top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

နမ့်မွန်ကြီး ရေတံခွန် ဆီ တော်ဝင်လှေ စီးလို့ လည်နိုင်ပြီ

Writer's picture: Thiha Lu LinThiha Lu Lin

ရေတံခွန်တွေထဲမှာ ရန်ကုန်ကနေ နေ့ချင်းပြန်ဖြစ်ဖြစ်၊ တစ်ညအိပ်ဖြစ်ဖြစ် သွားလည်လို့လည်း ကောင်း၊ တကယ့်ကို ရေက ကြည်ပြီး စိမ်းပြာလဲ့နေတဲ့ သဘာဝတောအုပ်လေးထဲက ရေတံခွန်လိုလည်း ဖြစ်နေတဲ့အပြင် ရေတံခွန်အဆင့်ဆင့်နဲ့ ရေ ဆော့ဖို့ ရေသိပ်မနက်တဲ့ နေရာလေးတွေလည်း များတဲ့ ဒီ နမ့်မွန်ကြီးရေတံခွန်ကို ကျွန်တော် အတော်လေး သဘောကျမိတာပါ။ ၂၀၁၇ ခုနှစ် တုန်းက ပထမဆုံး ရောက်ခဲ့ဖူးတယ်။ နမ့်မွန် စားသောက်ဆိုင် နဲ့ စတိုး ကို ဆက်သွယ်ပြီး နမ့်မွန်ကြီး ရေတံခွန်ရှိရာ နေရာမှာ လူနှစ်ယောက်အိပ်စာ ဝါးတဲလေးထဲ တစ်ညအိပ် လည်ခဲ့ရတာ ဘယ်တော့မှ မမေ့အောင်ကို ပျော်ခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်းနှစ်တွေမှာတော့ နမ့်မွန်ကြီး ရေတံခွန်က လူပိုသိလာပြီး လူသွားများလာတာ ခုထိပဲ ဆိုပါတော့။ ကျွန်တော် ဒုတိယအကြိမ် နမ့်မွန်ကြီးကို ၂၀၁၈ ခုနှစ် အစောပိုင်း လောက်က ရောက်ခဲ့သေးတယ်။ ခုတော့ ၂၀၂၀ ပြန်ရောက်ချိန်မှာတော့ ပိုပြီး ပြောင်းလဲတိုးတက်လာတာတွေ တွေ့မိခဲ့တယ်။ ခုထိတော့ သဘာဝအလှတွေနဲ့ လည်ချင်စရာ ကောင်းနေတုန်းပါပဲ။

သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေက ကျွန်တော်တို့လို နိုင်ငံတွေမှာပဲ ပိုပြီး သဘာဝကျကျ ဖြစ်ထွန်းနိုင်တော့မှာပါ။ ဒါမျိုးကို နိုင်ငံခြားသားခရီးသွားတွေ အရမ်းကြိုက်ကြတယ်။

လှေစီးလို့ နမ့်မွန်ကြီးရေတံခွန်ဆီ သွားရတယ်

နမ့်မွန်ကြီး ရေတံခွန်ဆီသွားဖို့က နေပြည်တော်ကနေ တဆင့်သွားရတယ်။ သူက ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်ထဲက ပေါင်းလောင်းမြို့သစ် မှာ ရှိတာပါ။ နေပြည်တော် ကနေ ကင်းသာလမ်းခွဲ ကို ရန်ကုန် - မန္တလေး လမ်းဟောင်းကနေ သွားရတယ်။ အဲ့ဒီကနေမှ ပင်လောင်းလမ်းအတိုင်း လာပြီး ကွေ့ကြီး ၁၆ ကွေ့ကို ကျော်တဲ့အခါ ပေါင်းလောင်းမြို့သစ်ကို ရောက်တယ်။ အဲ့ဒီမှာ ရှိတဲ့ လှေဆိပ်ကနေမှ အထက်ပေါင်းလောင်းဆည် ရေဝေကျောအတိုင်း စက်လှေ တစ်နာရီခွဲလောက် စီးပြီး သွားရတာပါ။ ရေမိုင် ၁၃ မိုင်လောက် သွားရတာကိုး။ လှေစီးချိန်ကြာတဲ့အတွက် အရင်ကဆို နေပူဒါဏ်တော်တော်ခံရတယ်။ အသွားရော အပြန်ရော အမိုးမပါတဲ့ လှေကြီးထဲမှာ လှေဝမ်းကြီးထဲ ခြေထောက်တွေ ကျင်နေအောင် ထိုင်ပြီး သွားကြရတာ။ ဝတဲ့သူတွေဆို ထိုင်ရတာ ပိုမသက်မသာဖြစ်ကြရပါတယ်။

ဟော အခုတော့ အတော် အဆင်ပြေသွားပြီ။ လှေစီးချိန်လည်း ပိုတိုလာသလို၊ ထိုင်ရတာလည်း သက်တောင့်သက်သာ ဖြစ်တဲ့အပြင်၊ နေပူဒါဏ်ကိုပါ ရှောင်ပြီးသား ဖြစ်သွားပြီ။ ဘာလို့လည်းဆိုတော့ Royal Boat ဆိုတဲ့ အဆင့်မြင့်လှေတွေ ပေါ်လာလို့ပေါ့။


Royal Boat ရဲ့ ဝန်ဆောင်မှု

တခြားလှေတွေနဲ့ မတူတာ သတိထားမိတာက လှေက ပိုကြီးတယ်။ လှေတစ်စီးမှာ ထိုင်ခုံ ၁၈ ခုံ ပါတော့ လူက ၁၈ ယောက်အထိ စီးလို့ရပြီး သက်တောင့်သက်သာ ထိုင်ခုံနဲ့ စီးကြရတာမို့လို့ ခြေထောက်ကျင်တာ၊ ခြေထောက်ညောင်းတာ သက်သာတယ်။ အမိုးကလည်း ခိုင်ခိုင်ခံ့ခံ့ မြင့်မြင့်လုပ်ထားတာမို့လို့ အသက်ရှုချောင်သလို နေပူလည်း သက်သာတယ်။ ဈေးလည်း သင့်တင့်တယ်။ ရေတံခွန်မှာဆိုရင်လည်း သွားလည်သင့်တဲ့နေရာတွေကို သေချာလိုက်ပြပေးသေးတယ်။ အရေးကြီးတဲ့ Life Jacket တွေကိုလည်း သေချာ ဝတ်ဆင်စေတယ်။ ရေတံခွန်အထိ ပါ ယူဆောင် အသုံးပြုနိုင်အောင် ဝန်ဆောင်မှုပေးတာလေးတွေ သဘောကျတယ်။ အသက်ကယ်အင်္ကျီကလည်း ကွာလတီကောင်းတယ်။ ဒါလေးတွေ ထူးခြားတယ်ပေါ့လေ။ ဈေးနှုန်းအားဖြင့်တော့ လူ (၁၁) ဦး ထိကို လှေတစ်စင်း ၅၅၀၀၀ ကျပ် (အသွားအပြန် - နေ့ချင်းပြန်) ယူပါတယ်။ ၁၁ ဦးကျော်သွားရင်တော့ ပိုတဲ့သူတစ်ဦးကို ၃၀၀၀ ကျပ် စီ ကောက်ပါတယ်။ အကယ်လို့ ကိုယ်က ညအိပ်မယ်ဆိုရင်တော့ လှေခက နှစ်ရက်စာ ဖြစ်သွားမှာပါ။ Royal Boat က လောလောဆယ်မှာတော့ ၃ စင်း ရှိနေပါတယ်။ ခရီးသွားများတဲ့အချိန်ဆိုရင် ကြိုတင်ဘွတ်ကင်ချိတ်ထားမှ စိတ်ချရမှာပါ။ သူလို အဆင့်မြင့်လှေကလည်း တခြားမရှိသေးတော့လေ။ ဖုန်းလေးလည်း ယူထားလိုက်ပေါ့ လိုရမယ်ရ။ Royal Boat ဖုန်း 09887070003 နဲ့ 09887070004 တွေကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။


ရေပြင်ကြီးဘယ်လိုဖြစ်လာသလဲ

အရင်ကလည်း ကျွန်တော် ရေးဖူးခဲ့ပေမဲ့ ပြန်ရှာနေရမှာစိုးလို့ တစ်ခါတည်း ပြန်ထည့်ပေးလိုက်တယ်။ ပေါင်းလောင်းချောင်း (နမ့်မွန်ချောင်း) က နေ ရေပြင်အဲ့လောက်ကျယ်ကြီး ဖြစ်လာတာက သဘာဝအလျောက်တော့ မဟုတ်ခဲ့ပါဘူး။ ခုလောက်ရေပြင်ကျယ်ပြီး နက်သွားရတာက ၂၀၁၃ ခုနှစ်လောက်က အထက်ပေါင်းလောင်းဆည် အနေနဲ့ ရေလွှဲဖို့အကြောင်း ဖြစ်လာတဲ့အတွက် အရင်က ရှိနေတဲ့ ရှမ်း၊ ကယား၊ ကယန်း (ပဒေါင်)၊ ဗမာ နဲ့ ကရင်လူမျိုးတွေ နေထိုင်ကြတဲ့ ရွာကြီး ၂၃ ရွာ ရှိရာ ဒီနေရာကြီးကို ရေလွှတ်ရတော့မှာမို့ ပြောင်းရွှေ့ကြဖို့ အသိပေးပြီးနောက် ခုလို ရေပြင်ကြီး ဖြစ်လာတော့တာပါပဲ။ အဲ့ဒါကြောင့် နမ့်မွန်ကြီးသွားရင် သစ်ခြောက်ပင်တွေ အများအပြား ရေပြင်ကနေ ထိုးထွက်နေတာကို တွေ့မြင်ကြရတာပါ။ စေတီငယ်လေးတွေ တောင်ထိပ်တချို့မှာတွေ့ရတာလည်း အဲ့ဒါကြောင့် ဖြစ်ပါတယ်။


နမ့်မွန်ကြီးရေတံခွန်မှာ ညအိပ်လို့ရလား

ရပါတယ်။ အရင်တော့ နမ့်မွန်စတိုးနဲ့ စားသောက်ဆိုင်က ဦးစီးလုပ်ဆောင်တဲ့ တဲအိမ်လေးတွေနဲ့ စားသောက်ဆိုင်လေး ပဲ ရှိရာက အခုတော့ တော်တော်များများလည်း သူ့နေရာနဲ့သူ ဖွင့်လာကြတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ ခုထိ မူလ နမ့်မွန် စတိုးနဲ့ စားသောက်ဆိုင် ရဲ့ တဲအိမ်တွေမှာပဲ ညအိပ်ညနေ သွားဖြစ်တုန်း။ သဘောကျတုန်းပဲ။ သူတို့ရဲ့ ဖော်ရွေမှုနဲ့ ဝန်ဆောင်မှုကတော့ ဟိုးကတည်းက သဘောကျပြီး ဖြစ်နေလို့ပါ။ တခြားမှာလည်း တည်းခိုစရာတွေ ရှိပါတယ်။ ကိုယ်နှစ်သက်ရာ တည်းခိုနေထိုင်ကြတာပါပဲ။ တချို့ကျတော့လည်း Tent တွေ ယူလာပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် တောထဲ အိပ်ကြပြန်ပါတယ်။ မီးတော့ သတိပြုရမှာပါ။


နမ့်မွန်ကြီးရေတံခွန် လှသေးရဲ့လား

သိပ်လှသေးတာပေါ့။ ဒီလောက်အနေအထားထိန်းသိမ်းထားနိုင်တာကိုလည်း ဒေသခံတွေကို ချီးကျူးပါတယ်။ သဘာဝဝန်းကျင်က လွန်ခဲ့တဲ့ ၃ နှစ်လောက်က လာတဲ့အတိုင်းပဲ။ ဧည့်သည်များလာတာကတော့ ရေကစားတဲ့အခါ စိတ်နည်းနည်းညစ်ရတာပေါ့။ အမှိုက်တွေကို စနစ်တကျ ထိန်းသိမ်းကောက်ယူပုံလေးကို ဆက်ပြီး ထိန်းစေချင်တယ်။ ခရီးသွားတွေကလည်း အမှိုက်တွေ မချခဲ့ဖို့ ဝိုင်းပြီး ကြိုးစားပေးကြရင် နောက်နှစ်ပေါင်းများစွာထိ လှနေဦးမှာ သေချာပါတယ်။ ရေရဲ့ ကြည်လင်စိမ်းပြာလဲ့နေမှုကလည်း အခုထိ မပြောင်းလဲသေးဘူး။ ရေတံခွန်အဆင့်ဆင့်တက်ပြီး ရေချိုးရတာကိုကလည်း ပျော်စရာတစ်ခုလို ဖြစ်နေတာ။ လူကြီးတွေလည်း လာကြပြီး အောက်ဘက်ရေတံခွန်တွေမှာ ရေချိုးအပန်းဖြေကြသလို၊ လူငယ်တွေကတော့ အထက်ဘက်က ရေတံခွန်အဆင့်တွေဆီ တက်ပြီး ရေဆော့ကြပါတယ်။ အထက်ဘက်က ပိုလှတယ်။ ရေကူးကန်ငယ်လေးတွေလို အကန့်လေးတွေဖြစ်နေတာမို့ ပိုသဘောကျမိတယ်။ အချိန်များများရရင်တော့ ဟိုးအပေါ်ဆုံးနားထိ တက်စေချင်ပါတယ်။ လူငယ်တွေကို ပြောတာပါ။


သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေက ကျွန်တော်တို့လို နိုင်ငံတွေမှာပဲ ပိုပြီး သဘာဝကျကျ ဖြစ်ထွန်းနိုင်တော့မှာပါ။ ဒါမျိုးကို နိုင်ငံခြားသားခရီးသွားတွေ အရမ်းကြိုက်ကြတယ်။ ကျွန်တော်တို့ဆီမှာ ရှိနေတဲ့ သဘာဝအလှကြီးကို တန်ဖိုးထားချစ်ခင်ရင်းနဲ့ နမ့်မွန်ကြီးရေတံခွန်ကို မရောက်သေးသူတွေလည်း ရောက်အောင်သွားကြည့်ဖို့နဲ့ ရောက်ဖူးပြီးရင်လည်း ကျွန်တော့်လို အထပ်ထပ်အခါခါ ပြန်သွားလည်ဖို့ ဖိတ်ခေါ်ချင်ပါသေးတယ်။ နေပူဒါဏ်မခံရအောင် ဇိမ်နဲ့စီးရတဲ့ Royal Boat လေးတော့ သေချာစီးခဲ့ပေါ့ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Min Hsan, Htet Paing Phyo, Ko Tun Lin Maung

Camera :: SONY Alpha 7II with 16 - 35mm Lens & Canon 6D with 85mm lens

Photos are modified in Lightroom by Thiha Lu Lin.

241 views0 comments

Comentarios


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page