Thiha Lu Lin

Sep 22, 20213 min

မွန်တို့ဌာနီ မုဒုံ ဆီ

ကျွန်တော် မွန်ပြည်နယ်ကို အလည်ရောက်တော့ မုဒုံမြို့ ကို အရင်ဆုံး စိတ်ဝင်စားမိတယ်။ မော်လမြိုင်ကနေ ၁၈ မိုင်အကွာမှာ လည်ပတ်သွားလာစရာ ပေါများတဲ့အရပ်တစ်ခုလို့လည်း မြင်မိတယ်။ စေတီပုထိုးတွေနဲ့ တရားအားထုတ်ရာ တောရိပ်တောင်ရိပ်တွေ များတဲ့ အရပ်လည်း ဖြစ်ပါတယ်။ ကျွန်တော်ငယ်ငယ်က မုဒုံစောင် တွေအကြောင်း အရင်ဆုံး ရင်းနှီးကျွမ်းဝင်ခဲ့ရပြီး မုဒုံမြို့ကို တဖြေးဖြေး သိလာရတယ်ပဲ ဆိုပါတော့။

မာတိကာ

၁။ မုဒုံ ဆိုတာ

၂။ ဘယ်လိုသွားမလဲ

၃။ မုဒုံ ဝန်းကျင် လည်ပတ်စရာများ

၃.၁။ ကမာဝက် ဓါတ်ပေါင်းစု ဘုရား

၃.၂။ ခပ်ရ ခပ်ယူ ထိုင်တော်မူ

၃.၃။ သင်္ဘောဦးဘုရား

၃.၄။ ဂျုံးဂျုံးကျ တောရကျောင်း နဲ့ ရေတံခွန်

၃.၅။ ကျောက်တစ်လုံးတောင် နှစ်တောင်

၃.၆။ ဗျိုင်းနှစ်ကောင် (ဝင်းစိန်တောရ)

၃.၇။ ကန်ကလေးစေတီတော် နှင့် ရှင်ပင်သာလျောင်းဘုရားပုထိုးတော်ကြီး

၃.၈။ မုဒုံကန်တော်ကြီး နဲ့ ကန်ကြီးစေတီတော်

၄။ မုဒုံမှာ စားစရာ

၅။ တည်းခိုဖို့ဆိုရင်

မုဒုံ ဆိုတာ

မွန်ဘာသာကနေ ဆင်းသက်လာတယ် ဆိုပါတယ်။ အစွန်းမှာရှိတဲ့မြို့လို့ ပြန်ဆိုကြပါတယ်။ နာမည်ကျော်ဆရာတော်ကြီးတွေ သီတင်းသုံးခဲ့ရာအရပ်လည်း ဖြစ်လို့ အဲ့ကတည်းက စည်ကားလာခဲ့ပြီး ခုချိန်မှာလည်း ပြည်တွင်းခရီးသွားတွေ မျက်စိကျစရာ ဖြစ်နေပါတယ်။

ဘယ်လိုသွားမလဲ

ရန်ကုန်၊ မန္တလေးတို့ကနေ တိုက်ရိုက် အဝေးပြေးကားတွေ ရှိပါတယ်။ ရောင်နီထွန်း၊ မန္တလာမင်း စတဲ့ ကားတွေ စီးလို့ရသလို၊ အိမ်စီးကားနဲ့လည်း သွားလည်လို့ရပါတယ်။

ကျွန်တော်ကတော့ မော်လမြိုင်မြို့မှာ တည်းခိုပြီး လည်ပတ်ခဲ့တာဖြစ်ပါတယ်။ မော်လမြိုင်ကနေ မုဒုံဘက်ကို တုတ်တုတ် ငှားပြီး လည်ပတ်လို့ ရပါတယ်။ တုတ်တုတ် ငှားမယ်ဆို ကိုခင်အောင်စိုး (09979561934) ကို ဆက်သွယ်လို့ရပါတယ်။

မုဒုံ ဝန်းကျင် လည်ပတ်စရာများ

မုဒုံ လို့ ပြောတာနဲ့ အရင်ဆုံး ညွှန်းတတ်ကြတာ မုဒုံကန်တော်ကြီး နဲ့ ဂျုံးဂျုံးကျရေတံခွန်တွေပါပဲ။ မုဒုံမှာတော့ ဘာသာရေးနဲ့သက်ဆိုင်တဲ့ လည်ပတ်စရာကတော့ ပိုများပါတယ်။ အဲ့လို ဘာသာရေးနဲ့ ဆက်နွယ်ပြီး အပန်းဖြေဖို့ ပန်းခြံ ရေတံခွန် စသဖြင့် တွဲဖက်ရှိတတ်တာကလည်း ဒီဘက်ရဲ့ ထူးခြားမှု တစ်ခုပါပဲ။

ကမာဝက် ဓါတ်ပေါင်းစု ဘုရား

မုဒုံကနေ သံဖြူဇရပ်သွားတဲ့လမ်းတစ်လျှောက်က သွားရင် လမ်းရဲ့ညာဘက်ခြမ်းမှာ လမ်းခွဲမှတ်တိုင်ကြီး မြင်သာအောင် ထောင်ထားပါတယ်။ အတွင်းကို နည်းနည်းဝင်ရပါတယ်။ အဲ့ဒီမှာတော့ မွန်လိုရေးထားတဲ့ မုခ်ဦးကြီးကို တွေ့ကြရမှာပါ။ အဲ့ဒီကနေ ကျောင်းအတွင်း တက်ရောက်တဲ့အခါ မီးရောင်စုံ အပူဇော်ခံထားရှိတဲ့ ဓါတ်တော် မွေတော်တွေ ယိုးဒယားဟန်ဆင်းတုတော်တွေကို ဖူးမြင်ကြရမှာ ဖြစ်ပါတယ်။ ဘုရားဈေးတန်းလေးမှာလည်း မွန် နဲ့ ကရင် ရိုးရာအဝတ်အစားတွေ၊ ဒေသမုန့် နဲ့ အမှတ်တရပစ္စည်းတွေကို ဝယ်ယူနိုင်ဦးမှာ ဖြစ်ပါတယ်။

ခပ်ရ ခပ်ယူ ထိုင်တော်မူ

မုဒုံဘက်ကို လည်ပတ်ရတာ တစ်ခု ထူးခြားတာက မုဒုံ - သံဖြူဇရပ် လမ်းမကြီးတလျှောက်သွားပြီး လမ်းခွဲလေးတွေအတွင်း ဝင်ဝင်သွားရုံနဲ့ အဆင်ပြေတာ တွေ့ရတယ်။ ခုလည်း ခပ်ရခပ်ယူ ထိုင်တော်မူကြီးကို လမ်းမကြီးကနေ မြင်သာထင်သာ ဖူးမြင်ကြရပါတယ်။ ဉာဏ်တော်အားဖြင့် ပေ ၁၈၀ ရှိတယ်ဆိုတဲ့ ကြီးမားသပ္ပါယ်လှတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီး ရဲ့ အတွင်းကို ဝင်ပြီးလည်း ဖူးမျှော်နိုင်တာ တွေ့ရပါသေးတယ်။

သင်္ဘောဦးဘုရား

မုဒုံမြို့လယ်မှာ ထူးခြားတဲ့ ပုံသဏ္ဍာန်နဲ့ တည်ရှိနေတဲ့ သမိုင်းဝင် သင်္ဘောဦးဘုရား ကိုလည်း မုဒုံရောက်ရင် ဖူးမျှော်သင့်ပါတယ်။ မုဒုံရဲ့ အစည်ကားဆုံး နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ မှာဆို ရပ်ကွက်အလိုက် ထူးခြားတဲ့ မီးနဲ့ ဒီဇိုင်းအပြင်အဆင်တွေ ဆင်ယင်ပြီး ဘုရားလှည့် အပူဇော်ခံ ပြိုင်ဆိုင်ကြတာ သိပ်ကို ထူးခြားတဲ့ ဓလေ့ပါ။ တစ်ရပ်ကွက်နဲ့ တစ်ရပ်ကွက် စိတ်ကူးကောင်း၊ အဆင်အပြင်နဲ့ နည်းပညာကောင်းတွေ သုံးစွဲပြီး သူ့ထက်သူ လှအောင် လုပ်ကြတာ ဒေသခံတွေရော ခရီးသွားတွေအတွက်ပါ ပျော်ရတဲ့အချိန်လို့ဆိုချင်ပါတယ်။ အဲ့ဒီ နှစ်ကျိပ်ရှစ်ဆူသော ဘုရားတွေကို ဒီ သင်္ဘောဦးဘုရားမှာ ထိန်းသိမ်းအပူဇော်ခံထားရှိပါတယ်။

ဂျုံးဂျုံးကျ တောရကျောင်း နဲ့ ရေတံခွန်

မုဒုံလို့ ပြောရင် အရင်ဆုံးသိကြတဲ့ လည်ပတ်စရာနေရာတွေထဲက တစ်ခုပါ။ အရင်ကတော့ ပိုပြီး စည်ကားပါတယ်။ အရင်က သီတင်းသုံးနေတဲ့ ဆရာတော်ရဲ့ သီလသိက္ခာကြောင့် အထူးကျော်ကြားသလို၊ ပျံလွန်တဲ့အခါမှာလည်း ရုပ်ခန္ဓာသာ မရှိတော့ဘဲ သင်္ကန်းတွေက ခန္ဓာပုံအတိုင်း ပုံမပျက် အိပ်ရာထဲမှာ ကျိန်းနေသလို ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။ ဒီကျောင်းကြီးနားက ဂျုံးဂျုံးကျစမ်း ကို အမှီပြုပြီး ဂျုံးဂျုံးကျတောရကျောင်း ဖြစ်လာတယ်။ အဲ့ဒီမှာ ရေတံခွန်ပုံစံလေးမှာ လူတွေ ရေဆော့အနားယူကြရာကနေ ခရီးသွားတွေအတွက် လည်ပတ်အနားယူစရာနေရာတစ်ခု ဖြစ်တယ်လို့ ဆိုရပါမယ်။

ကျောက်တစ်လုံးတောင် နှစ်တောင်

မျက်နှာချင်းဆိုင်လိုမျိုး ဖြစ်နေတဲ့ ကျောက်တစ်လုံးရွာက တောင်နှစ်တောင်ကို ကျောက်တစ်လုံးတောင်လို့ပဲ အလွယ်ခေါ်ကြပါတယ်။ ဒီဘက် ကျောက်တစ်လုံးတောင်ကတော့ ဟိန္ဒူဘာသာဝင်တွေရဲ့ တောင်ဖြစ်ပြီး ဘုရားပွဲအချိန်ဆို အတော်လေးစည်ကားလွန်းလို့ မုဒုံ - သံဖြူဇရပ်လမ်းတလျှောက်တောင် ကားတွေ ပိတ်တဲ့အထိ ဖြစ်ရတယ်လို့ သိရပါတယ်။ ဟိန္ဒူကျောက်တစ်လုံးတောင်လို့ ကွဲပြားအောင်ခေါ်ပါတယ်။

နောက် ကျောက်တစ်လုံးတောင်ကတော့ ဗမာကျောက်တစ်လုံးတောင် ဆိုတဲ့ နဂါးမောက်တောင် ဆံတော်ရှင်ဘုရား ပဲ ဖြစ်ပါတယ်။ လမ်းမကြီးဘေးမှာတင် မုခ်ဦးကြီးရှိလို့ ထင်သာမြင်သာရှိလှပါတယ်။ ဒီတောင်ကိုတော့ အထီးကျန်တောင် လို့လည်း ခေါ်ကြပါတယ်။ တောင်ပေါ်ကနေ အတော် ရှုခင်းလှပါတယ်။ အုတ်လှေကားနဲ့ ၁၅ မိနစ်လောက် တက်ကြရတာပါ။

ဗျိုင်းနှစ်ကောင် (ဝင်းစိန်တောရ)

မုဒုံရောက်ရင် မလည်မဖြစ်ထဲမှာ ဗျိုင်းနှစ်ကောင် (ဝင်းစိန်တောရ) လည်း ပါဝင်ပါတယ်။ ကမ္ဘာ့အကြီးဆုံးလို့ ဆိုနိုင်မဲ့ လျောင်းတော်မူ ဘုရားကြီးကို ဖူးမြော်ရင်း ဝင်းစိန်ဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်တော်ကိုလည်း ဝင်ပြီး ဖူးနိုင်ပါတယ်။ ရုပ်ကလာပ်တော်ကိုတော့ သီးသန့်ကျောင်းနဲ့ ထားရှိပေးထားပြီး အဆောက်အအုံတွင်းဝင်လိုက်တဲ့အခါ လှေကားကို အတက်တစ်လမ်း အဆင်းတစ်လမ်း စီစဉ်ပေးထားတာ တွေ့ရပါလိမ့်မယ်။ ရုပ်ကလာပ်တော် ထားရာအနီးမှာ ဆရာတော်ကြီး ရဲ့ အသုံးအဆောင်တချို့ကိုလည်း ခင်းကျင်းပြသထားပါတယ်။ ထိုင်းနိုင်ငံက အပ်နှင်းတဲ့ ဒေါက်တာဘွဲ့အတွက် ဝတ်စုံနဲ့ အဆောင်အယောင်များကိုလည်း မြင်တွေ့လေ့လာကြရပါတယ်။ ဆရာတော်ကြီး ရဲ့ ဖယောင်းရုပ်ပုံတူလည်း ဖူးနိုင်ပါသေးတယ်။

ကန်ကလေးစေတီတော် နှင့် ရှင်ပင်သာလျောင်းဘုရားပုထိုးတော်ကြီး

မုဒုံ မှာ ကန်ကြီး နဲ့ ကန်လေး ဆိုပြီး ပြောကြတယ်။ ဒီစေတီကတော့ ကန်ကလေး စေတီပေါ့လေ။ အပန်းလည်း ဖြေလို့ကောင်းတဲ့နေရာပါ။ ကန်ကို စည်ပိုင်းတွေနဲ့ တံတားလုပ်ပေးထားလို့ တကယ့် ရေပေါ် လှုပ်လီလှုပ်လဲ့ လျှောက်ရတဲ့အရသာနဲ့ ငါးတွေကို အစာကျွေးရင်း ဘုရားဖူး လို့ ပျော်ရတဲ့ နေရာ ဖြစ်ပါတယ်။ အပျော်စီးလှေတွေလည်း စီစဉ်ထားတာ တွေ့ရတယ်။ ဒီကန်ကလေး စေတီရဲ့ ရာဇဝင်ကတော့ ဘုရားရှင် ဝါတော် (၈) ဝါရချိန် သထုံကို ကြွချီလာတော့ ကန်ကလေးရေကန်အရှေ့ဘက်မှာ သီတင်းသုံးတဲ့ မှောင်မရသေ့ကို ဆံတော်တစ်ဆူ ပေးသနားခဲ့တယ်။ ဒါကို ဝါခရှုမြို့ဘုရင် အာဒိစ္စဝံသ နဲ့ မိဖုရား စန္ဒာဒေဝီတို့က ခွင့်ပန်ပြီး စေတီတည်ထား ကိုးကွယ်တာ လို့ မှတ်သားခဲ့ရပါတယ်။ ဒီမှာပဲ ရှင်ပင်သာလျောင်းဘုရား အမည်တွင်တဲ့ လျောင်းတော်မူကြီးလည်း ဖူးကြရပါဦးမယ်။

မုဒုံကန်တော်ကြီး နဲ့ ကန်ကြီးစေတီတော်

မုဒုံကန်တော်ကြီး နဲ့ ကန်ကြီးစေတီ ဟာလည်း မုဒုံရောက်သူတိုင်း မသွားမဖြစ်ပါ။ မုဒုံမဖြစ်ခင်ကတည်းက ရှိခဲ့တဲ့ ကန်ကြီးလို့ ဆိုကြပါတယ်။ ကန်ကြီးနားက အကြော်ဆိုင်တွေကလည်း နာမည်ရပါတယ်။ စားကြည့်ကြပါလေ။ ကန်တော်ကြီးကနေဖြတ်ပြီး ရပ်တော်မူကို ဖူးမြင်ကြရပါသေးတယ်။ ကန်ကြီးမှာ အရင်က နဂါးတွေ ပျော်မြူးကျက်စားတယ်လို့ ပြောခဲ့ကြပါတယ်။ ဘုရားရှင် (၈) ဝါမြောက်မှာ ရဟန္တာတွေနဲ့ ဒီကန်ကြီးကို ကြွချီခဲ့တယ်လို့ ဆိုပါတယ်။ ဒီမှာလည်း ရသေ့တစ်ပါးနဲ့ ဆုံလို့ ဆံတော် ပေးသနားပြန်ပါတယ်။ ဒီ ဆံတော်ကို ဌာပနာပြီး စေတီတည်ခဲ့တာ သိကြားတစ်ရစ်၊ နဂါးတစ်ရစ်၊ လူတစ်ရစ် တည်ခဲ့တဲ့ စေတီအဖြစ် နာမည်ကျော်ပါတယ်။ အရင်ကတော့ နဂါးစေတီလို့ ခေါ်ခဲ့ကြပါသေးတယ်။ ခုတော့ ကန်ကြီးစေတီအဖြစ် လူသိများပါပြီ။ ကန်ကြီးစေတီပုံတွေ ကို ဒရုန်းနဲ့ မှတ်တမ်းတင်ခဲ့ပေမဲ့ ဒရုန်းလေး ပျောက်ဆုံးသွားရလို့ ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိတာ သည်းခံပါခင်ဗျ။

မုဒုံမှာ စားစရာ

မုဒုံမြို့မှာ အထင်ကရ အဖြစ် ကြက်သံပုံးကင် ကို မဖြစ်မနေ စားကြပါတယ်။ ရွှင်ပျော်ပျော် ၃ ကြက်သံပုံးကင်က နာမည်ရပါတယ်။ ကြယ်ငါးပွင့် ဆိုင်လည်း နာမည်ရပါတယ်။ ပြီးတော့ ကန်ကြီးနားက အကြော်ဆိုင်တွေကိုလည်း ညွှန်းကြပါသေးတယ်။

တည်းခိုဖို့ဆိုရင်

ကျွန်တော်ကတော့ မော်လမြိုင်ကနေ မုဒုံကို နေ့ချင်းပြန်လည်ပတ်ခဲ့တာမို့ မော်လမြိုင်က ရွှေဘုံနန်းဟိုတယ်မှာ တည်းဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့်လည်း သင့်တင့်ပြီး ဝန်ဆောင်မှုရော အခန်းကျယ်ဝန်းသန့်ပြန့်မှုရော စိတ်တိုင်းကျရပါတယ်။

မုဒုံမြို့ဟာ ရှေ့မှာ ကျွန်တော်ပြောခဲ့သလို ဆရာတော်ဘုရားကြီးတွေကြောင့် မြန်မာပြည်သူတွေကြား ပိုမို သိရှိခဲ့ရာကနေ ဆရာတော်ဘုရားကြီးတွေ အသီးသီး ပျံလွန်တော်မူကြတဲ့အခါ ဖြတ်သွားဖြတ်လာ လောက်ပဲ ဖြစ်လာပြီး လည်ပတ်လို့ကောင်းတဲ့အရပ်ဆိုတာ မေ့လျော့လာကြပါတယ်။ တကယ်တော့ မုဒုံဟာ ဟိုး ရှေးသမိုင်းဝင်ဘုရားတွေကနေ ခုနှောင်းပိုင်းအသစ်တည်ဆောက်ထားတဲ့ ဘုရားတွေအထိ အားလုံးဟာ ထူးခြားမှုရှိနေတာကို သတိပြုမိသလို၊ သဘာဝနဲ့ ယှဉ်ပြီး လေ့လာလည်ပတ်စရာတွေ ဖော်ထုတ်စရာတွေရှိနေသေးတဲ့ အရပ်တစ်ခုလို့ မြင်မိပါတယ်။ မုဒုံကို ထပ်ပြီး လည်ချင်ပါသေးတယ်ခင်ဗျာ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။

Photo :: Thiha Lu Lin, Saw Wai Phyo Hein, Hsunami

Camera :: SONY Alpha 7II with 16-35mm Lens, Samsung Galaxy Note 10+

Photos are modified in Lightroom by Thiha Lu Lin.

    3520
    0