Thiha Lu Lin

May 25, 20172 min

ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးသွားချင်သူပါ…

Updated: May 29, 2020

အားနေတဲ့ တနင်္ဂနွေတစ်ညနေတော့ ထိုင်နေကျ ကော်ဖီဆိုင်တွေမထိုင်ဘဲ၊ မြို့ထဲတစ်နေရာက လမ်းဘေး လက်ဘက်ရည်ဆိုင်လေး ထိုင်သောက်ဖြစ်တယ်။ မြို့ထဲကတော့ လူသွားလူလာ မပြတ်ဘဲ စည်မြဲအတိုင်းစည်ကားနေဆဲပဲ။ မြင်နေကျ ဖြူဖြူ ညိုညို မည်းမည်း အရောင်စုံ လူတန်းစားစုံတို့ရဲ့ ပုံရိပ်တွေက မျက်စိထဲမှာ ကြည့်ဖူးနေကျ ဗီဒီယိုကို ပြန်ကြည့်ရသလို ခံစားရတယ်။ တစ်ခါတစ်ခါတော့လည်း မြင့်မြင့်မားမား အရပ်တွေနဲ့ ဖြူဖြူဖွေးဖွေး နှာခေါင်းချွန်ချွန် လူမျိုးကွဲ အမျိုးသား၊ အမျိုးသမီးတွေ ကျောပိုးအိတ်ကြီး လွယ်လို့ သွားလာနေတာ ဖြတ်ခနဲ တွေ့လိုက်ရသား။ ဒါတော့ ကျွန်တော် စိတ်ဝင်စားမိသွားပြီ။ နိုင်ငံခြားသားတွေဆိုတာ ကျွန်တော်တို့ မြန်မာနိုင်ငံကို စိတ်သာ ဝင်စားကြတာ လာလည်ဖို့ဆို အကြောက်အကန် ငြင်းကြသူက ခပ်များများရယ်။ အပြင်မှာ ကြားရတဲ့ သတင်းတွေနဲ့ ဒီက အခြေအနေ ကွာတဲ့အကြောင်းမနည်းရှင်းပြ ခေါ်ယူရတဲ့အဖြစ်ပါ။ ခုလို ကျောပိုးအိတ်တစ်လုံးနဲ့ ခြိုးခြံချွေတာသူ ခရီးသွားတွေတော့ အတော်များများ လာကြသား။ သူတို့ကတော့ သိပ်အလုပ်မဖြစ်လှဘူး။ နိုင်ငံရဲ့ ဝင်ငွေအတွက် အထောက်အကူမများလှဘူးလေ။ ဒါပေမဲ့ တစ်ဖက်က ခရီးသွားသူတစ်ယောက်အနေနဲ့ ခံစားကြည့်ရင်တော့ သူတို့ဘဝက အရမ်းမိုက်နေတယ်။ စရိတ်သက်သက်သာသာနဲ့ တစ်ကမ္ဘာလုံးအနှံ့ကို မသေခင် မြင်ဖူးသွားကြမှာ။ သူတို့ကို Backpacker တွေလို့ ခေါ်ကြတယ်။

ဒါပေမဲ့ ကျွန်တော်ကရော အဲ့လို Backpacker တစ်ယောက်လို ခရီးသွားနိုင် နေနိုင် စားနိုင်ပါ့မလား စိတ်ထဲ တွေးကြည့်မိတယ်။ သူတို့ Backpacker တစ်ယောက်အဖြစ် သွားလာနေကြတာ တကယ်ကို ပျော်စရာ ကောင်းရဲ့လား သိချင်လာမိတယ်။ Backpacker တွေရဲ့ ဘဝက တကယ်တော့ ပျော်စရာအပြည့်နဲ့ဘဝဆိုတာ ဒီအချက်တွေက ဖော်ပြပေးနေပါတယ်။

ငွေကုန်ကြေးကျ အနည်းဆုံးနဲ့ ကမ္ဘာပတ်နိုင်တယ်

ငွေကို ချွေတာပြီး ကိုယ်ရောက်ဖူးချင်တဲ့နေရာတွေကို ကောင်းကောင်းလည်ပတ်နိုင်တဲ့ တကယ့်အခွင့်ထူးကြီးကို Backpacker တွေပဲ ရတာပါ။ ကိုယ့်ရဲ့ ပုံမှန်နေထိုင်မှုပုံစံတွေရဲ့ စံသတ်မှတ်ချက်အောက်တော့ လျော့ပြီး နေထိုင်စားသောက်ပြုမူရတာမျိုး ရှိနိုင်ပါတယ်။ လမ်းဘေးစာတွေ စားရမယ်။ လူတကာနဲ့ အခန်းထဲ အတူနေရမယ်။ ရေချိုးခန်း၊ အိမ်သာကို တွဲသုံးရမယ်။ ဒီလိုတော့ ရှိပေမဲ့ ဘဝကို ငွေကုန်ကြေးကျနည်းနည်းနဲ့ ဘယ်လိုနေထိုင်သွားရမလဲဆိုတဲ့ ကိုယ်မသိခဲ့ဘူးတာမျိုး ဖြစ်ကောင်းဖြစ်မဲ့ မတူညီတဲ့အတွေ့အကြုံသစ်တွေကို ရယူနိုင်မဲ့ နည်းလမ်းကောင်းပါပဲ။

ဒေသတစ်ခုရဲ့ အလေ့အထကို အလွယ်ဆုံး သိနိုင်တယ်

ခရီးသွားတွေ ဒေသသစ်တစ်ခုကို ရောက်ပြီဆိုရင် အဲ့ဒီဒေသနဲ့ အသားတကျရှိဖို့ ကြိုးစားကြတယ်။ ဒါမှလည်း နေပျော်မှာကိုး။ Backpacker တစ်ယောက်အတွက်တော့ အထူးတလည် ကြိုးစားနေစရာ မလိုဘဲ ရိုးရာဓလေ့စရိုက်တွေ၊ နေထိုင်မှုပုံစံတွေကို ချက်ချင်း သိရှိလုပ်ဆောင်နိုင်စေတယ်။ ဘာသာစကား အခက်အခဲ နဲ့ နယ်မြေသစ်တစ်ခုမှာ တွေ့ကြုံရတတ်တဲ့ အနံ့အသက်၊ အစားအသောက် နဲ့ ယဉ်ကျေးမှုတွေကို ပထမတော့ အကျွမ်းတဝင် လွယ်လွယ်ဖြစ်မှာ မဟုတ်သေးပေမဲ့ ကိုယ်က လမ်းပေါ်က လူဖြစ်နေတော့ လူသစ်တွေနဲ့ ရင်းနှီးသွားဖို့နဲ့ အသစ်အဆန်းတွေကို ကူးယူနိုင်ဖို့ကို လုပ်ဆောင်ဖို့ရာ ကိုယ့်ရဲ့ မသိစိတ်ကရော၊ သိစိတ်ကပါ တွန်းအားဖြစ်စေပြီးသားမို့ အချိန်တိုလေးအတွင်းမှာ ဒီအခက်အခဲတွေကို ကျော်လွန်အောင်မြင်သွားနိုင်တယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုတွေ ပိုပြီး တိုးပွားလာစေနိုင်တယ်လေ။

သံပတ်ပေးထားတဲ့ စက်ရုပ်မဟုတ်သူများပါ။

Backpacker တစ်ယောက်အတွက်က ခရီးစဉ်နဲ့ပတ်သက်ပြီး စည်းကမ်းလိုက်နာစရာ သိပ်မရှိဘူး။ အရာအားလုံးကို ကိုယ်ဖီလင်လာသလို လုပ်ဆောင်လို့ရနိုင်တယ်ဆိုတဲ့ အားသာချက်ကြီး ရှိနေတယ်။ ဒီနေ့ည နောက်တစ်မြို့ကူးမလား၊ နောက်နေ့မနက်မှ ကူးမလား၊ ဒါမှမဟုတ် တစ်ည ထပ်နေပြီး ဒေသသစ်မှာ လည်ပတ်လေ့လာဦးမလား။ စိတ်ကြိုက်ဖန်တီး လုပ်ဆောင်နိုင်ခွင့် သူမှာ ရှိနေတယ်။ အချိန်ဇယား အတိအကျနဲ့ သံပတ်ပေးထားတဲ့ စက်ရုပ်တွေလို ဒီမနက် ၆ နာရီထွက်မယ်၊ နေ့လည် ၁၁ နာရီ ထမင်းစားမယ်၊ ၁ နာရီဆို ရောက်မယ်၊ ဘုရားဖူးမယ်၊ လိပ်ဥတူးမယ်။ စတာတွေ ဘာမှ ခေါင်းထဲ ထည့်နေစရာ မလိုဘူး။ မနက် ၆ နာရီမှာ လိပ်ဥတူးပြီး ညနေ ၄ နာရီမှ နေ့လည်စာ စားလည်း ဘဝက သာသာယာယာပဲ။ အဲ့ဒီတော့ ခရီးတစ်ခုမှာ ဘာမှ နောက်ဆံတင်းပြီး စိတ်ညစ်စရာမရှိတော့ဘဲ ပျော်စရာတွေချည်းပဲ ဖြစ်လာတော့တယ်။

စွန့်စားလိုစိတ်ရှိသူတွေချည်းပဲ ဒီဘဝကို ရွေးချယ်တာပါ။

ဘဝကို စွန့်စားဖြတ်သန်းမှ အဓိပ္ပါယ်ရှိတယ်လို့ ခံယူရင် Backpacker တစ်ယောက်ဖြစ်ဖို့ နီးစပ်တယ်။ သူတို့ကို ကြည့်လိုက်ရင် ကျောပိုးအိတ်ကြီးကြီးမားမားတစ်ခုကို လွယ်ရင်း လေဆိပ်မှာ အိပ်နေတာ၊ ဘတ်စ်ကားစီးဖို့ စောင့်နေတာ၊ လမ်းညွှန်စာအုပ်လေးကိုင်ပြီး လမ်းတကာလျှောက်နေတာပဲ တွေ့ရမယ်။ လူ့ဘဝကို တကယ့်ကို လက်တွေ့ကျကျဖြတ်သန်း စွန့်စားနေကြသူတွေရယ်ပါ။ သူတို့ကို ကြည့်ပြီး ရည်မှန်းချက် မရှိသလိုတော့ မခံစားလိုက်ပါနဲ့။ စိတ်လည်းမပူပါနဲ့။ တစ်နေ့နေ့မှာ ကိုယ့်ရဲ့ပန်းတိုင်တစ်ခုကို သူတို့ဆီမှာလည်း သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ကိုယ်လည်း တစ်ချိန် အဲ့ဒီပန်းတိုင်ကို ရောက်မှာပါပဲ။

အပေါင်းအသင်းပေါများတဲ့သူတစ်ယောက်ပါ။

Backpacker တွေက ဘော်ဒါဆောင်လိုမျိုးမှာ နေရတာ သိပ်သဘောကျကြတယ်။ ဒီနေရာတွေမှာ နေရတဲ့ အဓိက အကြောင်းအရာတွေက ဈေးပေါလို့ဆိုတာထက် အများကြီး ပိုတယ်။ ဈေးပေါပြီး သက်တောင့်သက်သာနဲ့ ပျော်ပျော်နေနိုင်တဲ့အပြင် သူတို့လို Backpacker သမားတွေနဲ့ ဆုံတွေ့ရလို့ပါပဲ။ လူတွေက ဝါသနာတူရာပဲ ပေါင်းသင်းချစ်ခင်ကြတာ အစဉ်အလာပါ။ ကိုယ်နဲ့ စိတ်တူကိုယ်တူလူကို ရှာဖို့ လွယ်တာက Backpacker တွေပါပဲ။ တည်းခိုရာနေရာတစ်ခုမှာ လာဆုံကြရတော့ ကိုယ့်အတွေ့အကြုံ၊ သူ့အတွေ့အကြုံ ဝေမျှလို့မကုန်အောင်ဖြစ်ရပြီး မိတ်ဆွေသစ်တွေနဲ့ ရင်းနှီးမှုက ခဏလေးနဲ့ အရှိန်မြင့်သွားတယ်။ ကံကောင်းရင် တစ်ဘဝစာလုံးအတွက် ခင်မင်ရတဲ့ မိတ်ဆွေစစ်တွေတောင် တွေ့ရနိုင်သေး။ အတူခရီးသွားမဲ့ အဖော်ကောင်းအဖြစ်လည်း တစ်သက်လုံးခင်မင်သွားနိုင်ပါသေးတယ်လေ။

ပွင့်ပွင့်လင်းလင်း စိတ်ရှင်းသူလည်းဖြစ်ပါတယ်။

စိတ်ထားမှန်ပြီး ပွင့်လင်းသူဖြစ်လာတတ်တာက Backpacker တွေပါ။ မတူညီတဲ့ ဒေသအသီးသီးက လူအသီးသီးနဲ့ တွေ့ဆုံကျွမ်းဝင်ရတာကြောင့်ရော၊ ယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာတွေကို သင်ကြားလေ့လာရတာကြောင့်ရော သူတို့ဟာ တခြားသူတွေကို ရှုမြင်တဲ့ပုံစံက ပြောင်းလဲလာပြီး လူ့အခွင့်အရေးနဲ့ပတ်သက်သမျှကို နားလည်လက်ခံလာနိုင်ကြတယ်။ ဘဝကို သူများမြင်တဲ့အမြင်နဲ့ မတူတဲ့ အမြင်တစ်ခုကနေ ရှုမြင်တတ်လာတယ်။ ကိုယ့်ကိုကိုယ် ထိန်းကျောင်းရာမှာလည်း ပိုပြီး ပီပြင်လာသလို၊ အခက်အခဲဆိုတာကိုလည်း မမှုကြတော့ပါဘူး။

ဒီလို အချက်တွေကြောင့် တချို့လည်း Backpacker တစ်ယောက်ဖြစ်ဖို့ အရမ်းစိတ်ဝင်စားကြတယ်။ လုပ်ရခက်မယ်ထင်ရပေမဲ့ တကယ်လုပ်ကြည့်တဲ့အခါ ဘဝဟာ ပေါ့ပါးသွားတယ်။ လောကကြီးက နေပျော်စရာ ဖြစ်လာတယ်။ ခရီးသွားတစ်ယောက်ဟာ Backpacker အဖြစ်နဲ့ တစ်ကြိမ်လောက် သွားဖူးပြီ ဆိုတာနဲ့ နောက်ကို အမြဲတမ်း Backpacker ပုံစံနဲ့ပဲ ခရီးသွားချင်တော့တယ်လို့ အများက ယုံကြည်ကြတယ်။ ဒီလိုနေထိုင်မှုပုံစံက ဘိန်းစွဲသလို ဖြတ်တောက်ရခက်ခဲပါတယ်တဲ့လေ။ ဒီတော့လည်း ဘာဖြစ်လဲ၊ ကိုယ့်စိတ်ကို လွှတ်ပြီး Backpacker တစ်ယောက်ရဲ့ ပေါ့ပါးပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ရယူဖို့ ပြင်ဆင်ပြောင်းလဲလိုက်ရုံပေါ့။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


 

    500
    0