Thiha Lu Lin

Aug 22, 20211 min

အမေရိကန် ခရီးသွားဘလော့ဂ်ဂါ Kaitlyn McCaffery ဘာလီတွင် မတော်တဆမှုဖြစ်ပွား

လူကြိုက်များ အမေရိကန် ခရီးသွားဘလော့ဂ်ဂါ တစ်ဦးဖြစ်သူ Kailyn McCaffery တစ်ယောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက်နေ့က သတိလစ်နေတဲ့ အခြေအနေနဲ့ ဘာလီကျွန်း လမ်းမဘေးတစ်နေရာမှာ လဲကျနေတာကို တွေ့မြင်ခဲ့ရပါတယ်။ အမျိုးသားလူငယ်နှစ်ယောက်က သူမတစ်ဦးတည်း သတိမေ့မြော၊ ကျိုးပဲ့ သွေးထွက်နေတဲ့ အခြေအနေကို မြင်တွေ့ ကယ်တင်နိုင်ခဲ့တာပါ။ သူမဟာ Scooter ဆိုင်ကယ်စီးနင်းရင်း မတော်တဆမှု ကြုံဆုံခဲ့ရတာဖြစ်ပြီး အခုအချိန်မှာတော့ ဆေးရုံမှာ သတိမရသေးဘဲ မြောနေတဲ့အနေအထားနဲ့ အပြင်းအထန် ကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။

အမေရိကန် ခရီးသွားဘလော့ဂ်ဂါ ရဲ့ လက်ရှိဆေးရုံတင်ထားရမှုအခြေအနေ | Photo: Perth Now

သူ့မိဘတွေ ရှိရာ ကယ်လီဖိုးနီးယား ကို ဆက်သွယ်အကြောင်းကြားထားပြီး မိဘတွေကလည်း ဘာလီ ကို လာရောက်ဖို့ ကပ်ကာလကြီးအတွင်းဖြစ်တာကြောင့် အခက်အခဲ ရှိနေပါတယ်။ အင်ဒိုနီးရှားဌာနဆိုင်ရာများကလည်း မိဘဆွေမျိုးတွေ လာရောက်ကြည့်ရှုမယ့် အစီအစဉ်ကို ကိုဗစ်-၁၉ အခြေအနေကြောင့် ခွင့်ပြုပေးခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ အမေရိကားကို ပြန်ခေါ်ဖို့ရာမှာလည်း စားရိတ်များစွာကုန်ကျမှာဖြစ်လို့ ခရီးသွားအာမခံ ကုမ္ပဏီ ကလည်း ဒီကိစ္စကို ငြင်းဆန်ထားခဲ့ပါတယ်။ Kaitlyn ရဲ့ ဘာလီက မိတ်ဆွေကောင်းတွေကြောင့် အဆင်ပြေမှုများ ရှိခဲ့သလို မိသားစုတွေဆီ သတင်းဆက်သွယ်ပေးပို့မှုတွေလည်း အချိန်နဲ့အမျှ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Kaitlyn ဟာ လက်ရှိမှာ Instagram မှာ Follower တစ်သောင်း တစ်ထောင်ကျော် ပြီး၊ ပြီးခဲ့တဲ့ ၅ နှစ် အတွင်းမှာ သူမဟာ နိုင်ငံပေါင်း ၅၀ ကျော် ကို ခရီးထွက်ခဲ့တဲ့ ကမ္ဘာ့လှည့်ခရီးသွားဘလော့ဂ်ဂါတစ်ဦး ပါ။ ခုလို မတော်တဆမှု ဖြစ်ပွားတဲ့အချိန် သူ့ကိုချစ်ခင်ကြတဲ့ မိတ်ဆွေများက လူမှုကွန်ရက်ကနေတဆင့် အားပေးစကားများစွာ ပြောဆို ပေးပို့ ရေးသားထားကြပါတယ်။

    200
    0