Thiha Lu Lin

Jun 3, 20203 min

အီဂျစ်ကမ္ဘာမှာ နှစ်ရက်တာ

ကျွန်တော့်ရဲ့ အီဂျစ်အလည်ခရီးလေးကတော့ သိပ်ပြီး မခမ်းနားခဲ့ဘူး။ သဲကန္တာရထဲ နှစ်ပေါင်းများစွာအတွင်းမှာ ကြီးကြီးကျယ်ကျယ် ရွာတဲ့ မိုးစက်တွေနဲ့ ကြုံဆုံလိုက်ရတော့ တည်းဖို့စီစဉ်ထားတဲ့ ဟိုတယ်က အစ မိုးတွေယို၊ ဝိုင်ဖိုင်တွေ ပြတ်တောက်တဲ့အထိ ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း ထူးခြားတဲ့ခရီးစဉ်လေးအဖြစ် အမြဲအောက်မေ့နေဦးမှာပါ။ ဒီတစ်ခါ အီဂျစ်ခရီးစဉ်အကြောင်းကို ဘယ်လိုသွား၊ ဘယ်လိုနေလို့ ရေးပြမှာမဟုတ်ဘဲ ကျွန်တော် ခရီးသွားတုန်းက ကြုံဆုံရသမျှလေးတွေကိုပဲ ရေးသွားချင်ပါတယ်။

အီဂျစ်ခရီးစဉ်ကို သီးသန့် သွားခဲ့တာမဟုတ်ဘဲ "သုခလမ်းညွှန် ခရီးသွားလုပ်ငန်း (Christopher Tours)" က စီစဉ်တဲ့ The Holy Land (၄) နိုင်ငံခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ဝင်ရောက်လည်ပတ်ခွင့်ရခဲ့တာမျိုးပါ။ အဲ့ဒီအတွက် အီဂျစ်ကို အစ္စရေး ကနေ ကားလမ်းအတိုင်း ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဗီဇာကိုတော့ ရန်ကုန်ကနေ လျှောက်ခဲ့တာပါ။ နယ်စပ်မှာ အကူးအပြောင်းကတော့ မခက်ခဲပါဘူး။ မြို့တော် ကိုင်ရို ကို တိုက်ရိုက်ရောက်တာ မဟုတ်ဘဲ၊ နယ်စပ်ကနေ Sinai အထိသွား၊ Sinai မှာ တစ်ညအိပ်ပြီး နောက်မနက် ပြန်ထွက်လို့ ညမိုးချုပ်လောက်မှ မြို့တော် ကိုင်ရို ကို ရောက်ခဲ့တာဖြစ်ပါတယ်။ ကားအတော် စီးရတယ်လို့ ဆိုရမယ်။ Sinai ကနေ Cairo လာတဲ့ လမ်းတစ်လျှောက် မိုးတွေရွာ ရေတွေကြီးလိုက်တာဆိုတာ ဟိုရောက်တဲ့အထိပါပဲ။ ပထမညကတော့ ဟိုတယ်မှာပဲ အေးအေးလူလူ ကုန်ဆုံးသွားတယ်။

မြို့တော်ကိုင်ရို

ကိုင်ရိုမြို့ဟာ လူဦးရေ ၁၇ သန်းကျော်နေထိုင်တဲ့ မြို့တော်ဖြစ်ပါတယ်။ ကိုင်ရိုဟာ မြို့ပြရဲ့ အငွေ့အသက်ရော ရှေးဟောင်းယဉ်ကျေးမှုတွေရဲ့ အချက်အချာလည်း ဖြစ်လို့ ဒီတစ်နေရာတည်းနဲ့တင် အတော်အတန်စုံလင်တဲ့ အီဂျစ်အရသာကို ခံစားရမှာ ဖြစ်ပါတယ်။ နိုင်းမြစ်ကြီးပေါ်မှာ တည်ဆောက်ထားတဲ့ မြို့လည်း ဖြစ်သလို မြို့ထဲမှာကို နိုင်းမြစ်ရဲ့ မြေနုကျွန်းတွေပေါ် စိုက်ပျိုးရေးလုပ်တာကိုလည်း ဟိုမှာဒီမှာ ဖြတ်သွားဖြတ်လာ လုပ်ရင်း မြင်တွေ့ရပါဦးမယ်။ လူလည်း အတော်စည်ကားပြီး မြို့ပြအင်္ဂါရပ်တွေနဲ့အညီ မိုးပျံကားလမ်းတွေလည်း တည်ဆောက်ထားပါတယ်။ မိုးပျံကားလမ်းဆိုလို့ သိပ်တော့ အထင်မကြီးပါနဲ့၊ ကျွန်တော်တို့ဆီက လှည်းတန်းခုံးကျော်တံတားပုံစံမျိုးပါပဲ၊ ကျွန်တော်က ဖွဲ့နွဲ့တာကြိုက်လို့ပါ။ နိုင်းမြစ်ပေါ် အပျော်စီးသင်္ဘောစီးတာကနေ ပြတိုက်လိုမျိုးအပြင် ပိရမစ်တွေအဆုံး တစ်နေရာတည်းမှာ အစုံရှိပါတယ်။ အပျော်အပါးအတွက် ဘားနဲ့ ကလပ်တွေကအစ ရှိတဲ့အရပ်ဆိုပါတော့။ လူလည်းစုံလို့ လူအမျိုးမျိုးရှိနိုင်တာကိုလည်း ကြိုတင်သတိပြုရမယ်လို့ ဆိုပါရစေ။

ပိရမစ် တို့ဆီ

ကိုင်ရိုမြို့ကို တစ်ပတ်လောက် ပတ်ကြည့်ရင် နေရာတချို့ကနေ ပိရမစ်ကြီးတွေကို လှမ်းမြင်နိုင်တယ်။ ကိုယ်တွေဆီမှာ ရွှေတိဂုံဘုရားကို ဘယ်နေရာက ကြည့်ကြည့် လှမ်းမြင်ရသလိုမျိုးပေါ့။ ပိရမစ်တွေဆီကို သွားမယ်ဆိုရင် ဝင်ကြေးတော့ရှိတယ်။ တစ်ခါ အဲ့ဒီ ပိရမစ်အဆောက်အဦးတွေအထဲကို ထပ်ဝင်မယ်ဆို ထပ်ပေးရမယ်ပေါ့နော်။ တချို့လည်း အထဲကို ဝင်ဖို့ အားမပေးဘူး။ အထဲက မံမီတွေအပါအဝင် အသုံးအဆောင်ပစ္စည်းအတော်များများ ပြတိုက်ကို ရွှေ့ပြောင်းပြီးသားမို့ အထဲမှာ ဘာမှ မရှိတဲ့အတွက် မဝင်သင့်ဘူးလို့လည်း ဆိုကြပါတယ်။ ပိရမစ်ကြီး ၃ ခု ကို တွေ့ရတယ်။ အရွယ်ကတော့ ကြီးစဉ်ငယ်လိုက် လို သုံးခုဟာ အရွယ်အစား တစ်ခုဆီပါ။

အထဲမှာ အမှတ်တရပစ္စည်းရောင်းသူတွေ ပွထနေတာပဲ။ ကုလားအုတ် စီးဖို့ ငှားတဲ့သူတွေရော၊ မုန့်ရောင်းသူတွေရော စုံနေအောင်ပါပဲ။ Local Guide တွေက မဝယ်ဖို့ တားတတ်ပေမဲ့ ကျွန်တော့်အမြင်တော့ ဈေးလေးတွေ အတော် သက်သာတာတွေ့ရတယ်။ ဖြစ်နိုင်ချေရှိတာတော့ Local Guide တွေက သူတို့ ကော်မရှင် ရမဲ့ ဆိုင်ကြီးတွေကိုသာ ခေါ်ချင်ပုံရပါတယ်။ အရည်အသွေးကတော့ အကွာလှကြီးမဟုတ်ဘူးလို့ ယူဆမိပါတယ်။

ပိရမစ်တွေရဲ့ အပေါ်မှာ လေဟုန်စီးနေကြတဲ့သူတွေလည်း မနည်းဘူး။ ဈေးတော့ ဘယ်လောက်ရှိမလဲ စိတ်မဝင်စားလှဘူးရယ်။ ကျွန်တော်က အမြင့်ကြောက်တယ်လေ။ အဲ့လို ပိရမစ်တွေရဲ့ အပေါ် ရောင်စုံလေထီးလေးတွေ ပျံဝဲနေတာတော့ အတော် ကြည့်ကောင်းသား။

ပိရမစ်ပေါ်တက်လို့ရတယ်။ သတိတော့ အရမ်းထားရပါတယ်။ တွယ်တက်တာမျိုးမလုပ်ဘဲ သူတို့ ပေးထားတဲ့ လမ်းကြောင်းအတိုင်း တက်ရပါတယ်။ ပိရမစ်အတွင်းဘက်မှာတော့ ဓါတ်ပုံရိုက်ခွင့်မပေးပါဘူး။ လူများတတ်တော့ ဓါတ်ပုံရိုက်ရင် ကြိုးစားရှောင်ရိုက်ရတယ်။ ကုလားအုတ်ငှားစီးပြီး ရိုက်တာ ဈေးကြီးတယ် ဘာညာပြောကြပေမဲ့လည်း ရိုက်နိုင်ခဲ့ရင်တော့ ပိုကောင်းပါတယ်။ ကျွန်တော်ဆို မရိုက်ခဲ့ရတော့ ခုဆို နောင်တ ရနေမိတယ်လေ။

Pyramids of Giza

ရှေ့မှာပြောခဲ့တဲ့ ပိရမစ်ကြီး ၃ ခု အပါအဝင် ပိရစ်မစ်တွေ စုဝေးရာနေရာပေါ့။ Great Pyramid, 2nd & 3rd Pyramid တွေလို့ အလွယ်ခေါ်ကြတာ သိလိုက်ရတယ်။ ဒီနေရာကတော့ တကယ့် ကမ္ဘာကျော်နေရာပဲ ဆိုပါတော့လေ။ အရင်ကတော့ Giza ဆိုတာ မြို့တော်တစ်ခုပဲ၊ ခုကျတော့ ကိုင်ရိုမြို့ရဲ့ ရပ်ကွက်တစ်ခုပုံစံပဲ ရှိပါတော့တယ်။ ရှေးအီဂျစ်ဘုရင်တွေ မြှုပ်နှံထားတဲ့ အုတ်ဂူကြီးတွေလို့ပဲ မှတ်ရပါတယ်။ ဒီအထဲမှာ The Great Pyramid of Khufu (Cheops) ဆိုတဲ့ အကြီးဆုံးတစ်ခုက ဝင်လည်လို့ရပါတယ်။ အထဲက မံမီရုပ်အလောင်းနဲ့ ပစ္စည်းတော်တော်များများကတော့ ပြတိုက်ကို ရွှေ့ပြီးသားပါ။ အတွင်းဖွဲ့စည်းပုံလေ့လာရုံပေါ့။ ပိရမစ်တွေဆီ ဝင်တဲ့ ဝင်ကြေး ပေးပြီးတဲ့အပြင်ကိုမှ ဒီကို ဝင်ဖို့ ထပ်ပြီးဝင်ကြေးပေးရပါသေးတယ်။ ကမ္ဘာ့အံ့ဖွယ် ခုနစ်ပါးထဲက ကျန်ကြွင်းနေဆဲ နေရာလည်း ဖြစ်လို့ မဖြစ်မနေတော့ အီဂျစ်ရောက်ရင် သွားလည်ရမဲ့နေရာပါ။

Great Sphinx

Giza Plateau ထဲမှာပဲ ရှိနေတဲ့ ဒီနေရာကိုလည်း မဖြစ်မနေ လာသင့်ပါတယ်။ The Great Sphinx ကတော့ ဒီပုံစံ တိရစ္ဆာန်ကိုယ် လူခေါင်းနဲ့ ရုပ်တုတွေထဲမှာ ကမ္ဘာ့အကြီးဆုံးနဲ့ ရှေးအကျဆုံးအဖြစ် ရှိနေပါတယ်။ ဒီရုပ်တုရဲ့ မျက်နှာပိုင်ရှင်ဟာ ဘယ်သူ ဖြစ်မလဲဆိုတာကလဲ ပဟေဠိဖြစ်နေဆဲပါ။ အီဂျစ်ကပညာရှင်တွေရဲ့ ယူဆချက်အရ ဒီရုပ်တုကြီးကို BC 2500 လောက်က ဖာရောဘုရင် Khafre က တည်ဆောက်ခဲ့မယ်လို့ ယူဆကြပါတယ်။ အဲ့နားမှာလည်း အချောင်သမားတွေ အရမ်းပေါပါတယ်။ များသောအားဖြင့် လာလည်ကြတဲ့ အဘိုးအဘွားအရွယ် လူတွေကို ဓါတ်ပုံရိုက်ပေးမလိုလိုတွေနဲ့ ဖုန်းလုပြေးတာမျိုး၊ မလုပြေးလဲ ဓါတ်ပုံရိုက်ပေးခဆိုပြီး ပိုက်ဆံ အတင်းတောင်းတာမျိုးတွေ ရုပ်ပျက်ဆင်းပျက် လုပ်ဆောင်တတ်ပါတယ်။ Guide ပါလည်း သူတို့ မကယ်နိုင်ကြပါဘူး။ ဟိုက အဖွဲ့လိုက်မို့ Guide ကတောင် ပြန်ကြောက်နေရတဲ့ပုံမျိုးပါ။

အီဂျစ်က ရေမွှေး နဲ့ စက္ကူပန်းချီကား လက်ဆောင်

ဒီမှာ လက်ဆောင်ဝယ်ဖို့ဆိုရင် ရေမွှေး ရောင်းတဲ့ဆိုင်တွေ၊ စက္ကူပန်းချီကားဆိုင်တွေကို ခေါ်သွားလေ့ရှိပါတယ်။ ရေမွှေးဆိုပေမဲ့ အဆီတွေကို ရောင်းတာပါ။ ကမ္ဘာကျော်ရေမွှေးတွေရဲ့ အနံ့မျိုးစုံကို ဒီလိုဆိုင်တွေမှာ ရနိုင်ပါတယ်။ ဈေးကျတော့ ဟိုရေမွှေးတွေလိုမများဘူး။ မွှေးရနံ့အပြင်ကိုမှ ကျန်းမာရေးအတွက် ကောင်းတဲ့ ဆေးဖက်ဝင်အဆီတွေလည်းရှိတယ်။ ဒီကလူတွေ ဝယ်တာများတာက အဲ့လို ကျန်းမာရေးအတွက် သင့်လျော်တဲ့ ဆေးဖက်ဝင်အဆီတွေ ဝယ်ကြတယ်။ အမျိုးသား အမျိုးသမီး စိတ်အားသန်ဆေးတွေ၊ အကိုက်အခဲ အဆစ်အမြစ်ပျောက်ဆေးအဆီတွေပေါ့။ လူကြီးပိုင်းအကြိုက်ကိုး။ လူငယ်တွေကတော့ ရေမွှေးနံ့တွေကို စိတ်ဝင်စားကြတယ်။ လုပ်စားတတ်ကြပါတယ်လေ။

စက္ကူပန်းချီကားဆိုင်တွေဆိုလည်း စိတ်ဝင်စားအောင် ပြောတတ်ရောင်းတတ်တယ်။ ပန်းချီဆွဲတဲ့ စက္ကူကို ဘယ်လို သစ်ရွက်ကနေ လုပ်သလဲဆိုတဲ့ လုပ်ပုံကအစ နမူနာစမ်းကြည့်နိုင်အောင် လုပ်ပေးထားကြတယ်။ ဒီတော့လည်း ဧည့်သည်တွေက ကြွေတာပေါ့နော်။ ပြီးရင် ပန်းချီကားကို မီးဖွင့်ထားရင်တစ်မျိုး၊ မီးပိတ်ထားရင် နောက်တစ်မျိုးပြောင်းသွားတဲ့ဟာမျိုး ဖန်တီးရောင်းချတော့ လက်ဆောင်ဝယ်ချင်သွားကြတယ်လေ။ တကယ်တော့ ညဘက်မြင်အောင် အဏုမြူဆေးနဲ့ ဆွဲထားတာပါ။ ဒါတွေက လုပ်စားတတ်တော့ ပိုက်ဆံလေးတွေ ထွက်ရတာပေါ့။ ဈေးတော့ အကြီးသားလား။

လေထဲက ဘုရားကျောင်း

Hanging Church

အဲ့မှာက ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင်တို့ အထူးစိတ်ဝင်စားရာ Holy Family Church တို့၊ Hanging Church တို့ရှိနေပါတယ်။ အဲ့ဒီကို သွားရင်းနဲ့ တလက်စတည်း အတူတူရှိနေတဲ့ Nunnery of Saint George ၊ Cavern Church (Abu Serga Church) ဆိုတာကတော့ Holy Family Church ပါပဲ ၊ Ben Ezra Synagogue ၊ Saint Barbara Church ၊ St. George Church (Wedding Hall & Elgohary Tomb) ၊ Virgin Mary Church (Kasriet Elreehan) ၊ Roman Wall ကြီးတွေနဲ့ Coptic Church စတဲ့ ဘုရားကျောင်းနေရာတွေကိုပါ တစ်ဆက်တည်း လည်ပတ်နိုင်ဦးမှာ ဖြစ်ပါတယ်။ Hanging Church ကတော့ ထူးခြားတယ်။ လေထဲမှာ ဆောက်ထားသလို ဖြစ်နေတာက သူ့ရဲ့ ထူးခြားချက်ပဲ။ ဘုရားကျောင်းရဲ့ ကြမ်းပြင်နေရာတချို့မှာ မှန်တွေခင်းထားတယ်။ အဲ့ဒီကနေ ကြည့်ရင် အောက်က မြေကြီးကို မမြင်ရလောက်အောင်ပဲဆိုတော့ လေထဲမှာ ဆောက်ထားသလို ဖြစ်နေတာလေး ထူးခြားနေတယ်။ ဒါကိုပဲ တခုတ်တရ လာကြည့်ကြတယ်။ ဆုတောင်းကြတယ်လေ။

Holy Family Church ဆိုရင်လည်း သမိုင်းတစ်ခုမှာ သတ်ဖြတ်မှုအန္တရာယ်က လွတ်အောင် ဒီဘုရားကျောင်းရဲ့ လျှို့ဝှက်ခန်းတွေထဲ ပုန်းအောင်းနေခဲ့ရဖူးတဲ့ သန့်ရှင်းတဲ့မိသားစု ရဲ့ သမိုင်းနဲ့ နေထိုင်ခဲ့ရပုံတွေကို လေ့လာနိုင်ပါတယ်။

Holy Family Church
စပျစ်ရည် ရယူတဲ့ပုံစံ

Roman Walls ကြီးတွေနဲ့ Coptic Chruch

နိုင်းမြစ်ထဲ Cruise စီးမယ်

ဒါကိုတော့ နိုင်ငံခြားသားတွေအတွက် အထူးလုပ်ပေးတာပါ။ သင်္ဘောပေါ်လည်း နိုင်ငံခြားသား အဖြူ၊ အဝါ တွေပဲ တွေ့ရပါလိမ့်မယ်။ ထုံးစံအတိုင်း ညစာနဲ့ တွဲရောင်းပေါ့လေ။ သင်္ဘောစီးချိန် ၃ နာရီလောက်မှာ ညစာဘူဖေး ကို သူတို့ရိုးရာဟင်းတွေရော နိုင်ငံတကာဟင်းလျာတွေရော အစုံနဲ့ စားရတယ်။ မြစ်တွင်းရှုခင်းကြည့်ရမယ်။ သူတို့ရဲ့ ဖျော်ဖြေရေး အကတွေကတော့ အဓိကပဲ။ အကမင်းသား မင်းသမီးတွေနဲ့ လိုက်ကမယ်၊ သီချင်းလိုက်ဆိုမယ်။ အဲ့လို အပျော်လေးတွေ ဖန်တီးပေးတယ်။ အဘိုးကြီး အဘွားကြီးတွေ အကြိုက်ပေါ့လေ။ သူတို့ကတော့ ပျော်လို့၊ ကိုယ့်မှာတော့ ကြည့်ရင်း ပျင်းစရာလိုလို၊ အကမင်းသား က သူ့ရဲ့ဝတ်ရုံဖားရားကြီးကို စကောဝိုင်းကြီးလို ဝိုင်းနေအောင် ကပြတာတော့ မိုက်သား၊ သူ့ရဲ့လှည့်ပတ်ကနိုင်မှုကြီးကို ချီးကျူးတယ်။ ကြည့်ရင်းတောင် မူးလာတယ်။ တစ်မျိုးတော့ အတွေ့အကြုံထူး ရပါတယ်လေ။

အခြားလည်ပတ်သင့်တဲ့နေရာများ

အီဂျစ်ရောက်ရင် မိမိအချိန်ပေါ်မူတည်ပြီး လည်ပတ်သင့်တဲ့ နေရာလေးတွေကတော့ -

  • Egyptian Museum

  • Temple of Hatshepsut

  • Bent Pyramid

  • Step Pyramid of Djoser

  • Luxor's Karnak Temple

  • Red Pyramid

  • Valley of the Kings

  • Abu Simbel

  • Islamic Cairo

  • Aswan

  • White Desert

  • Siwa Oasis

  • Alexandria

  • St. Catherine's Monastery (Mt. Sinai)

  • Mount Sinai

တို့ပါ။ တချို့နေရာတွေက ကိုင်ရိုကနေ ခပ်ဝေးဝေးထိ သွားဖို့လိုအပ်ပါမယ်။ အဲ့ဘက်မှာ ညအိပ်ပြီးလည်ပတ်ရတာမျိုးထိ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ဆိုင်းနိုင်းတောင်ကို ညသန်းခေါင်ကြီး တက်ကြရတယ်... ကုလားအုတ်လည်း စီးတက်ရတယ်
St. Catherine's Monastery (Mt. Sinai)


 
ဈေးဝယ်ရင် ဈေးဆစ်ဖို့လိုတယ်

ဒါကတော့ ဘယ်မှာမဆို ရှိတတ်ပါတယ်။ ဈေးပေါပြန်ရင်လည်း အရည်အသွေးက စိတ်မချရ။ Local Guide တွေ ခေါ်သွားတဲ့ဆိုင်တွေကလည်း ဈေးခေါင်ခိုက်။ မနည်းကို ပြန်ဆစ်ယူကြရပါတယ်။ နိုင်ငံခြားသားဆိုတာနဲ့ ဈေးလေးတင်တတ်ကြတာလည်း ဒီဘက်မှာ ရှိလို့ ကိုယ်ဦးနှောက်လေးနဲ့ကိုယ်ပဲ ဒါကတော့ တန်တယ်၊ ဒါကတော့ ထပ်ဆစ်မှ ဖြစ်မယ် ဆိုတာမျိုး ဆုံးဖြတ်ရတယ်ပေါ့လေ။

လူမှုဘဝအစုံစုံ

အီဂျစ်ရဲ့ ကိုင်ရိုမြို့တော်ဟာ ကျယ်ဝန်းတယ်။ ဒါပေမဲ့ နေရာတော်တော်များများဟာ ညစ်ပတ်တယ်။ အိန္ဒိယလိုလို ထင်ရတယ်။ လူပုံစံတွေကလည်း အသားညိုကြတယ်။ အပူပိုင်းမို့လားမသိ စိတ်တိုစိတ်ဆတ်ကြတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေ ကြိုက်ကြတယ်။ အစားအသောက်ကတော့ အစုံရှိတယ်။ အစစအရာရာ ဈေးလည်းကြီးတယ်။ ညနေ နိုင်းမြစ်ထဲ လှေစီး ညစာစားလို့ရသေးတယ်။ ဝက်သားရပေမဲ့ ရှားတယ်လို့ သိရတယ်။

လူဆိုးလေးတချို့

ဂျင်းကတော့ ဘယ်မှာမဆို ရှိတတ်တာပေါ့လေ။ ဒီမှာကတော့ ပုံစံလေးတစ်မျိုးပေါ့။ ကိုယ်တွေဆီက ပုဂံဘုရားတွေရောက်ရင် တွေ့ရတဲ့ ကလေးလေးတွေလို ကပ်ပြီး လိုက်နေတာမျိုး ကြုံရမယ်။ ကလေးတွေတော့ မဟုတ်ဘူး လူငယ်ပိုင်းတွေ။ ဓါတ်ပုံရိုက်ပေးမယ် ဟိုလိုနေ ဒီလိုနေ ဆိုပြီး ဖုန်းနဲ့ ကင်မရာကို အတင်းယူပြီး ရိုက်ပေးတတ်တယ်။ မြန်မာအများစုက အားနာတတ်တော့ ခါးပါ ပါရတာမျိုး ဖြစ်တတ်တယ်။ သူတို့ကို အဖက်နည်းနည်းလုပ်ရင် များများ ရောင့်တက်တတ်တယ်။ ဓါတ်ပုံရိုက်တာ သူတို့ ပြောတဲ့ ပို့စ်များ နေလိုက်မိသလား၊ သူတို့ ဓါတ်ပုံရိုက်ပေးလိုက်ရသလား ဒါဆိုရင်တော့ မုန့်ဖိုးမပေးဘဲ ပြန်ထွက်ဖို့ မစဉ်းစားနဲ့။ အဲ့အချိန် Local Guide လည်း မကယ်နိုင်ဘူး၊ ပိုက်ဆံပေး ကို ပေးရတယ်။ မဟုတ်ရင် ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို တွေ့ရလိမ့်မယ်လေ။ တချို့ကျတော့ ပစ္စည်းလုပြေးတတ်ပါတယ်။ ဒါလေးတော့ သတိထားကြပါဗျို့။

အီဂျစ်ကို ဘာကြောင့်သွားသင့်သလဲ

ကမ္ဘာ့အံ့ဖွယ်ကြီးထဲ တစ်ပါး ပါဝင်တဲ့ အီဂျစ်ပိရမစ်တွေ ဘယ်လောက်ခံမယ်လည်း မသိရတော့ဘူး။ ရှိတုန်းလေး သွားကြည့်ထားသင့်တယ်လေ ဟုတ်ဘူးလား။ ပြီးတော့ အမွှေးရနံ့တွေကို နိုင်နင်းကျွမ်းကျင်သူတွေမို့လို့ လေ့လာဝယ်ယူသင့်တယ်ဆိုတာလည်း မမှားပါဘူး။ နောက်များအချိန်ရရင် လေ့လာစရာတွေ အများကြီးကျန်သေးတဲ့ အီဂျစ်ကို ထပ်လာပါဦးမယ်လေ။

အီဂျစ် မြန်မာသံရုံးက မိတ်ဆွေနဲ့အတူ ဘားတစ်ခုမှာ ညစာစား

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

    2020
    1