Thiha Lu Lin

May 11, 20203 min

မြေနီ၊ ခေါင်ရည် နဲ့ တောင်ဇလပ်တွေဆီ... အပိုင်း (၁)

Updated: Sep 11, 2020

ဒီစာလေးကို ကျွန်တော် ၂၀၁၇ ခုနှစ်တုန်းက ရေးခဲ့တာပါ။ Website မှာ ပြန်လည် တင်ဆက်ထားတာ ဖြစ်ပါတယ်။

ကျွန်တော်ကကျတော့ စာရေးတာကို ကြိုက်လို့လားမသိဘူး။ သူများတွေ Post တစ်ခုတည်းနဲ့ ပြီးတဲ့ဟာမျိုးကို ကိုယ်က မပြီးနိုင် မစီးနိုင်ဖြစ်နေတတ်တယ်။ ခုလည်း ချင်းပြည်နယ်ဘက် ထွက်တဲ့ ခရီးစဉ်လေးကို အပိုင်းလေးတွေနဲ့ ရေးမယ် စိတ်ကူးမိပြန်တယ်။ စာများများရေးချင်မိတဲ့ ကျွန်တော့ကိုသာ အပြစ်ဆိုကြပါတော့ဗျာ။

ကြာပါပြီ ဒီခရီးလေးကို စီစဉ်နေတာ။ အကျိုးအကြောင်းက မတိုင်ဆိုင်လှတော့ ခု မတ်လထဲကျမှ အကောင်အထည်ပေါ်လာတယ်။ မိတ်ဆွေ ညီမငယ် နှင်းစန္ဒာဇော် ကိုလည်း ကျေးဇူးတင်မိတယ်။ သူ ညွှန်ပြပေးလို့ Naing Kee Shing ဆိုတဲ့ ချင်းပြည်နယ်တောင်ပိုင်း နယ်မြေကျွမ်းကျင်သူ Local Guide ညီငယ်နဲ့ သိကျွမ်းခွင့်ရရာကနေ ကိုယ်သွားမဲ့လမ်းကြောင်းလေးကို စိတ်ကူးပုံဖော်နိုင်ခဲ့တယ်။ ကိုယ်တွေ သွားချင်တဲ့ပုံစံကို သူလည်း ကြိုးစားပြင်ဆင်လုပ်ဆောင်ပေးရှာပါတယ်။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း ချင်းပြည်နယ် ကို ရောက်ခဲ့လေသတည်းပေါ့ဗျာ။

ကတိုက်ကရိုက် ခရီးနှင်

မြန်မာလေယာဉ်ရဲ့တွေထုံးစံအတိုင်း နာရီဝက်လောက်ကြိုသွား အိုခေလောက်တယ်ဆိုပြီး လေယာဉ်မထွက်ခင် ၄၅ မိနစ်လောက်ပဲ ကြိုရောက်နှင့်မိတဲ့ ကျွန်တော်တစ်ယောက် Check-in ကောင်တာပိတ်သွားပေမဲ့ လက်ခံကူညီပေးလို့ Boarding အချိန်မှာ အသည်းအသန် ပြေးလိုက်ရတာကတော့ ဒီခရီးမှာ သွားမဲ့ခြေလှမ်းတွေကို သွေးပူလေ့ကျင့်ခန်း ပေးလိုက်သလား ထင်ရပါတယ်။ စီစဉ်ထားတဲ့အတိုင်း လေယာဉ်နဲ့ ညောင်ဦးလေဆိပ်အထိ သွားပါတယ်။ အဲ့ဒီကနေ ကြိုတင် ချိတ်ဆက်ထားတဲ့ ကားဆရာ ကိုသက် က လာစောင့်ကြိုပေးနေပါတယ်။ မနက် ၆ နာရီ ၁၅ မိနစ် လေယာဉ်မို့ ညောင်ဦးလေဆိပ်ကို ၇ နာရီဝန်းကျင်လောက် ရောက်သွားတယ်။ ကားကလည်း အဆင်သင့်ရောက်နေပြီမို့ တစ်ဆက်တည်း ချင်းပြည်နယ် ကန်ပက်လက်မြို့ကို ထွက်ခဲ့လိုက်တော့တယ်။ လမ်းက ကောင်းတယ်။ ဘေးဘီဝဲယာရှုခင်းကလည်း မငြီးငွေ့စေဘူး။ ၅ နာရီ ခရီးလောက် မောင်းရတာ ဖြစ်ပေမဲ့ ကျွန်တော့အတွက်တော့ အိပ်လိုက်သွားဖို့ အချိန်တောင် မရလိုက်အောင် ပတ်ဝန်းကျင်ရှုခင်းတွေက စွဲဆောင်နေပါတယ်။

ချောက်မြို့ ဈေးထဲ လည်

မနက်စာကို လေယာဉ်ပေါ်မှာတင် လွေးလိုက်တော့ ဗိုက်က မဆာဘူး။ ကားသမားကိုသက် ကတော့ မေးရှာတယ် မနက်စာ စားဦးမလားတဲ့။ ဘယ်သူ့မှလည်း ဗိုက်မဆာကြ။ မနက် ၈ နာရီခွဲလောက်မှာ ချောက်မြို့ကို ရောက်တယ်။

ချောက်မြို့မှာ အအေးဗူးလေးဘာလေးဝယ်ရင်း ခဏနားဖို့ အချိန်ရတယ်။ ချောက်မြို့ ပြည်သူ့ဈေးကိုလည်ဖို့ အချိန်ပေးတာနဲ့ ဈေးထဲလည်ကြည့်တယ်။ အတော်စည်ကားတဲ့ဈေးမှန်း အဲ့ဒီကျမှသိတယ်။ လက်ကားဈေးကြီးတစ်ခုလို ဖြစ်နေပြီး ကုန်ပစ္စည်းအတော်များများကို ဆယ်စည်း တွေနဲ့ ရောင်းဖို့ ထုတ်ပိုးပြင်ဆင်ထားတာ တွေ့ရတယ်။ ဒါကိုကြည့်ပြီး ချင်းပြည်နယ်ဘက်ကမြို့တွေနဲ့ အနီးအပါးကရွာတွေက ဒီ ချောက်မြို့ဈေးထဲမှာ ပစ္စည်းတွေ လာဆင်းဝယ်ကြမယ်လို့ ခန့်မှန်းနိုင်တယ်။ ညောင်ဦးလေဆိပ်ကနေ ကန်ပက်လက်ကို သွားတဲ့အခါ ချောက်မြို့ကနေတဆင့် အနော်ရထာ ဧရာဝတီမြစ်ကူးတံတားကို ဖြတ်လို့ ဆိပ်ဖြူကို သွားတယ်။ ဆိပ်ဖြူကနေမှ ကန်ဇွန်းမ ကိုဖြတ်လို့ ဆောမြို့ဆီ၊ အဲ့ဒီကနေမှ ကန်ပက်လက်မြို့ကို လာခဲ့တာပါ။ ထူးခြားတာက ဒီခရီးစဉ်က မန္တလေးတိုင်း၊ မကွေးတိုင်း နဲ့ ချင်းပြည်နယ် (၃) ခုကို ဖြတ်သွားရတဲ့ ခရီးစဉ်ဖြစ်နေတာပါပဲ။

ကားလေးက Super Custom လေး။ သူ့ အရှိန်နဲ့ သူဟာသူတော့ ဟုတ်နေတယ်။ ကျွန်တော်က ခေါင်းခန်းမှာထိုင်တော့ ကိုယ့်ဟာကိုယ်တော့ အဆင်ပြေနေသား။ ဘေးဘီက ရှုခင်းလေးတွေက တဖြည်းဖြည်းပုံစံပြောင်းလာတယ်။ တောင်ပတ်လမ်းတွေ ဖြစ်လာတယ်။ တစ်ဖက်မှာ ချောက်၊ တစ်ဖက်မှာ တောင်။ ဒါပေမဲ့ နွေရာသီလည်း ဖြစ်ပြန်တော့ လမ်းက သွားလို့ကောင်းနေတုန်းပဲ။ မြေပြိုမှာလည်း မပူရဘူး။ လမ်းတွေကိုလည်း ပြုပြင်နေတာ တွေ့ရတယ်။ ဟိုငေး ဒီငေးနဲ့ ဗိုက်ထဲက တဂွီဂွီဖြစ်လာတော့မှ ဘယ်မှာ နေ့လည်စာ စားမလဲ မေးရတယ်။ ဒီဘက်ပိုင်းမှာက ဆောမြို့မှာစားတာ ပိုကောင်းတယ်လို့ဆိုတယ်။ မဟုတ်လဲ ဆောမြို့နဲ့ ကန်ပက်လက်က သိပ်မဝေးတော့လို့ ကန်ပက်လက်ကျမှစားလည်း ရတယ်ပြောပါတယ်။ ဒါပေမဲ့လည်း ဟာနေတဲ့ ဒီဝမ်းကိုဖြည့်ဖို့ ဆောမြို့မှာပဲ စားမယ် ဆုံးဖြတ်လိုက်တယ်။ ဆောမြို့အဝင်လေးက ရှုခင်းသာနေရာလေးမှာတော့ ခဏရပ်ပြီး ဓါတ်ပုံရိုက်လိုက်ကြသေးတယ်။

ဆောမြို့အဝင်က ရှုခင်းသာ

စည်ကားတဲ့ ဆောမြို့

ဆောမြို့ကလည်း စည်ကားတဲ့မြို့ပါပဲ။ မကွေးတိုင်းကနေ ချင်းပြည်နယ်ကို ကူးမဲ့ နေရာလေးလည်း ဖြစ်ပါတယ်။ အဲ့ဒီမှာရှိတဲ့ "အေးသရဖူ" ထမင်းဆိုင် လေးမှာ စားဖြစ်တယ်။ မြန်မာအစားအစာဆိုင်လေးပါ။ တစ်ဦးကို အသားဟင်းတစ်မျိုးနဲ့ ထမင်းအဝစား ၁၅၀၀ ကျပ် ပဲ ယူပါတယ်။ အရွက်၊ အရည်သောက်၊ အသုပ်၊ တို့စရာတို့ အားလုံး ပြင်ဆင်ပေးပါတယ်။ အရသာလည်း ကောင်းပါတယ်။ နွားနောက်သားဟင်းကို ဒီဆိုင်မှာ စတင်မြည်းစမ်းကြည့်လို့ရပါပြီ။ ထမင်းဆာဆာ နဲ့ အားရပါးရ စားလိုက်ရပေမဲ့ တစ်ဦးကို ၁၅၀၀ ကျပ်ပဲ ကျသင့်တာမို့ အတော်လေး သဘောကျနေမိတယ်။

ကန်ပက်လက် ရောက်ပြီ

ဆောမြို့နဲ့ ကန်ပက်လက်မြို့က သိပ်မဝေးတာမို့ ခဏလေးနဲ့ ကန်ပက်လက်မြို့ကို ဝင်လာတယ်။ ကန်ပက်လက်မြို့အဝင်မှာ ဆိုင်းဘုတ်လေးနဲ့ အပြေးအလွှားဓါတ်ပုံရိုက်ရသေးတယ်။ ကားဆရာကိုသက်က ကန်ပက်လက်မြို့အဝင်က ရှုခင်းသာနေရာလေးမှာ ခဏနားရင်း အင်တာနက်သုံးဖို့ အကြံပေးတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်က သူလာတော့ သူ့ဧည့်သည်တွေ အင်တာနက်သုံးချင်တာ မြို့ထဲမှာ မမိလို့ ဒီနေရာထိ ပြန်ဆင်းလာပြီး လာသုံးရတယ်လို့ ပြောပါတယ်။ ဒါကြောင့် ကိုယ့်မှာ အရေးတကြီး အင်တာနက်သုံးဖို့လိုအပ်ရင် ဒီမှာတစ်ခါတည်း သုံးသွားသင့်တယ်ဆိုတာနဲ့ ကျွန်တော့မှာ ပြာပြာသလဲ Email တွေစစ်၊ Facebook Notification တွေ ကောက်ဖွင့်ရတော့တယ်။ ဓါတ်ပုံလေး နှစ်ပုံလောက်လည်း အမြန်တင်ရတယ်ပေါ့ဗျာ။ သုံးလို့ဝပြီဆိုမှပဲ မြို့ထဲဝင်ခဲ့ကြတယ်။ တကယ်တမ်း ကန်ပက်လက်မြို့ထဲရောက်တော့ အင်တာနက်က အခြေအနေကောင်းပါတယ်။ MPT အဆင်ပြေတယ်ပေါ့နော်။ တာဝါတိုင်အသစ်ဆောက်ထားတာလည်း တွေ့လိုက်မိတယ်။ မြို့လမ်းလေးအတိုင်း သွားကြည့်နိုင်ဖို့ ကားကို တစ်ဖက်ထိပ်မှာ ရပ်ပေးပြီး ကျွန်တော်တို့တွေ ဆင်းလျှောက်ကြတယ်။ ကားက ဟိုးဘက်ထိပ် ချင်းအမျိုးသားနေ့ကျင်းပတဲ့ကွင်းမှာ သွားရပ်စောင့်နေခဲ့တယ်။ ဒီလမ်းလေးက မြို့ရဲ့ အစည်ကားဆုံးလမ်းလေးဖြစ်သလို ဈေးတန်းလေးလည်း ဖြစ်ပါတယ်။ ကန်ပက်လက်မြို့ဟာ တကယ့်တောင်ကမ်းပါးတွေမှာ ဆောက်ထားတဲ့ အိမ်လေးတွေအများအပြားနဲ့ အသည်းယားစရာ လှလှပပ တည်ရှိနေပါတယ်။ ရာသီဥတုက နွေရာသီမှာတောင် အေးစိမ့်စိမ့်နဲ့ နေလို့ကောင်းတယ်။ ဆောင်းတွင်းဆိုရင်တော့ မတွေးဝံ့ဘူး။ ဆိုင်ကယ်ကို အဓိကထား အသုံးပြုကြပေမဲ့ အသွားအလာများတာမျိုးတော့ မရှိဘူး။ တခါတခါဆို လူတောင်ပြတ်သလိုလို ထင်ရတယ်။

တည်းဖြစ်တဲ့ နေရာလေး

ချင်းအမျိုးသားနေ့ကျင်းပတဲ့ကွင်းကနေ ကားနဲ့ပဲ တောင်ပေါ်ဆက်တက်ရင်း ဒီတစ်ည တည်းခိုမဲ့ Mountain Oasis Resort ကို ရောက်လာခဲ့တယ်။ ဒီတစ်ဝိုက်မှာ တည်းချင်စရာ ဟိုတယ်လေးတွေက အတော်များပါတယ်။ တချို့ကလည်း ရိုးရာအိမ်လေးတွေ ပုံစံအတိုင်း၊ တချို့ကလည်း ခေတ်မီအသွင်အပြင်နဲ့ အမျိုးမျိုး ဖန်တီးစွဲဆောင်ထားကြတယ်။ ကျွန်တော်တို့တည်းဖြစ်တဲ့ Mountain Oasis Resort လေးကလည်း မိသားစုပုံစံလေးနဲ့ နွေးထွေးတယ်။ ဘန်ဂလိုပုံစံလေးနဲ့ ကျစ်ကျစ်လျစ်လျစ်လေး။ အိမ်ပုံစံလေးပေမဲ့ ကျဉ်းတယ်။ အိပ်ခန်းနဲ့ အိမ်သာ၊ ရေချိုးခန်းတွဲရက်လေးက ကျွန်တော့အထင် တစ်ဦးတည်းအတွက်ဆိုရင်တော့ အတော်ပဲ။ ဒါပေမဲ့ ဒါဟာ နှစ်ဦးစာအတွက် ဖြစ်ပါတယ်။ ဧည့်သည်အရမ်းများတဲ့အချိန်ဆို ကုတင်တွေကိုထုတ်ပြီး ၃ ယောက်၊ ၄ ယောက်တောင် တည်းခိုကြတယ်လို့ သိရတယ်။ တည်းခိုဖို့ ဆောက်ထားတဲ့ ဘန်ဂလိုလေးတွေက ထင်းရှူးတောထဲမှာမို့ နေရတာ တောအုပ်လေးတစ်ခုထဲနေရသလိုမျိုး ခံစားရတယ်။ တစ်ယောက်တည်းဆိုရင်တော့ နည်းနည်း ခြောက်ခြားစရာဖြစ်နေမလားဘဲ။ ကျွန်တော်နေတဲ့ ဘန်ဂလိုရှေ့ဘက်မှာ လင့်စင်လေးတစ်ခုထိုးထားတာတွေ့တယ်။ အဲ့ဒီကနေ ရခိုင်ရိုးမတောင်တန်း၊ ချင်းတောင်တန်း တွေရဲ့ နေဝင်ချိန်အလှကို ခံစားနိုင်တယ်။ အောက်ဘက်ငုံ့ကြည့်ရင်လည်း ကန်ပက်လက်မြို့ရဲ့ အစိတ်အပိုင်းတချို့ကို မြင်ရသေးတယ်လေ။

ဒီမှာ မီးမရတဲ့အတွက် မီးစက်နဲ့ မီးပေးပါတယ်။ ဒါပေမဲ့ ညနေ ၅ နာရီကနေ ည ၁၀ နာရီ အထိပဲ ပေးတာပါ။ ပေးတဲ့မီးအားက ပါဝါသိပ်မပြည့်လို့ထင်ပါရဲ့ ဖုန်းအားသွင်းရင်တောင် တော်တော်နဲ့ အားမပြည့်ဘူး။ ကျွန်တော်ဆို စိတ်မရှည်လို့ Power Bank နဲ့ပဲ အားသွင်းလိုက်တယ်။ အဲ့ဒါကမှ ခဏလေးနဲ့ အားပြန်ပြည့်သေးတယ်လေ။ ကန်ပက်လက်မြို့က ဒီ Resort ကိုရောက်တော့ နေ့ခင်း ၂ နာရီလောက်ပဲ ရှိသေးတယ်။ နတ်မတောင် တက်ဖို့ကလည်း အချိန်ကနောက်ကျနေပြီမို့လို့ မနက်ကျမှပဲ တက်တော့မယ်ဆိုပြီး နေ့လည် ခဏနားလိုက်ကြတယ်။ အင်တာနက်လေးက ဒီမှာလည်း အဆင်ပြေနေတော့ မပျင်းရဘူးပေါ့။ မီးမရှိတဲ့အတွက် တီဗီတွေ ရေခဲသေတ္တာတွေလည်း အခန်းထဲ မရှိဘူး။ ရေခဲလိုချင်တယ်ဆိုရင်တောင် ရောင်းမပေးနိုင်ဘူး။ ဘီယာသောက်မလား၊ အရက်သောက်မလား။ ဒီအတိုင်း ခပ်ပူပူလေး သောက်တတ်လို့ကတော့ ကိုင်သာကိုင်လိုက်တော့ပဲ။ မြို့ကြီးတွေမှာလို ချေးများနေလို့မရဘူး။ ညနေစောင်းတော့ လင့်စင်လေးပေါ်တက်ပြီး နေဝင်ချိန် ထိုင်ငေးကြ၊ ဓါတ်ပုံတွေရိုက်ကြ လုပ်ရတယ်။ ပြီးတော့ နောက်တစ်နေ့အစီအစဉ်တွေနဲ့ ပြင်ဆင်ရမဲ့ကိစ္စတွေကို တောင်တက်ခရီးစဉ်လိုက်ပို့ပေးမဲ့ Local Guide ညီငယ်လေး Tam Kalay နဲ့ ညှိနှိုင်းတိုင်ပင်မေးမြန်းရတယ်။ ဒေသခံတွေရဲ့ ဓလေ့နဲ့ အခြေအနေတွေလည်း စုံစမ်းရတယ်ပေါ့။ ဒီကန်ပက်လက်မြို့ကနေ နာရီဝက်လောက် ဆိုင်ကယ်နဲ့သွားလို့ရတဲ့ နေရာတစ်ခုမှာ ရေတံခွန် လှလှတစ်ခု ရှိနေတယ်။ ကျွန်တော်ကတော့ အချိန်မရလို့ မရောက်နိုင်လိုက်ဘူး။ အဲ့ဒီရေတံခွန်ကို ဆိုင်ကယ်နဲ့သွားရင်လည်း ကျွမ်းကျင်သူဒေသခံတွေ မောင်းတဲ့ ဆိုင်ကယ်နဲ့သွားမှ အဆင်ပြေနိုင်တယ်။ တောင်စောင်းမှာ ဆိုင်ကယ်သွားလမ်းလောက်ပဲ ရှိတဲ့ လမ်းကလေးကနေ သွားရတာမို့ အခန့်မသင့်ရင် ချောက်ထဲ ကျနိုင်တယ်လို့ ဟိုတယ်က တာဝန်ရှိသူက ရှင်းပြတယ်။

အရသာရှိတဲ့ ဟိုတယ်ညစာ

နွားနောက်သားခြောက်သုပ်

ညနေစောင်းတော့ အအေးက ပိုပြီးကဲလာတယ်လို့ ခံစားရတယ်။ အနွေးထည်အပါးလေးပဲ ယူခဲ့မိတော့ ရှိတာလေးကိုပဲ နွေးအောင်ဝတ်လိုက်တယ်။ ညစာကို ဟိုတယ်မှာပဲ စားရမှာမို့ ဟိုတယ်ရဲ့ ထမင်းစားခန်းကို အပြေးသွားရတယ်။ တစ်နေရာနဲ့ တစ်နေရာ ဝေးတယ်လေ။ စားသောက်ခန်းထဲ ဝင်လိုက်တာနဲ့ မြင်လိုက်ရတာက ဟိုတယ်က ဝန်ထမ်းလေးတစ်ယောက် ထင်းချောင်းတွေထည့်ရင်း မီးဖိုနေတာ။ ဒီမီးဖိုက ဒီအခန်းကို နွေးနေအောင် ကူပေးမဲ့ သဘာဝ Heater တစ်မျိုးပဲပေါ့။ အဲ့ဒီညက ညစာကို နွားနောက်သားခြောက်သုပ်၊ ဒေသထွက်အားလူးဟင်း၊ ပဲဟင်း အပါအဝင် အသား၊ အရွက်စုံစုံလင်လင်နဲ့ စားလိုက်ရတယ်။ အားလူးကလည်း စေးစေးလေးနဲ့ သိပ်စားကောင်းတာပဲ။ ဟိုတယ်က တာဝန်ခံက အရမ်းဖောရွေပြီး စကားလည်းအပြောကောင်းတယ်။ ဒေသအကြောင်း စုံစုံလင်လင် ရှင်းပြတယ်။ လိုအပ်တာလေးတွေလည်း အကြံပေးတယ်။ နောက်တစ်နေ့ တောင်တက်ခရီးစဉ်မှာ ယူသွားဖို့ နေ့လည်စာဗူးကိုပြင်ဆင်ဖို့ ထမင်းကြော်နဲ့ ခေါက်ဆွဲကြော် ကြိုက်တာ မှာထားလို့ရတယ်။ ပုံမှန်အားဖြင့်တော့ ဧည့်သည်များရင် မနက်စာကို ဘူဖေးခင်းတယ်လို့ပြောပါတယ်။ ကျွန်တော်တို့သွားတဲ့အချိန်မှာတော့ ဧည့်သည်က ကျွန်တော်တို့အဖွဲ့ရယ်၊ ငှက်ကြည့်တဲ့ အဖွဲ့တစ်ဖွဲ့ရယ်ပဲ ရှိတာမို့ မနက်စာကိုပါ ဘာစားချင်သလဲ ကြိုမှာထားခဲ့ရပါတယ်။

စကားတပြောပြောနဲ့ ည ၉ နာရီထိုးမှ ဖုန်းအားသွင်းဖို့ ကိုယ့်ဘန်ဂလိုကို အမြန်ပြန်ပေးရတယ်။ ၉ နာရီခွဲလောက် သွားကြည့်တော့လည်း ဘက်ထရီက ထင်သလောက်မဝင်တဲ့အဆုံး ကိုယ့်ရဲ့ Power Bank နဲ့ပဲ အားသွင်းရင်း မီးစက်မပိတ်ခင် အမြန်အိပ်ပျော်ဖို့ ကြိုးစားရတယ်။ အိပ်တော့ပျော်သွားပါရဲ့ ညလယ်လောက်ကြီးကျမှ တရေးပြန်နိုးလာတော့ ကိုယ်နဲ့ စိမ်းနေသေးတဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းနေပြီး တောသံလေးတွေကြားနေရတာက ရှိနေတဲ့ စောင်ကို ခေါင်းအထိ ခြုံပြီး အမြန်ပြန်အိပ်ပျော်ဖို့ ကြိုးစားဖို့အကြောင်းဖြစ်လာတယ်။ ဒီလိုနဲ့ပဲ မိုးလင်းသွားတော့တယ်လေ။

အပိုင်း (၂) ဆက်လက်ဖတ်ရှုပေးပါခင်ဗျာ။ စရေးခါစတုန်းက အဲ့လို စာရှည်ရှည် ရေးမိတတ်လို့ပါ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

    1200
    0