Thiha Lu Lin

May 16, 20173 min

ခရီးသွားသူတွေ စမ်းသုံးကြည့်သင့်တဲ့ Mobile Apps များ

Updated: May 29, 2020

ခရီးသွားခြင်းနဲ့သက်ဆိုင်တဲ့ မိုဘိုင်းအက်ပလီကေးရှင်းတွေက ပြည်တွင်းခရီးစဉ်တွေအတွက်တော့ အထောက်အကူပြုတာ နည်းသေးပေမဲ့ တချိန်မှာတော့ အဆင်ပြေဖို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ဒီမိုဘိုင်းအက်ပလီကေးရှင်းတွေက ပြည်ပခရီးစဉ်တွေအတွက်တော့ အရမ်းအကျိုးရှိလှတယ်လို့ ကျွန်တော် ယူဆမိပါတယ်။ ဒါတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ခရီးစဉ်ကို ကိုယ်တိုင်ဖန်တီးသွားလို့ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်တာကိုး။ တချို့လည်း Visa တို့ Master တို့လို Debit ဒါမှမဟုတ် Credit ကတ်တွေ လိုအပ်တာမျိုး ရှိသလို၊ ဘာကတ်မှ မလိုအပ်တာမျိုးလည်း ရှိပါတယ်။ ကတ်တွေ လိုအပ်တယ်ဆိုတာက တည်းဖို့ ဟိုတယ်၊ စားဖို့ စားသောက်ဆိုင်၊ လည်ဖို့ နေရာတွေကို ကြိုတင် Booking လုပ်ဖို့အတွက် သက်သေခံကတ်ပြားလိုအပ်တဲ့အတွက် ဖြစ်ပါတယ်။ ကိုယ်က ကြိုတင် Booking လုပ်ပြီးမှ မလာခဲ့ရင် သတ်မှတ် တန်ကြေးတစ်ခုကို ကိုယ့်ရဲ့ ကတ်ထဲကနေ ဖြတ်တောက်ရယူချင်လို့လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို မိုဘိုင်းအက်ပလီကေးရှင်းတွေ သုံးမယ်ဆိုရင် ဆုံးဖြတ်ချက် ပြတ်သားဖို့ လိုပါတယ်။ ခရီးစဉ် စပြီဆိုလည်း အဆုံးထိ လုပ်ဆောင်သင့်သလို၊ မစနိုင်ဘူးဆိုရင်လည်း ချက်ချင်း ခရီးစဉ်ရုတ်သိမ်းလိုက်ဖို့ လိုအပ်ပြီး ကြိုတင် Booking လုပ်ထားသမျှကို ပြန်လည် ဖျက်ပစ်နိုင်ဖို့ ကြိုးစားရပါတယ်။ တချို့ကိစ္စရပ်တွေကတော့ နည်းနည်း ဘက်လိုက်ထားတာမျိုး ဖြစ်နိုင်ပေမဲ့ ကိုယ်က သေချာအောင် သက်ဆိုင်ရာ ညွှန်းဆိုထားတဲ့ ဟိုတယ်၊ စားသောက်ဆိုင်၊ လည်ပတ်စရာတွေရဲ့ အောက်က တကယ်သွားရောက်သူတွေ ရေးထားတဲ့ Review တွေကို ဖတ်ကြည့်ဖို့လည်း လိုပါတယ်။ အကျိုးရှိတဲ့ဘက်ပိုများလို့ ကျွန်တော်ကတော့ ဒီလို Mobile Apps တွေ အသုံးပြုရတာကို သဘောကျတယ်။

ခရီးသွားခြင်းကို စိတ်ဝင်စားကြတဲ့ ညီအစ်ကိုမောင်နှမတွေ ဒီ မိုဘိုင်းအက်ပလီကေးရှင်းတွေကို စမ်းသုံးကြည့်သင့်တယ်လို့ ကျွန်တော်လက်လှမ်းမီသလောက် စုစည်း အကြံပြုချင်ပါတယ်။

Google Trips – Travel Planner

Google ရဲ့ ထုတ်ကုန် အက်ပလီကေးရှင်းတွေထဲမှာ ဒီဟာလေး ရှိတယ်ဆိုတာ သတိပြုမိသူ နည်းဦးမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကိုယ့်ရဲ့ခရီးစဉ်ကို ကိုယ်တိုင်ရေးဆွဲပြင်ဆင်နိုင်ဖို့ အဖော်မွန်ကောင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ Gmail Account နဲ့ ချိတ်ဆက်ထားလို့ လွယ်လွယ်ကူကူ ကြိုတင် Reservation လုပ်တာမျိုးကို လုပ်ဆောင်နိုင်ပါတယ်။ တစ်နှစ်စာလုံးအတွက်ကို ကြိုက်သလို စီမံထားနိုင်ပြီး သူက သက်ဆိုင်ရာခရီးစဉ်အလိုက် ခွဲခြားမှတ်သားပေးပါလိမ့်မယ်။ ခရီးစဉ်မှာ ဘာတွေလုပ်မယ်၊ ဘာစားမလဲ၊ ဘယ်ကိုလည်မလဲ စတာတွေကို အကြံပေးပါလိမ့်ဦးမယ်။ လေယာဉ်၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကားငှားဝန်ဆောင်မှုတွေကို Booking လုပ်တာတွေလည်း ဒီဟာလေးကနေ လုပ်ဆောင်နိုင်ပါတယ်။ သွားရောက်လည်ပတ်တဲ့နေရာက လည်ပတ်သွားလာလုပ်ဆောင်ရမဲ့ ခရီးစဉ်တွေကိုလည်း အကြံပြုပေး ပြပေးပါတယ်။ ကိုယ်ရှိနေတဲ့နေရာရဲ့ အနီးအပါးက သွားရောက်လည်ပတ်သင့်တဲ့နေရာတွေကို Review တွေ Rating တွေနဲ့ ဖော်ပြပေးတာမို့ ဆုံးဖြတ်ချက်ချဖို့ လွယ်ကူသွားစေတယ်။ အကောင်းဆုံးအချက်ကတော့ ဒီ App ကို အင်တာနက်မရှိခဲ့ရင်တောင် Offline အသုံးပြုနိုင်တာပဲ ဖြစ်ပါတယ်။ Offline ဆိုပေမဲ့ ကိုယ်က ကြိုတင် ရှာဖွေထားတဲ့ အစီအစဉ်မျိုးတော့ ဖြစ်ရပါမယ်။ မဟုတ်ရင်တော့လည်း ဝန်ဆောင်မှုအပြည့်မရပါဘူး။ Google Maps နဲ့ ချိတ်ဆက်ထားတာမို့ မြေပုံအတွက်လည်း အခက်အခဲ မရှိပါဘူး။

ဒီ App ကို Android မှာရော iOS မှာပါ အခမဲ့ရယူနိုင်ပါတယ်။ စတင်အသုံးပြုပြီဆိုတာနဲ့ သူက ကိုယ့်ရဲ့ Gmail ထဲက ခရီးစဉ်ရက်စွဲတွေကို ချက်ချင်းမှတ်တမ်းလုပ်ပြီး သွားမဲ့ရက်အတိုင်း ခရီးစဉ်အကြံပြုချက်တွေ တန်းစီ ပြပါလိမ့်မယ်။ ဒီလိုမျိုး ချိတ်ဆက်မှတ်တမ်းတင်တာမျိုးကို သဘောမကျရင် Setting ထဲမှာ ပြင်ဆင်ပြောင်းလဲနိုင်ပါတယ်။

Guides by Lonely Planet

ကမ္ဘာကျော် Lonely Planet ကနေ ထုတ်လိုက်တဲ့ မိုဘိုင်းအက်ပလီကေးရှင်းပါ။ Lonely Planet ဟာ ခရီးသွားခြင်းကို စိတ်ဝင်စားသူတိုင်း သိကြတဲ့ နာမည်ကျော် Travel Guide စာအုပ်တွေ ထုတ်ဝေနေသူလည်း ဖြစ်ပါတယ်။ ဒီ App ဟာ တစ်ကမ္ဘာလုံးကို မဟုတ်ပေမဲ့ ခရီးသွားအများစု စိတ်ဝင်စားကြတဲ့ နိုင်ငံနဲ့မြို့တွေကို ဖော်ပြပေးပါတယ်။ သိမှတ်ဖွယ်ရာတွေ၊ ခရီးစဉ်အကြောင်း၊ တည်းခိုစရာ၊ စားသောက်စရာ၊ ဝယ်ခြမ်းစရာ၊ ပြတိုက် နဲ့ လည်ပတ်သင့်တဲ့နေရာတွေကို စုစည်းဖော်ပြပေးထားတာမို့ အတော်လေး အဆင်ပြေပါတယ်။ Offline သုံးစွဲနိုင်မဲ့ မြေပုံကိုလည်း ထည့်ပေးထားပါတယ်။ Lonely Planet ရဲ့ အားသာချက်ဖြစ်တဲ့ စရိတ်နည်း ခရီးသွားအစီအစဉ်တွေနဲ့ပတ်သက်လို့ အကောင်းဆုံးအကြံပြုချက်တွေ ရယူနိုင်တာကိုလည်း ဒီ App မှာ လုပ်ဆောင်နိုင်ပါတယ်။ နိုင်ငံတိုင်း၊ မြို့တိုင်းရဲ့ အကြံပြုချက်တွေ ရရှိဖို့တော့ အချိန်နည်းနည်းပေးရဦးမယ် ထင်ပါရဲ့။

ဒီ App ကို လောလောဆယ်မှာတော့ iOS မှာပဲ သုံးစွဲနိုင်တာ သတိပြုမိပါတယ်။ Android မှာတော့ ရှာမတွေ့သေးပါဘူး။ ဒီ App ကို သုံးစွဲနိုင်ဖို့က Register ပြုလုပ်ရမှာပါ။ အခမဲ့ Download ရယူနိုင်ပေမဲ့ တချို့လုပ်ဆောင်ချက်တွေကိုတော့ ဝယ်ယူဖို့လိုအပ်ပါတယ်။ ကျွန်တော်တော့ စမ်းပြီး မသုံးစွဲကြည့်ရသေးပါဘူး။

TripAdvisor

အခမဲ့ အသုံးပြုနိုင်ပြီး ကိုယ်တွေနဲ့ကိုက်တဲ့ App တစ်ခုဖြစ်ပါတယ်။ Android မှာရော iOS မှာပါ လွယ်လွယ်ကူကူ ရှာဖွေ ရယူနိုင်ပါတယ်။ ဒီ App ကလည်း Register လုပ်ဖို့ ပြောပါလိမ့်မယ်။ အဓိကကတော့ Booking လုပ်ဆောင်ချက်တွေအတွက် လုပ်ဖို့ လိုအပ်လို့ပါ။ ဒီ App မှာ သဘောကျမိတာက တခြား Booking လုပ်တဲ့ ဝန်ဆောင်မှု App အကုန်လုံးက ဈေးနှုန်းတွေကို တစ်နေရာတည်းမှာ စုစည်းပြီး ဖော်ပြပေးတတ်လို့ ဈေးအသက်သာဆုံးကို လွယ်လွယ်လေး ရွေးချယ်နိုင်စေတာပါပဲ။ ဆိုပါတော့ ကျွန်တော်က ဘန်ကောက်က ဟိုတယ်တစ်ခုမှာ တည်းခိုဖို့ စဉ်းစားမိတယ်။ အဲ့ဒီဟိုတယ်အကြောင်းကို ဒီ App မှာ လာကြည့်တယ်။ Review တွေ ဖတ်မယ်။ စိတ်တိုင်းကျလို့ တည်းမယ်ဆိုရင် အခန်း Booking လုပ်ဖို့အတွက်ကို Booking ဝန်ဆောင်မှုပေးတဲ့ Website အသီးသီး App အသီးသီးက ဈေးနှုန်းတွေကို တစ်နေရာတည်း လာစုပြီး ပြပေးတော့ ဈေးအသက်သာဆုံး၊ ကိုယ်နဲ့ အကိုက်ညီဆုံး ဝန်ဆောင်ပေးတဲ့ Site ကို ရွေးချယ်ပြီး Booking လုပ်နိုင်တယ်။ ဒါမျိုးလေးတွေကို သဘောကျတယ်။

ခရီးသွားသူတွေရဲ့ Review တွေအများဆုံးတွေ့ရတဲ့ App လည်းဖြစ်တာမို့ ဟိုတယ်၊ စားသောက်ဆိုင်၊ လည်ပတ်စရာတွေနဲ့ပတ်သက်ပြီး အကောင်းအဆိုး အကြောင်းအကျိုးကို အမှန်ကန်ဆုံးနဲ့ အနီးစပ်ဆုံး သိနိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင်ကို ဓါတ်ပုံနဲ့ ဗီဒီယိုတွေကအစ သုံးစွဲသူတွေကပဲ တင်ထားကြတာများလို့ အခြေအနေမှန်ကို သိရတဲ့နေရာလေးပါ။ ကိုယ်တိုင် ဝင်ပြီး Review တွေရေး၊ ပုံတွေတင်ရင်လည်း အမှတ်လေးတွေရလို့ အမှတ်စုပြီး ပြန်သုံးနိုင်တဲ့ အစီအစဉ်လေးတွေ ရှိတာက ခရီးသွားတွေကို အတော်စွဲဆောင်ထားနိုင်တာဖြစ်ပါတယ်။ ကျွန်တော့ရဲ့ အကြိုက်ဆုံး ခရီးသွား အက်ပလီကေးရှင်း တစ်ခုပါ။ ကိုယ်တိုင်လည်း Review တွေရေးဖြစ်သလို၊ ဓါတ်ပုံတွေလည်း တင်ဖြစ်နေပါတယ်။

Airbnb

ဒီ App ကတော့ တည်းခိုစရာနေရာတွေကို ရှာကူပေးပါတယ်။ ကိုယ်သုံးစွဲမဲ့ ငွေကြေးပမာဏအလိုက် သင့်လျော်ရာ အိမ်၊ ဟိုတယ်၊ အင်း၊ မိုတယ်၊ တည်းခိုခန်း နဲ့ အဆောင် တွေကို ပြပေးပါတယ်။ များသောအားဖြင့် ဘော်ဒါလိုမျိုးကို Backpacker တွေက သဘောကျတတ်ကြတော့ ဈေးလေး ၅ ဒေါ်လာ ၁၀ ဒေါ်လာနဲ့ သန့်သန့်ပြန့်ပြန့် စုပေါင်းနေရာလေးတွေကို ရှာဖွေနိုင်ပါတယ်။ နိုင်ငံစုံက လူစုံနဲ့ အိပ်ရတာဖြစ်ပေမဲ့ ဒါကလည်း မိတ်ဆွေတိုးစေတာမျိုးလေ။ ကျွန်တော်တော့ တစ်ခါမှ မလုပ်ဖူးသေးဘူး။ အိမ်အလုံးလိုက် ငှားပြီး နေချင်ရင်လည်း ဒီမှာ ရှာလို့ရသလို WiFi စတဲ့ အပိုဆောင်းဝန်ဆောင်မှုတွေ ပါဝင်တာမျိုး ရှိ၊ မရှိကအစ ဖော်ပြပေးတာမို့ ကိုယ့်အတွက် ဆုံးဖြတ်ချက်ချရွေးချယ်ရတာ ပိုပြီး လွယ်ကူသွားစေတယ်။

Android ရော iOS ရော နှစ်မျိုးစလုံးမှာ အခမဲ့ ရယူနိုင်ပါတယ်။ ဥရောပ ခရီးစဉ်တွေ သွားရင် ပိုပြီး အသုံးတည့်တဲ့ App လို့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။ ကျွန်တော့မှာ ရှိတာ ကြာပေမဲ့ အသုံးပြုတာ အရမ်းနည်းပါးပါတယ်။

Booking.com

ဒီ App လေး က ကျွန်တော် သုံးလေ့ရှိတဲ့ ဟိုတယ် Booking လုပ်တဲ့ App ပါ။ ဟိုတယ်၊ မိုတယ်၊ အင်း၊ တည်းခိုခန်း အကုန်လုံးရဲ့ လျှော့ဈေးအစီအစဉ်တွေကို ပြပေးပြီး သူတို့ဆီက တဆင့်ဝယ်ရင် ဘယ်လို သက်သာနိုင်ကြောင်း ဖော်ပြပေးတတ်ပါတယ်။ ဒါ့အပြင်မှ ကိုယ်အလည်သွားတဲ့ မြို့ရဲ့ လည်ပတ်စရာနေရာတွေကိုလည်း ပြသပေးပါတယ်။ ဒါပေမဲ့ အရမ်းစုံစုံလင်လင်တော့ မဟုတ်ပါဘူး။ တကယ်တမ်း အသုံးပြုလို့ကောင်းတာကတော့ တည်းစရာအခန်း Booking အတွက်ပါပဲ။ ကိုယ်တည်းမဲ့နေရာမှာ ပါဝင်မဲ့ တခြားသော ဝန်ဆောင်မှုတွေကိုလည်း လေ့လာနိုင်၊ ရွေးချယ်နိုင်ပါတယ်။

ဒီ App ကိုလည်း Android ရော၊ iOS ရော နှစ်မျိုးစလုံးမှာ အခမဲ့ ရယူနိုင်ပါတယ်။ ကိုယ်တိုင်သုံးလေ့ရှိပါတယ်။ သူ့ကို ကိုယ့်ရဲ့ Master, Visa စတဲ့ ကတ်တွေနဲ့ ဖော်ပြချိတ်ဆက်ရသလို၊ Email နဲ့လည်း ချိတ်ဆက်အသုံးပြုဖို့ လိုအပ်ပါတယ်။

Agoda – Hotel Booking Deals

နောက်ထပ် လူသုံးများတဲ့ တည်းစရာအခန်း Booking လုပ်တဲ့ App လေးပါ။ ဈေးသက်သက်သာသာ အထူးနှုန်းတွေနဲ့ ဟိုတယ်ခန်းတွေကို ရယူနိုင်ပါတယ်။ ပါဝင်တဲ့ အခြားဝန်ဆောင်မှုတွေကိုလည်း ကြိုတင်လေ့လာရွေးချယ်နိုင်တာကလည်း အားသာချက်ပါပဲ။ ကိုယ်သွားလည်တဲ့နေရာမှာ တည်းခိုဖို့ အစီအစဉ်မရှိခဲ့ဘဲ တည်းခိုညအိပ်ဖို့ဖြစ်လာလို့ အရေးပေါ် ဟိုတယ်၊ တည်းခိုခန်းရှာရပြီဆိုရင် ဒီ App က အသုံးဝင်တယ်။ မြေပုံနဲ့ ရှာနိုင်တယ်။ ပြီးတော့ ဈေးနှုန်းတွေ ကြည့်ပြီး ဆုံးဖြတ်နိုင်တယ်။

Android နဲ့ iOS နှစ်မျိုးစလုံးမှာ ရယူနိုင်တဲ့ အခမဲ့ App တစ်ခုဖြစ်ပါတယ်။ ကျွန်တော် အသုံးများတဲ့ App ပါ။ သူ့ကိုလည်း ကိုယ့်ရဲ့ Master, Visa စတဲ့ ကတ်တွေရဲ့ အချက်အလက်တွေ ဖော်ပြချိတ်ဆက်ရပါတယ်။ Email နဲ့လည်း ချိတ်ဆက်ရပါတယ်။

ကျွန်တော် လက်လှမ်းမီသမျှလေးကို စုစည်းဖော်ပြထားတာပါ။ ဒါတွေအပြင် တခြားသော ကောင်းတဲ့ App တွေ ရှိနိုင်သေးသလို သက်ဆိုင်ရာ နိုင်ငံအလိုက်လည်း ပိုပြီးအသုံးတည့်တဲ့ App တွေ ရှိနိုင်ပါသေးတယ်။ ဟိုတယ် Booking လုပ်တဲ့ App တွေကို သုံးစွဲတဲ့အခါမှတော့ သတိထားကြပါ။ သူတို့မှာ ဖော်ပြထားတဲ့ ဈေးနှုန်းတွေထဲက တချို့မှာ Tax မပါဝင်သေးပါဘူး။ ဒါတွေကို ရှင်းလင်းဖော်ပြထားတတ်ပေမဲ့ ကိုယ်က သေချာမဖတ်မိတာမျိုး ဖြစ်သွားတတ်ပါတယ်။ တချို့ဈေးသက်သာပေမဲ့ မနက်စာ မပါတာမျိုး ဖြစ်တတ်ပါသေးတယ်။ တစ်ခါတလေလည်း ဟိုတယ်မှာ တိုက်ရိုက်သွားမေးလိုက်တာ ပိုပြီး ဈေးချိုတာမျိုး ရှိတတ်သေးတယ်။ များသောအားဖြင့်တော့ ဒီ App တွေမှာ ဟိုတယ်ကြီးတွေရဲ့ ဈေးတွေက ပိုချိုတတ်ပြီး သာမန်ဟိုတယ်လေးတွေရဲ့ ဈေးကတော့ နည်းနည်းကမောက်ကမ ဖြစ်တတ်တာ များပါတယ်။ ဖြစ်နိုင်ရင် ကိုယ် သဘောကျတဲ့ ဟိုတယ်ရဲ့ Website ကို ဝင်ကြည့်ပြီး ဈေးနှုန်းဖတ်ထားလိုက်တာ ပိုကောင်းပါတယ်။ ပြီးမှ ယှဉ်ကြည့်ပြီး ဆုံးဖြတ်ပေါ့။ နောက်အကြံပြုချင်တာက ကိုယ်သဘောကျတဲ့ ဈေးနဲ့ဟိုတယ်တွေ့လို့ ခဏ ခဏ အဲ့ဒီဟိုတယ်ကို ဝင်လိုက်ထွက်လိုက် မလုပ်ပါနဲ့။ ဝင်ကြည့်တဲ့အကြိမ်ရေနဲ့ ဝင်ကြည့်တဲ့လူများလာရင် တချို့နေရာတွေက ဈေးတွေ တက်လာတတ်ပါတယ်။ လေယာဉ် Booking လုပ်တဲ့ Site တွေလိုမျိုးပေါ့။

ဘယ်မှာပဲဖြစ်ဖြစ် အကောင်းအဆိုး ကတော့ တွဲပြီးရှိနေတတ်လို့၊ ဒီ App တွေမှာလည်း အကျိုးပြုတာရော၊ အားနည်းချက်ရော ရှိနိုင်ပေမဲ့ ကိုယ့်ရဲ့ ခရီးစဉ်ကို ပိုပြီးတွင်အောင်တော့ အတိုင်းအတာတစ်ခုထိ အထောက်အကူပေးနိုင်တာတော့ အသေအချာပဲမို့ ကိုယ့်ရဲ့ဖုန်းထဲ ဆောင်ထားသင့်တယ်လို့ အကြံပြုချင်ပါတယ်။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

    590
    0