Thiha Lu Lin

Oct 24, 20203 min

ချောင်းသာကမ်းခြေမှာ မလုပ်မဖြစ် (၁၀) ခု

ချောင်းသာ ကမ်းခြေဟာ ရန်ကုန်မြို့နဲ့ အနီးဆုံး ကမ်းခြေတွေထဲက တစ်ခုပေါ့။ လူစည်ကားတဲ့ ကမ်းခြေတစ်ခုဖြစ်ပြီး တည်းခိုနေထိုင်စရာ ရွေးချယ်ဖို့ ပေါများတယ်။ ပင်လယ်စာ အချက်အပြုတ်တွေ စားကောင်းပြီး ဈေးချိုတယ်။ လွယ်လွယ်ကူကူ ရန်ကုန်မြို့ကနေ သွားရောက်နိုင်ပြီး စရိတ်စက သက်သက်သာသာ နဲ့ အပန်းဖြေနိုင်တဲ့နေရာတစ်ခုလို့ ဆိုရပါမယ်။

ချောင်းသာကမ်းခြေမှာ လုပ်ဆောင်စရာ

ချောင်းသာကမ်းခြေကို အလည်သွားတဲ့အခါ မဖြစ်မနေ လုပ်ဆောင်သင့်တာတွေကို ကျွန်တော့်ခရီးဖော်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

အုန်းရည်သောက်ကြမယ်

အပူတွေ ငြိမ်းအေးစေပြီး ကမ်းခြေနဲ့ အလွန်လိုက်ဖက်တဲ့ ဖျော်ရည်တစ်မျိုးပမာ ခန္ဓာကိုယ်အတွက်လည်း အကျိုးရှိသလို လန်းဆန်းစေပြီး အုန်းသီးလေးကိုင် ပိုက်လေးစုပ်ရင်း စတိုင်ကျကျ ဓါတ်ပုံရိုက်လို့လည်း ကောင်းတဲ့အတွက် ကမ်းခြေ၊ ဟိုတယ်တို့က ရောင်းတဲ့ အုန်းစိမ်းသီးတွေကို ခွဲခြမ်းပြီး အုန်းရည်ချိုသောက် ဖြစ်အောင် သောက်ဖို့ တိုက်တွန်းချင်မိပါတယ်။ ကမ်းခြေမှာ အုန်းရည်သောက်ရတာ တကယ်တော့ ဈေးများပိုကြီးနေမလားလို့ တွေးမိတယ်။ ကျွန်တော်နဲ့အတွေးတူသူတွေလည်း ရှိမှာပါလေ။ ပြီးတော့ ချိုနေအောင် သဘာဝမဟုတ်တဲ့နည်းတစ်ခုခုကို ပိုက်ကနေတဆင့် အသုံးပြုထည့်သွင်းမလားလို့တော့ တစ်ခါတလေလည်း တွေးပူမိတတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အုန်းရည်ကို ပင်လယ်ကြီး ကြည့်ပြီး သဲသောင်ပေါ်မှာ အုန်းလက်တွေရဲ့အရိပ်အောက် သောက်ရတာလောက် ခံစားမှုကောင်းတာ ရှိပါဦးမလားနော်။

လှိုင်းစီးကြမယ်

ပင်လယ်လှိုင်းစီးတဲ့ ခပ်ငြိမ့်ငြိမ့်အရသာကို သဘောကျလွန်းလို့ အခုဆို ပင်လယ်နဲ့ဝေးတဲ့အရပ်တွေမှာပါ ပင်လယ်လှိုင်းအတုလုပ်ပြီး ခံစားနေကြပြီပဲ။ ပင်လယ်အစစ်မှာ သဘာဝလှိုင်းအစစ် စီးရတာ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ ဒါကြောင့် ချောင်းသာရောက်ရင် ဘောငှားပါ။ ဘောကွင်းအမျိုးမျိုး ရှိပါတယ်။ ကျွတ်ဘောကွင်းတွေအပြင် လှတပတလှေဘောလေးတွေလည်းရှိလို့ နှစ်သက်ရာ ငှားနိုင်တယ်။ တစ်နာရီကို ၁၀၀၀ ကျပ်ကနေ ၅၀၀၀/၁၀၀၀၀ အထိ ရှိတတ်ပါတယ်။

ငှက်ပျောသီးစီးကြမယ်

သူငယ်ချင်းအုပ်စုလိုက် ပျော်စရာကောင်းတဲ့ ကစားနည်းတွေ ချောင်းသာမှာ ရှိပါတယ်။ လှေဆိပ်ကနေ Banana Boat ကို Speed Boat နဲ့ ဆွဲသွားပြီး ရေမှာ လှဲချပစ်လိုက်တာ ရင်ဖိုစရာ ကစားနည်းတစ်မျိုးမို့ လူငယ်တွေ အထူးကြိုက်နှစ်သက်ကြပါတယ်။ မစီးရဲသူတွေက Speed Boat ပေါ်ကနေ လိုက်ကြည့်ပေါ့။ သက်ကယ်အင်္ကျီနဲ့မို့ ရေမကူးတတ်လည်း ရေပေါ်တော့ ပေါ်နေမှာပါ။ ကျွန်တော်ကတော့ ရေကြောက်လို့ မစီးခဲ့ဘူး။

သဲဖြူကျွန်းသွားလည်မယ်

ချောင်းသာ ကမ်းခြေက သဲက ညိုတယ် ဝါတယ်။ သဲဖြူလွလွ မြင်ချင်သူတွေ၊ ရေကြည်ကြည်မြင်ချင်သူတွေကတော့ သဲဖြူကျွန်းကို စက်လှေ ဒါမှမဟုတ် Speed Boat နဲ့ ကူးပြီး သွားလည်ကြပါတယ်။ Speed Boat က မြန်ပြီး လှိုင်းအမူးသက်သာလို့ ပိုပြီး ရွေးချယ်သင့်ပါတယ်။ ရိုးရိုးစက်လှေက တစ်ခါတလေ လှိုင်းမူးလာရင် အရမ်းခံရခက်လို့ပါ။ ဟိုရောက်ရင် မြွေပါးကင်းပါးတော့ သတိပြုပေးပါ။ လှပတဲ့ ရှုခင်းလေးတွေ၊ သဲနူးညံဖြူစင်မှုတွေ၊ ရေရဲ့ကြည်လင်မှုတွေ ကို ဒီနေရာလေးမှာ ခံစားရပါတယ်။

ပင်လယ်စာ စားကြမယ်

ချောင်းသာ ဟာ မြန်မာပြည်က ကမ်းခြေရှိသမျှထဲမှာ ပင်လယ်စာ စားလို့ အကောင်းဆုံး ဖြစ်မယ်လို့ ကျွန်တော် တွေးမိတယ်။ ဈေးချိုတယ်။ ချက်တဲ့အရသာကောင်းတယ်။ ရွေးချယ်ဝယ်ယူစရာ များတယ်။ ကမ်းခြေတော်တော်များများဟာ ဒီလိုအဘက်ဘက်က ပြည့်စုံမနေတတ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ဆို ဘယ်မှာပဲတည်းတည်း နေ့လည်စာနဲ့ ညစာကို အပြင်က မှာစားတယ်။ ပင်လယ်စာ အမျိုးမျိုးကို ချက်နည်းအမျိုးမျိုးနဲ့ ကင်၊ ဖုတ်၊ သုပ်၊ ကြော်၊ ချက် အားပါးတရ စားပစ်လိုက်တယ်။ အရင်ကတော့ ဟိုဘက်ချောင်းသာကမ်းခြေက ဟိုတယ်တွေမှာ လာမေးသူတွေဆီက မှာစားကြသလို၊ နောက်တော့ ဖုန်းနဲ့ မှာတဲ့အဆင့်ဖြစ်လာတယ်။ ဟော အခုဆို ချောင်းသာ ဒီဘက်ကမ်းခြေလား၊ ကျောက်မောင်နှမဘက် ကမ်းခြေလား၊ ရွှေသောင်ယံ ကမ်းခြေလား ဟိုတယ်အရောက် ဆိုင်ကယ်၊ ကားတွေနဲ့ လာပို့နိုင်တဲ့အထိ ဖြစ်လာကြပြီ။

ကျွန်တော် မှာစားလေ့ရှိတာက -

(၁) ဒေါ်အေး - 09422445668

နေ့လည်စာ ညစာ ကို ဒီကမှာလေ့ရှိတယ်။ ဟင်းချက်တာ စားကောင်းတယ်။ ကဏန်းခွက်ကြော်လည်း မဆိုးဘူး။ ငပိနဲ့ တို့စရာဖွယ်ဖွယ်ရာရာ နဲ့ လာပို့တယ်။ စေတနာလည်း ကောင်းပါတယ်။ ဆီနည်းနည်းများတတ်တယ်။ ကိုယ်လာတဲ့ လူဦးရေနဲ့ တွက်ပြီး ပိုပိုသာသာလေး ထမင်းကအစ ထည့်ပေးတတ်တယ်။

(၂) ဒေါ်ပါးကွက်ကြီး - 09252212529

ဒီမှာလည်း နေ့လည်စာ ညစာ မှာလို့ရပေမဲ့ ကျွန်တော်က ကဏန်းမဆလာ လက်ရာကို သဘောပိုကျလို့ ဒီကမှာရင် ကဏန်းမဆလာ၊ ပန်းကဏန်းပြုတ်၊ ကဏန်းခွက်ကြော်တွေ မှာစားလေ့ရှိတယ်။ စေတနာပါတယ်လို့လည်း ခံစားရသလို၊ ဖုန်းဆက်မှာရင်လည်း အရမ်းချိုသာပါတယ်။

စက်ဘီး စီးကြမယ်

ချောင်းသာကမ်းခြေမှာ စက်ဘီးစီးရတာလည်း ပျော်စရာပါ။ သဲထဲ ဘီးမနစ်အောင် မောင်းရင်း ချောချောလေးတွေ လိုက်ငမ်းရတာလည်း ကမ်းခြေရဲ့ အရသာတစ်ခု မဟုတ်လား။ ချစ်သူတွေစီးဖို့ နှစ်ယောက်နင်း စက်ဘီးလေးတွေလည်း ရှိသေးတယ်။ စက်ဘီးတွေကို ချောင်းသာကမ်းခြေကြီးမှာဆိုရင် ဟိုတယ်တိုင်းနီးပါးရဲ့ ရှေ့မှာ ငှားဖို့ အဆင်ပြေနိုင်ပါတယ်။ မနက်ခင်းစောစော နဲ့ ညနေခင်း နေဝင်ချိန်လေးတွေ စီးသင့်ပါတယ်။

လေးဘီးဆိုင်ကယ် စီးကြမယ်

ချောင်းသာကမ်းခြေကြီးမှာတော့ ဆိုင်ကယ်စီးဖို့ မဖြစ်နိုင်ပေမဲ့ ဒီဘက် ကျောက်မောင်နှမဘက်က ကမ်းခြေတွေမှာတော့ စီးနိုင်ပါတယ်။ တစ်ပတ်ကို ၅၀၀၀ ကျပ်ဝန်းကျင် ပေးရတတ်ပါတယ်။ ကျွန်တော်တို့ ဒီတစ်ခါ တည်းခဲ့တဲ့ Gerizim Hotel ရှေ့က ကမ်းခြေမှာလည်း ရှိပါတယ်။ ဒီမှာတော့ တစ်နာရီကို ၂၅၀၀၀ ကျပ် ပေးရပါတယ်။ ကျောက်မောင်နှမဘက်မှာတော့ တစ်နေ့လုံး ရှိနေတတ်ပါတယ်။ ဟိုတယ်ရှေ့မှာတော့ ညနေခင်းအစောပိုင်းမှာ ရှိတတ်တယ်။ ကျောက်မောင်နှမဘက်မှာဆို မြင်းစီးချင်လည်း ရသေးတယ်။ သူ့ကျတော့ တစ်ပတ်ပတ်ပေးရင် ၃၀၀၀ ကျပ်ပါတဲ့။

ဆင်စခန်းလည်မယ်

ချောင်းသာမြို့ကို မဝင်ခင်လေးမှာတင် ဆင်စခန်းတစ်ခုရှိနေပြီး အခုဆို ချောင်းသာ နဲ့ ရွှေသောင်ယံ ကမ်းခြေတွေကြား၊ ကျောက်မောင်နှမရှိရာ ကမ်းခြေမှာ ဆင်စခန်းတစ်ခု ရှိနေပါတယ်။ အဲ့ဒီကိုတော့ သွားရပိုလွယ်တယ်။ တိရစ္ဆာန်ချစ်သူတွေတော့ ဘယ်လိုနေမယ်မသိ။ သဘောကျ၊ မကျ မပြောတတ်ဘူးပေါ့နော်။ လည်စရာနေရာတစ်ခုအဖြစ်တော့ ရှိနေပါတယ်။ အစာကျွေးလို့ရတယ်။ ဆင်စီးလို့ရတယ်လည်း ပြောတယ်။ ကိုယ်ကတော့ ဆင်စီးတာ ဝါသနာမပါ။ ဆင်နဲ့ ဓါတ်ပုံ ရိုက်လို့ရသေးတယ်။ ကမ်းခြေမှာ ဆင်ထွက်ချိန်ဆို ဆင်ကြီးနဲ့ ဦးခေါင်းချင်းဆိုင်ပြီး ဓါတ်ပုံရိုက်တာ ခေတ်စားနေပြန်တယ်။ တချို့ကျတော့လည်း အရမ်းကြောက်ကြတယ်။ တချို့လည်း လုပ်ရဲကြပါတယ်။

ဈေးဝယ်ထွက်ကြမယ်

ရွာထဲကိုသွားပြီး ဈေးဝယ်ထွက်တာလည်း ပျော်စရာတစ်ခုပါ။ မနက်ဆိုလည်း မနက်ဈေးကြီးထဲမှာ ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေကို ရန်ကုန်ကို ရေခဲပုံးနဲ့ သယ်သွားဖို့ သွားဝယ်နိုင်သေးသလို ညဘက်ဆိုလည်း ငါးခြောက်၊ ပုစွန်ခြောက် စတဲ့ အခြောက်အခြမ်းအမျိုးမျိုး၊ ပင်လယ်စာအမျိုးမျိုး၊ ချောင်းသာအမှတ်တရပစ္စည်းအမျိုးမျိုးတို့ကို ဝယ်နိုင်သေးတယ်။ ချောင်းသာရဲ့ အမှတ်တရအစားအစာတစ်မျိုးဖြစ်တဲ့ သရက်တောထိုးမုန့်ကိုလည်း ဒီမှာ ဝယ်နိုင်သေးတယ်လေ။

ပင်လယ်ကမ်းခြေနဲ့ အနီးဆုံးမှာ တည်းခိုမယ်

ဒါတော့ ငွေရှိမှ ဖြစ်မှာပေါ့လို့ မပြောရဘူးနော်။ ဆိုလိုချင်တာက အမြဲမဟုတ်တောင် တခါတလေတော့ ပင်လယ်အလှကို မြင်ရတဲ့ အခန်းလေးက တည်းခို ကြည်နူးစေချင်ပါတယ်။ တစ်ခန်းကို တစ်ည သိန်းဂဏန်းပေးရတတ်တဲ့အထိ ဈေးရှိပေမဲ့ သူငယ်ချင်းများများနဲ့ စုနေတာမျိုးဆို ဈေးသက်သက်သာသာ ဖြစ်လာနိုင်ပြီး ပင်လယ်အလှကိုလည်း ခံစားနိုင်ဦးမယ်လို့ အကြံပြုချင်ပါတယ်။ ပင်လယ်သံကို နားထောင်ပြီး အိပ်စက်ရတာဟာ တကယ်ကို ဖော်မပြတတ်တဲ့ ကျေနပ်စရာ ခံစားမှုမျိုး ပေးစွမ်းနိုင်တယ်လို့ ဆိုပါရစေ။

ဒီတစ်ခါ ကျွန်တော်တို့ ချောင်းသာကို သွားလည်တော့ တည်းဖြစ်တဲ့ ဟိုတယ်က ချောင်းသာ နဲ့ ရွှေသောင်ယံ ကမ်းခြေ နှစ်ခုကြားက Gerizim Hotel မှာပါ။ ချောင်းသာကို ဝင်ဝင်ချင်း မြင်ရတဲ့ ရွှေဟင်္သာဟိုတယ်ဘေးလမ်းကနေ ကျောက်မောင်နှမ သွားတဲ့လမ်းအတိုင်း ဝင်လာရင် ၃ မိနစ်လောက် မောင်းပြီးတဲ့အခါ ရောက်ပါတယ်။ ကိုယ့်ကားနဲ့ဆို လွယ်လွယ်ရောက်နိုင်ပါတယ်။ အဝေးပြေးကားနဲ့လာရင်လည်း ရောက်ရင် ဟိုတယ်ကို အကြောင်းကြားတဲ့အခါ လမ်းမကြီးထိပ်ထိ လာကြိုပေးပါတယ်။ ပြန်ရင်လည်း လမ်းမကြီးထိပ်ထိ ပို့ပေးတတ်ပါတယ်။

Gerizim Hotel ကို သဘောကျမိတာက အခန်းတွေ အရမ်းလှတယ်။ ခေတ်မီတယ်။ ဝန်ထမ်းတွေက ဖောရွေပြီး ဝန်ဆောင်မှု ညက်တယ်။ အခန်းခကလည်း မများဘူး။ Infinity Pool လည်း ရှိသလို၊ ကမ်းခြေက တိုပြီး ပင်လယ်နဲ့ နီးလို့ ပင်လယ်ကို အနီးကပ် ခံစားနိုင်တယ်။ ကမ်းခြေက လူရှင်းတယ်။ အမှိုက်ရှင်းတယ်။ ဈေးသည်နည်းတယ်။ အဲ့ဒီတော့ စိတ်မရှုပ်ချင်သူတွေနဲ့ အထူးကိုက်ညီတယ်။ ပြီးတော့ ကလေးတွေအကြိုက် ရေကစားကွင်းကြီးလည်း အကြီးကြီးရှိတယ်။

ကိုယ်တွေတည်းခဲ့တဲ့ Sea View ခန်းဆိုရင် Master Bedroom ၃ ခန်း (အခန်းတိုင်း Bathtub နဲ့နော်)၊ ဧည့်ခန်းကျယ်၊ ထမင်းစားခန်းကျယ်တွေ ပါဝင်တော့ အရမ်းသဘောကျမိတယ်။ သူငယ်ချင်း ၆ ယောက် လာလို့ရတယ်။ တစ်ညကို ၇ သိန်းတဲ့၊ Extra Bed ဆိုရင် တစ်ယောက် ၃ သောင်း ဆိုတော့ ၁၀ ယောက်လောက် နေမယ်ဆိုလည်း ဖြစ်တယ်။ တခြားအခန်းတွေဆို Sea View က ၁ သိန်းဝန်းကျင်၊ Garden View က ၈ သောင်းဝန်းကျင်၊ Deluxe အခန်းတွေက ၆ သောင်းဝန်းကျင်တွေ အသီးသီး ရှိတယ်။ ဈေးတွေကတော့ အချိန်အခါလိုက် ပြောင်းလဲနိုင်လို့ ဖုန်းဆက်ကြိုတင်မေးမြန်းဘွတ်ကင်ယူပြီးမှ သွားစေလိုပါတယ်။ မနက်စာ ဘူဖေး ကလည်း အရမ်းစုံတယ်။ နေ့လည်ခင်းတစ်ခါ Hi-Tea ဆိုပြီး မြန်မာ့ရိုးရာအစားအစာတွေ (ရှမ်းခေါက်ဆွဲ၊ ကော်ရည်၊ မုန့်ဟင်းခါး စသဖြင့်ပေါ့) ကို ဖျော်ရည်၊ ကော်ဖီ၊ လက်ဖက်ရည်တွေနဲ့ ဘူဖေး ထပ်ခင်းပေးပြန်ရော။ ကိုယ်တွေဆို နေ့လည် ၃ နာရီကို စောင့်စောင့်ပြီး စားရတာ အမော။ ဘယ်လိုလန်းတဲ့ ဟိုတယ်လည်း ဆိုတာ သိပ်ရှည်ရှည်မပြောတော့ဘူး ပုံတွေသာ ကြည့်လိုက်တော့လေနော်။

ဆက်သွယ်ချင်တယ်ဆိုရင်တော့ ဖုန်းတွေက 0949494949 နဲ့ 042-2042425 ကနေ 27 အထိ ဆက်မေးမြန်းဘွတ်ကင်ယူနိုင်ပါတယ်။

ချောင်းသာကမ်းခြေ ဟာ အရမ်းညစ်ပတ်လာတယ်လို့ ခံစားလာရလို့ ချောင်းသာကို မလာဖြစ်တာ ကြာခဲ့ပြီ။ ခုတော့ ဒီဘက်က ကမ်းခြေသန့်သန့်တွေမှာ လူရှင်းရှင်းနဲ့ အနားယူရင်း ချောင်းသာရဲ့ နာမည်ကျော် ပင်လယ်စာချက် ကောင်းကောင်းတွေ စားခွင့်ပြန်ရလာလို့ ချောင်းသာကမ်းခြေကို ကျွန်တော်တော့ ခဏခဏ ပြန်ရောက်ဖြစ်တော့မယ် ထင်ပါရဲ့ဗျာ။ အော်... ကမ်းခြေသွားရင် Sony ကင်မရာ ဆောင်သွားဖို့ မမေ့နဲ့ဦးနော်။

အားလုံး အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Photo :: Saw Kyaw Zin, Guku, Thiha Lu Lin

Camera :: SONY Alpha 7II with 16-35mm & 85mm Lens

Photos are modified in Lightroom by Thiha Lu Lin.

    21090
    2