Thiha Lu Lin

Jun 10, 20211 min

ထိုင်းနိုင်ငံ ခရီးသွား တရားဝင် ဖွင့်လှစ်ခြင်းအဖြစ် တစ်ည တစ်ဒေါ်လာ ဟိုတယ် တည်းနိုင်တော့မှာလား

ခုဆို ကမ္ဘာ့နိုင်ငံတော်တော်များများ ကတော့ ခရီးသွားလုပ်ငန်း ပြန်ဖွင့်ပြီး ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားတဲ့ ခရီးသွားတွေကို ကြိုဆိုနေကြပါပြီ။ ခရီးသွားလုပ်ငန်းကို မှီတည်ရပ်တည်ခဲ့တဲ့ ထိုင်းနိုင်ငံဟာလည်း ဒီနှစ်အစောပိုင်းကတည်းက ဖြေလျော့မှုတွေ နည်းနည်းချင်း တိုးလို့ လုပ်ဆောင်လာခဲ့ပြီး မကြာခင်မှာတော့ တရားဝင် ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်း ပြန်လည်အရှိန်မြှင့်တင်ဖို့ ကြိုးစားနေပေမယ့်လည်း ကိုဗစ်-၁၉ ထပ်မံကူးစက်ပြန့်ပွားမှုတွေကို တတိယအကြိမ်အနေနဲ့ အဆိုးရွားဆုံးအဖြစ် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းကိုလာတဲ့ ခရီးသွားတွေဟာ (၇) ရက် Quarantine ဝင်ကြရသေးပြီး ဇူလိုင်လ (၁) ရက်နေ့မှာတော့ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားသူတွေအတွက် အပြောင်းအလဲ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်ဖို့အတွက် ထိုင်းနိုင်ငံ ရဲ့ Tourism Council of Thailand (TCT) ဟာ "တစ်ည၊ တစ်ဒေါ်လာ" အစီအစဉ်ကို အသက်သွင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီအစီအစဉ်သာ အတည်ဖြစ်ခဲ့ရင် နိုင်ငံတကာခရီးသည်တွေဟာ ပုံမှန် ဘတ် ၁၀၀၀ ကနေ ဘတ် ၃၀၀၀ ကြား (အမေရိကန်ဒေါ်လာအားဖြင့် ၃၀ မှ ၁၀၀ ကြား) ရှိတဲ့ အခန်းတွေ ကို တစ်ည တစ်ဒေါ်လာ နဲ့ တည်းခိုခွင့် ရကြတော့မှာပါ။ ဒီအစီအစဉ်ဟာ အတည်ပြုနိုင်ဖွယ်ရှိပြီး ဇူလိုင်လ (၁) ရက်နေ့က စလို့ ဖူးခက်မှာ စဦးစမ်းသပ်မှု ပြုလုပ်နိုင်ဖွယ်ရှိပါတယ်။ Tourism Council of Thailand ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ Chamnan Srisawat ကတော့ တစ်ည တစ်ဒေါ်လာ အစီအစဉ်အရ ဇူလိုင်လ အထိ ဟိုတယ်ခန်းရောင်းချရမှုဟာ ဘတ်သိန်းပေါင်း ၄၀၀၀ ထိ (အမေရိကန်ဒေါ်လာ သိန်းပေါင်း ၁၃၀ ခန့်) ဖြစ်နိုင်ဖို့ မျှော်လင့်တယ်လို့ ရှင်းပြပါတယ်။ TCT ဟာ ဒီ အစီအစဉ်ကို Tourism Authority of Thailand နဲ့ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနတွေကို ခွင့်ပြုဖို့ တင်ပြထားတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ဟာ လာမဲ့ အောက်တိုဘာလ (၁) ရက်နေ့မှာတော့ သတ်မှတ်ထားတဲ့ နေရာ ၅ နေရာ ဖြစ်တဲ့ Phuket, Krabi, Phang Nga, Chiang Mai, Koh Samui နဲ့ Pattaya တို့ကို ကွာရန်တင်း သတ်မှတ်ချက် ဖြေလျော့သွားဖို့ စီစဉ်ထားပြီး လာမဲ့ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှာတော့ တစ်နိုင်ငံလုံးကို ကာကွယ်ဆေးထိုးနှံပြီးသူတိုင်း ခရီးသွားခွင့် ပြန်လည်ရရှိကြမှာ ဖြစ်ပါတယ်။

ခရီးသွားလုပ်ငန်း ပြန်လည်အရှိန်မြှင့်တင်ဖို့ ကြိုးစားနေပေမယ့်လည်း အခုလက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံ ဟာ ကိုဗစ်-၁၉ ထပ်မံကူးစက်ပြန့်ပွားမှုတွေကို တတိယအကြိမ်အနေနဲ့ အဆိုးရွားဆုံးအဖြစ် ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၉) ရက်နေ့ တစ်နေ့တည်းမှာတင် ကူးစက်သူ အရေအတွက် ဟာ ၃၀၀၀ နီးပါးထိ တိုးတက်လာတယ်လို့ သတင်းများက ဖော်ပြပါတယ်။

    300
    0