ထိုင်း လမ်းမထက်က အစားအသောက်များ | Thailand Street Food & Drinks
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ထိုင်း လမ်းမထက်က အစားအသောက်များ | Thailand Street Food & Drinks

ထိုင်းနိုင်ငံရောက်တိုင်း ထိုင်းနိုင်ငံရဲ့ လမ်းဘေးစာလေးတွေက ကျွန်တော်တို့ကို အရမ်းဆွဲဆောင်လွန်းပါတယ်။ လမ်းဘေးဈေးဆိုင်လေးပေမဲ့ သန့်မယ့်ပုံပေါ်နေတာကလည်း စားချင်စိတ်ကို ပိုပြီးနိုးဆွတယ်။ အစားအသောက်ရောင်းချတဲ့ အပြင်အဆင်ကလည်း ထူးခြားပြီး နောက်ထပ်ဆွဲဆောင်နေပြန်တော့ ထိုင်းနိုင်ငံက လမ်းတွေလျှောက်ကြည့်ပြီဆိုရင် ဗိုက်က အလိုလို ဟာလာတယ်။

Thai Street Food & Drinks

တချို့အစားအစာတွေက ကျွန်တော်တို့နိုင်ငံနဲ့ တူတယ်ထင်ရတယ်။ ဘယ်သူက မူလရင်းမြစ် ဖြစ်မလဲတော့ အတပ်မပြောရဲပါဘူး။ ဒါပေမဲ့ သူတို့က သူတို့အစားအသောက်တွေကို ခေတ်နဲ့အညီ အသစ်ဖြစ်ပြီး စားချင်စိတ်ဖြစ်နေအောင် စွဲဆောင်ဈေးရောင်းတတ်တာက ကျွန်တော်တို့ထက် သာတယ်။ ဘာမဟုတ်တာလေးကို ခရီးသွားဧည့်သည်တွေဆီက ငွေသဲ့ယူဖို့ လုပ်တတ်ကြတယ်။ ဒါလေးကို ကျွန်တော်တို့က ပြန်အတုယူသင့်တယ်လို့ မြင်မိတယ်။ တချို့ဆိုင်တွေကျတော့လည်း ဧည့်သည်ဆိုရင် ဂျင်း ထည့်မယ်ပဲ စဉ်းစားနေတာမျိုးလည်း သူတို့မှာလည်း ရှိပါတယ်။ ဒါကတော့ နိုင်ငံတိုင်း နေရာတိုင်း ရှိနေမြဲမို့ ကိုယ့်ဘာသာကိုယ် သတိထားရမဲ့ အပိုင်းပေါ့ဗျာ။ ဒါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက သွားချိန် သဘောကျမိသမျှ လမ်းဘေးစာလေးတွေပါ။ ခုဆို ပိုပြီး ဆန်းသစ်တာတွေ ရှိလာနေပြီ။


မုန့်နာမည်လေးကို မြန်မာနာမည်အတင်းပေးထားပါတယ်။ တချို့မုန့်တွေ မြန်မာလို အဆင်ပြေအောင် ပေးလိုက်လို့ လွဲသွားတာ ရှိနိုင်ပါတယ်။ ခွင့်လွှတ်ပေးကြပါ။ အတတ်နိုင်ဆုံး အစုံလင်ဆုံး ဖြစ်အောင် ကျွန်တော် ထိုင်းနိုင်ငံရဲ့ လမ်းဘေးအစားအသောက်တွေကို စုစည်းဖော်ပြပေးလိုက်လို့ အားလုံး သဘောတွေ့မယ်လို့ ယုံကြည်မိပါတယ်။ ပုံတစ်ပုံချင်းဆီအောက်မှာပဲ စာလေးတွေ ရေးတင်လိုက်ပါတယ်နော်။


ဗိုက်ဆာဖို့သာ ပြင်ထားပါတော့လေ။ ထိုင်းအစားအစာဆိုတာ ကျွန်တော်တို့ မြန်မာလျှာနဲ့တော့ ကိုက်တာ များပါတယ်။

Ready ဖြစ်ရင် ရှေ့ဆက်ကြည့်လိုက်ပါတော့....


Thai Fancy Beans Candy [Look Choop]

အထဲမှာ ပဲစိမ်းတွေကို အပေါ်က ကျောက်ကျောရည် စိမ် အုပ်ပြီး အသီးပုံလေးတွေ ဖော်ပေးထားတာ ချစ်စရာသိပ်ကောင်းတာပဲ။ ကျွန်တော် သွားတုန်းကတော့ တစ်ထုပ်ကို ၁၀ ဘတ် ပဲ။ ခုတော့ ဘတ် ၂၀ / ၂၅ ပေးရတယ်ပြောပါတယ်။ ပထမ ကျွန်တော်က အရမ်းချိုနေမလားဆိုပြီး မမြည်းစမ်းခဲ့ဘူးဗျာ။ သကြားလုံးထင်တာလေ။ ပြီးမှ စားကြည့်တော့ စိမ့်စိမ့်လေးနဲ့ စားကောင်းတယ်။


Green Mango with Fish Sauce, Sugar and Chilli [Mamong Kiyeo Napla]

သရက်သီး ငံပြာရည်ကို ထိုင်းမှာ စားရတာ ကျွန်တော်ပိုကြိုက်တယ်။ မြန်မာငံပြာရည်က နံတယ်။ လက်ရော ပါးစပ်မှာရော စွဲကျန်နေတယ်။ အဲ့ဒီတစ်ခုကို မကြိုက်ဘူး။ ထိုင်းငံပြာရည်ကတော့ အဲ့လို စွဲကျန်မရစ်နေလို့ စားပြီး တခြားကိစ္စ လုပ်လည်း သိပ်စိတ်အနှောင့်အယှက်မဖြစ်ရဘူးလေ။ ၂၅ ဘတ် ပေးရတယ်။


Coconut Ice-cream with Mango Topping [Maphraw Icetim]

အုန်းသီးဖတ်လေးတွေရယ်၊ အုန်းသီးရေခဲမုန့်ရယ် ပေါင်းစပ်ပြီး အပေါ်ကနေ မြေပဲ နဲ့ သရက်သီးစိပ်ထားတာလေး တင်ပေးလိုက်တာပါ။ အခြေခံကတော့ အုန်းသီးအခွံလွတ်ထဲမှာ အုန်းသီးဖတ် နဲ့ ရေခဲမုန့်ထည့်မယ်။ အပေါ်ကနေ ကိုယ်နှစ်သက်ရာ ထပ်ထည့်စားမယ် ပေါ့ဗျာ။ ဘတ် ၆၀ ပေးခဲ့ရပါတယ်။ တစ်နေရာနဲ့ တစ်နေရာ ဈေးမတူသလို ထည့်တဲ့ Topping ပေါ်မူတည်ပြီးလည်း ဈေးကွာတတ်ပါတယ်။


Grilled Pork Belly [Hmu Yang Hmu]

ဝက်ခေါက်ကင်ကတော့ စားလို့ကောင်းမှကောင်းပဲ။ ဒီအတိုင်း အထုတ်လိုက် ကိုင်စားပစ်လိုက်တာ။ တစ်ထုတ်ကို ဘတ် ၂၀၀ တောင် ပေးခဲ့ရတယ်။ Chatuchak Weekend Market က ဆိုင်လေးပါ။ သိပ်သဘောကျမိတယ်။


Assorted Meatballs and Sausages on sticks [Lookchin Lea Sikrok Tang]

အသင့်စားအချောင်းစုံလေးတွေကို ကြော်ထားတာပါ။ ကျွန်တော်တို့ဆီက လမ်းဘေးမှာလည်း ရောင်းတဲ့ ကိုးရီးယားအကြော်စုံ ဆိုတာပါပဲ။ ကိုယ်တွေဆီမှာလည်း ထိုင်းက လာတဲ့ ရယ်ဒီမိတ်တွေပဲ ရောင်းကြတာများပါတယ်။ အရသာက တူတူပဲ။ အချဉ်ရည်မှာပဲ ထိုင်းအရသာ ကို ပိုခံစားရတယ်။ ကြက်ကြောလုံး၊ ကြက်အူချောင်း၊ ဝက်အူချောင်း ဒါလေးတွေပါပဲ။ ကျွန်တော် ဝယ်စားခဲ့တဲ့ ဆိုင်မှာ အနီရောင်အပြားလေးတွေက ၅ ဘတ် နဲ့ ကျန်တာ ၁၀ ဘတ် တွေ ပေးခဲ့ရပါတယ်။


Tom Yam Soup with Shrimp [Tom Yam Kung]

တုံယမ်းခေါက်ဆွဲကို ပုစွန်၊ ကြက်ဥတွေနဲ့ စားရတာ ထိုင်းအရသာ စစ်စစ်ထွက်လို့ သိပ်သဘောကျမိတယ်။ ဘတ် ၄၀ ဝန်းကျင် ပေးရတတ်ပါတယ်။


Steamed Thai Blue Crabs [Puma Nung]

ပန်းကဏန်းပြုတ်ကို သူတို့ဆီမှာ ပိုများပေါသလားလို့ပါ။ ပင်လယ်စာ အကုန် ဈေးလည်း ပိုပေါသလိုပါပဲ။ ကိုယ့်ဆီမှာ စားချင်ရင်တောင် လမ်းဘေး ခုလို လွယ်လွယ်စားမရဘူးရယ်။ ဈေးကတော့ ဘတ် ၂၀၀ ဝန်းကျင် ရှိတတ်ပါတယ်။ သူတို့ရဲ့ ပင်လယ်စာအတွက် ပြင်ပေးတဲ့ အချဉ်ရည် ဆော့စ် က အရမ်းကောင်းတော့ အတော် စားကောင်းတယ်။


Thai Pork Legs Stew [Kha Muu]

ဝက်ခြေထောက်စတူး ကိုတော့ မြန်မာပြည်မှာ စားရတာ ပိုကြိုက်သလိုပဲ။ သူတို့လည်း အရသာကောင်းပေမဲ့ ဝက်ခြေထောက်ပေါင်းက သူတို့ရဲ့ ဟင်းခတ်အမွှေးအကြိုက်ထက်စာရင် တရုတ်ဟင်းခတ်အမွှေးအကြိုင်နဲ့များ ပိုလိုက်ဖက်မလား တွေးမိတယ်။ တစ်ပွဲကို ဘတ် ၆၀ - ၁၀၀ ဝန်းကျင် အစားစား ရှိတတ်ပါတယ်။


Black Sticky Rice with Coconut Milk Topping [Bee Koh Moy]

သာခွေယိုင်နဲ့ တူပါတယ်။ ကောက်ညှင်းငချိတ်မှာ ပဲစေ့လေးတွေ ပါသေးတယ်။ အဲ့ဒါကို အပေါ်ကနေ အုန်းနို့ရည် ဆမ်းပေးထားတာ။ အချိုပွဲအနေနဲ့ စားကောင်းပါတယ်။ တစ်ခွက်ကို ဘတ် ၂၀ ဝန်းကျင် ပေးရတတ်တယ်။


Thai Chicken Stew [Kai Tuon]

ကြက်သားကို ဝက်ခြေထောက်စတူးပုံစံ နှပ်ထားတာပါ။ အရသာက ဝက်ခြေထောက်စတူးနဲ့ တူပါတယ်။ အသားမှာပဲ ကွာသွားတာပေါ့နော်။ ထမင်းနဲ့ တွဲစားရတယ်။ ထမင်းတစ်ထုတ်ကို ၁၀ ဘတ် ပေးရတယ်။ ကောက်ညှင်းနဲ့ စားချင်လည်း ရတယ်။ ၁၀ ဘတ်ပဲ။ ဒီကြက်သားနှပ်ကြော် တစ်ထုပ်ကိုတော့ ဘတ် ၄၀ ပေးရပါတယ်။


Thai Chicken Satay with Coconut Sauce [Kai Satae]

ဒီ ကြက်သားချောင်းက အရှည်ကြီးရယ်။ သစ်သားချောင်းနှစ်ခု ကြားမှာ ကြက်သား ၃ တုံးကို ညှပ်ပြီး နှပ်ထားတယ်။ ဝယ်မဲ့သူလာရင် အုန်းနို့နဲ့လုပ်ထားတဲ့ အနီရောင် အနှစ်ထဲ (စပ်လည်းစပ်တယ်) စိမ်တယ်။ မီးဖိုပေါ်ကင်တယ်။ အနှစ် ထပ်သုတ်တယ်။ အဲ့ဒီလို ရောင်းတာပါ။ တစ်ချောင်းကို ဘတ် ၂၀ ပေးရတယ်။ အုန်းနို့ငရုတ်သီးအနှစ်နဲ့ စားလို့ကောင်းမှကောင်း။


Blood Cockles [Hoy Kraeng]

ပင်လယ်ချင်း (သွေးဂုံး) ကောင်တွေကို ကင်ပြီး ပင်လယ်စာအချဉ်နဲ့ စားလို့ရတယ်။ တစ်ပွဲမှာ အကောင်ရေ ၁၂ ကောင် ဝန်းကျင် ပါတယ်။ ဈေးက ဘတ် ၁၀၀ တဲ့။


Coconut Juice [Na Maphraw]

အုန်းစိမ်းရည်ကို အမျိုးမျိုးရောင်းကြတယ်။ အုန်းသီးအလုံးလိုက် ချက်ချင်း ခုတ်ပိုင်းပြီး ရောင်းကြတယ်။ ဒါကတော့ ကော်ပုလင်းလေးထဲ ထည့်ရောင်းတာပေါ့လေ။ အထဲမှာ အုန်းသီးခြစ်အဖတ်လေးတွေ ပါတယ်။ ရေခဲစိမ်လေး သောက်ရတော့ အရသာရှိတယ်ဆိုပါတော့။ တစ်ပုလင်းကို ၁၀ ဘတ် ပေးရပါတယ်။


Coconut Milk Jelly [Wun Khek Maphraw Kathi]

အချိုပွဲထဲမှာ ထိုင်းအချိုပွဲတွေကိုလည်း ကျွန်တော် သဘောကျမိတယ်။ ဘာကြောင့်လဲတော့ သေချာ မစဉ်းစားမိဘူး။ အချိုထက် အစိမ့်ကြိုက်တတ်လို့ ဖြစ်မယ်။ အုန်းနို့ပါတာမျိုးလေ။ ဒီ ဂျယ်လီလေးတွေကလည်း စားရက်စရာတောင် မရှိဘူး။ လှတယ်ထင်လို့။ ၁၀ ဘတ် ပေးရတယ်။


Green Curry [Greng Kiaw Wan]

ထမင်းနဲ့တွဲစားဖို့ ထိုင်းဟင်းတွေထဲမှာ အကြိုက်ဆုံးက ဒီ Green Curry ပါ။ Red Curry ထက် ပိုကြိုက်တယ်။ ဟင်းကို အနီရောင် အဝါရောင်မြင်နေကျမို့ ထူးဆန်းသွားတာလည်း ဖြစ်နိုင်ပါတယ်လေ။ ဘတ် ၆၀ - ၁၅၀ ထိ အစားစား ရှိတတ်ပါတယ်။


Pounded Green Papaya [Som Tam]

ထိုင်းရောက်မှတော့ ဒါလေးလည်း စားဖြစ်မှပေါ့နော်။ ယိုးဒယားသင်္ဘောသီးထောင်းကို ဂဏန်းအသေးလေးတွေ ထည့်စားရတာလည်း ကြိုက်တယ်။ ငါးပိနဲ့လည်း ကြိုက်တယ်။ စပ်စပ်ချိုချိုကြီးပေမဲ့လည်း သဘောကျမိနေတာပါပဲ။ တစ်ပွဲကို ဘတ် ၆၀ - ၁၀၀ ပေးရတတ်ပါတယ်။


Corn Filled Waffles [Khanom Pang]

လက်မှာ ကိုင်ထားတာကတော့ ပြောင်းဖူးအချိုလေးအစာသွပ်ထားတဲ့ ဝေဖာပျော့ပျော့လေးပေါ့။ ချက်ချင်းလုပ်ပေးတာမို့ ပူပူလေး စားကောင်းတယ်။ ပြောင်းဖူးမကြိုက်လည်း တခြားအရသာတွေရှိတယ်။ ပိန်းဥ၊ အုန်းသီး၊ ချောကလက်၊ ဆွမ်းမွှေးကာယားတို့ ထည့်ခိုင်းလို့ရတယ်။ တစ်ခု ၁၀ ဘတ် ပေးရပါတယ်။


Deep Fried Doughs [Kwei Htaw]

ငှက်ပျောသီးကြော် စသဖြင့် အစုံကြော်လေးတွေလည်း ရှိတယ်။ မနက်စာ အနေနဲ့ စားတတ်ကြတယ်။ ဒိုးနတ်ကြော်လို အရသာမျိုးလေးတွေပါ။ ၅ ဘတ် ဝန်းကျင်ပဲ ရှိပါတယ်။


Deep Fried Shrimps [Kung Htang]

ပုစွန်ခွက်ကြော်လို့ မြန်မာလိုပြောရင် မှန်မလားမသိဘူး။ ကျွန်တော်တို့ဆီမှာလည်း ပုစွန်လေးတွေကို အဲ့လိုပဲ စုပြီး အရွက်လေးတွေနဲ့ ကြော်ရောင်းကြတယ်လေ။ ၁၀ ဘတ်ဝန်းကျင် ရောင်းတတ်ကြပါတယ်။


Thai Dessert [Kanom Wan]

မုန့်လက်ဆောင်းလိုလိုမျိုးလေး။ ရေခဲသုပ်လိုလည်း မဟုတ်ပြန်ဘူး။ သူတို့က မုန့်လက်ဆောင်းဖတ်လေးတွေ ပါတာမျိုးလည်းရှိသလို မပါတာလည်းရှိတယ်။ ကျောက်ကျော၊ သာကူ၊ အစေ့အဆံ အကြီးအသေးမျိုးစုံထည့်ပြီး သောက်ကြတာပါ။ ၁၀ ဘတ်ဝန်းကျင်ပါပဲ။


Fish Fillet [Hong Muk Plaklai]

ငါးဖယ်ပြားပေါင်းလေးတွေလည်း တစ်ခု ၁၀ ဘတ်ပဲ။ အပြင်အဆင်နဲ့ကို ဝယ်ချင်စိတ်ပေါ်မိတတ်အောင် လုပ်တတ်ကြပါပေတယ်။


Thai Fancy Colorful Coconut [Kanom Maphraw Hlak Si]

ဘာမှ မဟုတ်ဘူး၊ အုန်းသီးခြစ်အဖတ်လေးတွေကို သကြားရောင်စုံသုတ်ပြီး ခဲတောင့်နေအောင် လုပ်ထားတာ။ စားရတာ ချိုချိုကြီး။ ကလေးတွေပိုကြိုက်မယ်။ ၁၀ ဘတ်ပဲ။


Fried Dough Sticks [Pa Tong Kho]

အီကြာကွေးသေးသေးလေး ဂျုံကြော်လေးတွေပါ။ သူတို့က နို့ဆီတို့ ဆွမ်းမွှေးကာယားတို့နဲ့ တို့စားကြတယ်။ ဈေးလည်း သက်သာတယ်။ ၅ ဘတ်ပဲ ရှိတယ် တစ်ပွဲကို။


Fried Fish [Pla Htong]

ငါးကြော်တွေကိုလည်း ထမင်း ဒါမှမဟုတ် ကောက်ညှင်းနဲ့ တွဲစားဖို့ အဆင်သင့်ရောင်းပေးတတ်တယ်။ ဘတ် ၂၀ - ၄၀ ဝန်းကျင် ရှိတတ်တယ်။


Fried Silkworm [Ha Mine]

အကောင်ဘလောင်စုံစားတဲ့အထဲမှာ ထိုင်းလည်း ပါတယ်။ တခြားအကောင်လေးတွေကို မစားဖူးသေးပေမဲ့ ဒီ ပိုးစာကောင်လေးကိုတော့ မျက်စိမှိတ်စားဖို့ ဝယ်လိုက်တယ်။ တစ်ခွက်ကို ဘတ် ၂၀ တောင် ပေးရတယ်။ စားရတာ စိမ့်စိမ့်လေးပါ။


Grilled Dried Squid [Pla Mu Haeng]

ကင်းမွန်ခြောက်ကိုမှ ပြန်ကင်စားတာလည်း ရှိသေးတယ်။ ကင်းမွန်အစိုကို ကင်စားတာလည်းရှိတော့ ကင်းမွန်ကို အစုံလုပ်စားကြတယ်လို့ သတိထားမိတယ်။ အခြောက်မစားဖူးလိုက်ဘူး။ နောက်တစ်ခါကျမှ စားကြည့်ဦးမယ်။ အရွယ်အစားအလိုက် ဘတ် ၂၀ ကနေ ၆၀ အထိ ပေးရတတ်တယ်။


Grilled Pork Skewer [Moo Ping]

ဝက်သားပြားကင်ကိုတော့ နေရာတကာမှာ တွေ့ရတတ်တယ်။ အရသာကတော့ တူတူလိုပဲ ဘယ်မှာစားစားပြောပါတယ်။ တစ်ချောင်းကို ၅ ဘတ် - ၁၀ ဘတ် ပေးရတတ်တယ်။ ခုဆို ဒီမှာလည်း ပေါပေါလောလော တွေ့နေရပါပြီလေ။


Grilled Shrimp and Salted Fish [Pla Pao & Kung Yang]

ပုစွန်ကင် နဲ့ ငါးဆားနယ်ကင်ကတော့ နေရာတိုင်းတွေ့ရမဲ့ အစားအစာတွေပါ။ ဘယ်မှာစားစားလည်း ကောင်းနေတတ်တယ်။ အဓိကက တွဲစားတဲ့ ဆော့စ်ပေါ့နော်။ ပင်လယ်စာအချဉ်ရည်ကောင်းနေရင် အိုခေပြီ။ ငါးကို ဆားလူးပြီး ကင်တော့ အတွင်းပိုင်းအကျက်ညီတယ်။ အရေခွံမီးလောက်ပြီး တူးသွားတာ မရှိတော့ မီးခိုးနံ့မရှိဘဲ အတွင်းက နူးအိလို့ စားရတာ အရသာလိုက်တယ်။ တစ်ခုပဲ ငါးအရေခွံကိုတော့ စားလို့မရတော့ဘူးပေါ့။ တစ်ပွဲကို ဘတ် ၁၂၀ - ၂၀၀ လောက်ထိ ပေးရတတ်တယ်။


Grilled Squid [Pla Muk Yang]

ကင်းမွန်ကင်ကလည်း သူတို့နိုင်ငံမှာ စားရတာ သိပ်ကောင်းတယ်။ အကောင်တွေက ကြီးတယ်။ အရသာလည်း ကောင်းတယ်။ အားရစရာကြီးပေါ့။ သူလည်း ဈေးတော့ မသေးဘူး။ တစ်ကောင်ကို ဘတ် ၈၀ ကနေ ၁၅၀ လောက်ထိ အရွယ်အစားပေါ်မူတည်ပြီး ပေးရတတ်တယ်။


Grilled the Whole Chicken in Open Oven [Kai Yang]

ကြက်ကောင်လုံးကို တုတ်နှစ်ခုကြားညှပ်ပြီး ကင်ပြပေးထားတာ ဖြတ်သွားသူတိုင်း သရေကျချင်စရာလေဗျာ။ ဒီတော့လည်း စားမိပြန်ရော။ ထမင်းနဲ့တွဲစားဖို့ကောင်းတယ်။ တစ်ကောင်ကို ဘတ် ၁၅၀ ဝန်းကျင် ရှိပါတယ်။


Guava with Salt, Suager and Chilli [Fa Rang]

မာလကာသီးကို ဆားတို့စားရတာလည်း မြန်မာမှာ ရှိပေမဲ့ ဒီက အသီးက နည်းနည်းပိုကြီးပြီး ပိုကျွတ်တယ် ထင်ရတယ်။ အရသာကတော့ မြန်မာက ပိုလေးပင်တယ်။ သူတို့က ဖွယ်တယ်။ ဒီလို အသီးတွေကို အဲ့လိုပဲ လုပ်ရောင်းတတ်တယ်။ ၁၀ ဘတ် ပေးရတယ်။


Mango Smoothie [Mamung Pan]

ထိုင်းနဲ့ သရက်က ခွဲမရအောင် လုပ်ထားလိုက်တော့ သရက်နဲ့ ဒူးရင်းဆို ထိုင်းကိုပဲ အားလုံးက ပြေးမြင်ကြတယ်။ ဒီတော့ သရက်သီးနဲ့ဆိုင်တဲ့ မုန့်နဲ့ဖျော်ရည်မျိုးစုံကို နေရာတကာမှာ လွယ်လွယ်ကူကူ ဝယ်စားသောက်နိုင်တာပါပဲ။


Orange Juice [Nam Soang]

လိမ္မော်ဖျော်ရည်ချင်းတူတာတောင် ဒီဟာလေးက သောက်ကောင်းတယ်။ လိမ္မော်ဖတ်လေးတွေနဲ့ပြီးတော့ တကယ့်ကို လိမ္မော်သီးညှစ်ထားတဲ့ အရသာလေးပေါ်နေတယ်။ သဘာဝဖြစ်မယ်လို့တော့ မျှော်လင့်ရတာပဲ။ တစ်ဗူး ဘတ် ၃၀ နဲ့ ဝယ်သောက်ခဲ့ရတယ်။


Pineapple [Sap Pa Rot]

နာနတ်သီးကို ချစ်စရာကောင်းအောင် ပြင်ဆင်ပေးထားတော့ ပိုက်ဆံတွေ ထွက်ပြန်ရော။ ဒါက ဘတ် ၄၀ တန်။ ကီလိုနဲ့ ချိန်ပြီး ဝယ်လို့ရသလို၊ အသင့်ထည့်ပေးထားတဲ့ အထုတ်တွေကိုလည်း ဘတ် ၄၀၊ ဘတ် ၆၀၊ ဘတ် ၈၀ ပေးပြီး ဝယ်လို့ရသေးတယ်။


Pork Neck Salad [Slad Khone Hmu]

ဝက်ဂုတ်သားကင်သုတ်ဆိုတာ ကိုယ်တို့ မြန်မာတွေ သိပ်ကြိုက်တဲ့ အစားအစာလေ။ ဒီမှာ ဘယ်လိုအရသာရှိမလဲ မြည်းခဲ့တယ်။ ဘတ် ၁၅၀ ပေးရပါတယ်။


Pork Satay BBQ [Hmu Satae Barbikhiw]

ဝက်သားကင်တွေချင်းတော့ တူတာပဲ။ ဒါပေမဲ့ ပြင်ဆင်ပုံနဲ့ အရသာက နည်းနည်းတော့ ကွာတယ်။ ဒါလေးဆိုရင် တကယ့် BBQ စတိုင် အသီးလေးတွေ ကြားညှပ်ပြီး တံစိုးထိုး ကင်ပေးတာမျိုးလေ။ တစ်ချောင်းကို ဘတ် ၂၀ ပေးရတယ်။


Shaved Ice [Nam Kang Sai]

ရေခဲသုပ်ကို အသီးတွေ၊ ကျောက်ကျောတွေ ဘာညာရောလိုက်တော့ အချိုပွဲတစ်ခု ပီပြင်သွားတာပေါ့နော်။ တစ်ပွဲကို ဘတ် ၃၀ ပေးရပါတယ်။


Snail [Hao Yuk Wan]

ခရု စားချင်ရလည်း ရသေးတယ်နော်။ တစ်ပွဲကို ဘတ် ၁၀၀ ပဲ။


Steamed Fish [Pla Nung]

ငါးသံပုရာပေါင်း အရသာမျိုးပါ။ ဒါကတော့ လူတိုင်းစားနိုင်အောင် အိုးကြီးနဲ့ ပေါင်းပြီး ရောင်းပေးတာ။ အမြင်လှတော့ ဝယ်စားဖြစ်တယ်။ ထမင်းနဲ့ စားဖြစ်ပါတယ်။


Strawberry Yogurt

စတော်ဘယ်ရီကို ဒိန်ချဉ်ရော ရိုးရိုးရော ရပါတယ်။ ဘတ် ၄၀ ဝန်းကျင် ပေးဝယ်ရတတ်ပါတယ်။


Thai Boat Noodle [Kuay Teow Reua]

ကွေ့သယိုကလည်း မြန်မာတွေ သိပ်ကြိုက်ကြတဲ့ ထိုင်းခေါက်ဆွဲတစ်မျိုးပါ။ ကျွန်တော်ကတော့ မြန်မာပြည်က ကွေ့သယိုအရသာ ပိုကြိုက်ပါတယ်။ တစ်ပွဲကို ဘတ် ၅၀ ဝန်းကျင် ရှိတတ်ပါတယ်။


Thai Chicken Noodle [Mama Kai Thon]

ကွေ့သယိုနဲ့ တူပါတယ်။ ခေါက်ဆွဲကတော့ မာမားခေါက်ဆွဲ ဖြစ်သွားတာပါပဲ။ တခြားကိုယ်စားချင်တဲ့ ခေါက်ဆွဲ ရွေးနိုင်ပါတယ်။ ကြက်ပေါင် ဒါမှမဟုတ် ကြက်ခြေထောက် ကြိုက်ရာရွေးစားနိုင်တယ်။ တစ်ပွဲကို ဘတ် ၅၀ ပေးရပါတယ်။


Thai Coconut Pudding [Kanom Krok]

မုန့်ဦးနှောက်နဲ့လည်းမတူဘူး။ မုန့်လင်မယားကြီးကိုလို့ မပြောနဲ့နော်။ အရသာက မုန့်ဦးနှောက်နဲ့ တူလို့ ဒီနာမည်တပ်လိုက်တာပါ။ ပုံစံကတော့ မုန့်လင်မယားပဲ။ အရသာက မုန့်ဦးနှောက်လိုမျိုး၊ တုံတုံလေးလည်း ဖြစ်သေးတယ်။ ခေတ်သစ်အပြင်အဆင်အနေနဲ့ ရောင်စုံအုန်းသီးခြစ်တွေ၊ ပဲစေ့ နဲ့ ကျောက်ကျောတုံးတွေပါ ထည့်ပြင်ပေးလိုက်တယ်။ တစ်ပွဲကို ဘတ် ၃၀ ပေးစားရတယ်။ သူတို့ရဲ့ မုန့်လင်မယားလည်း မြန်မာမုန့်လင်မယားနဲ့တူတယ်။ ငုံးဥထည့်တာကအစ တူတယ်။


Thai Crepe [Kanom Bueang]

ခေါက်မုန့်ပေမဲ့ သူက နည်းနည်းသေးပြီး အထဲမှာ ခရင်မ်တွေ ပါတယ်။ ပြီးတော့ ရောင်စုံ အုန်းခြစ်လေးတွေ နဲ့ တခြား အစာပလာလေးတွေ ထည့်ထားတတ်တယ်။ ချိုလွန်းလို့ ကျွန်တော်နဲ့တော့ မကိုက်လှဘူး။ တစ်ခု ၁၀ ဘတ် ပေးရတယ်။


Thai Crepe [Kherp Pa Dang]

ဒါလည်း ခေါက်မုန့်ပဲ။ ဒါပေမဲ့ သူက ပိုကြီးတယ်။ အကြီးကြီးရယ်။ ကျွန်တော်တို့ဆီက ခေါက်မုန့်နဲ့ တူတယ်။ ကြက်ဥထည့်လို့ရတယ်။ ဒါလည်း ၁၀ ဘတ်ပဲ။ ကြက်ဥထည့်ရင်တော့ တစ်ဈေးဖြစ်သွားမယ်။


Durian [Thureiyn]

ထိုင်းက သရက်နဲ့ ဒူးရင်းဆိုတာနဲ့ သူတို့ကို သတိရနေအောင် လုပ်ထားကြတော့ ထိုင်းရောက်ရင် ထိုင်းဒူးရင်းလေး စားလိုက်ရမှ အချိုပွဲ ပီပြင်တယ်ခေါ်ကြမလားဘဲ။ ဒီတစ်ခုကို ဘတ် ၂၀၀ ဝန်းကျင်နဲ့ ရောင်းနေကြတယ်။ အသားအများကြီးနဲ့ အိနေတာပဲ။ အစေ့လည်း သေးတော့ စားရတာ တန်တယ်ထင်ရတယ်။ အရသာကတော့ မြန်မာက ပိုပြည့်ပြီး ပိုပြင်းတယ်လို့ ထင်မိတယ်။ ဒါပေမဲ့ မြန်မာအသီးတွေက အစေ့ကြီးလွန်းတယ်။


Crocodile BBQ

မိကျောင်းသားစားချင်ရင်လည်း ထိုင်းမှာ စားလို့ရသေးတယ်လေ။ လူစည်ကားတဲ့နေရာတွေမှာ ဆိုင်လေးတွေ ရှိတတ်လို့ လွယ်ကူစွာ မြည်းစမ်းနိုင်ပါတယ်။


Thai Milk Tea [Cha Yen]

ထိုင်းလက်ဖက်ရည်ကလည်း ကမ္ဘာမှာလူသိများတယ်။ မြန်မာလက်ဖက်ရည်နဲ့ အရသာဆင်တယ်။ ကျွန်တော်ကတော့ ကိုယ့်မြန်မာလက်ဖက်ရည် ပိုကြိုက်မိတာပေါ့လေ။ သူတို့ဟာက ချိုပြီး ရှတတလေးရှိတယ် ခံစားရတယ်။ ရေခဲနဲ့ အအေးအဖြစ်သောက်ဖို့တော့ ကောင်းပါတယ်။ ရေခဲပျော်တာနဲ့ ချိုလွန်းတာနဲ့ အချိန်အဆ အတော်ပဲ ဖြစ်သွားနိုင်တယ်။ ဘတ် ၄၀ ဝန်းကျင် ပေးရတတ်ပါတယ်။


Watermelon Balls [Luk Taengmo]

ဖရဲသီးကို ဒီအတိုင်းစိပ်ရောင်းတာထက် ခုလို အလုံးလေးတွေ ဖြစ်အောင် ရောင်းတတ်တဲ့ စိတ်ကူးကတော့ ကောင်းချက်။ ဒီဖရဲလုံးလေးတွေကို ရေခဲမုန့်ပေါ်မှာလည်း တင်ပေးတတ်သေးတယ်။ ဖရဲသက်သက်စားချင်ရင်လည်း ရတယ်။ အဆင်အပြင်ကောင်းတော့ ငွေလွယ်လွယ်ရတာပေါ့။


ခုဆို နောက်ထပ်လမ်းဘေးစာ အသစ်အဆန်းတွေ များစွာ ထိုင်း မှာ ပေါ်လာဦးမယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒီအထဲမှာ မပါဝင်ဘဲ စားကောင်းတဲ့ ထိုင်းမုန့်ဟင်းခါး တို့၊ ဝက်နံရိုးမီးတောက် တို့လို အစားအစာတွေလည်း အများကြီး ကျန်ပါသေးတယ်။ ထိုင်းလမ်းဘေးအစားအစာလေးတွေဟာ ‌ဈေးနှုန်းလည်း သင့်တင့်သလို၊ သန့်ရှင်းမှုလည်း ရှိတဲ့အတွက် လူတန်းစားမရွေးလည်း သွားလာစားသောက်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း ခုလို သန့်ရှင်းသပ်ရပ်ပြီး စားချင်စဘွယ် အခြေအနေအဖြစ် လမ်းဘေးဆိုင်လေးတွေ ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ ထိုင်းနဲ့ထိစပ်ကြတဲ့ ကျွန်တော်တို့နိုင်ငံအချို့နယ်မြေတွေမှာတော့ ထိုင်းမှာ အလုပ်လုပ်ဖူးခဲ့တဲ့ သို့မဟုတ် ထိုင်းကို လည်ပတ်ရောက်ရှိဖူးကြသူတွေရဲ့ ည‌ဈေးဆိုင်လေးတွေကတော့ ထိုင်းက ဆိုင်လေးတွေနဲ့ အတော်တူပြီး သန့်ရှင်းနေတာမျိုး ကြုံဖူးခဲ့ပြီမို့ ဒီအစဉ်အလာကို နေရာစုံ ထပ်တူ အသုံးပြုနိုင်ရင် ပိုပြီးကောင်းမယ်လို့ ယူဆမိပါတယ်ဗျား။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


bottom of page