Thiha Lu Lin

Aug 28, 20212 min

မန္တလေးနဲ့ မနီးမဝေး က ယက္ကန်းစင်တောင်

မန္တလေးကို ခဏခဏအလည်ရောက်လို့ ဟိုနားဒီနား အပြောင်းအလဲ ခရီးစဉ် စိတ်ဝင်စားသူတွေအတွက် ယက္ကန်းစင်တောင် သွားလည်တာက အတော် ပျော်စရာ ဖြစ်မှာပါ။ ဆုတောင်းပြည့်တာတို့ အဓိဌာန်အောင်တာတို့ လို ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် သွားရောက် ကိုးကွယ်ပူဇော်တဲ့ အလေ့အထကတော့ ဟိုးကတည်းက ရှိခဲ့ပြီးသားလို့ သိရပါတယ်။ တောင်တော်ဝန်းကျင်မှာ ၁၉၉၁ ခုနှစ် အမှတ်အသားပါ ကျောင်းတိုက်အဆောက်အဦး တော်တော်များများ တွေ့ရတာသတိပြုမိတယ်။ ဖြစ်နိုင်ချေရှိတာကတော့ အဲ့ဒီခုနှစ်ဝန်းကျင်မှာ ဒီတောင်ပေါ် ပိုစည်ပင်စပြုလာတဲ့သဘော ရှိပါတယ်။

မာတိကာ

  • ယက္ကန်းစင်တောင် ကို ဘယ်လိုသွားသလဲ

  • တောင်ခြေက မဟာဘဒ္ဒမုနိစေတီတော်

  • ယက္ကန်းစင်တောင်ပေါ် ခြေလျင်ခရီး

  • ကျန်းမာရေးအားကစားလုပ်ဖို့လည်း သင့်လျော်တဲ့တောင်

  • သတိပြုရမှာက

မန္တလေးနဲ့ မနီးမဝေး က ယက္ကန်းစင်တောင် လေးကို ရောက်တော့ ဓါတ်ပုံရိုက်ဖို့အတွက်ရော… ဘုရားဖူးခရီးစဉ်အနေနဲ့ရော… ကျန်းမာရေးလေ့ကျင့်ခန်းလုပ်ဖို့အနေနဲ့ရော… သဘောကျမိသွားတယ်။

ယက္ကန်းစင်တောင် ဆီ

ခရီးက မန္တလေးကနေဆို မတ္တရာမြို့အလွန် စဉ့်ကူးမြို့နယ်မှ ကြိုဆိုပါ၏ ကျောက်တိုင်လေးကျော်သွားရင် လမ်းရဲ့ဘယ်ဘက်အခြမ်းမှာ မုခ်ဦးကြီးနဲ့ ယက္ကန်းစင်တော်သို့ ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ တွေ့ရပါမယ်။ အဲ့ဒီလမ်းအတိုင်း အတွင်းကို အတော် ဝင်ရပါတယ်။ လမ်းတလျှောက် ယက္ကန်းစင်တောင်သို့ ဆိုတဲ့ ဆိုင်းဘုတ်အနီရောင် သေးသေးလေးတွေ တော်တော်များများ စိုက်ထူလမ်းပြထားတာ သတိပြုမိလို့ မှားစရာတော့ မရှိပါဘူူး။ ကားနဲ့ တောင်အတော်မြင့်တဲ့နေရာထိ တက်လို့ရပါတယ်။

တောင်ခြေက မဟာဘဒ္ဒမုနိစေတီတော်

ဓါတ်ပုံလှလှ ရိုက်ဖို့ ကြိုက်သူတွေအတွက် အတော်သဘောကျကြမဲ့ စေတီလည်း ဖြစ်ပါတယ်။ စေတီတည်ထားတဲ့ ပုံစံထူးခြားပြီး အရံစေတီလေးတွေကြောင့် စေတီရင်ပြင်ကြီးတစ်ခုလုံးဟာ သပ္ပါယ်နေတာကို စရောက်တာနဲ့ ခံစားကြရမှာပါ။ ဒီ မဟာဘဒ္ဒမုနိစေတီတော် ဟာ ပါချုပ်ဆရာတော်ကြီး ရဲ့ သစ္စာနန္ဒဓမ္မစင်တာ ဝန်းကြီးထဲမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ လမ်းအပြင်ကနေဆိုရင်တော့ သစ္စာနန္ဒဓမ္မစင်တာ ဆိုတဲ့ မုခ်ဦးကြီးကိုပဲ မြင်ရမှာပါ။ အဲ့ထဲကို ကားဝင်ပြီး ဝင်ဝင်ချင်း ညာဘက်ခြမ်းမှာ ဖြစ်ပါတယ်။ ဆရာတော်ကြီး ရဲ့ မေတ္တာနန္ဒဆေးရုံလည်း ရှိပါသေးတယ်။ စေတီရဲ့ နောက်ဘက်ခြမ်းမှာ ပါချုပ်ဆရာတော်ရဲ့ ပုံတူရုပ်တုကိုလည်း မြင်တွေ့ဖူးမြော်ကြရပါသေးတယ်။

ယက္ကန်းစင်တောင်ပေါ် ခြေလျင်ခရီး

တောင်ခြေကနေ မြစ်ဆိပ်ကို မြင်တွေ့ရပြီး လမ်းညွှန်ဆိုင်းဘုတ်အတိုင်း ရွာလေးကို ပတ်လို့ တောင်ပေါ်တက်သွားရင် လမ်းကလည်း မတ်လာသလို အကွေ့အကောက်နဲ့ လမ်းကျဉ်းလေးမှာ အတော် ဂရုစိုက် မောင်းနှင်ကြရပါတယ်။ ကျွန်တော်တို့ကတော့ ကံကောင်းစွာပဲ အတက်အဆင်းမှာ ကားဆုံတာ မရှိခဲ့ပါဘူး။ ကား နှစ်စီးဆုံရင် လွတ်လွတ်ကျွတ်ကျွတ် ရှောင်ဖို့ နည်းနည်းတော့ ကြိုးစားကြရမဲ့အနေအထားမျိုး မြင်မိပါတယ်။ တောင်တက်လမ်းပေါ်မှာ ဆင်ပုံစံကျောက်တုံးကြီးတွေနဲ့ စေတီဖြူလေးတွေ တည်ထားတာ မြင်ကြရပါမယ်။ ကားရပ်နားလို့ရမဲ့ တောင်ပေါ်နေရာအဆုံးရောက်ရင် သိပ်လှတဲ့ ဧရာဝတီမြစ်နဲ့ မပေါင်းစုံသေးမီ မြောင်မြစ်ရဲ့ အလှနဲ့ တောင်ခြေမှာမြင်ခဲ့ရတဲ့ ရွာ၊ မေတ္တာနန္ဒဆေးရုံ နဲ့ သစ္စာနန္ဒဓမ္မစင်တာ၊ ပြီးတော့ မဟာဘဒ္ဒမုနိစေတီတော်တွေကိုလည်း အပေါ်စီးကနေ ပြန်မြင်ရပါသေးတယ်။ အဲ့ဒီကနေ ဆွမ်းစားဆောင်ထဲ ဝင်လိုက်တာနဲ့ အမိုးမိုးထားပြီးဖြစ်တဲ့ အုတ်လှေကားစောင်းတန်းလေးကို မြင်ရမှာပါ။ အဲ့အတိုင်း အပေါ်ဆက်တက်သွားရုံပါပဲ။ ၁၀ မိနစ်လောက် တက်ရင် ယက္ကန်းစင်တောင်ဆရာတော် ဦးသြဘာသ ရဲ့ ပုံတူနဲ့ အသုံးအဆောင်တွေကို အပူဇော်ခံထားရှိတာကို မြင်တွေ့ ဖူးမြော်နိုင်ပါမယ်။ အဲ့ဒီကနေ စေတီအဆူဆူကို တောင်တက်လမ်းတလျှောက်တည်ထားတာတွေ ပုံစံအမျိုးမျိုးနဲ့ ဖူးမြင်ကြရသလို၊ ကျောင်းတိုက်တွေ၊ နားနေဆောင်တွေကိုလည်း မြင်ကြရပါမယ်။ ရှုခင်းကြည့်ဖို့ အတော်ကောင်းတဲ့ ဘုရားရင်ပြင်တွေ၊ နားနေဆောင်တွေကနေ အဝေးက ဧရာဝတီမြစ်နဲ့ ရွာတွေ၊ လယ်ကွင်းတွေကို အပေါ်စီးအလှ ခံစားနိုင်စေပါတယ်။

ကျန်းမာရေးအားကစားလုပ်ဖို့လည်း သင့်လျော်တဲ့တောင်

ရှုခင်းလည်းလှသလို အုတ်လှေကားနဲ့ အမိုးတည်ဆောက်နေတဲ့ စောင်းတန်းကနေ နေရာအတိုင်းအတာ တစ်ခုထိပဲ ရှိသေးပြီး တကယ့်သဘာဝ ကျောက်နဲ့မြေလမ်းလေးတွေအတိုင်း တောင်ပေါ်တက်ရတာမို့ ဘုရားလည်းဖူးရင်း ကျန်းမာရေးလေ့ကျင့်ခန်းယူလိုသူတွေအတွက်လည်း ကောင်းပါတယ်။ ဖိနပ်ကိုတော့ တစ်ပါတည်း သယ်လာစေချင်ပါတယ်။ ကျွန်တော်က တောင်ခြေမှာ ချွတ်ထားမိတာမို့ ဟိုးအမြင့်ဆုံးနေရာအထိ ဆက်တက်ဖို့ ခြေဗလာနဲ့ အတော်နာကျင်ရတာကြောင့် လက်လျှော့ခဲ့ရပါတယ်။ အတော်အတန်ထိရောက်ပြီး ရှုခင်းတွေကို ခံစားခွင့်နဲ့ ယက္ကန်းစင်တောင်ဘုရားအမှတ်စဉ်တော်တော်များများ ဖူးမြင်ခွင့်ရခဲ့ပါတယ်။

သတိပြုရမှာက

တောင်တက်တောင်ဆင်း ကားလမ်းက နည်းနည်းကျဉ်းသလို ဖြစ်နေလို့ ကားမောင်းတဲ့အခါ သတိရှိပေးပါ။ တောင်ပေါ်မှာ မိုးများရင် ခြေချော်နိုင်လို့ သတိပြုပါ။ တော်တော်များများက အုတ်လှေကား နဲ့ ကျောက်ပေါတဲ့ လမ်းဖြစ်လို့ အရမ်းကြီးတော့ စိုးရိမ်စရာ မရှိလှပေမဲ့ သတိတော့ ပြုဖို့လိုပါတယ်။ အခုတောင် အမှိုက်တွေက ဟိုတစ်စ ဒီတစ်စ တွေ့ြုမင်နေရတာတော့ ဆိုးပါတယ်။ အမှိုက်တွေပစ်ပြီး အကုသိုလ်မယူမိဖို့ ခရီးသွားတိုင်း ကြိုးစားပေးကြပါ။ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿဖြစ်နေကြပါဦးမယ်ဗျို့။

ပြီးတော့ သွားမယ်ဆို မနက်ခင်းစောစော သွားကြပါ။ နေမြင့်လာတာနဲ့ တောင်ခြေက စေတီဆိုလည်း အရမ်းပူလာပါတယ်။ တောင်ပေါ်မှာတော့ လေက အေးပေမဲ့ နေက စူးပြီး ပူနေတာပါပဲ။ ချွေးလည်း ပိုထွက်တာမို့ ဖြစ်နိုင်ရင် ခပ်စောစောသွားတာ ပိုကောင်းပါတယ်။ ဓါတ်ပုံရိုက်ဖို့ကတော့ နေ့လည် အဆင်ပြေဖို့ မလွယ်ပါဘူး။ မနက်ပိုင်းနဲ့ ညနေစောင်းက အဆင်ပြေဆုံးဖြစ်ပါမယ်။

ယက္ကန်းစင်တောင် ခရီးကတော့ လူကြီးလည်းကြိုက် လူငယ်လည်းသဘောကျမဲ့ ခရီးစဉ်တစ်ခုလို့ မြင်မိပါတယ်။ တောတိုးတောင်တက် ခရီးစဉ်တွေ ကြိုက်တဲ့ လူငယ်တွေလည်း မပျင်းရစေသလို၊ ဓါတ်ပုံရိုက်ဖို့နေရာကောင်းကောင်းတွေ ရှိနေတဲ့အပြင် လူကြီးတွေ ဘုရားတွေဖူး၊ ကိုယ်ကိုးကွယ်ဆည်းကပ်ရာ ဆရာတော်ကြီးတွေရဲ့ အဆုံးအမနဲ့ ဂါထာတွေကို ကြားနာရွတ်ဆိုရင်း ကုသိုလ်ပွားများနိုင်ဦးမဲ့ နေရာလည်း ဖြစ်ပါတယ်။ သဘာဝကိုချစ်သူတွေအတွက်လည်း ရှုခင်းတွေကို ကြည့်ရင်းနဲ့တင် အတော် ကျေနပ်စရာဖြစ်စေမှာပါ။ မန္တလေးဝန်းကျင်က လည်ပတ်စရာနေရာလေးတစ်ခုကို တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။

Photo :: Thiha Lu Lin, Yamin Cho

Camera :: SONY Alpha 7II with 16-35mm Lens, Samsung Galaxy Note 10+

Photos are modified in Lightroom by Thiha Lu Lin.

    8060
    1