Thiha Lu Lin

May 18, 20211 min

စစ်ကိုင်းမြို့ က တိလောကဂုရုလိုဏ်ဂူတော် နံရံဆေးရေးပန်းချီတွေ ပြုပြင်ထိန်းသိမ်းပြီ

စစ်ကိုင်းမြို့ကိုရောက်ရင် အထင်ကရ လည်ပတ်လေ့လာကြတဲ့အထဲမှာ စစ်ကိုင်းတောင်ရိုး သောတပန်ရပ်ကွက် တိလောကဂုရုချောင်မှာ ရှိတဲ့ တိလောကဂုရုလိုဏ်ဂူတော် လည်း အပါအဝင်ဖြစ်ပါတယ်။ လိုဏ်ဂူဆိုပေမဲ့ သဘာဝလိုဏ်ဂူလိုမျိုး မဟုတ်ဘဲ အဆောက်အဦးလိုဏ်ဂူ ဖြစ်ပြီး အတွင်းမှာ ညောင်ရမ်းခေတ်လက်ရာ နံရံဆေးရေးပန်းချီတွေ ရှိနေတာ ဖြစ်ပါတယ်။

အေဒီ ၁၇ ရာစုက ညောင်ရမ်းခေတ်နံရံဆေးရေးပန်းချီတွေကနေ အဲ့ဒီခေတ်ရဲ့ အနုသုခုမကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

တိလောကဂုရုလိုဏ်ဂူတော်ကို သက္ကရာဇ် ၁၀၃၄ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး အေဒီ ၁၇ ရာစုက ညောင်ရမ်းခေတ်နံရံဆေးရေးပန်းချီတွေကနေ အဲ့ဒီခေတ်ရဲ့ အနုသုခုမကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ လိုဏ်ဂူအတွင်းမှာ နှစ်ကျိပ်ရှစ်ဆူဘုရားပုံတော်တွေ၊ ဇာတ်တော်ကြီး ဆယ်ဘွဲ့ အပါအဝင် ဇာတ်တော်ကြီးပေါင်း သုံးဆယ်ကျော် ရေးဆွဲပုံဖော်ထားပြီး ကြာပွင့်ပုံစံ ဂူအမိုးကိုလည်း မြင်တွေ့ကြရပါတယ်။ ဂန္ဓကုဋိတိုက်အဝင်အမိုးမှာလည်း ခြေတော်ရာ ကို ရေးဆွဲထားပါသေးတယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၅၀ ခန့် ရှိပြီဖြစ်တာကြောင့် ရေငွေ့ရိုက်ပြီး ပျက်စီးမှု မဖြစ်ပေါ်ရလေအောင် နည်းပညာအကူအညီနဲ့ မကြာခဏပြုပြင်ထိန်းသိမ်းမှုများလည်း ပြုလုပ်ခဲ့ပါတယ်။ အခုတစ်ကြိမ်မှာလည်း ငွေကျပ် သိန်း ၈၀ ကျော် အကုန်အကျခံ ပြုပြင်ထိန်းသိမ်းလိုက်တယ်လို့ သိရပါတယ်။ တိလောကဂုရုလိုဏ်ဂူတော် ကို အလည်လာရောက်သူတွေဟာ တခါတရံ ဂူသော့ပိတ်ထားတာနဲ့ ကြုံတွေ့ရတတ်ပြီး ဒီလိုကြုံခဲ့ရင် အနီးက ဘုန်းတော်ကြီးကျောင်းမှာ ခွင့်တောင်း ဝင်ရောက်လေ့လာနိုင်တယ်လို့လည်း သိရပါသေးတယ်။

    440
    0