Thiha Lu Lin

Mar 16, 20221 min

သံတွဲ အင်တိုင်းကြီးရွာက ကျောက်ဆစ်လက်ရာတွေနဲ့ ဂူဘုရား

လူသူအရောက်အပေါက်နည်းတဲ့ (အခုလိုအချိန်မျိုးဆိုတော့ ပိုရောက်ဖို့ခဲယဉ်းတာပေါ့လေ) ရခိုင်ပြည် တောင်ပိုင်းက ရှေးဟောင်း ဂူဘုရား အကြောင်းလေး ပြောပြချင်ပါတယ်။

ဒီနေရာမှာ ရခိုင်ဘုရင် မင်းဗာကြီး အကြောင်းကနေ စပြောရမယ်ထင်ပါတယ်။ မင်းဗာဘုရင်ဟာ ၁၄၉၃ ခုနှစ်ကနေ ၁၅၅၄ ခုနှစ်ထိ ရခိုင်ဘုရင့်နိုင်ငံတော်အဖြစ် မြောက်ဦးတစ်ခေတ်ကို စတင်တည်ထောင်ခဲ့ပါတယ်။ မင်းဗာဘုရင်ကို မင်းပင်၊ မင်းဗာကြီး စသဖြင့်လည်း ခေါ်ဝေါ် မှတ်တမ်းပြုကြပါတယ်။ သံတွဲကနေ အစပြုချီတက်ပြီး ၁၅၃၁ ခုနှစ်မှာ ထီးနန်းသိမ်းပိုက်ခဲ့တာလို့ မှတ်သားရပါတယ်။ နန်းသက်က ၂၂ နှစ် ရှိခဲ့ပြီး ခေတ်မီတဲ့ဘုရင်အဖြစ်လည်း သတ်မှတ်ထားကြပါတယ်။ အကြောင်းကတော့ သူ့ကိုယ်ပိုင်တပ်ကို ပေါ်တူဂီတွေအကူအညီနဲ့ လေ့ကျင့်ပေးခဲ့လို့ပါပဲ။

မင်းဗာဘုရင် ရဲ့ ကုသိုလ်တော်တွေထဲမှာ သျှစ်သောင်းပုထိုးတော်ကြီး က အထင်ကရပါ။ လူသိနည်းတာကတော့ မင်းဗာဘုရင်ဟာ ရခိုင်ဒေသတဝှမ်းမှာ ကျောက်တောင်တွေကို ဂူထွင်းပြီး ဂူဘုရား (၉) ခု တည်ထားကိုးကွယ်ခဲ့တဲ့အကြောင်းပါပဲ။ နောက်ထူးခြားမှုတစ်ခုကတော့ မင်းဗာဘုရင်ရဲ့ ဂူဘုရားအများစုဟာ ရခိုင်ပြည်မြောက်ပိုင်းမှာ ပိုမိုတည်ရှိနေကြပြီး တောင်ဘက်ပိုင်းမှာတော့ သံတွဲမြို့အနီးက အင်တိုင်းကြီးရွာနားမှာ တစ်ခုသာ တွေ့ရှိရတာပါ။

အင်တိုင်းကြီးရွာ ဟာ သံတွဲမြို့နယ် ဆင်ဂေါင်းကျွန်း မှာ တည်ရှိပြီး အဲ့ဒီရွာက ဘုန်းကြီးကျောင်းဝင်း အနောက်ဘက်ခြမ်းမှာ သဘာဝကျောက်တုံးကြီးကို ထွင်းထုလို့ ကျောက်လိုဏ်ဂူအဖြစ် ဖန်တီးကာ အတွင်းမှာ ထိုင်လျက်ရုပ်ပွားတော် နှစ်ဆူ၊ လျောင်းတော်မူ တစ်ဆူ နဲ့ ခြေတော်ရာ တို့ကို တည်ထားကိုးကွယ်ပါတယ်။ အရင်ကတော့ ကျောက်တောင်ကြီးရဲ့ အနောက်ဘက်ခြမ်းတောင်ပေါ်မှာ ခြေတော်ရာ အကြီးကြီး ရှိသေးတယ်လို့ ရှေ့မီခဲ့သူတွေက ဆိုကြပါတယ်။ အခုတော့ စေတီတစ်ဆူ တည်ထားပြီး ရင်ပြင်လည်း ချဲ့ထွင်ထားတာကြောင့် ခြေတော်ရာကြီးနေရာကို မှန်းဆလို့ မရတော့ဘူးလို့ ဆိုပြန်ပါတယ်။ ဂူမျက်နှာပြင်ဟာ အလျား ၁၅ ပေ၊ အမြင့် ၁၃ ပေ ရှိပါတယ်။ ဂူပေါက်ဝ ၃ ခု ဖောက်ထွင်းထားပြီး ဝင်ပေါက်တစ်ခုစီဟာ အမြင့် ၄ ပေ၊ အကျယ် ၁ ပေ ၁၀ လက်မ အသီးသီး ရှိကြပါတယ်။

စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ဂူဝင်ပေါက်ပတ်လည်က ရှေးခေတ် ရခိုင်ရိုးရာ စိန္တလင်္ကာရအနု ကျောက်ဆစ်လက်ရာတွေပဲ ဖြစ်ပါတယ်။ လက်ရာမြောက်လွန်းတာကို ခုထိတိုင် မြင်တွေ့နိုင်ပါတယ်။ ညာဘက်ဆုံးဝင်ပေါက်ဘေးမှာတော့ ကျောက်စာ တစ်ချပ်ကို ကျောက်ထဲမှာ မြှုပ်နှံထားတာကို လေ့လာဖတ်ရှု့နိုင်ပါသေးတယ်။ အတွင်းက ဆင်းတုတော်တွေမှာ လျောင်းတော်မူကတော့ ဉာဏ်တော် သေးပါတယ်။ ဆင်းတုတော်တွေကိုတော့ လေးမြို့ခေတ်လက်ရာတွေလို့ သမိုင်းသုတေသီတွေက ဆိုကြောင်း မှတ်သားရပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ရှားရှားပါးပါး တွေ့မြင်ဖူးမြှော်ရတဲ့ မင်းဗာဘုရင် ရဲ့ ကုသိုလ်တော် ကျောင်ထွင်းဂူဘုရားကို တပေါင်းလပြည့်အခါသမယမှာ အများဖူးမြင်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်ဗျ...

အားလုံး လိုရာပန်းတိုင် အမြန်လျှောက်လှမ်းနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု အကြောင်းအရာအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤအကြောင်းအရာနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။

    1490
    2