Thiha Lu Lin

May 16, 20172 min

မြစ်ကြီးနားက စားကောင်းတဲ့ ကချင်ထမင်းဟင်းဆိုင်

Updated: Sep 9, 2020

Foodaholic Myanmar page မှာ ရေးကြတဲ့ Admin တွေထဲ နယ်စုံက စားသောက်ဆိုင်တွေအကြောင်းရေးတာ ကျွန်တော် အများဆုံးဖြစ်လောက်မယ်။ ခရီးထွက်ရတာ ကြိုက်တဲ့ ကျွန်တော်က အလုပ်ကိစ္စတွေကြောင့်ရော၊ ကျွန်တော့ရဲ့ ခရီသွား Page အတွက်ရော၊ အလည်သက်သက်ရော အကြောင်းအမျိုးမျိုးနဲ့ ခရီးတွေ ထွက်ရလေ့ရှိတယ်။ ခုလည်း ကျွန်တော် ဂျိန်းဖောမြေကို ရောက်နေပြန်ပြီ။ မြစ်ကြီးနားမြို့ ရဲ့ အေးချမ်းလှပမှုတွေက စိတ်ကို လန်းဆန်းစေတယ်။ ကချင်အစားအစာကို ကချင်ဒေသ အရသာနဲ့ အားပါးတရ စားဖို့ ရည်ရွယ်ချက်ကြီးကြီး ရှိနေတော့ နာမည်ကြီးတဲ့ ကချင်စားသောက်ဆိုင်တွေကို စူးစမ်းရပြန်တယ်။ တွေ့မဲ့တွေ့တော့လည်း နာမည်တပ်ထားတာ လုံးဝ မရှိတဲ့ဆိုင်။ လာစားကြတဲ့ လူတွေကတော့ များလိုက်တာ။ ကားပါကင်တောင် အတော်ရှာယူရတဲ့အဖြစ်။

ဒီ ကချင်စားသောက်ဆိုင်လေး ကို နာမည်ဘာကြောင့်မတပ်သလဲ မေးတော့ ဆိုင်ရှင်အဒေါ်ကြီးက...

"အန်တီတို့ဆိုင်က ဘာမှလည်း မဟုတ်သေးပါဘူး။ ဒီလောက် ရောင်းရတာက ဆိုင်နာမည်တပ်ရလောက်အောင် မဟုတ်သေးပါဘူး။"

ဆိုတဲ့ အဖြေပဲ ရတယ်။ ရေရေရာရာလည်း ပြောမပြဘူး။ ထားပါလေ။ ဒီလို နာမည်မရှိတော့ အဲဒီက ဒေသခံ ကားဆရာတွေကို ဒီဆိုင်သွားမယ် ပြောရင်တောင် သိပ်မသိကြဘူး ဖြစ်သွားတာပေါ့။ တချို့ကတော့လည်း ရွှေတပ်ကုန်း တဲ့။ တချို့ကျတော့လည်း သွပ်ပြားဆိုင် တဲ့။ တချို့ကျပြန်တော့ ရွှေလမ်းမဆိုင် တဲ့။ နာမည်ကို ခေါ်ချင်သလို ခေါ်ကြတယ်။ မြစ်ကြီးနားရောက်လို့ ရှာမယ်ဆိုရင် လိပ်စာသာ မှတ်သွားပြီး ရှာတော့နော်။

လိပ်စာက....

အမှတ် (၁၃၆)၊ ရွှေလမ်းမကြီးလမ်းသွယ် (၅)၊ ထွယ်ဆန်ရပ်ကွက်၊ မြစ်ကြီးနားမြို့။ (တချို့ကလည်း တပ်ကုန်းရပ် လို့ ခေါ်ကြပြန်တယ်။)

ဆိုင်က ဟင်းပွဲတွေကို ကြိုမှာထားရတတ်တယ်။ မဟုတ်ရင် နည်းနည်းစောင့်ရတယ်။ လူကျရင် ပိုစောင့်ရတယ်။ သူက အိမ်ချက်ပုံစံလေးတွေ များတယ်။ ကျွန်တော် က မနက်ကတည်းက ကြိုတင် ဟင်းပွဲမှာထားလိုက်တော့ နေ့လည် ရောက်တဲ့အချိန် အသင့်စားရုံပဲ။ ပြီးတော့ သူတို့က ကျွန်တော့တို့ကို ကချင်တွေပဲလို့ ထင်လို့ ကချင်အရသာအတိုင်း ချက်ပေးထားတယ်။ ဆိုလိုချင်တာက ရန်ကုန်က ဆိုရင် ရန်ကုန်လျှာနဲ့ ကိုက်မဲ့ အရသာ၊ နိုင်ငံခြားသားဆိုရင် နိုင်ငံခြားသားလျှာနဲ့ ကိုက်မဲ့ အရသာ ပြင်ပေးတယ်လို့ သိရတယ်။ အစပ်တွေ ဘာတွေ လျှော့တယ်ပေါ့။

ကျွန်တော် ဘာတွေစားဖြစ်လဲဆိုတော့ ကြက်သားထဲကဆို ကြက်ကချင်ချက်၊ ဝက်သားထဲကဆို ဝက်သားမိုးလွတ်ဆီဆမ်း၊ ဝက်သားထောင်း၊ ဝက်အူနု/မကြော်၊ ဝက်ခေါင်းသုပ်၊ အမဲထဲက ဆိုရင် အမဲထောင်း၊ အမဲလျှာကင်၊ ငါးထဲကတော့ ငါးကင် နဲ့ ငါးကလေးကြော်၊ အသီးအရွက်ထဲက ဆို မြင်းခွာရွက်သုပ် တွေ စားဖြစ်တယ်။ ကြက်ဥမွှေကြော်လည်း မှာသေးတယ်။ သူတို့က အိမ်ကြက်ဥ ပဲ ရှိတယ်ဆိုလို့ ကိုယ်တွေက ပိုတောင် ကြိုက်သေးဆိုပြီး အိမ်ကြက်ဥသေးသေး မွှေကြော်ကို ဈေးကြီးကြီး ပေးစားခဲ့ရတယ်ပေါ့ဗျာ။ ဒီဆိုင်က နာမည်ကြီးဆိုင်တွေထဲက တစ်ခုမို့ အရသာကတော့ ပြောဖွယ်မရှိအောင် စားကောင်းပါတယ်။ ပိုပြီး စားကောင်းတဲ့ တချို့ဟင်းလျာတွေ ကုန်သွားလို့ မစားလိုက်ရတာတော့ နှမြောမိတယ်။

မြစ်ကြီးနားကို ကြုံကြိုက်လို့ ဒီဆိုင်ကိုရောက်ဖြစ်မယ်ဆိုရင် ကြက်ဆန်လှော်၊ ဝက်သားမိုးလွတ်ဆီဆမ်း၊ အမဲလျှာကင်တွေ ဒီဆိုင်မှာ စားကြည့်လှည့်ပါ။ ခရုဟင်း လည်း အရမ်းကောင်းပါတယ်။ ထမင်းကိုတော့ ဖက်လေးနဲ့ထုပ်ပြီး ဖက်နံ့သင်းသင်းလေးနဲ့ စားရပါတယ်။ ဝက်သားမိုးလွတ်ဆီဆမ်းကတော့ အရောင်းရဆုံးဟင်းထဲ ပါတယ်။ မိုးခိုသားလို့ ပြောရမလား၊ နူးညံ့ချိုမြိန်တဲ့အရသာလေးနဲ့ စားသုံးရတယ်။ ဝန်ထမ်းတွေကတော့ နယ်တွေရဲ့ ထုံးစံ ပွင့်လင်းဖောရွေပေမဲ့ အရမ်းတော့ တက်ကြွလှမှာ မဟုတ်ပါဘူး။ အိမ်ကို လာနေကျဧည့်သည်ကို နှုတ်ဆက်ဧည့်ခံတဲ့ပုံမျိုးထက်တော့ ပိုပြီး မမျှော်လင့်ပါနဲ့။ စကားပြောကြည့်ရင်တော့ သူတို့ စိတ်ရင်းလေးတွေ ရိုးသားဖြူစင်တာကို သတိပြုမိပါလိမ့်မယ်။

နေရာထိုင်ခင်း အခက်အခဲ ရှိပါတယ်။ ကြိုတင် စားပွဲယူထားသင့်တယ်။ အခန်းဆောင်လေးတွေနဲ့လည်း စားလို့ရတယ်။ ကြိုတင်မှာထားရတာပါပဲ။ ခုတော့ နောက်ဘက်မှာ အဆောင်သစ်တွေ ထပ်ဆောက်နေတယ်လို့ ပြောတယ်။ ဆိုင်က ပိတ်ရက်မရှိဆိုပေမဲ့ တနင်္ဂနွေနေ့မှာတော့ နေ့လည် (၁) နာရီမှ စဖွင့်ပါတယ်။ ဈေးကတော့ ကြီးပါတယ်။ ဒီဆိုင်တစ်ခုတည်းမှ မဟုတ်ပါဘူး။ ဆိုင်တော်တော်များများ ဈေးကြီးပါတယ်။ ဆိုင်အားလုံးနဲ့ ပြန်ယှဉ်မယ်ဆိုရင်တော့လည်း သူတို့အရပ်နဲ့သူတို့ ဈေးက ပုံမှန်လို့ပဲ ဆိုရတော့မှာပေါ့ဗျာ။ မြစ်ကြီးနားရောက်ရင်တော့ ကျွန်တော့ ရဲ့ အကြိုက်ဆိုင်လေးမှာ စားကြည့်လှည့်ပါ။ ကြိုက်သွားရမယ်လို့ ရဲရဲကြီး အာမခံတယ်ဆို...။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

    1200
    0