Thiha Lu Lin

Jul 28, 20171 min

အောင်မြင်ခြင်းအတွက် အလှူ ခုနစ်ရပ်

Updated: May 29, 2020

ပြီးခဲ့တဲ့ နှစ်တွေနဲ့ ဒီနှစ်အစောပိုင်းတုန်းက ရန်ကုန်မြို့အပြင် သိပ်မဝေးတဲ့ ပဲခူးဘက်နားက ပန်းပျိုးလက်ကျောင်း ကို မကြာခဏ ရောက်ဖြစ်ခဲ့တယ်။ ပန်းပျိုးလက် ဘုန်းတော်ကြီးကျောင်းက ရွှေပြည် Resort နဲ့ ခပ်လှမ်းလှမ်းလေး လွန်သွားရင် တွေ့ရမဲ့ ညာဘက်ခြမ်းလမ်းသွယ်လေးအတိုင်း အတွင်းကို တော်တော်နက်နက် ဝင်လိုက်မှ တွေ့ရမဲ့ ဘုန်းကြီးကျောင်း နဲ့ ဆင်းရဲချို့တဲ့သူများနဲ့ မိဘမဲ့တို့အားထားရတဲ့ စာသင်ကျောင်းလေးတွေ ရှိပါတယ်။ ရွာနီးစပ်ချုပ်က ဆင်းရဲချို့တဲ့သူတွေရဲ့ သားသမီးငယ်တွေ မိဘမဲ့ကလေးငယ်တွေ အတွက် စာသင်ခန်းလေးတွေများစွာနဲ့ လုပ်အားပေး ဆရာ၊ ဆရာမတွေ ပံ့ပိုးမှုနဲ့ လှချင်တိုင်းလှနေတဲ့ နေရာလေးပါ။ ပန်းပျိုးလက်ဆရာတော် ကလည်း နာမည်ကြီးဆရာတော် တစ်ပါးဖြစ်ပါတယ်။

ဒီနေရာလေးက ဥယျာဉ်လေးငယ်၊ တောအုပ်ငယ်လေး တစ်ခုလို အတော်စိတ်ကြည်သန့်စရာ ဖြစ်အောင် ဖန်တီးထားပြီး လာရောက်ကျောင်းတက်ကြတဲ့ ကလေးငယ်လေးတွေကလည်း စည်းကမ်းသေဝပ်လှပါတယ်။ ကျောင်းဝင်းအတွင်းမှာ အမှိုက်တစ်စ မရှိအောင် ကြိုးစားထားတာက အတော်လေး နှစ်သက်စရာပါ။ အလှူကိစ္စနဲ့ မကြာခဏ ရောက်ဖြစ်တဲ့ ဒီနေရာမှာ နေ့စဉ်နေ့တိုင်းလည်း မနက်စာ၊ နေ့လည်စာ၊ ညနေစာ၊ ညစာ စသဖြင့် လှူတန်းနေကြတာကလည်း နေ့စဉ်မပြတ်အောင်ကို အားရစရာကြီးပါပဲ။ အလှူရှင်တွေ စိတ်ကျေနပ်စရာ ဖြစ်အောင်ကိုလည်း တိုးတက်မှုက အဘက်ဘက်မှာ ရှိနေလေတော့၊ ပိုလှူချင်စရာ သဒ္ဓါဖြစ်ပေါ်လာတယ်လို့ ထင်ပါတယ်။

ကျွန်တော့်လိုရင်းက ဒီနေရာကို အလည်လာဖို့ ညွှန်းဆိုချင်တာထက် အဲ့ဒီ ပန်းပျိုးလက်ကျောင်းမှာ မြင်တွေ့ခဲ့ရတဲ့ “အောင်မြင်ခြင်း” နဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ အလှူဒါန (၇) မျိုး အကြောင်းပါ။ ဖတ်ပြီးတဲ့အခါမှ ဦးနှောက်ထဲ စွဲကျန်နေပြီး ဒီအလှူဒါနတွေထဲက နေ့စဉ်လုပ်ဆောင်နိုင်တဲ့ အလှူဒါနလေးတွေကို ပြုလုပ်ရင်း အောင်မြင်ခြင်း အသီးအပွင့်တွေကို စားသုံးနိုင်မယ်လို့ ကျွန်တော်ကိုယ်တိုင်လည်း ယုံကြည်မိတာကြောင့် မိတ်ဆွေတွေကို ပြန်ပြီး ဝေမျှပေးချင်တာပါ။

တစ်ဦးတစ်ယောက်သော သူဟာ ငွေကြေးမရှိပေမဲ့လည်း ပေးကမ်းနိုင်တဲ့ အလှူဒါန ခုနစ်မျိုး ရှိပါတယ်။

အဲ့ဒီ ခုနှစ်မျိုးကတော့ -

၁။ မျက်နှာဟန်အမူအရာဖြင့် အလှူဒါနပြုခြင်း

တစ်ဘက်သူအပေါ်မှာ အပြုံးနဲ့ ဖော်ဖော်ရွေရွေဆက်ဆံတတ်တာဟာလည်း အလှူဒါနပြုခြင်း လို့ သိရပါတယ်။

၂။ နှုတ်ဖြင့် အလှူဒါနပြုခြင်း

ဘယ်သူ့ကိုမဆို လိုအပ်လာရင် အားပေးစကားပြောကြားပေးတာ၊ နှစ်သိမ့်စကား ပြောပေးတာ၊ ချီးကျူးစကား ပြောပြီး ဂုဏ်ပြုတာ၊ သနားညှာတာတဲ့ စကား နဲ့ နွေးထွေးကြင်နာတဲ့စကားဆိုပေးတာဟာလည်း အလှူဒါနပြုခြင်း ပါပဲ။

၃။ စိတ်ဖြင့် အလှူဒါနပြုခြင်း

လူတိုင်းအပေါ်မှာ စိတ်ရင်းစေတနာဖြူစင်စွာနဲ့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံတာဟာလည်း အလှူဒါနပြုရာ ရောက်ပါတယ်။

၄။ အမြင်ဖြင့် အလှူဒါနပြုခြင်း

ဘယ်သူ့ကိုမဆို ကောင်းတဲ့ စေတနာအမြင်နဲ့ ကြည့်မြင်ပေးတတ်ခြင်းဟာလည်း အလှူဒါနပြုခြင်းတစ်မျိုးလို့ ဆိုပါတယ်။

၅။ ကာယလုပ်အားဖြင့် အလှူဒါနပြုခြင်း

ကိုယ်ကလည်း လုပ်ပေးနိုင်တယ်၊ သူတပါးကလည်း အကူအညီလိုနေတယ်ဆိုရင်တော့ ကိုယ်စွမ်းသလောက် လုပ်ဆောင်ကူညီပေးခြင်းဟာလည်း အလှူဒါနပြုခြင်းပါ။

၆။ နေရာထိုင်ခင်း အလှူဒါနပြုခြင်း

သွားလာရင်း လှေစီး၊ ကားစီး၊ ရထားစီး တဲ့အခါမှာ ကိုယ့်ရဲ့ ထိုင်ခုံနေရာကို အိုမင်းမစွမ်းသူ၊ ကိုယ်ဝန်ရှိသး နဲ့ ကလေးငယ်တွေကို သက်ညှာပြီး ထိုင်စေမယ်ဆိုရင် ဒါဟာလည်း အလှူဒါနပြုခြင်း ဖြစ်ပါတယ်။

၇။ နေအိမ်အလှူဒါနပြုခြင်း

ကိုယ့်ရဲ့ အိမ်နေရာကို သူတပါးတို့ အနားယူဖို့ ပေးကမ်း နေရာပေးတာဟာလည်း အလှူဒါနပြုခြင်းလို့ ဆိုပြန်ပါတယ်။

ဘယ်သူမဆို ဒီအလှူဒါန ခုနစ်မျိုးနဲ့ ကောင်းမှုကုသိုလ်ပြုတတ်တဲ့ အကျင့်ကောင်းရှိမယ်ဆိုရင် အောင်မြင်ခြင်းဟာ ထပ်ကြပ်မကွာ လိုက်ပါလာမယ်လို့ ဖော်ပြထားတဲ့ စာကောင်းလေးကို ကျွန်တော်လည်း တဆင့်ပြန်ပြီး ဝေမျှချင်ပါတယ်ဗျာ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

    800
    1