။မေလ ကနေ သြဂုတ်လအတွင်းကတော့ အပူဆုံးကာလတွေဖြစ်ပါတယ်။စင်ကာပူမှာ ဈေးဝယ်ချင်သူတွေအတွက်ကတော့ ဒီကာလက အမိုက်ဆုံးပါ။ဇွန်လ ကနေ သြဂုတ်လအတွင်း Mall တွေမှာ ဈေးလျှော့ရောင်းတာတွေ ရှိတတ်ပါတယ်။နိုဝင်ဘာလ ကနေ ဇန်နဝါရီလအတွင်းကလည်း မိုးများတတ်ပြီး၊ မိုးရွာချိန်လည်း ကြာတတ်ပါတယ်။
ရာသီဥတု
ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူ ရဲ့ ရာသီဥတုဟာ အပြောင်းအလဲများတဲ့အထဲ ပါဝင်သလို တစ်နှစ်တာလုံး ပူပြင်းစိုစွတ်တဲ့ အပူပိုင်းရာသီဥတုကို ပိုင်ဆိုင်ထားတာပါ။အပူချိန်က ၂၅°C ကနေ ၃၂°C ကြား ရှိတတ်ပါတယ်။စင်ကာပူ ရဲ့ ရာသီဥတုကို ပြောတဲ့အခါ နိုင်ငံအများစုလို နွေရာသီ၊ မိုးရာသီ၊ ဆောင်းရာသီ ဆိုပြီး တိတိကျကျ ပြောလို့မရပါဘူး။တစ်နှစ်တာပတ်လုံးဟာ မုတ်သုံရာသီဥတု ဖြစ်နေတယ်လို့ သတ်မှတ်ထားပြီး နိုဝင်ဘာ ကနေ ဇန်နဝါရီထိကို အရှေ့မြောက်မုတ်သုံရာသီ၊ ဇွန် ကနေ စက်တင်ဘာထိကို အနောက်တောင်မုတ်သုံရာသီ လို့ ပြောဆိုတတ်ကြပါတယ်။တစ်နှစ်ပတ်လုံး မထင်ရင်မထင်သလို မိုးရွာတတ်တာမို့ ထီးနဲ့မိုးကာ ဆောင်ထားဖို့ လိုအပ်တတ်ပါတယ်။
ဘာတွေကြိုသိထားရမလဲ? ကြိုပြင်ဆင်ရမလဲ? ၁ // သွားရေးလာရေး
မြန်မာကနေ စင်ကာပူ ကို တိုက်ရိုက်လေယာဉ်တွေ ရှိတော့ အချိန်အတော်သက်သာပြီး အဆင်ပြေပါတယ်။Singapore Airlines ၊ Myanmar Airways International နဲ့ Myanmar National Airlines လေယာဉ်တွေ ရှိလို့ နှစ်သက်ရာ ရွေးချယ်စီးနင်းနိုင်ကြပါတယ်။
လေယာဉ်ချိန်ကတော့ ၃ နာရီကနေ ၃ နာရီ မိနစ် ၂၀ ထိ လေယာဉ်အမျိုးအစားပေါ်မူတည်ပြီး ကွာခြားမှု ရှိပါတယ်။ဈေးနှုန်းကတော့ တစ်ကြောင်းကို ဒေါ်လာ ၁၅၀ ကျော်ကနေ ၁၉၀ ခန့်ထိ ရှိတတ်ပါတယ်။
စင်ကာပူမြို့တွင်းသွားလာရမှာတော့ မြေအောက်ရထား MRT နဲ့ ဘတ်စ်ကားတွေက အတော်အဆင်ပြေပြီး ခရီးစရိတ်လည်း သက်သာပါတယ်။ကိုယ်သွားချင်တဲ့နေရာတွေကို Google Maps အသုံးပြုလို့ ဘယ်ရထားလိုင်းနဲ့ ဘယ်ဘတ်စ်လိုင်း စီးရမလဲဆိုတာကို ကြည့်ပြီး သွားလို့ရပါတယ်။ငွေပေးချေရာမှာတော့ Visa ကတ်၊ Master ကတ် တွေကို အသုံးပြုပြီး အလွယ်တကူ ငွေပေးချေနိုင်ပါတယ်။ဘဏ်ကတ်တစ်ခုခု မကိုင်ဆောင်ထားဘူးဆိုရင်တော့ EZ-Link Stored-Value Card ၊ Singapore Touriest Pass ၊ NETS FlashPay Card တွေကို ဝယ်ယူပြီး ကြိုတင်ငွေဖြည့်သုံးစွဲနိုင်ကြပါတယ်။
Grab အသုံးပြုပြီး ကားငှားလို့ရပေမယ့် ဈေးနှုန်းမြင့်မားပါတယ်။
ခြွေခြွေတာတာ သွားချင်သူတွေအတွက်က အများသုံး ရထားနဲ့ ဘတ်စ်ကားတွေကို လေဆိပ် အသွားအပြန်ကနေ စတင်လို့ အသုံးပြုနိုင်တဲ့ အားသာချက် ရှိပါတယ်။
၂ // ဗီဇာ နဲ့ ဆိုက်ရောက်ဖောင်
စင်ကာပူနိုင်ငံ ဟာ မြန်မာကို ဗီဇာကင်းလွတ်ခွင့်ပြုထားပြီး ရက် ၃၀ အထိ နေထိုင်ခွင့် ပေးထားတဲ့နိုင်ငံ ဖြစ်တာကြောင့် ဗီဇာကိစ္စအပူအပင် ကင်းပါတယ်။လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေနဲ့ လူတွေ့ စစ်ဆေးတာမျိုး မရှိတော့ဘဲ၊ ကိုယ့်ပတ်စပို့ကို Scan ကိုယ်တိုင်လုပ်ပြီး တန်းဝင်ရတဲ့ စနစ်ပြောင်းလဲသွားတာမို့ ပိုပြီး သက်တောင့်သက်သာ ရှိသလို၊ မြန်ဆန်ပါတယ်။လေဆိပ်က နိုင်ငံအဝင်မှာ ပတ်စပို့ကို Scan လုပ်ပြီး တံခါးတစ်ချပ်ဖွင့်၊ နောက်တစ်ခါ လူမျက်နှာကို Scan ဖတ်ပြီး နောက်ထပ် တံခါးတစ်ချပ်အလိုလိုဖွင့်တဲ့ စနစ်ကို အသုံးပြုထားပါတယ်။လိုအပ်ရင်ကူညီပေးဖို့တော့ ဝန်ထမ်းတွေ အနီးမှာ ရှိနေဆဲပါပဲ။
ဒီလို လွယ်လွယ်ဖြတ်သန်းဝင်ရောက်နိုင်ဖို့ အရေးအကြီးဆုံးအချက်ကတော့ ဆိုက်ရောက်ဖောင်ပါ။ဒီဂျစ်တယ်ဆိုက်ရောက်ဖောင်ကို အသုံးပြုနေပြီဖြစ်လို့ စင်ကာပူကို မဝင်ခင် အနည်းဆုံး ၃ ရက်အတွင်း ကြိုတင်ဖြည့်ဆွတ်ပေးပို့ထားရမှာ ဖြစ်ပါတယ်။အောက်ပါလင့်ခ်ကနေ တိုက်ရိုက် အခမဲ့ ဖြည့်ဆွတ်နိုင်ကြပါတယ်။https://www.ica.gov.sg/enter-transit-depart/entering-singapore/sg-arrival-cardပတ်စပို့အချက်အလက်၊ လေယာဉ်လက်မှတ် အဝင်အထွက်နေ့ရက် နဲ့ လေကြောင်းလိုင်းနံပါတ်များ၊ တည်းခိုမယ့်ဟိုတယ်၊ စတာတွေကို မှန်မှန်ကန်ကန် ဖြည့်ဆွတ်ပေးရပါတယ်။တစုံတရာမှားယွင်းခဲ့ရင် နိုင်ငံအဝင်မှာ တာဝန်ရှိသူတွေနဲ့ ပြောဆိုရှင်းပြရမှာ ဖြစ်ပါတယ်။ဒါကြောင့် သေချာဖြည့်ဆွတ်ဖို့လိုအပ်ပါတယ်။ကိုယ့်ရဲ့ အီးမေးလ်ထဲကို ဒီဂျစ်တယ်ဖောင် လက်ခံကြောင်း ပေးပို့တာဖြစ်လို့ အီးမေးလ်လိပ်စာ မှန်ကန်ဖို့လည်း လိုပါမယ်။
၃ // ငွေကြေး
စင်ကာပူနိုင်ငံ ကတော့ စင်ကာပူဒေါ်လာ ကို အသုံးပြုပါတယ်။
အမေရိကန် ၁ ဒေါ်လာ ဟာ စင်ကာပူ ၁.၂၈ ဒေါ်လာ နဲ့ ညီမျှပါတယ်။ အမေရိကန်ဒေါ်လာနီးပါး တန်ဖိုးမာတာကို တွေ့ရပါတယ်။မြန်မာငွေလဲကောင်တာတွေမှာ စင်ကာပူဒေါ်လာကို တိုက်ရိုက်လဲလှယ်သွားတာက ငွေလဲနှုန်း မနာစေတော့ပါဘူး။စင်ကာပူမှာ ငွေလဲကောင်တာတွေ နေရာတော်တော်များများမှာ ရှိတတ်ပေမယ့်၊ စင်ကာပူဟာ ငွေသားထက် ကတ်စနစ်၊ QR ငွေပေးစနစ်တွေကို ပိုပြီးတွင်တွင်ကျယ်ကျယ် သုံးစွဲနေတာဖြစ်ပါတယ်။
၄ // ဘာသာစကား
နိုင်ငံတော်အဆင့်အနေနဲ့ စင်ကာပူမှာ အင်္ဂလိပ်၊ မလေး၊ မန်ဒရင်းတရုတ် နဲ့ တမေးလ် ဘာသာစကားတွေကို ရုံးသုံးအဖြစ် အသုံးပြုပါတယ်။ဒါကြောင့် ကြေညာချက်တွေမှာ ဒီဘာသာစကား ၄ မျိုးကို အသုံးပြုတတ်တာ ရထားပေါ်မှာကအစ မြင်တွေ့ကြရပါလိမ့်မယ်။အင်္ဂလိပ်လို အထူးရေလည်ကြပြီး ကျောင်းမှာလည်း ဒုတိယဘာသာစကား မဖြစ်မနေ ရွေးချယ်သင်ကြားကြရတဲ့နိုင်ငံဖြစ်တာမို့ စင်ကာပူနိုင်ငံသားတွေဟာ ဘာသာစကား အနည်းဆုံး ၂ မျိုး ပြောတတ်ကြသူတွေလို့ ဆိုနိုင်ပါတယ်။
အင်္ဂလိပ်ကိုတော့ အဓိက အဖြစ် အစိုးရအုပ်ချုပ်ရေးပိုင်းတွေ၊ လုပ်ငန်းတွေ၊ ဥပဒေရေးရာတွေနဲ့ ကျောင်းတွေမှာ အသုံးပြုကြပြီး မလေး ဘာသာစကားကိုလည်း နိုင်ငံတော်ဘာသာစကားအဖြစ် သမိုင်းနဲ့ ယဉ်ကျေးမှုကိစ္စရပ်တွေမှာ သုံးစွဲတတ်ကြပါတယ်။ တရုတ်နဲ့ တမေးလ်ဘာသာစကားတွေကိုတော့ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေမှာ အသုံးပြုနေကြပါတယ်။
နေ့စဉ်ဘဝမှာတော့ Singalish လို့ခေါ်ကြတဲ့ အင်္ဂလိပ်ကို ဒေသသုံးအသံထွက်၊ သဒ္ဒါတည်ဆောက်ပုံတွေနဲ့ ပြောဆိုတဲ့ပုံစံကိုလည်း တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါတယ်။
၅ // အချိန်ကွာခြားချက်
စင်ကာပူနိုင်ငံ ဟာ မြန်မာနိုင်ငံ ထက် အချိန်အားဖြင့် ၁ နာရီ မိနစ် ၃၀ ပိုစောပါတယ်။
ဒါကြောင့် မြန်မာပြည်မှာ မနက် ၆ နာရီဆိုရင် စင်ကာပူမှာ မနက် ၇ နာရီခွဲ ဖြစ်နေပါပြီ။
၆ // ကိုးကွယ်ယုံကြည်မှု
စင်ကာပူနိုင်ငံဟာ ကမ္ဘာမှာ ကိုးကွယ်မှုဘာသာပေါင်းများစွာ နေထိုင်မှုအရှိဆုံး နိုင်ငံတစ်ခုဖြစ်ပြီး အဓိက လွှမ်းမိုးထားတဲ့ ဘာသာတရားရယ်လို့ မရှိနေပါဘူး။နေထိုင်သူ လူဦးရေ ရဲ့ ၃၃% ဟာ မဟာယနဗုဒ္ဓဘာသာဝင်တွေဖြစ်ပြီး၊ ဘာသာမဲ့ ဘုရားမဲ့ဝါဒီတွေက ၂၀% ခန့်ရှိပါတယ်။ခရစ်ယာန်ဘာသာဝင်တွေက ၁၉% ခန့်ရှိပြီး အစ္စလာမ်ဘာသာဝင်တွေက ၁၆% ဖြစ်ပါတယ်။တရုတ်ရိုးရာ တာအို Taoism ဘာသာဝင် ၁၀% ၊ ဟိန္ဒူဘာသာဝင် ၅% နဲ့ ဆစ်ခ်၊ ဂျူး၊ ဂျိန်း၊ ဇိုရိုအက်စထရီယန် ဘာသာဝင်တွေ ၁% အောက် ရှိကြပါတယ်။
နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းထားတာမျိုး မရှိဘဲ၊ အခြေခံဥပဒေက လွတ်လပ်စွာကိုးကွယ်ခွင့်ကို အာမခံထားပါတယ်။ဘာသာရေးသဟဇာတဖြစ်မှုကို ထိန်းသိမ်းဖို့အတွက် ဥပဒေတွေကို တပ်းကြပ်စွာ ပြဋ္ဌာန်းထားပြီး အစွန်းရောက်ကိစ္စရပ်တွေနဲ့ သဘောထားကွဲလွဲစေတဲ့အပြုအမူတွေကို အမြဲစောင့်ကြည့်နေတတ်ပါတယ်။
၇ // အင်တာနက်ဒေတာ
စင်ကာပူမှာ အင်တာနက်သုံးဖို့ Physical SIM card ဝယ်မယ်ဆိုရင် Singtel ၊ StarHub နဲ့ M1 ထဲက ရွေးစရာ ရှိပြီး Tourist plan တွေက အနိမ့်ဆုံး စင်ကာပူဒေါ်လာ ၁၂ လောက်က စတင်ပါတယ်။
ဒါတွေဝယ်ဖို့အတွက် လေဆိပ်က ကောင်တာတွေမှာ ကိုယ့် Passport နဲ့ Register လုပ်ဖို့ လိုအပ်မှာပါ။
နောက်ပိုင်းမှာ eSIM တွေ ခေတ်စားလာတာမို့ မလာခင်ကတည်းကနေ နိုင်ငံတကာမှာ ရောင်းချနေတဲ့ eSIM provider တွေကနေ နှစ်သက်ရာ ဝယ်လို့ရပါတယ်။ကျွန်တော်ကတော့ Kpay App ထဲကနေ Global Travel eSIM ကို QR Scan လုပ်ပြီး ဝယ်ခဲ့ပါတယ်။1GB ကို မြန်မာငွေ ၃ ထောင်ကျပ်ကျော်လေးပဲ ကျသင့်လို့ ဈေးတော်လို့ပါ။လိုအပ်ရင် Kpay App ထဲကနေပဲ Top Up တန်းလုပ်နိုင်လို့ အဆင်ပြေပါတယ်။
ပိုပြီးအဆင်ပြေတာက အဲဒီ Global Travel eSIM ကို ဝယ်တဲ့အခါ TRAVEL4U ဆိုတဲ့ Promo Code ကို သုံးရင် ၁၀% လျှော့ဈေး ရသေးတာမို့ ပိုသက်သာနေပါလိမ့်မယ်။
၈ // အဝတ်အစားပြင်ဆင်မှု
စင်ကာပူက ပူအိုက်ပြီး မိုးလည်း ရွာတတ်တဲ့နိုင်ငံဖြစ်တာကြောင့် တတ်နိုင်သမျှ အေးမြပေါ့ပါးတဲ့ ဝတ်စုံတွေ၊ ချည်သားဝတ်စုံတွေ နဲ့ ရေစိုရင် ပြန်ခြောက်လွယ်တဲ့ အဝတ်အစားတွေ ယူဆောင်သွားနိုင်ပါတယ်။ထိုင်းနိုင်ငံဆိုရင်တောင် ရာသီဥတုပူပေမယ့် အနွေးထည်ဝတ် ရှိုးထုတ်လို့ကောင်းအောင် Public Area အများစုရဲ့ အဲကွန်း အေးမြမှုကို ခံစားရပေမယ့် သဘာဝပတ်ဝန်းကျင်ကို သတိပြုတတ်တာမို့လို့ထင်ပါတယ် စင်ကာပူမှာတော့ အရမ်းအေးမြလွန်းတဲ့နေရာ မရှိသလောက်ဖြစ်ပါတယ်။ထီး နဲ့ မိုးကာလေးတွေ ယူသွားသင့်ပါတယ်။
၉ // အစားအသောက်
စင်ကာပူအစားအသောက်တွေကတော့ တရုတ်၊ မလေး၊ အိန္ဒိယ နဲ့ ပီရာနာကန် (Peranakan) အငွေ့အသက်တွေ ရောယှက်နေတာမျိုးပဲ ဖြစ်ပါတယ်။စင်ကာပူ ရဲ့ Street Food လို့ ပြောကြတဲ့ Hawker စားသောက်ခန်းမကြီးတွေမှာ စားသောက်တာက ဒီနိုင်ငံကို လာရခြင်းရဲ့ အနှစ်သာရ တစ်ခုအဖြစ် ဆိုကြပါတယ်။မြန်မာ အများစုနဲ့ အရသာ ကိုက်ညီမှု ရှိချင်မှ ရှိပါလိမ့်မယ်။ဒါပေမယ့် ဟိုင်နန်ကြက်ဆီထမင်း၊ ဝက်နံရိုးပေါင်း၊ ရိုတီပလာတာ၊ ဆာတေး တို့လိုမျိုး မြန်မာတွေကြိုက်တဲ့ ပုံစံတွေလည်း ရှိပါတယ်။
အခြား ကမ္ဘာကျော် ဂျပန်၊ ကိုးရီယား၊ ထိုင်း နဲ့ ဥရောပ အစားအစာတွေအပြင် မြန်မာအစားအစာဆိုင်တွေလည်း စင်ကာပူမှာ အများအပြားရှိတာမို့ အစားအသောက်အတွက်ကတော့ ပူစရာကို မရှိတာပါ။
ပူစရာကတော့ ဈေးနှုန်းပါပဲ။ Hawker လိုမျိုးမှာတောင် အနည်းငယ်ကြီးမြင့်ပါတယ်။
၁၀ // လုံခြုံစိတ်ချရမှု
စင်ကာပူရဲ့ လုံခြုံစိတ်ချရမှုအပိုင်းကတော့ အတော်လေး စိတ်ကျေနပ်စရာကောင်းပါတယ်။မနက်စောစောပဲဖြစ်ဖြစ်၊ ညနက်နက်ပဲဖြစ်ဖြစ် မိန်းကလေးတစ်ယောက်တည်းသွားလာတာတောင် အန္တရာယ်ကင်းတဲ့နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။လက်နက်ပြဿနာ၊ မူးယစ်ဆေးပြဿနာတွေလည်း ကင်းရှင်းလို့ အတော်ကို နေထိုင်ရ ကောင်းတဲ့နိုင်ငံတစ်ခုပါ။ပြစ်မှုတွေအတွက် ပြစ်ဒါဏ်ကြီးမားမှုလည်းရှိလို့ ပြစ်မှုအနည်းဆုံး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။ထိုင်း ကနေ သွားလည်မယ့်သူတွေကတော့ ဆေးခြောက်တွေ မေ့ပြီး သယ်မသွားမိဘူး အထူး ဂရုစိုက်ကြရမှာပါ။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဥပဒေ မတူတာကို သတိထားကြရပါလိမ့်မယ်။
၁၁ // အခြားသိထားသင့်တဲ့ အချက်များ
စင်ကာပူကို သွားမလည်ခင် အခြားသိထားသင့်တဲ့ အချက်လေးတွေကိုလည်း ပြောပြချင်ပါသေးတယ်။စင်ကာပူ ကို သွားရင် Power plug နဲ့ Socket တွေမှာ အသုံးပြုနိုင်ဖို့ အထူးသတိထားရပါတယ်။
Multi Plug Adapter တွေ ယူသွားကြရမှာပါ။
စင်ကာပူဟာ Type G စနစ်ကို အသုံးပြုနေတာကြောင့် UK ၊ ဟောင်ကောင် နဲ့ မလေးရှား တို့မှာ အသုံးပြုတဲ့ ပုံစံဖြစ်ပါတယ်။
Adapter မပါရင်တော့ အတော်လေး ဒုက္ခများနိုင်ပါတယ်။
စင်ကာပူမှာ လမ်းကူးမယ်ဆို လူကူးမျဉ်းကြားနဲ့ လူကူးမီးပွိုင့်ကို သေချာကြည့်ပြီး ကူးရပါတယ်။
စည်းကမ်းလိုက်နာဖို့ လိုအပ်ပါတယ်။
လူကူးမျဉ်းကြားတွေမှာ လိုအပ်လာရင် ခလုတ်နှိပ်ပြီး လူကူးမီးစိမ်းဖို့ လုပ်ဆောင်နိုင်ပါတယ်။
ကားတွေက လူဦးစားပေးဖြစ်ပြီး လူကူးနေရင် အရှိန်လျှော့ပေး၊ ရပ်ပေးကြပါတယ်။အများနဲ့ဆိုင်တဲ့နေရာတွေမှာ စက်လှေကားစီးရင် ညာဘက်ကို ကပ်ပြီး ရပ်ပေးကြရပါတယ်။ဒါဟာ ထိုင်းနဲ့ ပြောင်းပြန်မို့ ထိုင်းက လာတဲ့လူတွေဆို နည်းနည်း ရှုပ်ထွေးကုန်ပါတယ်။အလျင်လိုသူတွေ သွားနိုင်ဖို့ စက်လှေကားတွေမှာ တစ်ဘက်ကပ်ပြီး ရပ်ကို ရပ်ပေးဖို့ လိုအပ်ပါတယ်။
ဘတ်စ်ကား စီးတဲ့အခါ အရှေ့အပေါက် ဒရိုင်ဘာနားကနေ တက်ပြီး အလယ်အပေါက်ကနေ ဆင်းရပါမယ်။ ငွေလက်ခံတဲ့စက်ကလည်း အဝင်မှာ ရှိပြီး ကတ်ပြားသုံးသူတွေက အတက်မှာ တစ်ခါ၊ အဆင်းမှာ တစ်ခါ စက်တွေကို ကတ်ပြားကပ်ပြဖို့ လိုအပ်ပါတယ်။
ရထားနဲ့ ဘတ်စ်ကားစီးဖို့ကို ကိုယ့်ရဲ့ ရှိပြီးသား Visa ၊ Master ကတ်တွေကို အသုံးပြုတာက ပိုပြီး သက်သာပါတယ်။ Tourist Pass Card တွေဝယ်တဲ့အခါ ကတ်ဖိုး ၁၀ ဒေါ်လာ နဲ့ ကတ်အတွင်းမှာ ၅ ဒေါ်လာ အနည်းဆုံး ချန်ရမယ့် ပမာဏတွေ ရှိတာကြောင့် ၁၅ ဒေါ်လာဟာ သုံးမရဘဲ ဖြစ်နေတတ်တာကြောင့် ကိုယ့်ဘဏ်ကတ်တွေကိုပဲ သုံးစွဲတာ ပိုပြီး အဆင်ပြေပါတယ်။
ပေါ့ပေါ့ပါးပါး ဈေးဝယ်မယ်ဆို 7 Eleven ဆိုင်တွေထက် Cheer ဆိုင်တွေက ဈေးအတော်ကွာပြီး သက်သာကြပါတယ်။
ပစ္စည်းဝယ်တတ်သူတွေကတော့ VAT Refund ရနိုင်ပါတယ်။သတ်မှတ်ထားတဲ့ဆိုင်တွေမှာ တစ်ရက် စင်ကာပူဒေါ်လာ ၁၀၀ နဲ့အထက် ဝယ်ရင် ခံစားခွင့်ရှိသလို တစ်ဆိုင်ထဲမှာ တစ်ရက်အတွင်း ၃ ကြိမ်ထိ ဘောင်ချာတွေကို ပေါင်းပြီး VAT Refund ထုတ်ယူနိုင်ကြပါတယ်။ကိုယ်ဝယ်ယူထားတာတွေကို စစ်ဆေးနိုင်ဖို့ Electronic Tourist Refund Scheme Portal ကိုလည်း အသုံးပြုနိုင်ပါတယ်။VAT Refund ထုတ်နိုင်ဖို့ ဆိုင်တွေကနေ eTRS ကို တောင်းယူရပါတယ်။ စာရွက်နဲ့မဟုတ်ပါဘူး၊ ဒီဂျစ်တယ်စနစ်နဲ့ ဖြစ်လာပါတယ်။လေဆိပ်က eTRS kiosk စက်တွေမှာ Check-in မလုပ်ခင် နဲ့ Immigrations မဖြတ်ခင်မှာ ကြိုတင်လုပ်ဆောင်ရမှာဖြစ်ပြီး လိုအပ်လာရင် စက်က အကောက်ခွန်စစ်ဆေးမှု ခံယူဖို့ ပြောပါလိမ့်မယ်။ပြီးရင်တော့ ငွေသား သို့မဟုတ် ကတ်ထဲ ထည့်သွင်းတာ သို့မဟုတ် Alipay တို့လို ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်တွေထဲကိုလွှဲပြီး ထုတ်ယူနိုင်ကြပါတယ်။
၁၂ // တည်းခိုနေထိုင်ရေး
စင်ကာပူ ဟာ နေစရိတ်ကြီးတဲ့နိုင်ငံတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ကျွန်းနိုင်ငံဖြစ်ပြီး မြေရှားပါးတဲ့နိုင်ငံလည်းဖြစ်တာမို့ ဟိုတယ် နဲ့ တည်းခိုခန်းတွေ ဈေးနှုန်းကြီးမြင့်တာ မထူးဆန်းလှပါဘူး။စရိတ်အခြွေတာဆုံးသွားမယ်ဆိုရင်တော့ တစ်ည စင်ကာပူဒေါ်လာ ၃၀ ကနေ ၅၀ ကြား ရှိတဲ့ ဟိုစတယ် နဲ့ တစ်ယောက်နေ Pods တွေ ရှိပါတယ်။ အများသုံး ရေချိုးခန်းအိမ်သာ ကို သုံးစွဲရပြီး အများနဲ့အိပ်ရတာ ဒါမှမဟုတ် တစ်ကိုယ်ရေနေစာ အခန်းငယ်လေးထဲမှာ နေရတာမျိုးပါ။စင်ကာပူဒေါ်လာ ၆၀ နဲ့ ၁၇၀ ကြားဆိုရင်တော့ ဈေးသင့်တဲ့ဟိုတယ်တွေနဲ့ 3-Star အဆင့်ဟိုတယ်တွေ ရနိုင်ပါတယ်။ပုံမှန် အလယ်အလတ်တန်းဟိုတယ်တွေက စင်ကာပူဒေါ်လာ ၁၁၀ ကနေ ၂၉၀ ကြား ရှိတတ်ပါတယ်။Luxury ဟိုတယ်တွေကတော့ စင်ကာပူဒေါ်လာ ၂၀၀ ကနေ ၁၀၀၀ လောက်ထိ ရှိနိုင်ပါတယ်။
ကျွန်တော် တည်းခဲ့တဲ့ ဟိုတယ်ကတော့ Bugis မှာဖြစ်ပြီး စင်ကာပူရဲ့ နာမည်ကြီးနေရာတချို့ကို လမ်းလျှောက်သွားနိုင်လောက်တဲ့အနေအထားမှာရှိပါတယ်။ တစ်ညကို အမေရိကန်ဒေါ်လာ ၃၀ လောက်ပဲ ပေးရပါတယ်။ အခန်းကျယ်ပြီး ရေချိုးခန်းအိမ်သာ တွဲလျက်ပါ။ဘာကြောင့် သက်သာသလဲဆိုရင်တော့ Agoda ကနေ အခန်းဘိုကင်တင်တုန်းက Promotion Code ကို သုံးခဲ့လို့ ၁၀% လောက်ပိုသက်သာခဲ့ပါတယ်။ကျွန်တော်လိုပဲ သက်သာအောင်လို့ ဟိုတယ်ဘိုကင်တင်တဲ့အခါ THIHASTAY ဆိုတဲ့ code ကို အသုံးပြုနိုင်ပါတယ်။
၁၃ // လည်စရာများ
စင်ကာပူရဲ့ လည်စရာတွေကတော့ သဘာဝအခြေခံဆိုတာထက် လူလုပ်အဆောက်အအုံတွေ၊ ပန်းခြံတွေ နည်းပညာတွေ ပိုများပါတယ်။
တိုးတက်ဖွံ့ဖြိုးမှုတွေကို မြင်တွေ့ခံစားရတာမျိုး များပေမယ့်လည်း ရှေးဗိသုကာအမွေအနှစ်တွေ ကျန်ကြွင်းရစ်နေတာတွေလည်း ရှိနေတာမို့ စိတ်ဝင်စားစရာ ဖြစ်မှာပါ။ဈေးဝယ်ထွက်လို့ကောင်းတဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။စင်ကာပူမှာ လည်တဲ့အခါ ကစားကွင်း၊ ပန်းခြံ တွေရဲ့ ဝင်ခွင့်လက်မှတ်တွေ ဝယ်ယူတဲ့အခါမှာလည်း Agoda က ဝယ်ယူရင် ၁၀% ထိ လျှော့ဈေးရနိုင်ဖို့ THIHAEXPLORE ဆိုတဲ့ Promo Code ပို အသုံးပြုနိုင်ပါတယ်ဗျာ။
၁၄ // ကုန်ကျစရိတ်
စင်ကာပူဟာ အရှေ့တောင်အာရှက နာမည်ကျော် ခရီးသွားနိုင်ငံတွေထက်တော့ လည်ပတ်စရိတ် အနည်းငယ်မြင့်မားမှု ရှိတဲ့နိုင်ငံ ဖြစ်ပါတယ်။
နေစရိတ် နဲ့ စားစရိတ် မြင့်မားပါတယ်။စင်ကာပူမှာ ၄ ရက်ခန့်နေတဲ့ပမာဏဟာ ဗီယက်နမ်မှာ ၁ လခန့် နေထိုင်နိုင်ကြပါတယ်။
စင်ကာပူကို Budget ခရီးလာမယ်ဆိုရင်တောင် ၃ ညအိပ် ၄ ရက်ခရီးအတွက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၄၀၀ ခန့် ကုန်ကျပါမယ်။သာမန် ချောင်ချောင်ချိချိလာမယ်ဆိုရင်တော့ အမေရိကန်ဒေါ်လာ ၇၀၀ ဝန်းကျင် ဆို လုံလောက်ပါတယ်။ စင်ကာပူ ဟာ ရှေ့မှာ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက် မစိမ်းပါဘူး။အလုပ်လုပ်နေထိုင်ကြသူများသလို၊ ကျောင်းတက်နေကြသူလည်း များပါတယ်။သူတို့တွေကြောင့်ပဲ မိသားစုဝင်တွေဟာလည်း အလည်ရောက်တတ်ကြပါတယ်။စင်ကာပူကို ဟိုးအရင်ကလောက်တော့ မြန်မာတွေ သီးသန့် သွားလည်ပတ်သူတွေ နည်းပါးသွားတာကိုတော့ သတိပြုမိပါတယ်။ဒါပေမယ့်လည်း စင်ကာပူဟာ သူ့ဟာလေးနဲ့သူတော့ လည်ပတ်ချင်စရာ ဖြစ်နေသေးပြီး လည်ပတ်လုပ်ဆောင်စရာ တိုးတက်တဲ့နည်းပညာနဲ့ အဆောက်အအုံတွေ၊ ဓါတ်ပုံအလှရိုက်ချင်စရာ နေရာကောင်းတွေ၊ အစားအသောက်နဲ့ မတူညီတဲ့ ယုံကြည်သက်ဝင်မှုတွေအပေါ် တူညီတဲ့ လေးစားသမှု ရှိတဲ့နေရာတွေ ဖြစ်ပြီး အင်မတန် တစ်ကိုယ်ရေကျန်းမာကြံ့ခိုင်ရေး အားကစားလိုက်စားမှု အထူးများပြားတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ဒါကြောင့်လည်း စင်ကာပူကို လည်ပတ်စရာအဖြစ်ထက် အချိန်ကြာမြင့်စွာ နေထိုင်ကြဖို့ ကမ္ဘာအရပ်ရပ်က လူအများစု ရွေးချယ်ခဲ့တာ ဖြစ်ပါလိမ့်မယ်။
အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ။ သီဟလုလင် | Thiha, the Traveller
-03.png)



Comments