Thiha Lu Lin

Sep 19, 20213 min

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၈) | ယေရှုခရစ်တော် ပထမဆုံး တန်ခိုးပြရာ အရပ် ဆီ

မြင့်မြတ်ရာနယ်မြေလို့ တင်စားခေါ်ဝေါ်ကြတဲ့ The Holy Land ခရီးနဲ့ပတ်သက်ပြီး စိတ်ဝင်စားကြတဲ့ ယုံကြည်သူ ခရစ်ယာန်ဘာသာဝင်တွေအတွက် ကိုယ်တိုင် ရောက်ရှိခဲ့တဲ့နေရာတွေအကြောင်းကို အသေးစိတ်ပြန်လည် တင်ဆက်ပေးနေတဲ့ ဒီ ခရီးသွားဗဟုသုတ အကြောင်းအရာကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးနေခဲ့တာ အခုဆိုရင် အပိုင်း (၈) ဖြစ်ခဲ့ပါပြီ။ ခုလို ခရီးသွားလို့ မရတဲ့အချိန်၊ ကပ်ရောဂါနှိပ်စက်ချိန်နဲ့ နိုင်ငံရေးအခြေအနေယိုယွင်းချိန်မျိုးမှာ ယုံကြည်သူတွေအနေနဲ့ ခွန်အားယူတည်ဆောက်စရာ ဖြစ်ပြီး ဒီခရီးစဉ်တွေကို စိတ်ကူးနဲ့ အရင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်ခင်ဗျ။ ဒီနေ့တော့ ကျွန်တော် တို့ အစ္စရေးနိုင်ငံ က ကာနမြို့ လေးအကြောင်း ပြောကြရမှာပါ။ ကာနမြို့ ဟာ ခရစ်ယာန်တွေအတွက် မှတ်မှတ်ရရ ဖြစ်ကြရတဲ့မြို့ပါ။ ခရစ်တော် ရဲ့ ပထမဆုံး တန်ခိုးပြတဲ့ အရပ်ဖြစ်တဲ့အတွက်ကြောင့်ပါ။

မာတိကာ

  • Cana (သို့မဟုတ်) Kafr Kanna ကာနမြို့ ဆိုတာ

  • သုတေသနပညာရှင်တွေရဲ့ သုံးသပ်ချက်

  • သမိုင်းနောက်ခံအကြောင်းအရာ

  • ကာနမြို့မှာ လည်ပတ်စရာ

    • The Greek Orthodox Church

    • The Franciscan Wedding Church

The Sanctuary of our Lord’s First Miracle ဘုရားကျောင်းထဲက ကာနမြို့ မင်္ဂလာဆောင် သရုပ်ဖော်ပန်းချီကားကြီး

Cana (သို့မဟုတ်) Kafr Kanna ကာနမြို့ ဆိုတာ

ကာနမြို့ ဆိုတဲ့ အသုံးအနှုန်းဟာ ကျမ်းစာအုပ်ထဲက မြန်မာဘာသာပြန် အသုံးအနှုန်း ဖြစ်ပါတယ်။ အပြင်မှာလည်း ကာန လို့ အသံထွက်ရမယ်ယူဆပါတယ်။ အရင်ကတော့ Cana လို့ ခေါ်ပေမဲ့ အခုခေတ်မှာတော့ Kafr Kanna မြို့လို့ ခေါ်ကြပါတယ်။ Khirbet Cana လို့လည်း ပြောတတ်ကြပါသေးတယ်။ ကျွန်တော်တို့ တုန်းက နာဇရက်မြို့ ကို သွားရင်းနဲ့ တစ်လက်စတည်း သွားခဲ့ကြတာပါ။ နာဇရက်မြို့ကနေဆိုရင် အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာမှာ ရှိနေပါတယ်။ လူဦးရေအားဖြင့် ၈၅၀၀ ခန့်သာ ရှိပြီး အစ္စလာမ် နဲ့ ခရစ်ယာန် ဘာသာဝင်တွေ နေထိုင်ကြပါတယ်။ ဒီမြို့လေးကို ခရစ်ယာန်တွေကတော့ ကာနမြို့က မင်္ဂလာပွဲနဲ့အတူ တွဲဘက် မှတ်မိကြပါတယ်။ ဒါ့ကြောင့်ပဲ ကာနမြို့က ဘုရားကျောင်းတွေမှာ မင်္ဂလာပွဲဆင်နွှဲလိုကြသူတွေ၊ ဘုန်းတော်ကြီးရှေ့မှာ မင်္ဂလာဆောင် သစ္စာပြုလိုတဲ့ စုံတွဲတွေ လာရောက်ကြတာလည်း များပါတယ်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာက စုံတွဲတွေမှာ ဒီလို စိတ်ကူးဆန္ဒတွေ ရှိပြီး လာရောက်လုပ်ဆောင်ကြတတ်ပါတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်တုန်းကလည်း မင်္ဂလာပွဲတစ်ခုနဲ့ တိုးခဲ့သေးတယ်။ ဒေသခံမင်္ဂလာဆောင် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီက ကထိန် လိုပဲ တေးဂီတတီးမှုတ်ကခုန်သူတွေနဲ့ မင်္ဂလာသတို့သားသတို့သမီးတွေနဲ့ ဆွေမျိုးမိတ်ဆွေတွေဟာ သီဆိုကခုန်ပြီး တန်းစီ လမ်းလျှောက်ကြပါတယ်။

သုတေသနပညာရှင်တွေရဲ့ သုံးသပ်ချက်

မူလ ခရစ်တော် ရောက်ရှိခဲ့ရာ Cana မြို့နေရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ရှိနေပါတယ်။ ဒီ Kafr Kanna ဟာ အနီးစပ်ဆုံး ဖြစ်နိုင်တဲ့နေရာလို့ ယူဆစရာရှိပါတယ်။ ရှေးဟောင်းသုတေသန ဖော်ထုတ်တူးဖော်သူတွေရဲ့ သုံးသပ်ချက်အရတော့ နာဇရက်မြို့ရဲ့ မြောက်ဘက်တောင်ကုန်းတစ်ခုပေါ်မှာ လွန်ခဲ့တဲ့ ၁ ရာစုနှစ်လောက်မှာ ဂျူးလူမျိုးတွေရဲ့ ရွာပျက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့တဲ့ အတွက် ကျမ်းစာမှာပါတဲ့ ကာနမြို့ ဆိုတာ ဒီနေရာ ဖြစ်မယ်လို့ သုံးသပ်ချက် ချခဲ့ပါတယ်။ အဲ့ဒီနေရာဟာ အခုလက်ရှိနေရာရဲ့ အရှေ့ဘက် ၁ ကီလိုမီတာ အကွာမှာ ဖြစ်ပါတယ်။

သမိုင်းနောက်ခံအကြောင်းအရာ

“သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည်၊ ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကို ခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏ မယ်တော်ရှိ၏။ ယေရှုနှင့်တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။” (ယောဟန် ၂:၁-၂)

Cana မြို့ကို ကျမ်းစာထဲမှာလည်း ကာနမြို့ လို့ပဲ ဘာသာပြန်အသုံးပြုပါတယ်။ ယေရှုခရစ်တော် ဟာ ဗတ္တဇံနှစ်ခြင်း ခံပြီးနောက် တပည့်တော်တွေကို ရွေးကောက်ခဲ့တယ်။ အဲ့ဒီနောက်မှာ မယ်တော် နဲ့ အတူ ကာနမြို့ မှာကျင်းပတဲ့ မင်္ဂလာဆောင်ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရပါတယ်။ ယေရှုခရစ်တော်ရဲ့ တပည့်တော်တွေကိုလည်း ဖိတ်ကြားခဲ့တာကြောင့် တက်ရောက်ကြပါတယ်။ ဒီအခမ်းအနားမှာ စပျစ်ရည်ဟာ ကုန်သွားခဲ့ပါတယ်။ မယ်တော်က စပျစ်ရည်ကုန်တဲ့အကြောင်း သားတော် ကို ကြားပြောပါတယ်။ ခရစ်တော်က လာပြောချိန်မှာတော့ သူ့အချိန်မကျသေးဘူး လို့ပဲ ပြန်မိန့်ခဲ့လို့ မယ်တော်ဟာ အစေအပါးတွေကို “သူစေခိုင်းသမျှတို့ကို ပြုကြလော့” လို့ပဲ မှာကြားထားလိုက်တယ်။ အဲ့ဒီအရပ်မှာ အဲ့ဒီခေတ်က ကျောက်အိုးကြီးတွေ ရှိပါတယ်။ နှစ်တင်းသုံးတင်းဝင်ဆံ့တဲ့ ကျောက်အိုးကြီးတွေလို့ ဆိုထားပါတယ်။ အချိန်ရောက်တော့ ယေရှုခရစ်တော် က ကျောက်အိုးကြီး ၆ လုံးမှာ ရေဖြည့်ကြဖို့ စေခိုင်းခဲ့တယ်။ အစေအပါးတွေလည်း လျှံမတတ် ရေဖြည့်ပြီး၊ ပြီးပြီးချင်းပဲ ယေရှုခရစ်တော် က ခပ်ယူလို့ အခမ်းအနားကို သွင်းလို့ မိန့်ခဲ့ပါတယ်။ အခမ်းအနားအကြီးအမှုးဆီ ခပ်ယူသွားပေးလိုက်တဲ့အခါ သောက်ကြည့်တော့ အရမ်းအရသာကောင်းတဲ့ စပျစ်ရည် ဖြစ်နေခဲ့တယ်။ အဲ့ဒီမှာ အကြီးအမှုးက ဒီလောက်ကောင်းတဲ့ စပျစ်ရည် ကို ဘာလို့ အရင်မချတာလဲ လို့ ဆိုရလောက်အောင် အံ့သြမှု ဖြစ်ခဲ့ရတယ်။ အခမ်းအနားတွေမှာ စပျစ်ရည်တိုက်တဲ့အခါ အရင်ဆုံး စပျစ်ရည်အကောင်းစားတွေကို တိုက်ပြီး တဖြေးဖြေးမှ ညံ့တဲ့စပျစ်ရည်တွေကို တိုက်တာမျိုး ဖြစ်တတ်လို့ပါ။ ဒါဟာ ယေရှုခရစ်တော် ပထမဆုံး ပြသတဲ့ တန်ခိုး အဖြစ် မှတ်တမ်းတင်ကြရပါတယ်။

“ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကို ထင်ရှားစေတော်မူ၏။” (ယောဟန် ၂:၁၁)

၄ ရာစုအရောက်မှာတော့ ဘုရင်မ ဟယ်လင်နာ က ကာနမြို့မှာ ဘုရားကျောင်း ဆောက်လုပ်ခဲ့ပါတယ်။ ၁၇ ရာစုအရောက်မှာမှ ခရီးသွားတွေက ကျန်ကြွင်းနေတဲ့ ဘုရားကျောင်း အဆောက်အအုံကြီးကို ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ရှေးဟောင်းသုတေသနပြုတူးဖော်သူတွေ က ခုနောက်ပိုင်းမှာ ၁ ရာစု ကနေ ၄ ရာစု အတွင်းက အိမ်ဟောင်းတချို့၊ ၅ ရာစု က တိုင်လုံးတွေနဲ့ ပေါ်တီကို၊ ၅ ရာစု နဲ့ ၆ ရာစုအတွင်းက ခရစ်ယာန်တွေရဲ့ အသုဘအခမ်းအနားဆိုင်ရာ အဆောက်အအုံတွေကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့တယ်။

The Franciscan Wedding Church နဲ့ The Greek Orthodox Church ကို တွဲလျက် မြင်တွေ့ရပုံ

ကာနမြို့မှာ လည်ပတ်စရာ

ကာနမြို့လေးက ခပ်သေးသေးလေးမို့ သိပ်ပြီး လည်ပတ်စရာ မများပါဘူး။ ဒါပေမဲ့ ဒီဘက်ကို ဘုရားဖူးအလည်လာသူတိုင်းအတွက် မရောက်မဖြစ်အနေနဲ့ ထည့်သွင်းပေးကြပါတယ်။ အထူးသဖြင့် စုံတွဲတွေအတွက်ပါ။ ဒီနေရာမှာ သွားစရာ ဘုရားကျောင်း (၂) ကျောင်း ရှိပါမယ်။ လမ်းတလျှောက်မှာတော့ လူမှုဘဝတွေကို လေ့လာနိုင်ပါတယ်။ ရှေ့မှာ ကျွန်တော် ပြောခဲ့သလို ဒေသခံတွေရဲ့ မင်္ဂလာပွဲတွေ တွေ့မြင်နိုင်တယ်။ မင်္ဂလာဝတ်စုံတွေနဲ့ သွားလာနေကြတဲ့ နိုင်ငံခြားသားခရီးသွားစုံတွဲတွေကိုလည်း တွေ့မြင်ကြရပါဦးမယ်။ စပျစ်ရည် တန်ခိုးပြတဲ့နေရာ ဖြစ်လို့ ဒေသထွက် အယ်လ်ကိုဟော မပါဝင်တဲ့ စပျစ်ဝိုင်တွေ ရောင်းချကြတဲ့ဆိုင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေနဲ့ ဆက်စပ်တဲ့ အမှတ်တရပစ္စည်းတွေ ရောင်းချကြတဲ့ဆိုင်တွေ၊ သစ်သီးဖျော်ရည်ရောင်းတဲ့ဆိုင်လေးတွေကို လမ်းတလျှောက် တွေ့ရပါတယ်။ မြို့လေးက တောင်တက်တောင်ဆင်းလေးတွေနဲ့ လမ်းလေးတွေက ကျဉ်းကျဉ်းလေးတွေ။ ကျောက်တုံးလေးတွေနဲ့ လမ်းခင်းထားတယ်။ ကျောက်တုံးတွေနဲ့ ခြံဝန်းကာရံထားတယ်။ သိပ်ချစ်စရာ ကောင်းနေပါတယ်။

The Greek Orthodox Church

ဒီ Greek Orthodox ဘုရားကျောင်းကိုတော့ အမြဲလိုလို ပိတ်ထားတတ်ပါတယ်။ အပြင်ကနေပဲ မြင်တွေ့ လေ့လာနိုင်ဖို့ ရှိပါတယ်။ ဒီနေရာအနီးမှာ ၁၃ ရာစုက မြို့ဟောင်းအစိတ်အပိုင်းတွေရှိရာ ၂ နေရာကို မြင်တွေ့နိုင်တယ်လို့ သိရပါတယ်။ ကျွန်တော်တော့ သတိမပြုမိပါဘူး။ ဝင်ရောက်လည်ပတ်ခွင့်လည်း မရခဲ့ပါဘူး။ ပိတ်ထားလို့ပါ။ ဒီဘုရားကျောင်းရဲ့ အရှေ့တစ်ဘက်မှာ ရှိနေတဲ့ ဘုရားကျောင်းကတော့ The Franciscan Wedding Church ပဲ ဖြစ်ပါတယ်။

The Franciscan Wedding Church

ဒီ Franciscan ရိုမန်ကတ်သလစ်ခရစ်ယာန်တွေရဲ့ လက်ထပ်ဘုရားကျောင်း ကို The Sanctuary of our Lord’s First Miracle လို့လည်း တင်စားထားပါတယ်။ ဘုရားကျောင်းကို နွေရာသီမှာ တနင်္လာနေ့ကနေ စနေနေ့ အထိ မနက် ၈ နာရီ ကနေ ညနေ ၅ နာရီခွဲထိ နဲ့ တနင်္ဂနွေနေ့မှာ နေ့လည် ၁၂ နာရီ ကနေ ၅ နာရီခွဲ အထိ ဖွင့်ပါတယ်။ ဆောင်းရာသီ မှာတော့ ညနေ ၅ နာရီဆို ပိတ်ပါတယ်။ ရိုမန်ကတ်သလစ်ခရစ်ယာန်တွေက ဒီဘုရားကျောင်းမှာ စုံတွဲလိုက် လာပြီး ဘုန်းတော်ကြီးရှေ့မှာ မင်္ဂလာဆောင်သစ္စာပြုတတ်ကြပါတယ်။ ဒါကြောင့်လည်း Wedding Church လို့ ဆိုကြတာ ဖြစ်ပါလိမ့်မယ်။ ဒီဘုရားကျောင်းမှာ ထူးခြားတာက အရင်ခေတ်က ကျန်ကြွင်းတဲ့ ကျောက်အိုးကြီးတွေ၊ မြေအောက် သင်္ချိုင်းတွေ၊ တူးဖော်ရရှိတဲ့ ရှေးခေတ်အသုံးအဆောင်ပစ္စည်းတွေ ကို ခင်းကျင်းပြသထားပါတယ်။ အရင်က ဒီနေရာဟာ ဂျူးဘုရားကျောင်း ဖြစ်ခဲ့ပြီး ပျက်စီးနေတဲ့ ဂျူးဘုရားကျောင်းနေရာမှာ ပြန်လည် တည်ဆောက်ထားတယ်လို့လည်း ဆိုကြပါသေးတယ်။ ဒီနေရာဟာ သမ္မာကျမ်းစာထဲက ကာနမြို့ မင်္ဂလာဆောင်ကျင်းပရာ နေရာဖြစ်တယ်လို့ ယူဆထားကြပါတယ်။

ကာနမြို့ကို အလည်သွားတဲ့ ဘုရားဖူးတွေအနေနဲ့ကတော့ လမ်းလျှောက်မပျင်းဖို့လိုပြီး လေ့လာစရာ ဘုရားကျောင်း နှစ်ခု က ကပ်လျက်ရှိနေကြပေမဲ့ တစ်ခုပဲ ဝင်ကြည့်ရတာမို့ သိပ်ပြီး လေ့လာစရာ များများစားစား မရှိပါဘူး။ စုံတွဲတွေအတွက်ကတော့ ပိုပြီး အဓိပ္ပါယ်ရှိသလိုဖြစ်နေပါတယ်။ သမ္မာကျမ်းစာထဲက ယေရှုခရစ်တော် ရဲ့ ပထမဆုံးတန်ခိုးနိမိတ်ပြရာ နေရာကို ရောက်ရှိခဲ့ခြင်းအနေနဲ့တော့ အဆင်ပြေပါတယ်။ ကျောက်အိုးကြီး ၆ လုံး၊ ရေဂါလံ ၂၃ ဂါလံ ကို အကောင်းစား စပျစ်ရည် ဖြစ်စေခဲ့တဲ့ တန်ခိုးပြရာနေရာကတော့ ဘုရားဖူးတွေအတွက် သဘောကျစရာနေရာတစ်ခုတော့ ဖြစ်နေဆဲပါပဲ။

အားလုံးပဲ ကပ်ဆိုးကြီးများဘေးမှ အမြန်ကင်းဝေးနိုင်ပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။

Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+

Photos are modified in Lightroom by Thiha Lu Lin.

    700
    0