လုပ်ဆောင်ချက်အသစ်တွေပါဝင်တဲ့ Google Maps အဆင့်မြှင့်တင်မှုကို Google ထုတ်ဖော်
- Thiha Lu Lin
- May 13, 2021
- 1 min read
ခရီးလမ်းကြောင်းတစ်ခုလုံးကို ကြိုတင်စီစဉ်ပြင်ဆင်ထားနိုင်ပြီး ဆီစွမ်းအင် ကုန်ကျမှုသက်သာနိုင်မဲ့ လမ်းကြောင်းရွေးချယ်မှု အပါအဝင် လုပ်ဆောင်ချက်အသစ်တွေများစွာ ပါဝင်တဲ့ အဆင့်မြှင့်တင်မှုဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က Google ကနေပြီး အဆင့်မြှင့်တင်လိုက်တဲ့ Google Maps ကို ချပြလိုက်ပါတယ်။ Google Maps ဟာ ခရီးသွားတွေအတွက် မရှိမဖြစ် အရေးပါအသုံးဝင်တဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ခဲ့တာ ကြာပါပြီ။ အခုအခါမှာ ထပ်မံ အဆင့်မြှင့်တင်ပေးမှုမှာတော့ ခရီးစဉ်တစ်ခုလုံးကြိုတင်ပြင်ဆင်မှုကို ကွန်ပျူတာကနေ လုပ်ဆောင်နိုင်ပြီး ဖုန်းကိုပါ ချိတ်ဆက်နိုင်မှုတွေပါ ပါဝင်လာပါတယ်။ ဖုန်းမျက်နှာပြင်ငယ်ငယ်ထက်စာရင် ကွန်ပျူတာမှာ စီမံရေးဆွဲရတာ ပိုအဆင်ပြေမှာမို့ အခုလို ပုံစံ စဉ်းစားပေးလိုက်တာလို့ ယူဆရပါတယ်။ ကွန်ပျူတာကနေဆိုရင် ကိုယ် ရပ်နားလည်ပတ်မဲ့ နေရာတွေကိုလည်း စိတ်ကြိုက်ထည့်သွင်း စီစဉ်နိုင်ဦးမှာပါ။
ခရီးစဉ် အစ နဲ့ အဆုံး ကို ထည့်သွင်းလိုက်တာနဲ့ လမ်းတလျှောက် ကိုယ်နားရမဲ့ စခန်းတွေ၊ ဆီဆိုင်တွေ၊ စားသောက်ဆိုင် နဲ့ ဟိုတယ် တွေကိုပါ ချက်ချင်း ကြည့်ရှုနိုင်ဦးမှာလည်း ဖြစ်ပါတယ်။ ဟိုတယ်တွေကိုလည်း ဈေးကအစ ဖော်ပြပေးထားတာမို့ ခရီးစဉ်မှာ ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ညီတဲ့ ဟိုတယ်တွေကို ရွေးချယ် တည်းခိုနိုင်သွားမှာပါ။ ဒါ့အပြင် လမ်းကြောတလျှောက်က လည်ပတ်စရာ နေရာတချို့ကိုလည်း ရည်ညွှန်းပေးတာကို မြင်ကြရပါဦးမယ်။ ဒါ့ကြောင့် ခရီးစဉ် ရေးဆွဲတဲ့အခါ ကိုယ့်ဘာသာ ရေးဆွဲစီစဉ်ဖို့ ပိုပြီး လွယ်ကူသွားမဲ့ အနေအထား ဖြစ်ပါတယ်။
Google Maps ကို iOS နဲ့ Android ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုနိုင်ပြီး၊ ကိုယ့် ကွန်ပျူတာထဲကနေ ကြိုတင်ရေးဆွဲမှုကိုလည်း ဖုန်းထဲက အက်ပလီကေးရှင်းထဲကို တိုက်ရိုက်ဖြစ်စေ၊ အီးမေးလ် က ဖြစ်စေ ပေးပို့ထားနိုင်ပါတယ်။ ဒါ့အပြင် Android Auto နဲ့ CarPlay စတဲ့ အက်ပလီကေးရှင်းတွေမှာလည်း အလုပ်လုပ်ဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။ Google Maps ဟာ ကမ္ဘာ့လူသုံးအများဆုံး လမ်းညွှန်အက်ပလီကေးရှင်းတစ်ခု ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ လစဉ်သုံးစွဲသူပေါင်း ၁ ဘီလီယံ အရေအတွက်ရှိပါတယ်။
Comments