Thiha Lu Lin

Jun 2, 20172 min

ကျောက်သားကို ထွင်းထုပုံဖော်ထားတဲ့ အံ့ဖွယ်နေရာများ

Updated: May 29, 2020

လူသားတွေဟာ အသိဉာဏ်နဲ့ ပြည့်ဝသူတွေ ဖြစ်တဲ့အလျောက် ကမ္ဘာတည်တဲ့တိုင် တည်နေနိုင်မဲ့ အနုပညာလက်ရာမြောက် ဖန်တီးမှုတွေကို ထူးထူးခြားခြား ဖန်တီးလုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ မာကျောလွန်းပါတယ်ဆိုတဲ့ ကျောက်သားတွေကို ထွင်းထုလို့ လိုရာပုံစံကို သွင်းယူပြခဲ့ပြီး တချို့ကျောက်သားရုပ်တုတွေဟာ ထူးခြားတဲ့ သမိုင်းကြောင်းနောက်ခံတွေနဲ့အတူ ခရီးသွားဧည့်သည်တွေကို သူတို့ဆီ အရောက်လာပြီး လေ့လာချင်လာအောင် ဆွဲဆောင်နေကြပါတယ်။ ဒါတွေကို သက်သေသာဓကတွေ ပြဖို့ ပုံလေးတစ်ပုံချင်းဆီရဲ့အောက်မှာ ဖတ်ကြည့်နိုင်ပါပြီ။

အီစတာကျွန်းပေါ်က Rapa Nui လူမျိုးစုက ဖန်တီးထားတဲ့ Moais လူပုံသဏ္ဍာန်ကျောက်သားရုပ်တုကြီးတွေဟာ တောင်ပစိဖိတ်သမုဒ္ဒရာပေါ်က ကျွန်းလေးကို ကမ္ဘာသိအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ကျွန်းပေါ်မှာ ဒီလိုရုပ်တုပေါင်း ၉၀၀ ခန့်ကို ကျွန်းအနှံ့ တွေ့ရှိနိုင်မှာပါ။ ကျောက်သားရုပ်တုကြီးတွေရဲ့ မျက်နှာမှာ အားမာန်အပြည့်နဲ့ မာန်ချီထားတဲ့ခံစားမှုမျိုး ပေါ်လွင်နေပြီး ခေါင်းပိုင်းကို ကိုယ်ပိုင်းရဲ့ သုံးချိုးတစ်ချိုး ဒါမှမဟုတ် ငါးချိုးတစ်ချိုး ယူလို့ ထုဆစ်ထားတာ တွေ့ရပါတယ်။ ပျမ်းမျှအားဖြင့် ရုပ်တုတစ်ခုဟာ ၁၃ ပေ ကျော်မြင့်ပါတယ်။ ဘာကို ရည်ရွယ်ပြီး ထုလုပ်ခဲ့တယ်ဆိုတာကိုတော့ တိတိပပ မသိကြရပေမဲ့ သုတေသနသမားတွေရဲ့ အမြင်ကတော့ ကွယ်လွန်သွားကြပြီဖြစ်တဲ့ မျိုးနွယ်စုအကြီးအကဲတွေ ဒါမှမဟုတ် ဘိုးဘေးဘီဘင်တွေကို ကိုယ်စားပြုထုလုပ်ထားပြီး ကိုးကွယ်ပူဇော်မှုတွေ ပြုလုပ်ဖို့ ရည်ရွယ်ပုံရတယ်လို့ ဆိုပါတယ်။ ဒီကျောက်သားရုပ်တုတွေကို မီးတောင်ပြာတွေကို သိပ်သည်းအောင်ပြုလုပ်ပေါင်းစပ်လို့ ဖန်တီးထားတယ်လို့ ယူဆကြပြီး အလေးချိန်အားဖြင့် တန် ၈၀ ခန့် လေးလံတဲ့ ရုပ်တုတွေဖြစ်လို့ ခုလို နေရာတကျစီထားနိုင်အောင် မီးတောင်ပြာတွေကို အသုံးပြုဖန်တီးခဲ့တာဖြစ်နိုင်တယ်လို့ ယူဆကြတာ ဖြစ်ပါတယ်။ တချို့ကလည်း သစ်လုံးတွေကို ဘီးအဖြစ် အသုံးပြုရွှေ့ခဲ့တယ်။ တချို့ကတော့ လမ်းလျှောက်သလိုမျိုး ကြိုးတွေနဲ့ ဘယ်ညာ လူအင်အားသုံးဆွဲပြီး ရွှေ့ယူတယ်။ အမျိုးမျိုး ယူဆပြောဆိုကြပါတယ်။ ဒါတွေဟာ ယူဆချက် သက်သက်တွေသာ ဖြစ်ပြီး ဒီပဟေဠိအားလုံးရဲ့ အဖြေကိုတော့ ကျွန်းသားတွေပဲ သိကြပါတယ်။ သူတို့ပြောပြတာတော့ ဒီရုပ်တုတွေဟာ သူတို့ဘာသာ လမ်းလျှောက်ပြီး နေရာယူထားကြတာပါတဲ့လေ။

ခရီးသွားတွေ အတော်များများကြိုက်ကြတဲ့ နေရာတစ်ခုက ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၇၉၇၀ အမြင့်မှာ ရှိတဲ့ Peruvian Andes ပါ။ တောင်တက်ရတာလည်း ပြေတယ်။ ရာသီဥတုလည်း ကောင်းတယ်။ မြည်းတွေ ငှားပြီးလည်း ပစ္စည်းတွေ သယ်လို့ရတယ်။ ဒီ Peru တောင်တန်းဒေသဆီက Machu Picchu ကိုရောက်ခဲ့ရင် အင်ကာ အင်ပါယာ ဘုရင်ကြီး Pachacuti (၁၄၃၈ - ၁၄၇၂ ခုနှစ်) တည်ထောင်ခဲ့တဲ့ မြို့တော်ဟောင်းကြီးကို မြင်တွေ့ရမှာပါ။ ပျောက်ဆုံးနေတဲ့ အင်ကာတို့ရဲ့မြို့တော်ကြီး အဖြစ် တချို့လည်း ညွှန်းဆိုတတ်ကြပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀ ခန့်က ကျောက်သားတွေနဲ့ ဆောက်လုပ်ထားတဲ့ မြို့တော်ကြီးဟာ တိမ်တိုက်တွေကြားက လှချင်တိုင်းလှနေတဲ့ အမေ့ခံမြို့ဖြစ်နေခဲ့ပြီး ၁၉၁၁ ခုနှစ်ကျမှ အမေရိကန် ဝါရင့်ရှေးဟောင်းသုတေသနပညာရှင် Hiram Bingham ရောက်လာတော့မှ ကမ္ဘာကို အံ့အားသင့်သွားစေခဲ့တာ ဖြစ်ပါတယ်။ ခမ်းနားတဲ့ ကျောက်ချပ်နံရံတွေ၊ ဝတ်ပြုကျောင်းဆောင်တွေ နဲ့ အခန်းတွေ ဟာ နိုင်ငံတကာက ခရီးသွားလာသူတွေကို အထူးဆွဲဆောင်သွားနိုင်ခဲ့ပါတယ်။

ခြင်္သေ့ကိုယ်နဲ့ လူမျက်နှာ ပေါင်းစပ်ထားတဲ့ ဖန်တီးမှုထုံးကျောက်ရုပ်တုကြီးကို The Great Sphinx of Giza အဖြစ် ကမ္ဘာကျော်ပါတယ်။ အီဂျစ်ပြည်က နှစ် ၅၀၀၀ သက်တမ်းရှိတဲ့ ထုံးကျောက်တောင်ကုံးပေါ်မှာ တည်ရှိနေတာ ဖြစ်ပြီး အနောက်အရပ်ကနေ အရှေ့အရပ်ကို တည့်တည့် မျက်နှာမူ တည်ဆောက်ထားပါတယ်။ ဒီရုပ်တုကြီးရဲ့ မျက်နှာဟာ အကြမ်းဖျဉ်းအားဖြင့် အီဂျစ်ဘုရင် Pharaoh Khafre ရဲ့ မျက်နှာနဲ့ဆင်တူတယ်လို့ ယူဆကြပါတယ်။ လက်ဖဝါးကနေ အမြီးအထိ ၂၃၈ ပေ ရှည်လျားပြီး ၆၆ ပေကျော် မြင့်တဲ့ ဒီရုပ်တုကြီးဟာ အီဂျစ်ပြည်သားတွေ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဆောက်လုပ်ခဲ့ကြတာလို့ ယုံကြည်ခဲ့ကြပါတယ်။ အီဂျစ်ဘုရင် Pharaoh Khafra ရဲ့ ပီရမစ်အတွက် အစောင့်အရှောက်ဖြစ်ဖို့ တည်ဆောက်ထားတယ်လို့လည်း သိရပါတယ်။

အင်္ဂလန်မှာရှိတဲ့ သမိုင်းဦးက မှတ်တိုင်အဖြစ် နာမည်ကျော်ကြားတဲ့ Stonehenge ဟာလည်း စိတ်ဝင်စားစရာ ပဟေဠိတွေနဲ့ ကျောက်တိုင်ဝိုင်းကြီးပါ။ ရှေးခေတ်က နက္ခတ်တာရာကြည့်ဖို့အတွက်လား၊ ဒါမှမဟုတ် ပြက္ခဒိန်ကြီး တစ်ခုလား၊ ဝတ်ပြုကိုးကွယ်ရာနေရာလား၊ ဒါတွေအပြင် ဂြိုဟ်သားနဲ့ ပန်ကန်းပြားပျံတွေ ဆင်းခဲ့နေရာလားဆိုတာ ဘယ်သူမှ အဖြေမထုတ်နိုင်ခဲ့ကြဘူးလို့ သိရပါတယ်။ ပညာရှင်တွေ သုံးသပ်တာကတော့ ရှေးခေတ် အင်္ဂလန်တောင်ပိုင်းသားတွေရဲ့ဓလေ့ထုံးစံနဲ့ပတ်သက်တဲ့တစ်ခုခု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ သချုႋင်းလို လူအများအပြားမြုပ်နှံထားပြီး အမှတ်တရကျောက်တိုင် စိုက်ထူထားတယ်ဆိုတဲ့ ပုံစံမျိးလည်း ဖြစ်နိုင်ပါတယ်။ နှစ်ပေါင်း ၅၀၀၀ ခန့်လောက်က စတင်တည်ဆောက်ခဲ့ပုံရတယ်လို့တော့ သတ်မှတ်ကြပါတယ်။

ကျောက်သားတွေကို ထွင်းထုဖန်တီးထားတဲ့ ကမ္ဘာ့အကြီးဆုံးပန်းပုရုပ်တုတွေကိုတော့ Mount Rushmore မှာ တွေ့နိုင်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အတွင်းက ဒီကျောက်သားပန်းပုတွေဟာ အမေရိကန်သမိုင်းက အရေးပါတဲ့သူတွေကို ကိုယ်စားပြုပြီး ဂုဏ်ပြုထုဆစ်ထားတာလည်း ဖြစ်ပါတယ်။ ၁၉၄၁ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းမှာ အချောသတ်ထုဆစ်ပြီးစီးခဲ့ပြီး အမေရိကန်ရဲ့ သမ္မတ ၄ ဦးရဲ့ မျက်နှာတွေကို ပုံဖော်ထုဆစ်ထားတာပါ။ ပန်းပုရုပ်တုတွေက (ဘယ်မှညာ) George Washington (၁၇၃၂ - ၁၇၉၉) ၊ Thomas Jefferson (၁၇၄၃ - ၁၈၂၆) ၊ Theodore Roosevelt (၁၈၅၈ - ၁၉၁၉) နဲ့ Abraham Lincoln (၁၈၀၉ - ၁၈၆၅) တို့ရဲ့ ပုံတူတွေကို ပေ ၆၀ အမြင့် ကျောက်သားရုပ်တုတွေအဖြစ် မျက်နှာပိုင်းကို ပုံဖော် ပြထားတာ ဖြစ်ပါတယ်။ ထုဆစ်ရာမှာ ကျောက်တောင်မျက်နှာပြင်အနေအထားအလိုက် သမ္မတတစ်ဦးချင်းစီရဲ့ ပုံကြမ်းကို Borglum မျိုးဆက် နှစ်ဆက် က ဆွဲသားပုံဖော်ပြီး ဖန်တီးထုဆစ်ခဲ့ကြတာ ဖြစ်ပါတယ်။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


 

    540
    0