Thiha Lu Lin

Jun 18, 20182 min

မန္တလေးမြို့ရဲ့ ယောမင်းကြီးအုတ်ကျောင်း ဆီ

Updated: Sep 9, 2020

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ များစွာတည်ရှိနေတဲ့ မန္တလေးမြို့မှာ ထူးထူးခြားခြား အဆောက်အဦးတစ်ခု ရှိနေတာကို အမှုမဲ့ အမှတ်မဲ့ ဖြစ်နေကြပါတယ်။
 
ယောမင်းကြီး အုတ်ကျောင်း လို့ ကမ္ဗည်းတင်ထားတဲ့ ဒီအဆောက်အဦးကြီးဟာ မန္တလေးမြို့ထဲနီးနီးနားနား ရှိပေမဲ့ ခရီးသွားတွေရော၊ မြို့သူမြို့သားတွေပါ အမှုမဲ့ အမှတ်မဲ့ ဖြစ်နေတတ်တဲ့ လေ့လာချင်စရာ နေရာကြီးတစ်ခုလို့ ဆိုချင်ပါတယ်။

အဆောက်အဦးသမိုင်းကြောင်း

ဒီ ယောမင်းကြီးအုတ်ကျောင်း ကို ၁၈၆၆ ခုနှစ်က ပညာရှိအမတ်ကြီး ယောမင်းကြီး ဦးဘိုးလှိုင်က ဆောက်လုပ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီခေတ်က ငွေကျပ် သုံးသိန်းကျော် အကုန်ခံပြီး ဆောက်လုပ်ခဲ့တာပါ။ ယောမင်းကြီး ဦးဘိုးလှိုင် က ထင်ရှားသူပါ။ သင်္ချာနဲ့ သိပ္ပံဂုရုကြီးလို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းစာတွေထဲမှာလည်း သင်ခဲ့ရတာ မှတ်မိမယ်ထင်ပါတယ်။ ဒီကျောင်းကြီးကို အနောက်နိုင်ငံက ဘုရားရှိခိုးကျောင်းနဲ့ ရဲတိုက်တွေကို ပုံစံယူပြီးတည်ဆောက်ထားလို့ ပြင်သစ်ဗိသုကာလက်ရာတွေ အများဆုံးပါဝင်နေတဲ့ အုတ်ကျောင်းကြီးလို့ ဆိုရမှာပါ။ တချို့လည်း ဦးဘိုးလှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်အတွင်း အီတလီတောင်ပိုင်းကို ရောက်တုန်း မြင်ခဲ့ရတဲ့ ဟိုတယ်တစ်ခုရဲ့ ပုံစံကို မြန်မာမှုပြုလိုက်တယ်လို့ ဆိုပါတယ်။ သက်တမ်းအားဖြင့်လည်း ၁၅၀ ကျော်သွားပါပြီ။
 
ဒါပေမဲ့ ဒီအဆောက်အဦးဟာ ဒုတိယကမ္ဘာစစ်တုန်းကတော့ အင်္ဂလိပ်တွေရဲ့ ဗုံး (၄) လုံးကြဲချတဲ့ ဒါဏ်ကို ခံစားခဲ့ရလို့ အတွင်းပိုင်းက သစ်သားနဲ့ဆောက်လုပ်ထားသမျှ ရှေးဟောင်းလက်ရာတွေ မကျန်ရစ်တော့သလောက် ဖြစ်သွားပြီး ခုလက်ရှိမြင်နေရတဲ့ အုတ်ကျောင်းကြီးသာ ကျန်နေတော့တယ်လို့ သိရပါတယ်။

အေဆောက်အအုံရဲ့ ညာဘက်ခြမ်း ဒါမှမဟုတ် ကိုယ်က အဆောက်အဦးကို မျက်နှာမူထားမယ်ဆိုရင် ကိုယ့်ရဲ့ ဘယ်ဘက်ခြမ်းမှာရှိတဲ့ အုတ်ရေကန်
ယောမင်းကြီး အုတ်ကျောင်းရဲ့ မျက်နှာစာ ထူးခြားတဲ့ ဥရောပ နဲ့ မြန်မာ သုခုမ ပေါင်းစပ်မှုတွေနဲ့ ဗိသုကာလက်ရာ¯

အဆောက်အဦးရဲ့ ထူးခြားဟန်

အရှေ့အနောက် ပေါင်းစပ်ထားတဲ့ ဗိသုကာလက်ရာ ရှိတဲ့ အုတ်ကျောင်းကြီးမှာ တိုင်လုံးအမြင့်ကြီးတွေ သုံးထားတာမျိုး၊ ကြောင်လိမ်လှေကားလို အကွေ့လေးတွေ ချိုးထားတာမျိုးတွေ ဥရောပဟန် ယူပြီး မြန်မာမှုအနုလက်ရာပုံစံအနေနဲ့ ကနုတ်၊ ပန်းနဲ့ ဒေါင်းပုံစံလေးတွေ ထည့်သွင်းဖန်တီးထားပါတယ်။ ထူးခြားတဲ့ အဆောက်အဦးဟန်ပန်နဲ့ ဘုန်းတော်ကြီးကျောင်းလို့ ဆိုပါရစေ။ အဆောက်အဦးကို မျက်နှာချင်းဆိုင်ထားပြီး ဘယ်ဘက်ကို ကြည့်ရင် အုတ်ရေကန်ကြီးတစ်ကန်ကိုလည်း တွေ့ရမှာပါ။

လမ်းညွှန်

မန္တလေး ကျုံးကြီးရဲ့ မြောက်ဘက်က မန္တလေး - မတ္တရာလမ်းအတိုင်း (၅) မိနစ် မောင်းရင် မန္တလေးတောင် ဂေါက်ကွင်းနဲ့ မျက်နှာချင်းဆိုင် မှာ တည်ရှိပါတယ်။ ချစ်စရာ တံတားလေး (ချစ်စရာဆိုပေမဲ့ ထိန်းသိမ်းမှုသိပ်မရှိလို့လားမသိ၊ ယိုယွင်းပျက်စီးနေပြီ) ကို ဖြတ်ရင် အဝင်မုခ်ဦး ကို တွေ့မယ်။ အဲ့ဒီကနေ တန်းဝင်သွားရုံပါပဲ။

မြန်မာပြည်က ရှေးဟောင်းအုတ်ကျောင်း (၁၄) ကျောင်း

ဒါကတော့ ဒီစာရေးရင်း တိုက်ဆိုင်လို့ မှတ်မိတာလေး ပြန်ဝေငှတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှေးဟောင်း အုတ်ကျောင်း (၁၄) ကျောင်း ရှိပါတယ်။ အဲ့ဒီအုတ်ကျောင်းတွေကတော့ -
 

 
ပုဂံ
 
(၁) ရှင်အရဟံအုတ်ကျောင်း
 
(၂) ဖွားစောဆုတောင်းပြည့်အုတ်ကျောင်း
 
(၃) ဆင်ဖြူရှင်အုတ်ကျောင်း
 
(၄) စိုးမင်းကြီးအုတ်ကျောင်း
 
(၅) လေးမျက်နှာအုတ်ကျောင်း
 
(၆) ရွှေနန်းရင်အုတ်ကျောင်း
 

 
အင်းဝ
 
(၇) လေးထပ်ကျောင်း
 
(၈) နန်းမတော်မယ်နုအုတ်ကျောင်း
 
(၉) မောင်အိုအုတ်ကျောင်း
 

 
မန္တလေး
 
(၁၀) မဟာအတုလဝေယံအုတ်ကျောင်း
 
(၁၁) ယောမင်းကြီးအုတ်ကျောင်း
 

 
ပခန်း
 
(၁၂) ရွှေဥမင်အုတ်ကျောင်း
 

 
မိတ္ထီလာ
 
(၁၃) မုန်တိုင်အုတ်ကျောင်း
 

 
ဘုတလင်
 
(၁၄) ညောင်ကန်အုတ်ကျောင်း
 

 
တို့ပဲ ဖြစ်ပါတယ်။

ကြောင်လိမ်လှေကားလို့ အကွေ့အကောက်လေးနဲ့ ဖန်တီးထားတဲ့ ပုံစံ၊ တိုင်လုံးအမြင့်ကြီးတွေ တည်ဆောက်ထားတဲ့ တစ်မူထူးတဲ့ ဟန်ပန်နဲ့ အုတ်ကျောင်း
စစ်ဒါဏ်လည်း ခံခဲ့ရသလို အချိန်ကာလရဲ့ တိုက်စားမှုဒါဏ်တွေကိုလည်း ခံစားနေရတဲ့ နှစ် ၁၅၀ ကျော် အဆောက်အဦးကြီး
လေ့လာလို့ မဝနိုင်သလို ဓါတ်ပုံရိုက်လို့လည်း မဝ နိုင်ဘူးလေ။

ယောမင်းကြီးအုတ်ကျောင်းအတွင်း ဓါတ်ပုံရိုက်မယ်ဆိုရင်

သတိပြုရမှာပါ။ ဓါတ်ပုံရိုက်တာကို ခွင့်တောင်းဖို့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ အချိန်အနည်းငယ်တုန်းက မဂ္ဂဇင်းတစ်စောင်ရဲ့ ဖက်ရှင်ဓါတ်ပုံတွေ အပြကြမ်းသွားလို့ ဆရာတော်တွေက တားမြစ်လိုက်ပုံရပါတယ်။ ဒီကျောင်းတိုက်အတွင်းမှာ ဓါတ်ပုံရိုက်မယ်ဆိုရင် ခွင့်တောင်းဖို့ လိုအပ်ပါမယ်။ သာမန်အပျော်တမ်းကတော့ အဆင်ပြေနိုင်ပါတယ်။ လျှောက်ရင်တော့ ပိုပြီး အဆင်ပြေမှာပေါ့နော်။
 
အဆောက်အဦး ပတ်ပတ်လည် ဓါတ်ပုံရိုက်လို့လှတယ်။ အတွင်းဘက်လည်း အတော်လှတယ်ဆိုပေမဲ့ အတွင်းကို အဲ့ဒီနေ့က ဝင်ခွင့်မရလိုက်ပါဘူး။ အုတ်ရေကန်ကြီးကလည်း ဓါတ်ပုံရိုက်ဖို့အတော်လှပါတယ်။

ကိုယ်ဟာ မြန်မာမှု မြတ်နိုးသူကြီးပါ

ကျွန်တော်ကတော့ ဒီလို ခမ်းနားတဲ့ နှစ် ၁၅၀ ကျော် အုတ်ကျောင်းကြီးဆီ မျက်စိလည်ပြီး ရောက်ခဲ့တာကို အတော်လေး ကျေနပ်နေမိပါတယ်။ မန္တလေးက မိတ်ဆွေအချို့ကတောင် သူတို့ မသိဘူး ဆိုလို့ အံ့အားသင့်ခဲ့ရတယ်။ ဒီနေရာလေးဟာ ဓါတ်ပုံဝါသနာရှင်တွေအတွက်လည်း အတော် အဆင်ပြေတဲ့ နေရာတစ်ခု ဖြစ်သလို ဗိသုကာလေ့လာသူတွေအတွက်လည်း အထောက်အကူရမဲ့ နေရာလေးလို့ မှတ်ထင်မိပါတော့တယ်။
 

 
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
 
သီဟလုလင် (Thiha, the Traveller)
 

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


 
Photo & Retouch: Thiha MyoKyaw (Soulmate Photography)


မြန်မာ့အလှအပတွေကို ရေရှည်ခံစား သွားလာလည်ပတ်နိုင်ဖို့ ခရီးသွားသူ ကျွန်တော်တို့အားလုံး -

  • ကိုယ့်အမှိုက် ကိုယ်တာဝန်ယူပြီး အမှိုက်ပုံးမှာ စနစ်တကျ စွန့်ပစ်ကြပါစို့

  • ပွင့်တဲ့ပန်းနဲ့ ရှင်သန်ဆဲသစ်ပင်တွေကို မခူး၊ မချိုးဖဲ့ဘဲ သူတို့ရှိတဲ့ သဘာဝအလှကို တန်ဖိုးထားကြပါစို့

  • ယဉ်ကျေးမှုအမွေအနှစ်နဲ့ အဖိုးတန်သမိုင်းဝင် အဆောက်အဦးများကို မိမိရဲ့ ပုဂ္ဂလိက တဒင်္ဂသာယာမှုအတွက် ရေးခြစ်မဖျက်ဆီးဘဲ တန်ဖိုးထား ဂရုစိုက်ထိန်းသိမ်းကြပါစို့

    1320
    0