Thiha Lu Lin

May 17, 20171 min

တောင်ကြီးမြို့က စကောထမင်း

Updated: Sep 9, 2020

တောင်ကြီးမြို့ကို ဒီတစ်ခေါက် ကျွန်တော် ရောက်တော့ တည်းနေကျဟိုတယ်တွေက လူပြည့်နေလို့ နောက်ဆုံး တလောကမှ ဖေ့စ်ဘွတ်မှာ ကြော်ငြာတွေ့ထားတဲ့ ပန်းတင်လမ်းက New Light ဟိုတယ်ရောက်လာတယ်။ ညသန်းခေါင် ရောက်လာတော့ လူစည်ကားတဲ့နေရာနဲ့အတော်ဝေးတယ် ထင်မိတာ။ နောက်ရက်ကျမှ အနီးအပါး စားကောင်းတဲ့ဆိုင်လေးတွေ ရှိမှန်း သိရတော့တယ်။

ဒီနေ့လည်တော့ နီးနီးရှိတဲ့ စကောထမင်းဆိုင်ကို မျက်စိကျ ရွေးစားဖြစ်တယ်။ "ဆည်းဆာဝန်း" စကောထမင်းနဲ့ငါးကင်ဆိုင် ပါတဲ့ဗျာ။ လိပ်စာအတိအကျဆိုရင်တော့ အမှတ် (၂/၅၂၂)၊ ပန်းတင်လမ်းမကြီး၊ ဘုရားဖြူရပ်၊ နတ်ရေကန်ရှေ့၊ တောင်ကြီး ပါ။

ဆိုင်ရောက်တော့ ကားရပ်ဖို့ နေရာ သိပ်မလုံလောက်တာကြောင့် ဆိုင်လာတဲ့ကားတွေက ခြံထဲ ရှေ့နောက် ဆင့်ပြီး ရပ်ရတာရယ်၊ ရှေ့ကား ပြန်ရင် နောက်ကား ကပါ လိုက် ကားရွှေ့ပေးရတာရယ်လေးတော့ ရှိတယ်။ ခြံထဲမှာ တဲအိမ်လေး ၃ လုံးရှိပြီး တဲအိမ်လေးတွေမှာ တဲခန်းလေးတွေခွဲလို့ စားဝိုင်းလေးတွေ ပြင်ပေးတယ်။ စားပွဲဝိုင်းအပုလေးတွေမှာ ဖင်ထိုင်စားရတဲ့ပုံစံပါ။

ဝန်ထမ်းကလေးတွေက သိပ်သွက်လက်တာတော့ မတွေ့ရဘူး။ ဒါကတော့ ထုံးစံလိုဖြစ်နေပါပြီ။ ကျွန်တော်တို့ သွားတာ ၃ ယောက်မို့၊ ၃ ယောက်စာ စကောထမင်းဝိုင်းလေး စီစဉ်ပေးပါတယ်။ စကောထမင်းထဲမှာ ဝက်၊ ကြက်၊ ငါး အသားစုံထည့်ပေးပေမယ့် ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်က ငါးမကြိုက်ဆိုတာကြောင့် ဝက်တစ်မျိုးကို ငါးအစား စီစဉ်ပေးမယ်ပြောပါတယ်။ ငါးကင်၊ ကြက်ကြော်၊ ရေကြက်ကြော် စတာတွေကို သပ်သပ် ထပ်မှာနိုင်ပါသေးတယ်။

စကောထမင်းရောက်လာတော့ အညိုရောင်သန်းတဲ့ထမင်း နဲ့ အနီရောင်သန်းတဲ့ထမင်း ၂ မျိုးကို ရောထည့်ပေးထားပါတယ်။ ရှမ်းဆန်စီးစီးလေးတွေက ကောက်ညင်းပေါင်းလေးတွေနဲ့တူနေတယ်။ စားကောင်းတယ်။ အလယ်မှာ ထမင်းတည်ပေးပြီး ဘေးဘက်ကနေ ဝက်နံရိုးကြော်၊ ဝက်ခေါက်ကင်၊ ကြက်သားဟင်း၊ ကန်စွန်းဥကြော်၊ အာလူးမျှင်ကြော်၊ ကိုက်လန်ကြော်၊ ညောင်ဖူးသုပ်၊ ခရမ်းချဉ်ပဲပုပ်ပန်ထွေ နဲ့ တို့စရာအစုံတို့ကို တည်ခင်းပြင်ဆင်ပေးထားပါတယ်။ ငါးအစား ဝက်နံရိုးကိုပဲထပ်ထည့်ပေးလိုက်တာ သတိထားမိတယ်။ အရည်သောက်အဖြစ်တော့ မုန်လာဥဖြူဟင်းချို ပေးပါတယ်။ နည်းနည်းပေါ့တယ် ထင်ရပေမယ့် ကျွန်တော်ကတော့ ကြိုက်တယ်။

ငွေရှင်းခါနီး အရမ်းခေါ်လည်း ရောက်မလာတာ၊ နောက် ဧည့်သည်တွေလာလို့ စားပွဲသိမ်းဖို့ ပြောနေပေမဲ့ အချိန်ဆွဲနေတာ တွေကိုတော့ သည်းခံပေးရပါတယ်။ ဘောက်ချာရောက်တော့ စကောထမင်းကို တစ်ဦးနှုန်း နဲ့ကောက်ယူထားတာ တွေ့ရပါတယ်။ ဒီလို ကောက်တာလေးတော့ သဘောကျမိတယ်။ တစ်စကောကို ဘယ်လောက်ဆိုပြီးယူတာထက် ခုလို ယူတော့ သက်သာဆယ် ထင်မိတယ်။ တစ်ဦးကို ၅,၅၀၀ ကျပ် ယူပါတယ်။ ၂ ဦးစာ၊ ၃ ဦးစာ ကစလို့ ၇ ဦး ၈ ဦးထိ လာစားနေကြတာ တွေ့ရပါတယ်။

ဝန်ဆောင်မှု သိပ်မကောင်းလှပေမယ့် အရသာနဲ့ဈေးနှုန်းလေးသင့်တင့်တာမို့ တောင်ကြီးမှာ စကောထမင်းစားမယ်ဆို ဒီဆိုင်ကိုလည်း သတိရသင့်ပါတယ်။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)
 

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

    1630
    0