Thiha Lu Lin

Sep 24, 20211 min

ထိုင်းနိုင်ငံ ခရီးသွားပြန်ဖွင့်ချိန်ကို နိုဝင်ဘာလ သို့ ရွှေ့ဆိုင်းဖွယ်ရှိ

ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းနိုင်ငံ အစိုးရဟာ ဘန်ကောက်မြို့တော် အပါအဝင် ထိုင်းနိုင်ငံ ရဲ့ အထင်ကရခရီးသွားမြို့အချို့ကို အောက်တိုဘာလ (၁) ရက်နေ့မှာ ခရီးသွားပြန်လည်ဖွင့်လှစ်မယ့်အကြောင်း ပြောဆိုခဲ့ပေမဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ ‌အောက်တိုဘာလ (၁၅) ရက်နေ့မှ ဖွင့်လှစ်မယ့်အကြောင်း ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။ သို့သော်လည်း ယခုရက်ပိုင်းအတွင်းမှာပဲ နိုဝင်ဘာလ (၁) ရက်နေ့မှ ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း ‌သတင်းထွက်ပေါ်လာခဲ့ပြန်ပါတယ်။

ရွှေ့ဆိုင်းဖို့ အဓိကဖြစ်စေတဲ့ အကြောင်းရင်းကတော့ ခရီးသွားဖွင့်လှစ်မယ့်ဒေသတွေမှာ ကိုဗစ်ကပ်ကြီးအတွက် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်ဟာ မူလသတ်မှတ်ထားတဲ့အတိုင်း ၇၀% ပြည့်မီခြင်း မရှိသေးတာကြောင့်လို့ ဆိုပါတယ်။ ဒီအတိုင်းအတာရရှိဖို့ဟာ အောက်တိုဘာလထိ ကြာမြင့်နိုင်ချေရှိလို့ နိုဝင်ဘာလကို ရွှေ့ပြောင်းရဖို့ရှိကြောင်း သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Tourism Authority of Thailand (TAT) ရဲ့ ပြောဆိုချက်အရ ထိုင်းနိုင်ငံ ရဲ့ ဘန်ကောက်မြို့တော် အပါအဝင် ချင်းမိုင်၊ ချွန်ဘူရီ၊ ဖက်ချာဘူရီ နဲ့ ပရာချူအပ် ခီရိခန်း ဒေသတွေကို ဖွင့်လှစ်ဖို့ ရည်ရွယ်ထားပြီး အခုတော့ နိုဝင်ဘာလ (၁) ရက်နေ့အထိ ရွှေ့ဆိုင်းဖွယ်ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ချင်းမိုင် ကိုတော့ အမြန်ဆုံး ပြန်ဖွင့်နိုင်ဖို့ ကြိုးစားထားပြီး အနည်းဆုံးတော့ ပြည်တွင်းခရီးသွားတွေကို ဆွဲဆောင်သွားမယ့်သဘော ရှိပါတယ်။ ပြည်တွင်းခရီးသွားခြင်းကိုတော့ လာမယ့် အောက်တိုဘာ (၁) ရက်နေ့မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်နေတာကြောင့် ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေပြီးသား နိုင်ငံခြားသားခရီးသွားတွေကတော့ စတင် လည်ပတ်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ ပတ္္တရားကိုတော့‌ အောက်တိုဘာလ (၁) ရက်နေ့ ဖွင့်လှစ်မှာ ဖြစ်ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ လက်ရှိအခြေအနေမှာတော့ ခရီးသွား ပြန်လည်ဖွင့်လှစ်မယ့်အစီအစဉ်တွေဟာ တိကျမှုမရှိသေးတာကို တွေ့ကြရပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဟာ နေ့စဉ် ကိုဗစ်ကပ် ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်လျက်ရှိပြီး ဩဂုတ်လအတွင်းတုန်းက တစ််ရက်ကိုလူ ၂၀,၀၀၀ အထက် အထိ ကူးစက်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ တစ်ပတ်ကို ပျမ်းမျှ ၁၀,၀၀၀ အောက်အထိ လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လာမယ့်အောက်တိုဘာလ အတွင်း ထိုင်းနိုင်ငံ ကို ဝင်ရောက်မယ်ဆိုရင် ခရီးသွားအားလုံးဟာ ‌ကာကွယ်ဆေး (၂) ကြိမ် အပြည့်အဝထိုးနှံပြီးကြောင်း အထောက်အထား ပြသရမှာဖြစ်ပြီး ထိုင်းနိုင်ငံကို မလာခင် အနည်းဆုံး (၁၄) ရက် ကွာခြားပြီး ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံထားရမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဟာ WHO က လက်ခံထားတဲ့ Pfizar, Moderna, Oxford-AstraZeneca, Johnson & Johnson နဲ့ Sinovac ကာကွယ်ဆေးထိုးနှံထားမှုတွေကို လက်ခံသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသွားတွေဟာ ထိုင်းနိုင်ငံကို မလာခင် (၇၂) နာရီအတွင်း စစ်ဆေးထားတဲ့ PCR Test ကို Negative ဖြစ်ကြောင်း ပြသကြရပါမယ်။ ထိုင်းနိုင်ငံကို ရောက်တဲ့အခါမှာလည်း ရောက်ရောက်ချင်း PCR Test ကို စစ်ဆေးရဦးမှာ ဖြစ်ပါတယ်။ ပြီးတာနဲ့ သတ်မှတ်ထားတဲ့ ဟိုတယ်ကိုပဲ တန်းသွားရပြီး PCR Test ရဲ့ အဖြေကို စောင့်ဆိုင်းရပါမယ်။ ခရီးသွားတွေဟာ ‌အနည်းဆုံး ဒေါ်လာ တစ်သိန်း အကွယ်အကာဖြစ်မယ့် ခရီးသွားကျန်းမာရေးအာမခံ ကိုလည်း လိုအပ်ပါလိမ့်မယ်လို့ ကနဦးသတင်းအရ သိရပါတယ်။ - Source: Travel off Path

    690
    2