Thiha Lu Lin

Jan 31, 20212 min

နောင်ချို ဒုဋ္ဌဝတီတံတား နားက ရေပျံကြီး ရေတံခွန်

နောင်ချို က ရေပျံကြီး ရေတံခွန်ဟာ ထူးထူးခြားခြား ဒုဋ္ဌဝတီမြစ်ထဲ တန်းပြီး စီးဝင်နေတဲ့ ရေတံခွန်လှလှတစ်ခုပါ။

ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချိုဟာ တကယ်ကို သဘာဝရေတံခွန် ပေါများတဲ့ အရပ်ဒေသ ပါပဲ။ ခုနောက်ပိုင်း ခရီးသွားတွေကြား၊ ရေတံခွန်ချစ်သူတွေကြား နာမည်ကြီးတဲ့ ရေတံခွန်ခပ်ကြီးကြီး မြင့်မြင့် မှန်သမျှ နောင်ချိုဝန်းကျင်ကချည်းပဲ ဖြစ်ပါတယ်။ နောင်ချိုရဲ့ အထင်ကရ ဒုဋ္ဌဝတီမြစ်ကူးတံတားလေး နဲ့ မနီးမဝေးမှာတင် ရှိနေတဲ့ ရေပျံကြီးရေတံခွန် ကတော့ ခု လအနည်းငယ်အတွင်းမှ လူသိများလာတယ် ဆိုရမှာပါ။ ဒီနေရာလေးကို ကျွန်တော် ရောက်ခွင့်ရတာလည်း တကယ်ကို ကျေနပ်ကြည်နူးမိပါတယ်။

ရေပျံကြီး ရေတံခွန်

နောင်ချို ဒုဋ္ဌဝတီမြစ်ကူးတံတားလေးကို လွန်ပြီး မြစ်အောက်ဘက်ကို ဆင်းလို့ မြစ်ကြောင်းတလျှောက် အထက် သီပေါဘက်ကို တောလမ်းလျှောက်လိုက်ရင် မထင်မှတ်တဲ့တစ်နေရာမှာ သိပ်လှတဲ့ ရေတံခွန်ခပ်မြင့်မြင့်လေး နှစ်သွယ် ကျဆင်းနေတာကို တွေ့မြင်ကြရပြီး အနားဝန်းကျင်ဟာ ရေချိုးအပန်းဖြေစရာ၊ နားနေချင်စရာလေး ဖြစ်နေပါတယ်။ ဒီရေတံခွန်ကို ရေပျံကြီး ရေတံခွန်ရယ်လို့ သိကြပါတယ်။ ရေတံခွန်အများစုက မြစ်တစ်ခုခုထဲ အဆုံးမှာ စီးဝင်ကြရတာမှန်ပေမဲ့ ဒီ ရေပျံကြီး ရေတံခွန်လို မြစ်ကြီးထဲ တန်းပြီး ကျနေတဲ့ ရေတံခွန်မျိုးက ရှားပါတယ်။ ဒုဋ္ဌဝတီမြစ်ကြီးထဲ တန်းပြီး ရေတံခွန်ခပ်မြင့်မြင့်လှလှကြီး ဆင်းကျနေတာကို ခံစားရင်း အပန်းဖြေရတာဟာ နောင်ချိုဒေသခံတွေနဲ့ ခရီးသွားတွေအတွက် ဘဝအရသာတစ်မျိုးလို့ ဆိုရပါမယ်။

ဘယ်လိုသွားလဲ?

နောင်ချိုမြို့ထဲကနေ ရပ်စောက်ဘက်သွားတဲ့လမ်းအတိုင်း အန္တရာယ်များတဲ့ ၁၄ ကွေ့ကို ကျော်ပြီး ဒုဋ္ဌဝတီတံတား (နောင်ချို) ရောက်တဲ့အထိ သွားကြရပါတယ်။ အဲ့ဒီတံတားမတိုင်ခင် လုံခြုံရေးစခန်း တစ်ခု ရှိပြီး တံတားအလွန်မှာတော့ ကားရပ်စရာနေရာလေး ရှိပေမဲ့ ကျွန်တော်တို့ကတော့ ပိုပြီးအဆင်ပြေတဲ့ လုံခြုံရေးစခန်း မရောက်ခင်က စားသောက်ဆိုင်လေးတွေမှာပဲ ကားထားဖြစ်ခဲ့ပါတယ်။ အဲ့ဒီကနေ မြစ်ကူးတံတားကို ကျော်ပြီး တံတားအောက် ဘယ်ဘက်ခြမ်း (အထက်ဘက်) ကို ခြေလျင်ဆင်းသွားကြရမှာ ဖြစ်ပါတယ်။ စက်လှေနဲ့ သွားလို့ရတယ်လို့လည်း သိရပေမဲ့ စက်လှေကို ကြိုတင် မှာရတယ်လို့ ကြားခဲ့ရပါတယ်။ စက်လှေခကတော့ ၃၅၀၀၀ ကျပ် ပေးရတယ်ဆိုပါတယ်။ ခက်တာက ဘယ်ဖုန်းလိုင်းမှ မမိနေတဲ့ နေရာကို စက်လှေဘယ်လိုမှာမလဲတော့ ကျွန်တော်လည်း အကြံမပြုတတ်ပါ။

တောလမ်းလျှောက်ရင်း သွားရတဲ့ ရေပျံကြီးရေတံခွန်

ပင်ပန်းလားဆိုတော့လည်း သိပ်ခက်ခဲပင်ပန်းတာမျိုး မဟုတ်ပေမဲ့ နည်းနည်းတော့ ဂရုတစိုက်သွားလာရတာမျိုးပါ။ ကျောက်တုံးကျောက်ခဲကြီးတွေပေါ် နင်းဖြတ်ကျော် သွားရတယ်။ တစ်ခါ သဲတွေပေါ် လမ်းလျှောက်ရတယ်။ သဲလေးတွေက ပင်လယ်ကမ်းစပ်က သဲလိုမျိုးလေးတွေမို့ ပင်လယ်ကမ်းခြေရောက်တဲ့ ခံစားမှုမျိုးလေးတော့ ခံစားရစေတယ်။ ဒီဟာကတော့ မြစ်သဲပေါ့လေ။ တစ်ခါ တောတွင်းလေးထဲ လမ်းလျှောက်ကြရတာမျိုးရှိတယ်။ မြစ်ကြောင်းတလျှောက်ဆိုပေမဲ့ မြစ်ဘေးနားလေး ကပ်သွားလိုက် တောဘက်ခြမ်းလေး ဝင်သွားလိုက်နဲ့ သွားကြရတာမျိုးပါ။ လူသွားလူလာနည်းပါးသေးတော့ လမ်းကြောင်းက သိပ်မရှင်းလင်းဘူး။ ခြေနင်းစရာ တောင်ချောချောကြီးမျိုးကို ခြေတစ်ပြားစာ နင်းပြီးသွားရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့်နည်းနည်း ပျော့ရင်တော့ ငြီးငြူစရာဖြစ်နိုင်ပါတယ်။ အချိန်အားဖြင့် မိနစ် ၄၀ လောက်တော့ လမ်းလျှောက်ကြရပါတယ်။ တစ်ဦးနဲ့တစ်ဦး သက်လုံအနေအထား၊ လမ်းကျွမ်းကျင်မှုအနေအထားပေါ်မူတည်ပြီး ပိုကြာတာ၊ ပိုမြန်တာတော့ ရှိနိုင်ပါမယ်။ လမ်းတလျှောက်ကတော့ သိပ်ပျင်းစရာ မရှိပါဘူး။ ခြေမချော်အောင် သတိပြုနေရတာရယ်၊ မြစ်ကြောင်းရဲ့ အသွင်ပုံစံအမျိုးမျိုး အလှနဲ့ တောတောင်အလှတွေက ဆွဲဆောင်မှုပေးနေတာကြောင့်လို့ဆိုရပါမယ်။ လမ်းတလျှောက်လည်း ဓါတ်ပုံရိုက်ချင်စရာချည်းပါပဲ။

ရေပျံကြီး ရေတံခွန်ကို စမြင်လိုက်ရင်တော့ ဘေးတစောင်းအနေအထားမျိုးဆို ရေကလည်း နည်းသလိုလို၊ သိပ်မလှသလိုလို ရှိပေမဲ့ အတည့်အနေအထားအတိုင်းမြင်ရတဲ့အခါ တော်တော်ကြည့်ကောင်းတဲ့ ရေတံခွန်ဆိုတာ သိသာလာတယ်။ အကြည့်ခံတယ် ပြောရမလား။ ကြည့်ရင်းနဲ့ သူ့ရဲ့ ကြီးမား မြင့်မားမှုနဲ့ လှပမှုကို ပိုမြင်သာလာတယ်။

ရေကူးကျွမ်းကျင်ရင်တော့ ရေတံခွန်ရှိရာဘက်ခြမ်းကို ရေကူးပြီး အလှခံစား၊ ရေကျတာကို ခံစားနိုင်ပါသေးတယ်။ တချို့ကလည်း ဒီဘက်ခြမ်းက ရေတံခွန်အပြည့်မြင်ရတဲ့အနေအထားကို ပိုသဘောကျကြပါတယ်။ ရေစိမ်ဖို့ ရေဆော့ဖို့ ရေတိမ်တဲ့နေရာလေးတွေလည်း ရှိနေတာက အပန်းဖြေချင်သူတွေ အကြိုက်ဖြစ်ရပါတယ်။ ဒါပေမဲ့ သတိတော့ မပြတ်ရှိဖို့လိုအပ်ပါတယ်။ ရာသီဥတုအေးတဲ့အချိန်မို့ ရေက အေးစက်နေတော့ နေ့မွန်းတည့်ချိန်ကြီးမှာတော့ ရေချိုးဖို့ အတော်တွေဝေရတာမျိုးပါ။ ဒီအတိုင်းလေး သောက်စားရေဆော့ ဓါတ်ပုံရိုက်ပြီး ပြန်လာကြတာလေးကလည်း တမျိုးစိတ်အပန်းပြေပါတယ်။

အပြန်ခရီးကတော့ အလာထက် နည်းနည်းပိုသက်သာနိုင်ပါတယ်။ အဓိက က လာခဲ့တဲ့လမ်းကို အကျွမ်းတဝင်ဖြစ်သွားလို့ပါ။ အလာကထက် ၁၀ မိနစ်လောက်တော့ ပိုသက်သာ ပြန်လျှောက်လာနိုင်ကြမှာပါ။

Blogger တွေ မလာခင်ကတည်းက ရောက်နေတဲ့အမှိုက်တွေ

တချို့ကလည်း Blogger တွေ ရေးပြီးရင် အမှိုက်တွေရောက်လာတော့မယ်ပေါ့။ ဒါပေမဲ့ ခုခေတ်မှာက Social Media ပေါ် ဘာမှ ဖုံးထားလို့မှ မရတာဘဲ။ လူတိုင်း Like နဲ့ Share တွေ မက်မောလွန်းလို့ တစ်ဦးမဟုတ် တစ်ဦးကတော့ တွေ့တာနဲ့ တင်တော့တာကိုး။ အဲ့ဒီမှာတင် Blogger စစ်စစ်ရော၊ မစစ်တစစ်ရော၊ ဟိုလိုလိုဒီလိုလိုတွေရော မရောက်ခင်ကတည်းကိုက အမှိုက်တွေက စရှိနေတော့တာပါပဲ။ အဓိက က လူနဲ့ပဲ ဆိုင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက အမှိုက်နဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို အခြေခံကျကျ မသိတတ်ခဲ့တာမျိုးမို့လို့ အမှိုက်တွေပစ်ရတာကို ရှက်စရာ မထင်ခဲ့ဘဲ အလွဲကြီး လွဲခဲ့ကြတယ်။ ဘယ်ရောက်ရောက် အမှိုက်တွေကို အလွယ်တကူပစ်တတ်ကြတဲ့ စရိုက်ဆိုးကြောင့် နေရာတိုင်းဟာ ခရီးသွားများတာနဲ့ အမှိုက်တွေပြည့်လာတော့တာပဲ။ ရှက်တတ်ကြပါဗျာ။ စားသောက်ပျော်ပါးပြီးရင် အမှိုက်တွေ ပြန်သယ်သွားကြပါလို့ပဲ ပြောချင်ပါတော့တယ်။ မြစ်ကမ်းဘေးက သစ်ပင်တွေမှာလည်း မြစ်ကြောင်းတလျှောက် ကျွန်တော်တို့ စွန့်ပစ်ခဲ့တဲ့ ကြွပ်ကြွပ်အိတ်တွေ၊ ပလတ်စတစ်အိတ်တွေ မြစ်ရေကြီးချိန် သစ်ကိုင်းတွေနဲ့ ငြိပြီး ပဒေသာပင်ကြီးလို ကျန်ခဲ့တာမျိုးကိုလည်း စိတ်မသက်မသာ မြင်ကြရပါဦးမယ်။

လုံခြုံရေး ဂရုပြုပါ

နောင်ချိုဘက်ခြမ်းကတော့ တလောကလည်း သတင်းက အစုံဖြစ်တာမို့ အချိန်မရွေး အပြောင်းအလဲရှိနိုင်တဲ့အတွက် ဒီနေရာကို အလည်လာရင် ဒေသခံတွေရဲ့ သတင်းအချက်အလက်တွေကို နားစွင့်ပြီးမှ သွားလာပါ။ ရှိနေတဲ့ လုံခြုံရေးစခန်း ကိုလည်း သတင်းပို့ပြီး သွားလာပါ။ နောင်ချိုကနေ တံတားထိရောက်ဖို့ မိနစ် ၄၀ လောက် သွားရတဲ့အပြင် အတက်အဆင်း အချိုးအကွေ့ ကြမ်းတဲ့ တောင်တက်လမ်းကို ဖြတ်ရတာမျိုးမို့ လုံခြုံရေးနဲ့ပတ်သက်ပြီး သတိရှိထားတာ မမှားပါဘူးခင်ဗျ။

နောင်ချို က ရေပျံကြီးရေတံခွန် ခရီးဟာ ကျွန်တော့်အတွက်တော့ သိပ်မပင်ပန်းလှဘဲ သွားလည်နိုင်တဲ့ အပန်းဖြေနေရာလို့ ဆိုနိုင်ပါတယ်။ ရေတံခွန်လှလှတွေဟာ ခက်ခက်ခဲခဲ သွားကြရတာများပေမဲ့ ရေပျံကြီး ကတော့ တခြားနဲ့ယှဉ်နဲ့ သိပ်မခက်ခဲဘဲ ရောက်နိုင်တယ်လို့ ဆိုပါရစေ။ နောင်ချိုဘက်ကြုံမယ်ဆိုရင် ရေပျံကြီးရေတံခွန်ဆီ တစ်ခေါက်တစ်ခါတော့ လာရောက်လည်ပတ်ကြည့်ဖို့တော့ ဖိတ်ခေါ်ချင်မိပါတယ်။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။

Photo :: Thiha Lu Lin, Kaung Thet Lin

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

    3220
    0