Thiha Lu Lin

Sep 12, 20212 min

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၇) | မယ်တော် မာရိ ရဲ့ ဂူဗိမာန် ရှိရာဆီ

တနင်္ဂနွေနေ့လေးမှာ သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း အပိုင်းဆက်လေးတွေ တင်ပေးမယ် ရည်ရွယ်ထားတဲ့ အတိုင်း အခု အပိုင်း (၇) မှာတော့ မယ်တော် မာရိ ရဲ့ ဂူဗိမာန် နေရာလေးအကြောင်း ပြောပြချင်ပါတယ်။ ကျွန်တော် ရဲ့ ဂျေရုဆလင် ခရီးစဉ်မှာ ရိုမန်ကတ်သလစ်အသင်းတော်ဝင်တွေနဲ့ သွားခဲ့ရတာမို့ မယ်တော် နဲ့ ဆိုင်တဲ့ နေရာတော်တော်များများ ကို ရောက်ခွင့် ပိုကြုံခဲ့တယ်လို့ ဆိုရပါမယ်။ အခုနေရာလေးဟာလည်း တစ်ကမ္ဘာလုံးက ရိုမန်ကတ်သလစ်အသင်းတော်ဝင်တွေ အလည်အပတ် ရောက်ချင်ကြတဲ့ နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ မယ်တော် ရဲ့ ဂူဗိမာန်နေရာမှာ ဘုရားကျောင်း တည်ရှိနေပြီ ဖြစ်ပါတယ်။

မာတိကာ

  • ဂျေရုဆလင် ဘယ်အပိုင်းမှာရှိတာလဲ?

  • နောက်ခံအဖြစ်အပျက်အကြောင်းအရာ

  • ပုံစံထူးခြားတဲ့ ဘုရားကျောင်း The Church of the Tomb of the Virgin Mary

  • မယ်တော်မာရိ ရဲ့ ခင်ပွန်း ယောသပ် နဲ့ မိဘနှစ်ပါး တို့ရဲ့ ဂူဗိမာန်နေရာများ

  • ဘုရင်မကြီး Melisanda ရဲ့ ဂူဗိမာန်

  • မယ်တော်မာရိ ရဲ့ ဂူဗိမာန်

  • အမျိုးမျိုးဒါဏ်ခံခဲ့ရတဲ့ မယ်တော့်ဂူဗိမာန်ဘုရားကျောင်းကြီး

  • ခရူးဆိတ်ဒါ ဆိုတာ

ဂျေရုဆလင် ဘယ်အပိုင်းမှာရှိတာလဲ?

မယ်တော် ရဲ့ ဂူဗိမာန်ရှိရာ ဘုရားကျောင်း ကိုတော့ The Church of the Tomb of the Virgin Mary လို့ ခေါ်ဆိုကြပါတယ်။ ဂျေဟိုရှဖတ် တောင်ကြား (Valley of Jehoshaphat) နေရာလေးမှာ ရှိတာ ဖြစ်ပြီး သံလွင်တောင် (Mount of Olives) ရဲ့ တောင်ခြေမှာ တည်ရှိနေတာပါ။

နောက်ခံအဖြစ်အပျက်အကြောင်းအရာ

Virgin Mary ဆိုတဲ့ အသုံးအနှုန်းကို ခရစ်ယာန်ဘာသာဝင်တွေကတော့ သိကြပေမဲ့ တခြားသူတွေကတော့ ရုတ်တရက် ဘာကြီးလဲ ဖြစ်နိုင်ပါတယ်။ ယေရှုခရစ်တော် ရဲ့ မိခင် ကို အပျိုစင်မာရိ လို့ ဘာလို့ ခေါ်ဆိုရသလဲပေါ့။ ယေရှုခရစ်တော် ဟာ ဘုရား ကနေ လူ့ဇာတိ ခံယူတာ ဖြစ်လို့ မယှက်တင်ဘဲ မွေးဖွားမှုကို ခံယူခဲ့ပါတယ်။ ဒါကြောင့်မို့ အပျိုစင် မာရိ ရဲ့ ဝမ်းမှာ ပဋိသန္ဓေယူခဲ့တာပါ။ ရှေ့အပိုင်းတွေမှာ ဒီအကြောင်းအချို့ကို ပြောပြဖူးပါသေးတယ်။ အဲ့ဒီအချိန်မှာ မယ်တော် မာရိ မှာ စေ့စပ်ထားတဲ့. ယောသပ် ရှိထားပြီး ဖြစ်ပါတယ်။ ဒီလို ကိုယ်ဝန်ဆောင်မဲ့ ကိစ္စကို ယောသပ် သိတဲ့အခါ မာရိကို ငဲ့ပြီး တိတ်တဆိတ်စွန့်ပစ်မယ် ကြံခဲ့ပေမဲ့ ကောင်းကင်တမန်တွေရဲ့ ဖြေရှင်းချက်ကြောင့် နားလည်လက်ခံပြီး ယေရှုခရစ်တော် ရဲ့ လောကဖခင်အရာကို လက်ခံရယူခဲ့ပါတယ်။ ဒါပေမဲ့ ယေရှုခရစ်တော် မမွေးခင်အထိ မယ်တော် နဲ့ သံဝါသမပြုဘဲ စောင့်ထိန်းခဲ့သူပါ (မဿဲ၊ ၁:၁၈-၂၅)။ ဒါကြောင့် အပျိုစင် မာရိ လို့ ခေါ်ဆိုကြပါတယ်။ မယ်တော် မာရိ ဟာ အသက်ဆုံးပြီးချင်းပဲ ကောင်းကင်ကို ချီဆောင်ခြင်း ခံရတယ်လို့ ယုံကြည်ကြပါတယ်။ အခု ဒီဘုရားကျောင်းမှာ ဂူဗိမာန် ကို ဝင်ကြည့်နိုင်သလို ချီဆောင်ခြင်းခံရတဲ့ အပေါက် ကိုလည်း မျက်နှာကြက်မှာ မြင်တွေ့ရပါလိမ့်မယ်။

ပုံစံထူးခြားတဲ့ ဘုရားကျောင်း The Church of the Tomb of the Virgin Mary

မယ်တော် ရဲ့ ဂူဗိမာန်ဘုရားကျောင်း ဟာ ထူးခြားစွာပဲ မြေအောက်ထဲမှာ ရှိနေတာပါ။ ရုတ်တရက် ကြည့်လိုက်ရင်တော့ အပေါ်ဘက်မှာ ဘုရားကျောင်းပုံစံ တည်ရှိနေတာမို့ မြေပြင်နဲ့ တပြေးတည်း ရှိနေမယ် ထင်ရပေမဲ့ အောက်ဘက်ကို လှေကားထစ်လေးတွေနဲ့ ဆင်းသွားရတာမျိုးမို့ ထူးခြားတယ်လို့ ဆိုနိုင်ပါတယ်။ အတွင်းမှာ ဖယောင်းတိုင်မီးလေးတွေ ထွန်းညှိထားတဲ့ လမ်းတလျှောက် ဝင်ရောက်လို့ လေ့လာ ဘုရားဖူးနိုင်မှာ ဖြစ်ပါတယ်။ ဘုရားကျောင်း ရဲ့ အချို့နေရာတွေမှာ ရေနစ်မြုပ်မှု ရှိခဲ့ဖူးလို့ ပျက်စီးခဲ့တာမျိုးလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဘုရားကျောင်းကြီးဟာ ၁၈ မီတာခန့် ရှည်လျားပြီး အတွင်းပိုင်းကို လက်ဝါးကားတိုင်ပုံစံ ဖန်တီးထားတယ်လို့ ဆိုကြပါတယ်။ မယ်တော်မာရိ ရဲ့ ဂူဗိမာန်ကိုတော့ အလယ်မှာ ထားရှိထားပါတယ်။

မယ်တော်မာရိ ရဲ့ ခင်ပွန်း ယောသပ် နဲ့ မိဘနှစ်ပါး တို့ရဲ့ ဂူဗိမာန်နေရာများ

ဘုရားကျောင်း အတွင်းကို ရောက်တဲ့အခါ လမ်းနှစ်လမ်း ခွဲသွားတာ မြင်တွေ့ရပြီး တစ်ဘက်တစ်ချက်စီမှာ ဝတ်ပြုရာအခန်းတွေ ရှိနေပါတယ်။ ဘယ်ဘက်အခန်း (အနောက်ဘက်) ကတော့ မယ်တော်မာရိ ရဲ့ အမျိုးသား ယောသပ် (Joseph) ရဲ့ ဂူဗိမာန် ဖြစ်ပါတယ်။ ညာဘက်အခန်းမှာတော့ မယ်တော်မာရိ ရဲ့ မိဘ နှစ်ပါး ဖြစ်ကြတဲ့ Hanna (Anna) နဲ့ Joachim တို့ရဲ့ ဂူဗိမာန်တွေ ပဲ ဖြစ်ပါတယ်။

ဘုရင်မကြီး Melisanda ရဲ့ ဂူဗိမာန်

ဒီနေရာမှာပဲ ခရူးဆိတ်ဒါ တို့ရဲ့ ဘုရင်မကြီး အဖြစ် ၁၁၃၁ ခုနှစ် ကနေ ၁၁၅၃ အထိ အုပ်စိုးခဲ့တဲ့ ဂျေရုဆလင် ဘုရင်မကြီး လို့ ဆိုရတဲ့ Melisanda ကိုလည်း မြှုပ်နှံထားပါတယ်။ အရှေ့ဘက် အခန်းထဲမှာ ဖြစ်ပါတယ်။ Melisanda ဟာ ၁၁၃၁ ခုနှစ် ကနေ ၁၁၄၃ အထိ ဂျေရုဆလင်ကို အုပ်ချုပ်ခဲ့တဲ့ ဘုရင်ကြီး Fulk V of Anjou ရဲ့ ကြင်ယာတော် ဘုရင်မကြီးပါ။

မယ်တော်မာရိ ရဲ့ ဂူဗိမာန်

မယ်တော်မာရိ ရဲ့ ဂူဗိမာန် ဆီကိုတော့ အတော်လေး စိတ်ရှည်စွာ တန်းစီ ဝင်ရောက်ကြည့်ရှုကြရပါတယ်။ တစ်ဦးချင်းဆီ ဝင်ပြီး လေ့လာနိုင်သလို တို့ထိ ဆုတောင်းမှုတွေ၊ ဝတ်ပြုမှုတွေလည်း ယုံကြည်သူတွေ လုပ်ဆောင်ကြလေ့ ရှိပါတယ်။ မယ်တော် ရဲ့ ဂူဗိမာန် ဆီကို တံခါးပုလေးကနေ တဆင့် ငုံ့ဝင်လို့ တွေ့မြင်လေ့လာနိုင်ကြပါတယ်။ လဲလျောင်းရာနေရာ ကို မှန်နဲ့ အုပ်ပေးထားလို့ ထိတွေ့မရပေမဲ့ ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ပါတယ်။ အချို့လဲ မှန်ထဲကို ငွေသားတွေ ထိုးထည့်တတ်ကြပါသေးတယ်။ လဲလျောင်းရာ နေရာ ရဲ့ အပေါ် မျက်နှာကြက်မှာတော့ အပေါက်ကြီးတစ်ခုကို မြင်တွေ့ရပြီး မယ်တော်မာရိ ကောင်းကင်သို့ ချီဆောင်ခြင်း ခံရတဲ့နေရာလို့ ယူဆကြပါတယ်။

အမျိုးမျိုးဒါဏ်ခံခဲ့ရတဲ့ မယ်တော့်ဂူဗိမာန်ဘုရားကျောင်းကြီး

ဒီ ဂူဗိမာန်နေရာ ဟာ ၁ ရာစုအရောက်မှာ သာမန် ဂူသင်္ချိုင်းတွင်းပုံစံကနေ ကျောက်သားတွေကို ထွင်းထုလို့ ပုံဖော်ခဲ့ပါတယ်။ နောက်တော့ လက်ဝါးကားတိုင်ပုံ ချဲ့ထွင်ယူခဲ့ပါပြီး ဘုရားကျောင်းအသွင်ပြောင်းလဲကာ မယ်တော့်ဂူဗိမာန်နေရာကို အလယ်ဗဟိုမှာ ထားရှိခဲ့ပါတယ်။ ၆ ရာစု အရောက်မှာတော့ ရှစ်မြှောင့်ပုံဘုရားကျောင်းကြီးကို ဂူဗိမာန်အပေါ်မှာ တည်ဆောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၆၁၄ ခုနှစ် ပါရှန်းတွေရဲ့ ကျူးကျော်မှုမှာ ဖျက်ဆီးခံခဲ့ရပါတယ်။ အခုမြင်တွေ့နေရတဲ့ ဘုရားကျောင်းကိုတော့ ခရူးဆိတ်ဒါတွေ ပြန်လည်တည်ဆောက်ထားတာ ဖြစ်ပြီး အခုအချိန်မှာတော့ အာမေးနီးယန်း နဲ့ ဂရိအော်သိုဒေါ့စ် ဘုရားကျောင်းတွေက တာဝန်ယူစောင့်ရှောက်ပေးနေကြပါတယ်။

ခရူးဆိတ်ဒါ ဆိုတာ

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း အကြောင်းရေးတဲ့အခါ ခရူးဆိတ်ဒါ ဆိုတဲ့ အသုံးအနှုန်းလေး ပါဝင်လာတာ သတိပြုမိကြမယ်။ ဘာလဲလို့ မသိသေးသူတွေလည်း ရှိနိုင်ပါတယ်။ ခရူးဆိတ်ဒါ (Crusader) ဆိုတာ Crusade ကနေ ဆင်းသက်လာတာပါ။ ခရစ်တော် မွေးဖွားရာ နယ်မြေကို အစ္စလာမ်ဘာသာဝင်တွေလက်ကနေ ပြန်လည်ရယူရာက ဖြစ်ပေါ်လာတဲ့ ဘာသာရေးစစ်ပွဲလို့ ဆိုရပါမယ်။ ဒီစစ်ပွဲတွေမှာ တိုက်ပွဲဝင်သူတွေကို ခရုးဆိတ်ဒါ လို့ ခေါ်ကြပါတယ်ဗျ။

ဒီတစ်ပတ်အတွက်တော့ သံလွင်တောင်ခြေရင်း က The Church of the Tomb of the Virgin Mary အကြောင်းလေး တင်ဆက်လိုက်ပါတယ်ခင်ဗျ။ လေ့လာစရာတွေများလွန်းတဲ့ သန့်ရှင်းရာမြေ ခရီးစဉ်ကတော့ ပြောမကုန်အောင် ယုံကြည်သူတွေ ရင်ထဲမှာ ကျန်ရစ်စေတာတော့ အမှန်ပါပဲဗျာ။

အားလုံးပဲ ကျန်းမာရွှင်လန်းပြီး ကပ်ကြီးအပေါင်းဘေးမှ အစဉ်ကင်းဝေးကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။

Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+

Photos are modified in Lightroom by Thiha Lu Lin.

    1230
    0