Thiha Lu Lin

Jun 4, 20202 min

နာမည်ဆန်းတဲ့ ကဗျာသင်္ချိုင်း

Updated: May 1, 2021

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကို ကျွန်တော် ရောက်ခဲ့တော့ ဒေသခံမိတ်ဆွေတွေက ကဗျာသင်္ချိုင်း ရှိရာကို သွားလည်ဖို့ ညွှန်းကြတယ်။ နာမည်ဆန်းတဲ့ ဒီနေရာကို ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားတာမို့ သွားဖို့ အပြေးအလွှားလေးစီစဉ်လိုက်ရတယ်။ ရောက်သွားတော့လည်း စိတ်ကြည်နူးစရာ၊ လွမ်းမောဆွတ်ပျံ့ဖွယ်ရာလေး နေရာလေး ဖြစ်နေမှန်း သိလိုက်ရတယ်။ ဒီနေရာလေးအကြောင်းကို ကျိုင်းတုံမြို့ အကြောင်း ရေးတုန်းက အကျဉ်းလေး ထည့်ရေးဖြစ်ခဲ့တယ်။ ဒီတစ်ခါတော့ သီးသန့်လေး ရေးလိုက်ရပါတယ်။

ဘယ်လိုသွားမလဲ

ဒီ ကဗျာသင်္ချိုင်း ကို ကျိုင်းတုံမြို့ကနေပဲ လမ်းညွှန်ပြပါမယ်။ ကျိုင်းတုံမြို့ကနေ ကျိုင်းတုံ - တာချီလိတ်လမ်းအတိုင်း ဆိုင်ကယ် နဲ့ဆို တစ်နာရီကျော်ကျော်၊ အိမ်စီးကားနဲ့ဆို ၄၅ မိနစ်ခန့်လောက် မောင်းမယ်ဆိုရင် ပန်ကွဲရွာ ကို ရောက်မှာပါ။ ပန်ကွဲရွာ ရဲ့ အဝေးပြေးကားတွေ ခရီးတစ်ထောက်နားတဲ့ နေရာ ဈေးတန်းလေးတွေကြားမှာ အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီး ဆိုတဲ့ မုခ်ဦး ကို တွေ့ကြရပါမယ်။ အဲ့ဒီလမ်းသွယ်လေးအတိုင်း ကုန်းတက်ပြီး ဝင်လာရပါတယ်။ ကုန်းက အတော်မြင့်ပြီး မတ်ပါတယ်။ ဒီနေရာကို လာတဲ့ လမ်းခရီးတစ်လျှောက်ကလည်း သာယာတဲ့ လယ်ကွင်းလေးတွေ ဖြတ်သန်းလာရတာမို့ စိတ်ဝင်စားစရာ ရှုခင်းလေးတွေကို လှလှပပ ခံစားပြီး သွားရတာမို့ ပင်ပန်းတယ်တော့ မထင်ရပါဘူး။

ကဗျာသင်္ချိုင်း မရောက်ခင် ဘုရားဖူးချင်

ကဗျာသင်္ချိုင်း မရောက်ခင် ဉာဏ်တော်အတော်မြင့်တဲ့ အဘယရာဇမုနိရုပ်ပွားတော်မြတ်ကြီးကို တောင်ထွတ်တစ်နေရာမှာ တည်ထားတာ သပ္ပါယ်စွာ ဖူးကြရပါမယ်။ ရုပ်ပွားတော် ဖြူသောအဆင်းနဲ့ ဖြစ်ပြီး တောင်မြင့်တစ်နေရာမှာ တည်ထားတာဖြစ်လို့ ပိုပြီး ကြီးမားသယောင်လည်း ထင်ရပါတယ်။ ရုပ်ပွားတော်ရဲ့ အတွင်းကိုလည်း ဝင်ရောက်လေ့လာနိုင်ပါသေးတယ်။ ရုပ်ပွားတော်ရဲ့ ဘေးတစ်ဘက်တစ်ချက်မှာ ဝင်ပေါက်နှစ်ပေါက် ရှိပြီး အတွင်းဘက်နံရံတွေကိုတော့ ကြီးမားတဲ့ စကျင်ကျောက်သားချပ်တွေနဲ့ ဂေါတမဘုရားရဲ့ ဗုဒ္ဓဝင်ဇာတ်တော်ကို ရေးဆွဲထွင်းထုထားတာကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒီကနေ ဆက်တက်သွားမယ်ဆိုရင် တောရိပ်တောင်ရိပ်နဲ့ အေးချမ်းနေတဲ့ ကျောင်းတိုက်တွေကို တွေ့မြင်ကြရပါမယ်။ ချောင်းရေတွေ စီးဆင်းပြီး သာယာတဲ့ ရေတံခွန်လေး ဖြစ်ဖို့ ဖန်တီးထားသလို ငါးကန်ကြီးတစ်ကန်ကိုလည်း လှလှပပ တွေ့ရပါသေးတယ်။ အဲ့ဒီကနေ တောင်ပတ်လမ်းလေးအတိုင် ဆက်တက်သွားရင် အေးချမ်းလှပတဲ့ နေရာလေးတစ်ခုကို ရောက်လာပါမယ်။ အဲ့ဒီနေရာကတော့ ကဗျာသင်္ချိုင်း ပါ။

ကဗျာသင်္ချိုင်း

ဒီနေရာကို ဗုဒ္ဓဥယျာဉ် လို့ တင်စားခေါ်ဝင်ကြသလို၊ ကဗျာသင်္ချိုင်းလို့လည်း ခေါ်ဆိုကြပါတယ်။ နှစ်မျိုးစလုံးက ထူးခြားပြီး စွဲဆောင်မှုရှိတဲ့ နာမည်လေးတွေလို့ မြင်မိပါတယ်။ ဒီနေရာလေးဟာ ဝစီပိတ်ဆရာတော်ကြီးရဲ့ စိတ်ကူးအိပ်မက်တစ်ခုကို ဒကာတော်တစ်ဦး ဒါမှမဟုတ် တစ်ဖွဲ့က ဖြစ်မြောက်လာအောင် ပုံဖော်ပေးထားတာလို့လည်း ကြားရပါတယ်။

တောင်ပေါ်ရောက်တာနဲ့ အမြင့်ပိုင်းကို ဆက်ကြည့်ရင်း နားခိုစရာစောင်းတန်းပုံစံလေးတွေနဲ့ တရားအားထုတ်ဖို့ကောင်းတဲ့ နေရာလေးတွေ အများအပြားတွေ့ရတယ်။ ဒီဘက်ခြမ်းမှာတော့ နှင်းဆီပန်းခင်း ဖန်တီးထားတာ တွေ့ရပြီး၊ အခြားတစ်ဘက်မှာ နှင်းဆီခင်းတွေနဲ့အတူ ကဗျာနဲ့ စာတွေကို မှတ်တမ်းတင်ထားတဲ့ ကျောက်ပြားလေးတွေ အုတ်ခုံလေးတစ်ခုချင်းစီပေါ် စီရီတင်ပြထားတာကို တွေ့ရပါတယ်။ မုခ်ဦးဝိုင်းလေးတစ်ခုရှိပြီး အဲ့ဒီကနေအထဲကို ဝင်သွားရင် ဘာသာရေးအဆောက်အဦးတချို့နဲ့ ခြံခတ်ထားတဲ့ အတွင်းပိုင်းအဝန်းအဝိုင်းလေးမှာ နံရံတွေထက် ကဗျာလေးတွေ ချိတ်ထားတာ တွေ့ရပြန်ပါတယ်။ ဒီလို ကဗျာကောင်း စာကောင်းတွေကို အုတ်ဂူလို ခုံလေးတွေနဲ့ နံရံပေါ်မှာ ချိတ်ဆွဲထားတာကို တင်စားပြီး ကဗျာသင်္ချိုင်း လို့ ခေါ်ဆိုကြတာလို့ သိရတယ်။ တချို့ ကဗျာလေးတွေက ဘာသာရေးအကြောင်းအရာ အသိပေးချက်တွေ၊ တချို့က မျိုးချစ်စိတ်ဓါတ်နဲ့ ဆိုင်တာလေးတွေ၊ တချို့က ဘဝအတွေးအခေါ် ဒါတွေ ဒါတွေကို မြန်မာဘာသာနဲ့ရော ရှမ်းသာသာနဲ့ပါ ရေးထားသမျှ လေ့လာနိုင်ဖို့ စီစဉ်ပေးထားပါတယ်။ ရှုခင်းကောင်းပြီး အေးချမ်းဆိတ်ညိမ်လို့ ကျိုင်းတုံမြို့မှာ ကျွန်တော်သဘောကျတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ဖို့လည်း ရွေးချယ်သင့်တဲ့ နေရာကောင်းတစ်ခုပါ။

ကဗျာသင်္ချိုင်း က အပြန်

ဒီကနေ ကျိုင်းတုံကို ပြန်မယ်ဆိုရင် လမ်းတလျှောက် ဓါတ်ပုံရိုက်စရာ စပါးခင်းတွေ ရှိမယ်။ ဆန်အရက်ချက်တဲ့ ပန်လော့ရွာ ကနေ ဆန်အရက်ဝယ်လို့ မြည်းစမ်းကြည့်နိုင်တယ်။ ဒီရွာကနေ စ ဖြတ်ပြီး သွားခဲ့တဲ့ အသွားတုန်းကတည်းက ကို ချဉ်နံ့လေးတွေ ရနေခဲ့တာ၊ နောက်မှ အရက်ချက်တဲ့ ရွာမှန်းသိတယ်။ သူ့ရဲ့ အရှက်က အတော်များများ ကြိုက်ကြလို့ တကူးတက ရန်ကုန်ထိ ပြန်သယ်သူတွေတောင် ရှိကြပါတယ်။ အထားလည်းခံသတဲ့။ နောက် တောင်တန်းလေးနောက်ခံနဲ့ ဒေသခံ အဝတ်အစားလေးတွေ ဝတ်ပြီး ဓါတ်ပုံရိုက်အပန်းဖြေနိုင်တဲ့ ကာ်ဖီဆိုင်လေးတွေလည်း ရှိလို့ သွားရတာ ပျင်းစရာမကောင်းပါဘူး။

ကျိုင်းတုံရောက်ရင် လည်ပတ်ချင်စရာနေရာလေးတစ်ခုဖြစ်တဲ့ ဗုဒ္ဓဥယျာဉ် နဲ့ ကဗျာသင်္ချိုင်း လေးအကြောင်းကို ရုံးပိတ်ရက် ခရီးတွေသွားနေတဲ့ကြားက ကျွန်တော့်ရဲ့ ခရီးဖော်တွေ ဖတ်ဖို့ တင်ပြပေးလိုက်ရပါတယ်ဗျား။ ဒီပိတ်ရက်မှာ အန္တရာယ်ကင်းကင်း လည်ပတ်ခဲ့ကြပါနော်။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Photo :: Thiha Lu Lin, Sai Moan

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

    310430
    6